ဇနပဒကလျာဏီ ရူပနန္ဒာထေရီဝတ္ထု

1229ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး၅။ ဇနပဒကလျာဏီ ရူပနန္ဒာထေရီဝတ္ထု (ဂါထာတော်သို့)အရှင်ဓမ္မဿာမီဘိဝံသ

ဇရာဝဂ်

၅။ ဇနပဒကလျာဏီ ရူပနန္ဒာထေရီမ ဝတ္ထု

အဋ္ဌီနံ နဂရံ ကတံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ဇနပဒကလျာဏီ အမည်ရှိသော ရူပနန္ဒာထေရီမကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဘိက္ခုနီမပြုရန် ရူပနန္ဒာ စဉ်းစားပုံ

ထိုဇနပဒကလျဏီမည်သော ရူပနန္ဒာမင်းသမီးသည် တစ်နေ့သ၌ ဤသို့ ကြံစည်လေ၏။ “ငါ၏ မောင်တော်အကြီး သိဒ္ဓတ္ထမင်းသည် ပြည်စည်းစိမ်ကိုစွန့်၍ ရဟန်းပြုပြီးလျှင် လောက၌ အမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်သော မြတ်စွာဘုရား ဖြစ်တော်မူပြီ၊ ထိုဘုရားရှင်၏ သားတော်ဖြစ်သော ရာဟုလာမင်းသားသည်လည်း ရဟန်းပြုပြီ၊ ငါ၏ချစ်လင် နန္ဒမင်းသားသည်လည်း ရဟန်းပြုပြီ၊ ငါ၏မယ်တော် မိထွေးတော် ဂေါတမီသည်လည်း ရဟန်းပြုချေပြီ၊ (ထိုအခါ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးကား နန်းတော်ထက် ထီးဖြူအောက်၌ ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်စံယူပြီးဖြစ်၍ ဘဒ္ဒိယမင်း နန်းစံသောအခါ ဖြစ်သောဟူ၏။) ဤမျှလောက်သော ဆွေတော် မျိုးတော်အပေါင်းသည် ရဟန်းပြုသည်ရှိသော် ငါသည် အိမ်တော်၌နေသဖြင့် အဘယ်အမှု ပြုစရာရှိအံ့နည်း၊ ရဟန်းပြုပါတော့အံ့”ဟု ကြံစည်၍ ရဟန်းမိန်းမတို့၏ ကျောင်းသို့သွားသဖြင့် ရဟန်းပြုလေ၏။

သဒ္ဓါပဗ္ဗဇိတ မဟုတ်

ထိုမင်းသမီးသည် ဆွေတော်မျိုးတော်တို့ကို ချစ်ခင်သဖြင့်သာလျှင် ရဟန်းပြု၏။ သဒ္ဓါဖြင့် ရဟန်းပြုသည်မဟုတ်။ အလွန်အဆင်းလှသည်အဖြစ်ကြောင့် ရူပနန္ဒာဟူ၍ ကျော်စောထင်ရှားလေ၏။ မြတ်စွာဘုရားသည် ရုပ်သည် အမြဲမရှိ။ ဆင်းရဲ၏။ ကိုယ်မဟုတ်။ ဝေဒနာသည်, သညာသည်, သင်္ခါရသည်, ဝိညာဉ်သည်, အမြဲမရှိ။ ဆင်းရဲ၏။ ကိုယ်မဟုတ်ဟူ၍ ဟောတော်မူသတတ်ဟု ကြားရ၍ ရူပနန္ဒာသည် “ဤသို့ ရှုချင်စဖွယ် ကြည်လင်နှစ်သက်ဖွယ်ရှိသော ငါ၏ရုပ်၌လည်း အပြစ်ကို ဟောကြားတော်မူရာ၏”ဟု နှလုံးပြု၍ မြတ်စွာဘုရား၏ မျက်မှောက်တော်သို့ မသွားရောက်ဘဲနေလေ၏။ သာဝတ္ထိပြည်၌နေသော မြို့သူမြို့သားတို့သည် နံနက်စောစော၌ပင်လျှင် အလှူကိုပေးလှူ၍ ကောင်းစွာ ဆောက်တည်အပ်သော ဥပုသ်ကျင့်သုံးခြင်း ရှိကုန်သဖြင့် စင်ကြယ်သော ကိုယ်ရုံတင်လွှမ်းကုန်လျက် နံ့သာပန်းစသည် လက်စွဲကြကုန်သည်ဖြစ်၍ ညချမ်းသောအခါ ဇေတဝန်ကျောင်းတော်၌ စည်းဝေးပြီးလျှင် တရားတော်ကို နာယူကြလေကုန်၏။ ရဟန်းမိန်းမ သံဃာအပေါင်းသည်လည်း ဘုရားရှင်၏ တရားဒေသနာတော်၌ဖြစ်သော ကုသိုလ်ဆန္ဒ ရှိလှသဖြင့် ကျောင်းတော်သို့သွား၍ တရားနာလေ၏။ တရားနာပြီး၍ မြို့သို့ဝင်လာကြကုန်သော သူတို့သည် ဘုရားရှင်၏ ဂုဏ်ကျေးဇူးနှင့်စပ်သောစကားကို ပြောဆိုကြကုန်လျက်သာ ဝင်လာကြကုန်၏။

