လည်း ကာရန် နပေတို့ဖြင့် ဝေနေအောင် ပြောရသည်။ အော်ပရာသည် ရွှေမန်းအတွက် အကောင်းဆုံး အကွက်ပင် ဖြစ်သည်။ မြန်မာတို့သည် တမျိုးတည်း တမယ်တည်းကို မနှစ်သက်ကြချေ။ စုံစုံလင်လင် မြိုင်မြိုင်ဆိုင်ဆိုင်မှ ကြိုက်သည်။ ဤအကြောင်းကို ရွှေမန်းက ကောင်းကောင်းသိသည်။ သို့ကြောင့် သူသည် အဆိုကိုသာ အသားပေးသော အော်ပရာဖြင့် ရပ်မနေဘဲ အဆိုမပါသော ဘဲလေးကိုပါ ညှပ်သွင်းလိုက်ခြင်း ဖြစ်သည်။
ဘဲလေး ဆိုသည်မှာ အဆိုမပါ၊ အကဖြင့် ဇာတ်ကွက်ကိုသရုပ်ဖော်သော အကဖြစ်သည်။ ရွှေမန်းသည် မြန်မာကြိုက် ဖြစ်စေရန် အော်ပရာနှင့် ဘဲလေးကို နှစ်ခုစပ်ပြီး မြန်မာမှုကို အဆိုအက နှစ်ဌာနဖြင့် သရုပ်ဖော်ခြင်း ဖြစ်သည်။ သူလိုချင်သည်မှာ ဘဲလေး၊ အော်ပရာတို့ မဟုတ်ချေ။ မြန်မာ့ယဉ်ကျေးမှုကို သရုပ်ဖော် မွှန်းတင်ရန်ပင် ဖြစ်သည်။ သို့ကြောင့် သူသည် နှစ်ခုကို ဟင်းလေးကျိုပြီး “ပဒေသာကပွဲ”ဟု အမည်ပေးလိုက်လေသည်။
တင်မောင်သည် ၁၉၅၆ ခုနှစ်က နိုင်ငံခြားသို့ စတင်၍ ရောက်ခဲ့သည်။ တရုပ်နှင့် ရုရှနိုင်ငံသို့ ယဉ်ကျေးမှုအဖွဲ့နှင့် သွားရခြင်း ဖြစ်သည်။ ကဲနက်စိန်နှင့် စိန်အောင်မင်းတို့လည်း ပါသည်။ ဦးဟန်ပ၏ နိုင်ငံတော် ဆိုင်းအဖွဲ့နှင့် ပန်တျာ ကျောင်းသူ ကျောင်းသား ကျောင်းဆရာများလည်း ပါကြသည်။ နိုင်ငံခြားသို့ရောက်သော မြန်မာ့သဘင် အဖွဲ့တို့တွင် အကြီးဆုံးသော အဖွဲ့ကြီးပင်ဖြစ်သည်။ ဦးတင်မောင်တို့သည် နိုင်ငံရပ်ခြား တိုင်းတပါးသို့ ရောက်၍ နိုင်ငံခြားအတွေ့အကြုံ ဗဟုသုတကို ရကြသည်။