ဆွမ်း ကပ်လှူမယ်
သင်ခန်းစာ (၁၉)
ဆွမ်းကပ်လှူမယ်
ပြင်ဆင်ရန်လယ်သမားဇနီးမောင်နှံ
ရှေးအခါက သူဌေးကြီး တစ်ဦးထံတွင် အလုပ်လုပ်နေသော မောင်ပုဏ္ဏနှင့် မယ်ဥတ္တရာဟု ခေါ်သော ဆင်းရဲသားဇနီးမောင်နှံ နှစ်ယောက်ရှိသည်။ နံနက်မိုးလင်းသည်နှင့် ခင်ပွန်းဖြစ်သူ မောင်ပုဏ္ဏသည် လယ်တောသို့ သွား၍ လယ်ထွန်ရသည်။ ဇနီးဖြစ်သူက နေ့လည်စာ ချက်ပြုတ်ပြီး လယ်တောသို့ ထမင်းလိုက်ပို့ရ၏။ သူတို့မှာ အဝတ်အစားဟူ၍ တစ်ထည်နှစ်ထည်မျှသာ ရှိကြသည်။ ပွဲတော်ရက်များ၌ အခြားသူများကဲ့သို့ ဝတ်ကောင်းစားလှများ ဝတ်ချင်သော်လည်း မဝတ်နိုင်ကြချေ။ ဤသို့ ဆင်းဆင်းရဲရဲဖြင့် နေထိုင်ကြရသည်။
တစ်နေ့နံနက်စောစောတွင် မောင်ပုဏ္ဏသည် လယ်တောသို့ အစောကြီးရောက်လာစဉ် လယ်တော ဘေးမှ ဆွမ်းခံကြွလာသော နိရောဓသမာပတ်မှ ထလာသည့် အရှင်သာရိပုတ္တရာ မထေရ်မြတ်ကို တွေ့လိုက်သည်။ သူသည် မထေရ်မြတ်ကို မြင်သည်နှင့် လှူချင်စိတ်များ ဖြစ်ပေါ်လာ၏။ သို့သော် သူ့တွင် လှူစရာဟူ၍ ဘာမျှမရှိချေ။ ထို့ကြောင့် ရေတစ်ခွက်ခပ်ကာ အနီးအနားတွင် ရှိသည့် တမာကိုင်းလေး ကို ချိုး၍ မထေရ်မြတ် မျက်နှာသစ်၊ သွားတိုက်ရန် လှူဒါန်းလိုက်သည်။ ထိုသို့ လှူလိုက်ရသဖြင့် မောင်ပုဏ္ဏ အလွန်ပျော်ရွှင်သွား၏။ ဇနီးသည်လာလျှင် ဝမ်းသာစရာအဖြစ် ပြောပြဦးမည်ဟု တွေးပြီး ချွေးတလုံးလုံးဖြင့် လယ်ထွန်နေခဲ့၏။ နေမွန်းတည့်ချိန်အထိ ဇနီးသည် ရောက်မလာသဖြင့် မောင်ပုဏ္ဏ တမျှော်မျှော် ဖြစ်နေ၏။ တစ်မနက် လုံး ကြိုးစားပမ်းစား အလုပ်လုပ်ထားရသဖြင့် ဗိုက်ကလည်း အလွန်ဆာနေပြီ ဖြစ်သည်။ ရောက်နေကျ အချိန် ရောက်မလာ၍ “လမ်းတွင် တစ်ခုခုများ ဖြစ်နေသလား”ဟု တွေးကာ ဇနီးသည်အတွက် စိတ်ပူ နေမိ၏။ မောင်ပုဏ္ဏ တမျှော်မျှော် ဖြစ်နေချိန်တွင် ဇနီးသည် အမောတကောဖြင့် အပြေးအလွှားရောက်လာ ၏။ နောက်ကျသွားသည့်အတွက် သူ့ကို ခွင့်လွှတ်ရန်လည်း တောင်းပန်ရှာ၏။ ထို့နောက် သူနောက်ကျ ရခြင်း အကြောင်းကို ရှင်းပြသည်။
ထမင်းထုပ်ကို ရွက်ပြီး လယ်တောသို့ လာရာလမ်းတွင် မထေရ်မြတ်တစ်ပါးကို ဖူးတွေ့ရကြောင်း၊ စိတ်ထဲတွင် လှူချင်စိတ် အလွန်ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် ခင်ပွန်းသည်အတွက် ယူလာခဲ့သည့် ထမင်းထုပ်ကို မထေရ်မြတ်အား လှူခဲ့ကြောင်း၊ ယခုယူလာသည့် ထမင်းထုပ်မှာ နောက်တစ်ကြိမ် အိမ်ပြန် ပြီး ချက်ပြုတ်ခဲ့သည့် ထမင်းထုပ်ဖြစ်ကြောင်း ရှင်းပြ၏။ မောင်ပုဏ္ဏသည် ဇနီးသည်၏ အလှူကို အလွန် ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး သာဓုသုံးကြိမ် ခေါ်သည်။ ထို့နောက် သူသည်လည်း နံနက်အစောကြီးက ရဟန်းတော်တစ်ပါးကို မျက်နှာသစ်ရေနှင့် သွားတိုက်ရန် တမာကိုင်း လှူဒါန်းခဲ့ကြောင်းပြောပြသည်။ မယ်ဥတ္တရာလည်း ဝမ်းမြောက်ဝမ်းသာ သာဓုသုံးကြိမ် ခေါ်ဆို၏။