(ဤနေရာ၌ ပမာဏ ၄-မျိုးနှင့် ၎င်းတို့၏သဘောကို သိထားသင့်၏။
၁။ ရုပ်ပမာဏရှိသော သတ္တဝါတို့သည် မြတ်စွာဘုရား၏ လက္ခဏာတော်ကြီးငယ်တို့ဖြင့် တန်ဆာဆင်အပ်သော ရွှေအဆင်းနှင့်တူသော ကိုယ်တော်ကိုဖူးမြော်ရလျှင် ကြည်ညိုနိုင်ကြကုန်၏။ ရုပ်ပမာဏရှိသောသူ သုံးပုံ နှစ်ပုံရှိသည်။
၂။ အသံလျှင်ပမာဏရှိသော သတ္တဝါတို့သည်လည်း အရာမက များစွာသော ဇာတ်တော်တို့ကို အမှီပြု၍ ဖြစ်တော်မူသော မြတ်စွာဘုရား၏ ဂုဏ်တော် ကျော်စောသံကိုလည်းကောင်း၊ အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော တရားဟောတော်မူသော အသံတော်ကိုလည်းကောင်း ကြားနာရလျှင် ကြည်ညိုနိုင်ကြ၏။ အသံပမာဏရှိသူ လေးပုံ သုံးပုံ ရှိသည်။
၃။ ခေါင်းပါးခြင်းလျှင်ပမာဏရှိသော သတ္တဝါတို့သည် မြတ်စွာဘုရား၏ သင်္ကန်း စသည်တို့၏ ခေါင်းပါးခြင်းကိုစွဲ၍ ကြည်ညိုနိုင်ကြ၏။ ခေါင်းပါးခြင်း ပမာဏရှိသူ ဆယ်ပုံ ကိုးပုံ ရှိသည်။
၄။ တရားလျှင် ပမာဏရှိသော သတ္တဝါတို့သည် မြတ်စွာဘုရား၏ သီလသည် ဤသို့သဘောရှိ၏။ သမာဓိသည် ဤသို့သဘောရှိ၏။ ပညာသည် ဤသို့သဘောရှိ၏။ မြတ်စွာဘုရားသည် သီလ,သမာဓိ,ပညာအရာတို့၌ ပြိုင်ဖက်ကင်းသူဖြစ်၏ဟု ကြည်ညိုနိုင်ကြ၏။ တရားပမာဏရှိသူသည် တစ်သိန်းလျှင် တစ်ယောက်မျှရှိ၏။)

