ဆံမြိတ်ရှည် နွယ်သာကီသံဖြတ်

ဆံမြိတ်ရှည်
by ပုဇွန်တောင် ဆရာခ
1216ဆံမြိတ်ရှည်ပုဇွန်တောင် ဆရာခ

နှစ်ကိုယ်ချစ်သပ ကြံစိတ်ပွေ၊ အပျိုဖြစ်စ ဆံမြိတ်ရှည်တော်။
သည်းဖျားယားခဲ့ မာန်စိတ်ပွေ၊ ရည်စားထားတဲ့ ဆံမြိတ်ရှည်တော်။

မီးဖိုချောင်မှာ ဟိုတစ်နေ့က၊ စကားပြောတာ အမေတွေ့လို့၊
မြေ့မြေ့ကြေအောင် ခိုက်ရန်ငြိ၊ ရိုက်ဒဏ်ထိတဲ့ ဆံမြိတ်ရှည်တော်။

ထောက်တွေးမှန်းကာ မနေမိ၍၊ နောက်ဖေးခန်းမှာ အပွေငြိ၊
အမေသိမည် အလွန်စိုး၍၊ ရေချိုးချင်ယောင် ဟန်မူလေ့နှင့်၊
လုံခြည်ပွေ့ကာ အသာလုံး၍၊ ဆပ်ပြာတုံးကို ကိုင်ရက်လဲတော့၊
ရေချိုးခန်းမှာ အင်ဒုံကွဲ၊ တင်ဆုံပြဲတဲ့ ဆံမြိတ်ရှည်တော်။

အရှုပ်အပွေ လွန်စွာလိုက်၍၊ အိပ်ခန်းထဲမှာ အမေရိုက်လို့၊
ဖိုရှိုက်ဖိုရှိုက် ငိုမဆုံး၊ ကျောတစ်ခုလုံး သိသိကြေလို့၊
ပျိုဆံမြိတ်ရှည် မေတ္တာရှိတဲ့၊ လူညိုပြာအိ သူ့အတွက်ထွေ၊
လေမဒီသွေးခြည်အိ၊ ကျောသိသိ ကြေတယ်လေ။

ဆနွင်းတွေ ထိန်ဝါဝါနှင့်၊ လောင်မီးပွေ ပူဗျာပါခ၊
ယောင်ကြီးဗွေ သူလာခါမှ၊ ရည်းစားကြီးရှင် သူလာခါမှ၊
ချစ်သူကြီးရှင် သူလာခါမှ၊ ရိုက်ဒဏ်ရာကို သည်မယ်ပြလို့၊
ရေရေလယ်လယ် ဒဏ်ရာပြလို့၊ ကျောကုန်းလှန်ကာ ဒဏ်ရာပြလို့၊
နံဘေးနဘီ ဒဏ်ရာပြလို့၊ သည့်အောက်ကိုသာ ဒဏ်ရာပြလို့၊
လက်သုံးသစ်ခွာ ဒဏ်ရာပြလို့၊ လက်လေးသစ်ခွာ ဒဏ်ရာပြလို့၊
ပေါက်ရှဒဏ်ရာ အကုန်ပြလို့၊ ဒဏ်မြုံဒဏ်ပေါ် အကုန်ပြလို့၊
ဒဏ်ဖူးဒဏ်ယောင် အကုန်ပြလို့၊ ပျိုလှသွယ်သေးမှာ မောင်ရယ်..... ငိုပါ့မယ်လေး။

This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.