ဇောတိကတ္ထေရဝတ္ထု
၃၄။ အရှင်ဇောတိကမထေရ်ဝတ္ထု
ယောဓ တဏှံအစရှိသော ဤတရားဒေသနာတော်ကို တစ်ဖန် မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် ဇောတိကမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
ဇောတိကဗိမာန်ကို အဇာတသတ် လုယက်ခြင်း
အဇာတသတ်မင်းသားသည် ဒေ၀ဒတ်နှင့်အတူတကွ တစ်ပေါင်းတည်းဖြစ်၍ ခမည်းတော် ဗိမ္ဗိသာရမင်းကြီးကို သတ်ပြီးလျှင် မင်းအဖြစ်၌ တည်သည်ရှိသော် ဇောတိကသူဌေးကြီး၏ ပြာသာဒ်ဗိမာန်ကြီးကို လုယူအံ့ဟူ၍ စစ်ထိုးအံ့သော အခြင်းအရာကို စီစဉ်လျက် နန်းတော်မှ ထွက်သွား၍ ပတ္တမြားတံတိုင်း၌ အခြံအရံနှင့်တကွဖြစ်သော မိမိ၏အရိပ်ကို မြင်ရလျှင် “ဇောတိကသူဌေးကြီးသည် စစ်ထိုးအံ့သော အခြင်းအရာကို စီစဉ်သည်ဖြစ်၍ ရဲမက်ဗိုလ်ပါအပေါင်းကို ယူသဖြင့် ထွက်ခွာလာခဲ့၏”ဟု မှတ်ထင်လျက် အနီးသို့ ချဉ်းကပ်ခြင်းငှာ မဝံ့။ ထိုဇောတိက သူဌေးကြီးသည်ကား ထိုနေ့၌ ဥပုသ်စောင့်သုံးကာ နေသည်ဖြစ်၍ နံနက်စောစောကပင်လျှင် နံနက်စာထမင်း စားသောက်ပြီးသည်ရှိသော် ကျောင်းတော်သို့သွား၍ မြတ်စွာဘုရားအထံတော်၌ တရားကိုနာကြားလျက် နေသည်ဖြစ်၏။ ရှေးဦးစွာသော တံခါးမုခ်၌ အစောင့်အရှောက်ကိုယူ၍ တည်နေသော ယမကောဠိအမည်ရှိသော နတ်ဘီလူးသည် ထိုစစ်ထိုးအံ့သောငှာလာသော အဇာတသတ်မင်းကို မြင်တဲ့လျှင် “အဘယ်အရပ်သို့ သွားဘိသနည်း”ဟု ဆိုလျက် အခြံအရံနှင့်တကွ အဇာတသတ်မင်းကို တိုက်လွှင့်ဖျက်ဆီး၍ ထိုထိုအရပ်လေးမျက်နှာတို့သို့ အစဉ်လိုက်လေ၏။ အဇာတသတ်မင်းသည် ကျောင်းတော်သို့သာလျှင် သွားလေ၏။ ထိုအခါ အဇာတသတ်မင်းကို သူဌေးကြီးမြင်ရလျှင် “အရှင်မင်းကြီး- အကြောင်းအသို့နည်း”ဟု ဆို၍ နေရာမှထလျက် တည်လေ၏။ “သူဌေးကြီး- အသို့နည်း၊ သင်သည် အချင်းယောက်ျားတို့ကို အကျွန်ုပ်နှင့်တကွ စစ်ထိုးကြကုန်လော့ဟု စေခိုင်းပြီးလျှင် ဤဝေဠုဝန်ကျောင်းတော်၌ အဘယ့်ကြောင့် တရားနာလေဟန်ကဲ့သို့ နေသနည်း”ဟု မေးလေ၏။
ဇောတိကလက်စွပ် အဇာတသတ် ချွတ်မရ
“အရှင်မင်းကြီး- အကျွန်ုပ်၏အိမ်ကို လုယူခြင်းငှာ ကြွသွားတော်မူလေသလော”ဟု တင်လျှောက်သည်ရှိသော် “သွားခဲ့သည် မှန်ပေ၏”ဟု ဆိုလေ၏။ “အရှင်မင်းကြီး- အကျွန်ုပ် အလိုမတူဘဲ အကျွန်ုပ်၏အိမ်ကို လုယူခြင်းငှာ မင်းတစ်ထောင်သော်လည်း မတတ်နိုင်ပါ”ဟု လျှောက်တင်လတ်သော် ထိုအဇာတသတ်မင်းသည် “သင်ကား မင်းဖြစ်လတ္တံ့လော”ဟု အမျက်ဒေါသ ထွက်လေ၏။ “အကျွန်ုပ်ကား မင်းမဟုတ်၊ သို့သော်လည်း အကျွန်ုပ်၏ဥစ္စာကို မိစ္ဆာချည်တစ်မျှင်မျှကိုသော်လည်း အကျွန်ုပ်အလိုမတူဘဲ မင်းတို့သည်လည်းကောင်း၊ ခိုးသူတို့သည်လည်းကောင်း လုယူခြင်းငှာ မတတ်နိုင်”ဟု လျှောက်တင်လတ်သော် “အသို့နည်း၊ အကျွန်ုပ်သည် သင်သူဌေးကြီး၏ အလိုအားဖြင့် ယူရအံ့လော”ဟု မေးလေ၏။ “အရှင်မင်းကြီး- ထိုသို့ဖြစ်မူ အကျွန်ုပ်၏ လက်ဆယ်ချောင်းတို့၌ ဤနှစ်ဆယ်သော လက်စွပ်တို့သည် ရှိကုန်၏၊ အကျွန်ုပ်သည် ဤလက်စွပ်တို့ကို အရှင်မင်းကြီးတို့အား