ဗုဒ္ဓတရားပွဲသို့ ဗုဒ္ဓမမြင်အောင် သွားလိုသူ

ရူပနန္ဒာသည် ရဟန်းမိန်းမတို့၏လည်းကောင်း၊ ဒါယိကာမတို့၏လည်းကောင်း အထံမှ ဘုရားရှင်၏ ဂုဏ်ကျေးဇူးနှင့်စပ်သော စကားကိုကြားလျှင် “ငါ့မောင်တော်ဘုရား၏ ဂုဏ်ကျေးဇူးကို အလွန်အကြူး ချီးမွမ်းပြောဆိုကြကုန်သည်သာတည်း၊ တစ်နေ့ပတ်လုံး ငါ၏ရုပ်၌ အပြစ်ကို ပြောဆိုသော်လည်း အဘယ်မျှလောက် ပြောဆိုနိုင်လတ္တံ့နည်း၊ ငါသည် ရဟန်းမိန်းမတို့နှင့် အတူတကွသွား၍ မိမိကိုယ်ကို မပြမူ၍သာလျှင် ဘုရားရှင်ကို ဖူးမြင်၍ ထိုဘုရားရှင်၏ တရားတော်ကို နာပြီးမှ လာရမူကား ကောင်းလေစွ”ဟု ကြံစည်လေ၏။ ထိုရူပနန္ဒာသည် “ငါကား ယနေ့ တရားနာရာသို့ သွားပါအံ့”ဟု ရဟန်းမိန်းမတို့အား ပြောကြားလေ၏။ ရဟန်းမိန်းမတို့သည် “ရူပနန္ဒာအား ဘုရားရှင်၏ အထံတော်သို့ ဆည်းကပ်ခစားခြင်းငှာ သွားရောက်လိုသော ဆန္ဒဖြစ်သည်မှာ ကြာမြင့်လေစွတကား၊ ယနေ့ ဘုရားရှင်သည် ရူပနန္ဒာကိုအမှီပြု၍ အထူးထူးသော နည်းရှိသော ဆန်းကြယ်သော ဒေသနာကို ဟောကြားတော်မူလတ္တံ့”ဟု နှစ်သက်သောစိတ် ရှိကြကုန်သည်ဖြစ်၍ ထိုရူပနန္ဒာကိုခေါ်လျက် ထွက်သွားကြလေကုန်၏။ ရူပနန္ဒာသည် ထွက်သွားသောအခါမှစ၍ “ငါကား မိမိကိုယ်ကို မပြပေအံ့”ဟု ကြံစည်လေ၏။

