ဆိုးမွေခံ တေးထပ်
သမုတိအတွက်၊
ငဝက်က ဒဏ်ခံ၊
အထက်က အတန်တန်ကို၊
ရွှေနန်းစံ မသိ၊
ရှစ်ခုနှစ် ထောင်မျက်နှာတွင်၊
မက္ခရာ မင်းနှင့်ပါရှိ။
ပလိပ်ကြောင်း အောင်ပန်းချွေ၊
မောင်ထမ်းချေ စေဘိ၊
ညောင်ရမ်းဆွေ ရဝိက၊
ပကတိ သက်သေ၊
ရန်သူတော် ရွှေဘိုသွား၊
ဘေကိုယ်စား လိုက်ခဲ့ရပေ။
သုံးခုနှစ် ကုလားပြေမှာ၊
ဇယားကြေ ဇာတ်စီးလို့ (ဇာတ်ကြီးနှင့်)၊
ဇာတ်ကြီးနှင့် (တသီးပ) ချင်းတို့နိုင်ငံ (သင်းနိုင်ငံ)၊
သွား (ကူး) ခဲ့ရပြန်၊
ပြီးတော့မှ (အခုဖြင့်) ကောင်းမွေလန်တယ်၊
ဆိုးမွေခံ ထိပ်တုံးနဲ့လေး ... ။ ။
မှတ်ချက်
- ကွင်း () အတွင်းရှိ စာသားများမှာ တက္ကသိုလ်မောင်အေးသန့် ရေးသားသော “ဦးပုညနှင့် အချုပ်တန်းဆရာဖေ တို့၏ ဘဝစာပေ အထွေထွေ” စာအုပ်မှ မူကွဲ ဖြစ်ပါသည်။
- မင်းတုတု (ထီးဖြူတော်နှစ်လက်) တေးထပ် ကိစ္စနှင့် ပတ်သက်၍ “ခွေးသေ သေတယ်” ဆိုသည့် အသုံးအနှုန်းသည် အင်္ဂလိပ်နှင့်မြန်မာ မဟာမိတ်များဖြစ်ကြသည့်အတွက် ဤသို့နစ်နာအောင် ရှုံ့ချရေးသားဖို့ မသင့်ကြောင်း၊ ထိုကြောင့် တေးရေးဆရာအား အပြစ်ပေးပါရန် မန္တလေးမြို့၊ အင်္ဂလိပ်ကိုယ်စားလည် တွဲဘက်ရုံးမှ မြို့သာဝန်ထောက် သီရိမဟာမင်းလှမင်းခေါင်သူရိန် (မြို့ဝန် ဦးသာအိုး) ထံ စာပို့ တိုင်တန်းပါသည်။ ထိုနောက် မြို့ဝန်သည် မင်းတုန်းမင်းထံ လျှောက်ထားတင်ပြသောအခါ “ငဖေကို လွှတ်တော်က အပြစ်ပေးစေ” ဆိုပြီး အမိန့်ချလိုက်သောကြောင့် ဆရာဖေကို ချုပ်နှောင်ထားလိုက်ပါသည်။ မြန်မာ သက္ကရာဇ် ၁၂၃၄-ခုနှစ်၊ နယုန်လဆန်း ၉-ရက်နေ့တွင် ပခန်းမင်းကြီးသည် မန္တလေးမြို့နေ အင်္ဂလိပ်အရေးပိုင်ကို ဤကိစ္စနှင့် ပတ်သက်၍ အကြောင်းပြန်လိုက်ပါသည် ...‘အန္တမံကျွန်းတွင် အိန္ဒိယဘုရင်ခံ အနိစ္စရောက်ကြောင်းကို ကျိုးယုတ်ရှက်ရ သီချင်းစပ်ဆိုသူ ငဖေကို အကျဉ်းချထား စီရင်ကြောင်း၊ ဇာတ်ရုပ်စုံ ဗုံအတီးအကတို့ကိုလည်း က,ဆို မရှိစေရအောင် ကြပ်ကြပ်တီးတီး ဆင့်ဆို ရှိကြောင်း။’
- တကယ်စင်စစ် မင်းတုန်းမင်းသည် ဆရာဖေအား အပြစ်မပေးချင်ပါ။ သို့သော် မဟာမိတ်အင်္ဂါနှင့် ညီညွတ်ရေး ပြလိုသောကြောင့်တကြောင်း၊ အင်္ဂလိပ်နှင့် ပြဿနာတက်ရန် မသင့်သည်ကတကြောင်း တို့ကြောင့် ရာဇပရိယာယ်ဖြင့် အချုပ်ချထားလိုက်ခြင်း ဖြစ်ပါသည်။ ဆရာဖေသည် သတ္တိအပြည့်ရှိသူပီပီ ဘွားဘက်ကျော်တန်းမှ အချုပ်ထဲတွင် နောက်ထပ် တေးထပ်တစ်ပုဒ် ထပ်ရေးလိုက်ပြန်ပါသည်။ ၎င်းမှာ ယခု တေးထပ်ပင် ဖြစ်သည်။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |