ဤစာမျက်နှာကို ပရုဖတ်ပြီးပါပြီ
- ၂။ လူတို့၌ တန်းတူရည်တူအခွင့်အရေးများနှင့် ကိုယ်ပိုင်ဆုံးဖြတ်နိုင်သည့် အခွင့်အရေးများ ရှိသည်ဟူသောမူကို လေးစားမှုအပေါ် အခြေပြု၍ နိုင်ငံအချင်းချင်း ချစ်ကြည်စွာ ပေါင်းသင်းဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေး တိုးတက်ခိုင်မြဲစေရေးအတွက် အခြားသင့်လျော်သော အရေးကိစ္စများကို ဆောင်ရွက်ရန်။
- ၃။ အပြည်ပြည်ဆိုင်ရာ စီးပွားရေးပြဿနာ၊ ယဉ်ကျေးမှု ပြဿနာ၊ သို့မဟုတ် လူ့အကျိုးဆောင်ရွက်မှုနှင့် သက်ဆိုင်သော ပြဿနာများကို ဖြေရှင်းရာတွင် လည်းကောင်း၊ လူမျိုးမရွေး၊ ကိုးကွယ်ရာဘာသာမရွေး၊ ပြောဆိုရာ ဘာသာစကားမရွေး၊ ယောက်ျား မိန်းမ မရွေး၊ လူခပ်သိမ်းတို့၏ လူ့အခွင့်အရေးများနှင့် အခြေခံလွတ်လပ်ခွင့်များအား လေးစားမှုကို အားပေးချီးမြှင့်ရာတွင်လည်းကောင်း၊ ပြည်ထောင်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကို ရရှိစေရန်၊ ထို့အပြင်-
- ၄။ အထက်ပါ ရည်ရွယ်ချက်များ ထမြောက်အောင်မြင်ရေးအတွက် နိုင်ငံများ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အဆင်ပြေညီညွတ်အောင် ညှိနှိုင်းပေးရာ ဗဟိုဌာနကြီးအဖြစ် တည်ရှိရန်။
အပိုဒ် ၂။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့နှင့် အဖွဲ့ဝင်နိုင်ငံတို့သည် အပိုဒ် - ၁ တွင် ဖော်ပြထားသည့် ရည်ရွယ်ချက်များအတိုင်း ဆောင်ရွက်ရာတွင် အောက်ပါမူများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။
- ၁။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံးမှာ အချုပ်အခြာအာဏာ အရာ၌ တူညီကြသည်ဟူသော မူပေါ်တွင် အခြေခံ၍ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကို ဖွဲ့စည်းသည်။
- ၂။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံးသည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ်ဖြင့် ခံစားသင့် ခံစားထိုက်သော အခွင့်အရေးများနှင့် အကျိုးကျေးဇူးများကိုမလွှဲမသွေ ခံစားရရှိနိုင်ကြစေရန်အတွက် ယခုလက်ရှိ ပဋိညာဉ်စာချုပ်နှင့်အညီ မိမိတို့ခံယူသော တာဝန်ဝတ္တရားများကို စိတ်စေတနာကောင်းဖြင့် ဆောင်ရွက်ရမည်။
- ၃။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးသည် မိမိတို့ ပြည်ထောင်အချင်းချင်း အငြင်းပွားမှုများကို စေ့စပ်ဖြေရှင်းကြရာတွင် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိုလည်းကောင်း၊ တရားမျှတရေးကိုလည်းကောင်း၊ အန္တရာယ် မဖြစ်စေဘဲ ငြိမ်းချမ်းသော နည်းလမ်းများဖြင့်သာလျှင် စေ့စပ်ဖြေရှင်းကြရမည်။
- ၄။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးသည် မိမိတို့ ပြည်ထောင် အချင်းချင်း ဆက်ဆံရေးတွင် တစ်နိုင်ငံ၏ နယ်ပယ်အဝှမ်းကို သို့မဟုတ် နိုင်ငံရေး လွတ်လပ်မှုကို