ဟင်္သာမင်းရှေ့မှ ကျီးမပမာ သူ့ရုပ်လွှာ

မြတ်စွာဘုရားသည် “ယနေ့ ရူပနန္ဒာသည် ငါဘုရားထံ ဆည်းကပ်ခစားခြင်းငှာ ရောက်လာလတ္တံ့၊ ထိုရူပနန္ဒာအား အဘယ်သို့ သဘောရှိသော တရားဒေသနာသည် လျောက်ပတ်အံ့နည်း”ဟု ကြံဆင်ခြင်တော်မူလတ်သည်ရှိသော် “ဤရူပနန္ဒာသည် ရုပ်အဆင်း၌ အလေးပြု၏။ အတ္တဘော၌ အားကြီးသော မြတ်နိုးခြင်းရှိ၏။ ဆူးဖြင့် ဆူးကို နုတ်ထွင်ဘိသကဲ့သို့ ထိုရူပနန္ဒာအား ရုပ်ဖြင့်သာလျှင် ရုပ်၌ မာန်မူခြင်းမရှိအောင် ပြုခြင်းသည် လျောက်ပတ်အံ့”ဟု ဆုံးဖြတ်ခြင်းပြုတော်မူ၍ ထိုရူပနန္ဒာ၏ ကျောင်းတော်သို့ ဝင်လာသောအခါ၌ အလွန် အဆင်းလှပသဖြင့် တစ်ဆယ့်ခြောက်နှစ်အရွယ်ရှိသော မိန်းမငယ်တစ်ယောက်ကို နီးမြန်းသောအဝတ်ကို ဝတ်ဆင်လျက် အလုံးစုံသော တန်ဆာဖြင့် တန်ဆာဆင်အပ်သဖြင့် ယပ်ကိုကိုင်ကာ ကိုယ်တော်မြတ်အထံတော်၌ တည်လျက် ယပ်ခတ်နေဟန်ကို တန်ခိုးအာနုဘော်အစွမ်းဖြင့် ဖန်ဆင်းတော်မူအပ်၏။ ထိုဖန်ဆင်းအပ်သော မိန်းမကို ဘုရားရှင်သည်လည်း မြင်တော်မူ၏၊ ရူပနန္ဒာသည်လည်း မြင်ရလေ၏။ ကြွင်းသောသူတို့ကား မမြင်။ ရူပနန္ဒာသည် ရဟန်းမိန်းမတို့နှင့် အတူတကွ ကျောင်းတော်သို့ ဝင်လာ၍ ရဟန်းမိန်းမတို့၏ နောက်နံပါး၌တည်လျက် ငါးပါးသောတည်ခြင်းဖြင့် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ရဟန်းမိန်းမတို့အကြား၌ နေသဖြင့် ခြေတော်ဖျားမှစ၍ ဘုရားရှင်ကို ကြည့်ရှုဖူးမြော်လတ်သည်ရှိသော် လက္ခဏာတော်ကြီး သုံးဆယ့်နှစ်ပါးတို့ဖြင့် ဆန်းကြယ်သော, လက္ခဏာတော်ငယ် ရှစ်ဆယ်တို့ဖြင့် ထွန်းတောက်ပခြင်းရှိသော တစ်လံမျှသော ရောင်ခြည်တော်ဖြင့် ဝန်းရံအပ်သော မြတ်စွာဘုရား၏ ကိုယ်တော်ကို မြင်ရသဖြင့် လပြည့်ဝန်းကဲ့သို့ တင့်တယ်ခြင်း အသရေရှိသော မျက်နှာတော်ကို ကြည့်ရှုဖူးမြော်နေစဉ် အနီး၌တည်သော မိန်းမငယ် ရုပ်အဆင်းကို မြင်ရလေ၏။ ထိုရူပနန္ဒာသည် မိန်းမငယ် ရုပ်အဆင်းကိုကြည့်၍ မိမိကိုယ်ကို ကြည့်လိုက်သည်ရှိသော် ရွှေဟင်္သာမင်း၏ရှေ့၌ ကျီးမနှင့်တူစွာ မိမိကိုယ်ကို အောက်မေ့မှတ်ထင်မိလေ၏။ တန်ခိုးဖြင့်ပြီးသော ရုပ်အဆင်းကို မြင်ရသောအခါမှစ၍သာလျှင် ထိုရူပနန္ဒာ၏ မျက်စိတို့သည် ချာချာလည်သကဲ့သို့ ဖြစ်ကုန်၏။ ထိုရူပနန္ဒာသည် ဤမိန်းမငယ်၏ ဆံပင်တို့သည် အလွန်တင့်တယ်လေစွ၊ နဖူးပြင်သည် အလွန်တင့်တယ်လေစွ၊ ဤသို့ အလုံးစုံသော ကိုယ်အစိတ်တို့၏ ရုပ်အဆင်းတင့်တယ်ခြင်း အသရေသည် ဆွဲငင်အပ်သောစိတ်ရှိရကား ထိုမိန်းမငယ်၏ ရုပ်အဆင်း၌ အားကြီးစွာသော ချစ်မြတ်နိုးခြင်းလည်း ဖြစ်လေ၏။