မောင်ပုဏ္ဏနှင့် မယ်ဥတ္တရာတို့သည် ကိုယ်စီပြုလုပ်ခဲ့သော ကုသိုလ်ကောင်းမှု များကို ပြောပြပြီး ထမင်းကို အားရပါးရ စားကာ အရိပ်ရသော သစ်ပင်ကြီးအောက်တွင် အနားယူရင်း တစ်ရေး တစ်မော အိပ်ပျော်သွားကြ၏။
အိပ်ရာမှ နိုးလာ၍ လယ်ကွင်းထဲသို့ ကြည့်လိုက်ရာ လယ်ကွင်းထဲတွင် ရွှေတုံး၊ ရွှေခဲများကို အံ့သြဖွယ်ရာ တွေ့မြင်ရလေ၏။ ထိုအခါ မောင်ပုဏ္ဏတို့ ဇနီးမောင်နှံသည် “ဒီရွှေတွေဟာ တိုင်းပြည်ဘဏ္ဍာ ဖြစ်တဲ့အတွက် ဘုရင်နဲ့သာ ဆိုင်တယ်”ဟု တွေး၍ ပထမဦးစွာ ရွှေအချို့ကို အိုးထဲထည့်ပြီး ဘုရင်မင်းထံ သွားရောက် ဆက်သ၏။ ထို့နောက် လယ်ကွင်းထဲတွင်လည်း ရွှေများ ကျန်နေသေးကြောင်းကို လျှောက်တင်သောအခါ ဘုရင်ကြီးသည် မင်းချင်းများကို လှည်းနှင့်သွားယူရန် စေလွှတ်လိုက်၏။ သို့သော် မင်းချင်းများ သည် ရွှေများကို သယ်ယူရန် ထိလိုက်လျှင်ပင် ရွှေတုံးများသည် မြေကြီးခဲများ ဖြစ်သွားကြ၏။
ထိုအကြောင်းကို မင်းချင်းများက ဘုရင်ကြီးအား လျှောက်တင်ကြ၏။ ထိုအခါ ဘုရင်ကြီးက “မောင်ပုဏ္ဏရဲ့ ရွှေတုံးတွေ၊ မောင်ပုဏ္ဏရဲ့ ဥစ္စာတွေ”ဟု ပြောပြီး ကောက်ယူကြရန် ညွှန်ကြားလိုက်သည်။ ထိုအချိန်ကျမှသာ ရွှေတုံးတွေ ဖြစ်ကုန်ကြသည်။ ထိုရွှေတုံးများ နန်းတော်သို့ ရောက်သောအခါ ဘုရင်ကြီးက မောင်ပုဏ္ဏတို့ ဇနီးမောင်နှံကို “ဤရွှေခဲများသည် သင်တို့နှင့် ထိုက်တန်သဖြင့် ဖြစ်ပေါ်လာခြင်းဖြစ်၏၊ သင်တို့ သာ ယူကြ”ဟု ဆိုကာ မောင်ပုဏ္ဏနှင့် မယ်ဥတ္တရာတို့အား ပေးလိုက်သည်။ ကုသိုလ်ကံထူးသည့် မောင်ပုဏ္ဏ နှင့် မယ်ဥတ္တရာတို့သည် ဆွမ်းလှူဒါန်းသော ကောင်းမှုကြောင့် နေ့ချင်းညချင်းပင် သူဌေးဇနီးမောင်နှံ ဘဝ သို့ ရောက်သွားခဲ့ကြလေသည်။
ဆွမ်းတော်ကပ်
ပြင်ဆင်ရန်ဘုန်းတော်အနန္တ၊ ကံတော်အနန္တ၊ ဉာဏ်တော်အနန္တ၊ တန်ခိုးတော်အနန္တတို့နှင့် ပြည့်စုံတော်မူ သော မဟာကရုဏာသခင် ရှင်တော်မြတ်ဘုရားအား ဤမွန်မြတ်သော ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်တို့ကို လှူဒါန်းဆက်ကပ်ပါ၏ အရှင်ဘုရား။ ဤဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်တို့ကို လှူဒါန်းရသော ကောင်းမှု ကြောင့် နိဗ္ဗာန်ကို လျင်မြန်စွာ မျက်မှောက်ပြုရပါလို၏ အရှင်ဘုရား။
ဆုတောင်း
ပြင်ဆင်ရန်ရသာမွှေးကြူ၊ ဆွမ်းဖွေးဖြူကို၊ ပေးလှူပါရ၊ ဤပုညကြောင့်၊ ဘဝတိုင်းဝယ်၊ ပညာကြွယ်လျက်၊ မြနှယ်ရွှေနှင့်၊ အသရေတင့်၊ အဆင့်ဆင့် မြင့်ရပါလို၏ အရှင်ဘုရား။
ဆွမ်းလှူရကျိုး
ပြင်ဆင်ရန်သက်ရှည် ဆင်းလှ၊ ချမ်းသာရ၊ ဗလ ဉာဏ်ပညာ၊
ဆွမ်းလှူအကျိုး၊ ဤငါးမျိုး၊ တန်ခိုးကြီးလှစွာ။ ။