ပျိုရာမှ အို၊ အိုရာမှ နာ၊ နာရာမှ သေ

မြတ်စွာဘုရားသည် ထိုရုပ်အဆင်း၌ ရူပနန္ဒာ အလွန်နှစ်ခြိုက် မွေ့လျော်သည်ကို သိတော်မူသဖြင့် တရားဟောတော်မူလျက်သာလျှင် ထိုရုပ်အဆင်းကို တစ်ဆယ့်ခြောက်နှစ်အရွယ်ရှိသော အဖြစ်ကို လွန်မြောက်စေတော်မူ၍ အသက်နှစ်ဆယ် အရွယ်ရှိသည်ကို ပြုလုပ်ကာ ပြတော်မူလေ၏။ ရူပနန္ဒာသည် ကြည့်ရှုလျက် “ဤရုပ်အဆင်းကား ရှေးနှင့် မတူတော့ပါတကား”ဟု အတန်ငယ်တပ်ခြင်းကင်းသော စိတ်ရှိသည်ဖြစ်လေ၏။ မြတ်စွာဘုရားသည် အစဉ်အားဖြင့်သာလျှင် မိန်းမငယ်၏အဆင်းကို တစ်ကြိမ်သားဖွားသော မိန်းမအဆင်း၊ အလယ်အလတ်ဖြစ်သော မိန်းမ၏အဆင်း၊ အိုမင်းရွတ်တွသော မိန်းမအိုကြီး၏ အဆင်း၊ ဤသို့စသော အဆင်းရှိသည်ကို ပြုလုပ်ကာ ပြတော်မူလေ၏။ ထိုရူပနန္ဒာဘိက္ခုနီမသည်လည်း အစဉ်အားဖြင့်သာလျှင် “ဤအရွယ်အဆင်းသည်လည်း ကွယ်ပျောက်ခဲ့လေပြီတကား၊ ဤအရွယ်အဆင်းသည်လည်း ကွယ်ပျောက်ခဲ့လေပြီတကား”ဟု အတန်ငယ် တပ်ခြင်းကင်းသောစိတ် ရှိလေ၏။ အိုမင်းရွတ်တွသော အဆင်းရှိသည်ကို ပြသောကာလ၌ တပ်ခြင်းကင်းသည်ဖြစ်၍ သွားကျိုးသော မိန်းမအသွင်၊ ခေါင်းဖြူသော မိန်းမအသွင်၊ ခါးကိုင်းသော မိန်းမအသွင်၊ နံရိုးကျဲတဲ ကုန်းကွသော မိန်းမအသွင်၊ တောင်ဝှေးလျှင် အားထားစရာရှိသော မိန်းမအသွင်၊ တုန်တုန်ခိုက်ခိုက်ဖြစ်သော မိန်းမအသွင်ကို မြင်ရလျှင် အလွန့်အလွန် တပ်ခြင်းကင်းလေသတည်း။ ထိုအခါ ရူပနန္ဒာဘိက္ခုနီမအား ဘုရားရှင်သည် ထိုတန်ခိုးဖြင့် ဖန်ဆင်းသောမိန်းမကို အနာဖြင့် ပြင်းစွာနှိပ်စက်ဟန်ပြု၍ ပြတော်မူပြန်လေ၏။ ထိုဖန်ဆင်းအပ်သော မိန်းမသည် ထိုခဏ၌သာလျှင် တောင်ဝှေးနှင့် ထန်းရွက်ယပ်ဝန်းကို စွန့်ပစ်၍ သည်းစွာသော ငိုကြွေးမြည်တမ်းခြင်းကို မြည်တမ်းလျက် မြေ၌လဲကျစေပြီးလျှင် မိမိ၏ ကျင်ကြီးကျင်ငယ်၌နစ်ကာ ထိုမှဤမှ အပြန်ပြန်လူးလှိမ့်ကာ နေရှာလေ၏။

ရုပ်၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘော သိမြင်

ရူပနန္ဒာ ဘိက္ခုနီမသည် ထိုအခြင်းအရာကိုလည်း မြင်ရသဖြင့် အလွန့်အလွန်သာလျှင် တပ်ခြင်းကင်းလေသတည်း။ မြတ်စွာဘုရားသည်လည်း ထိုဖန်ဆင်းအပ်သော မိန်းမ၏ သေသောအခြင်းအရာကို ပြတော်မူပြန်လေ၏။ ထိုသေသောမိန်းမသည် ထိုခဏချင်း၌သာလျှင် ဖူးဖူးရောင်သည့်အဖြစ်သို့ ရောက်လေ၏။ ကိုးပါးသော အမာဝတို့မှ ပြည်ပုပ်အလုံးလိုက် အတောင့်လိုက်တို့သည်လည်းကောင်း၊ ပိုးလောက်တို့သည်လည်းကောင်း ယိုထွက်လာကြလေကုန်၏။ ကျီးစသည်တို့သည် စည်းဝေးကုန်လျက် လုယက်ဆွဲငင်ကြလေကုန်၏။ ထိုရူပနန္ဒာ ဘိက္ခုနီမသည်လည်း ထိုအခြင်းအရာကိုကြည့်ရှုလျက် “ဤမိန်းမငယ်သည် ဤနေရာ၌သာလျှင် အိုခြင်းသို့ရောက်၏၊ နာခြင်းသို့ရောက်၏၊ သေခြင်းသို့ရောက်၏၊ ဤငါ၏ အတ္တဘောတို့လည်း ဤအတူသာလျှင် အိုခြင်း,နာခြင်း,သေခြင်းတို့သည် ရောက်လာကြကုန်လတ္တံ့”ဟု ခန္ဓာကိုယ် အတ္တဘောကို အမြဲမရှိသောအားဖြင့် မြင်ရလေ၏။ အမြဲမရှိသောအားဖြင့် မြင်ရသောကြောင့်သာလျှင် ဆင်းရဲသောအားဖြင့်လည်းကောင်း၊ ကိုယ်မဟုတ်သောအားဖြင့်လည်းကောင်း မြင်ရသည်သာလျှင်တည်း။

ရူပနန္ဒာ သောတာပန်တည်ခြင်း

ထိုအခါ၌ ရူပနန္ဒာ ဘိက္ခုနီမအား သုံးပါးသော ဘုံဘဝတို့သည် ထိန်ထိန်တောက်လောင်ကုန်ဘိသကဲ့သို့လည်းကောင်း၊ လည်ပင်း၌ ဖွဲ့အပ်ဆွဲငင်အပ်သော အကောင်ပုပ်ကဲ့သို့လည်းကောင်း ထင်လာကုန်၏။ စိတ်သည် ကမ္မဋ္ဌာန်းသို့ ရှေးရှုပြေးဝင်လေ၏။ ဘုရားရှင်သည်လည်း ထိုရူပနန္ဒာ၏ အမြဲမရှိသောအားဖြင့် မြင်သည့်အဖြစ်ကို သိတော်မူ၍ “အလိုလိုသာလျှင် မိမိ၏ ထောက်တည်ရာကို ပြုခြင်းငှာ တတ်နိုင်ကောင်းအံ့လော”ဟု ကြည့်ရှုတော်မူလတ်သည်ရှိသော် “မတတ်နိုင်ပေလတ္တံ့၊ အပမှ အကြောင်းကိုရခြင်းငှာ သင့်၏”ဟု ကြံတော်မူ၍ ထိုရူပနန္ဒာအား လျောက်ပတ်သောအစွမ်းဖြင့် တရားစကား ဟောကြားမြွက်ဟ ပြတော်မူလိုရကား ဤဂါထာတို့ကို မိန့်တော်မူလေ၏။

အာတုရံ အသုစိံ ပူတိံ၊ ပဿ နန္ဒေ သမုဿယံ။
ဥဂ္ဃရန္တံ ပဂ္ဃရန္တံ၊ ဗာလာနံ အဘိပတ္တိတံ။

ယထာ ဣဒံ တထာ ဧတံ၊ ယထာ ဧတံ တထာ ဣဒံ။
ဓာတုတော သုညတော ပဿ၊ မာ လောကံ ပုနရာဂမိ။
ဘဝေ ဆန္ဒံ ဝိရာဇေတွာ၊ ဥပသန္တော စရိဿတိ။

နန္ဒေ၊ ရူပနန္ဒာ။ အာတုရံ၊ အမြဲအစဉ် နာကျင်လေ့ရှိသော။ အသုစိံ၊ မစင်ကြယ်သော။ ပူတိံ၊ အပုပ်အတိဖြစ်သော။ ဥဂ္ဃရန္တံ၊ အထက်ဒွါရတို့မှ ဖိတ်ဝေလျှံတက် အန်ထွက်လျက်ရှိသော။ ပဂ္ဃရန္တံ၊ အောက်ဒွါရတို့မှ ယိုစီးကျဆင်းလျက်ရှိသော။ ဗာလာနံ၊ ပညာမျက်စိ မရှိစုံကန်း လူသရမ်းတို့သည်။ အဘိပတ္ထိတံ၊ တောင့်တမပျက် အလွန်နှစ်သက်အပ်သော။ သမုဿယံ၊ ရွံဖွယ်အပေါင်း စုဆောင်းလှောင်သို ကိုယ်ခန္ဓာကြီးကို။ ပဿ၊ ကြည့်ရှုလေလော့။

ဣဒံ၊ ဤအတ္တဘောကို။ ဓာတုတော၊ ဓာတ်အားဖြင့်။ သုညတော၊ ဆိတ်သောအားဖြင့်။ ပဿေယျ ယထာ၊ ရှုရာသကဲ့သို့။ တထာ၊ ထို့အတူ။ ဧတံ၊ ထိုအတ္တဘောကို။ ပဿ၊ ရှုလော့။ ဧတံ၊ ထိုအတ္တဘောကို။ ဓာတုတော၊ ဓာတ်အားဖြင့်။ သုညတော၊ ဆိတ်သောအားဖြင့်။ ပဿေယျ ယထာ၊ ရှုရာသကဲ့သို့။ တထာ၊ ထို့အတူ။ ဣဒံ၊ ဤအတ္တဘောကို။ ပဿ၊ ရှုလော့။ ပုန၊ တစ်ဖန်။ လောကံ၊ လောကသို့။ မာအာဂမိ၊ မရောက်လာစေလင့်။ ဘဝေ၊ ဘဝသုံးပါး၌။ ဆန္ဒံ၊ နှစ်သက်ခြင်းဆန္ဒကို။ ဝိရာဇေတွာ၊ တပ်ခြင်းကင်းစေ၍။ ဥပသန္တော၊ ငြိမ်းလျက်။ စရိဿတိ၊ ကျင့်ရလတ္တံ့။ ဝါ၊ နိဗ္ဗာန်ထုတ်ချောက် ရောက်ရလတ္တံ့။

ဘုရားရှင်သည် နန္ဒာမည်သော ရဟန်းမိန်းမကို အကြောင်းပြု၍ ဤသုတ္တန်ကို (ဤဂါထာတို့ကို) ဟောတော်မူလေပြီ။ ဤသို့လျှင် နန္ဒာမည်သော ဘိက္ခုနီမသည် ဒေသနာတော်သို့ အစဉ်လျှောက်၍ ဉာဏ်ကိုစေလွှတ်သဖြင့် သောတာပတ္တိဖိုလ်သို့ ရောက်လေ၏။ ထိုမှနောက်၌ ရူပနန္ဒာအား အထက်၌ဖြစ်သော သုံးပါးသော မဂ်ဖိုလ်တို့အတွက် ဝိပဿနာ သုံးသပ်ပွားထုံခြင်းအကျိုးငှာ သုညတကမ္မဋ္ဌာန်းကို ဟောကြားတော်မူလို၍ “နန္ဒာ- ဤကိုယ်၌ အနှစ်ရှိ၏ဟု အမှတ်ကိုမပြုလင့်၊ ဤကိုယ်၌ အနည်းငယ်မျှလည်းဖြစ်သော အနှစ်သည် မရှိပေ၊ ဤခန္ဓာကိုယ်သည် သုံးရာသော အရိုးတို့ကို စိုက်ထောင်၍ ပြုအပ်သော အရိုးစုမြို့ကြီး ဖြစ်ပေ၏”ဟု ဟောကြားတော်မူလို၍ ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

[၁၅၀] အဋ္ဌီနံ နဂရံ ကတံ၊ မံသလောဟိတလေပနံ။
ယတ္ထ ဇရာ စ မစ္စု စ၊ မာနော မက္ခော စ သြဟိတော။

အဋ္ဌီနံ၊ စိုက်ထောင်အပ်သော အရိုးတို့ကို။ (နှာရုဝိနဒ္ဓံ၊ အကြောတို့ဖြင့် ချည်တုပ်လျက်)။ မံသလောဟိတလေပနံ၊ အသားအသွေးတို့ဖြင့် လိမ်းကျံခြင်းရှိသော။ နဂရံ၊ ခန္ဓာအိမ်ကို။ ကတံ၊ ဆောက်လုပ်အပ်၏။ ယတ္ထ၊ ယင်းခန္ဓာအိမ်၌။ ဇရာ စ၊ အိုခြင်းသည်လည်းကောင်း။ မစ္စု စ၊ သေခြင်းသည်လည်းကောင်း။ မာနော စ၊ မာန်ထောင်လွှားခြင်းသည်လည်းကောင်း။ မက္ခော စ၊ ကျေးဇူးဖျက်ခြင်းသည်လည်းကောင်း။ သြဟိတော၊ သက်ဝင်အရှည် ပေါင်းစုတည်၏။

ရူပနန္ဒာ ဘိက္ခုနီ ရဟန္တာဖြစ်

ဒေသနာတော်၏အဆုံး၌ ရူပနန္ဒာ ထေရီမသည် အရဟတ္တဖိုလ်သို့ ရောက်လေ၏။ လူများအပေါင်းအားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

ဇနပဒကလျာဏီ ရူပနန္ဒာထေရီမဝတ္ထု ပြီး၏။