မပေးလိုပါ၊ အကယ်၍ စွမ်းနိုင်သည်ဖြစ်အံ့၊ ယူတော်မူပါလော့”ဟု တင်လျှောက်လတ်သော် ထိုအဇာတသတ်မင်းသည်ကား မြေ၌ ဆောင့်ကြောင့်ထိုင်၍ ခုန်သည်ရှိသော် တစ်ဆယ့်ရှစ်တောင်ရှိသော အရပ်သို့ တက်နိုင်၏။ ရပ်၍ ခုန်သည်ရှိသော် အတောင်ရှစ်ဆယ်ရှိသော အရပ်သို့ တက်နိုင်၏။ ဤသို့လျှင် ကြီးသောအားရှိသည်ဖြစ်ပါသော်လည်း ထိုမှဤမှ တပြောင်းပြန်ပြန် ပြုလုပ်လျက် တစ်ကွင်းသော လက်စွပ်ကိုမျှလည်း ဆွဲငင်ချွတ်ယူခြင်းငှာ မတတ်နိုင်ရှာလေ။ ထိုအခါ အဇာတသတ်မင်းကို ဇောတိကသူဌေးကြီးသည် “အရှင်မင်းကြီး- ဝတ်လဲတော်ပုဆိုးဖြင့် ဖြန့်တော်မူပါလော့”ဟု ဆို၍ လက်ချောင်းတို့ကို ဖြောင့်ဖြောင့်တန်းတန်း စိုက်ထားလေ၏။ နှစ်ဆယ်သော လက်စွပ်တို့သည်လည်း အလိုလိုကျွတ်၍ ကျလာကြကုန်၏။ ထိုအခါ အဇာတသတ်မင်းကို ဇောတိကသူဌေးကြီးသည် “အရှင်မင်းကြီး- ဤသို့လျှင် အကျွန်ုပ်၏ဥစ္စာကို အကျွန်ုပ် အလိုမရှိဘဲ ယူခြင်းငှာ မတတ်နိုင်ပါ”ဟု လျှောက်တင်ပြီးလျှင် အဇာတသတ်မင်း၏ အမူအရာအားဖြင့် ဖြစ်သောထိတ်လန့်ခြင်း သံဝေဂရှိသည်ဖြစ်၍ “အရှင်မင်းကြီး- ရဟန်းပြုခြင်းငှာ အကျွန်ုပ်အား ခွင့်ပြုတော်မူပါ”ဟု လျှောက်တင်လေ၏။
ဇောတိက ရဟန်းပြု၍ ရဟန္တာဖြစ်ခြင်း
အဇာတသတ်မင်းသည် “ဤဇောတိက သူဌေးကြီး ရဟန်းပြုသည်ရှိသော် ချမ်းသာစွာ ပြာသာဒ်ကို ယူရပေတော့အံ့”ဟု ကြံစည်စိတ်ကူးလျက် တစ်ကြိမ်တောင်းပန်သော စကားမျှဖြင့်ပင် ဇောတိကသူဌေးကြီးကို “ရဟန်းပြုလော့”ဟု ခွင့်ပေးစကား မိန့်ကြားတော်မူလေ၏။ ထိုဇောတိကသူဌေးကြီးသည် မြတ်စွာဘုရား၏ အထံတော်၌ ရဟန်းပြု၍ မကြာမြင့်မီသာလျှင် အရဟတ္တဖိုလ်သို့ ရောက်သည်ရှိသော် ဇောတိကမထေရ်ဟူသော အမည်ရှိသည် ဖြစ်လေ၏။ ထိုဇောတိကသူဌေး၏ အရဟတ္တဖိုလ်သို့ရောက်သော ခဏ၌သာလျှင် အလုံးစုံသော ထိုစည်းစိမ်ချမ်းသာသည် ကွယ်ပျောက်လေ၏။ ထိုဇောတိကသူဌေးကြီး၏ လဲဝါဂွမ်းနှင့်တူသော ကိုယ်ခန္ဓာရှိသည့်အတွက် သတုလကာယီမည်သော ထိုသူဌေးကတော်ကြီးကိုလည်း နတ်တို့သည် မြောက်ကျွန်းသို့သာလျှင် ဆောင်ပို့ကြလေကုန်၏။ ထို့နောက် တစ်နေ့သ၌ ရဟန်းတို့သည် ထိုဇောတိကမထေရ်ကို ခေါ်ပြီးလျှင် “ငါ့ရှင်ဇောတိက- သင့်အား ထိုပြာသာဒ်၌လည်းကောင်း၊ မိန်းမ၌လည်းကောင်း တပ်ခြင်းတဏှာ ရှိသလော”ဟု မေးမြန်းကြသဖြင့် “ငါ့ရှင်တို့- တပ်ခြင်းတဏှာ မရှိပါ”ဟု ဆိုလတ်သည်ရှိသော် ဘုရားရှင်အား “မြတ်စွာဘုရား- ဤဇောတိကမထေရ်ကား မဟုတ်မမှန်သော စကားကိုဆို၍ အရဟတ္တဖိုလ်ကို ပြောကြားပါသည်ဘုရား”ဟု လျှောက်ကြားကြလေကုန်၏။ မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- ငါ့သားတော်ဖြစ်သော ဇောတိကအား ပြာသာဒ်၌လည်းကောင်း မိန်းမ၌လည်းကောင်း တပ်ခြင်းတဏှာ မရှိသည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
တဏှာဘဝပရိက္ခီဏံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
ယောပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ ဣဓ၊ ဤလောက၌။ တဏှံ၊ တပ်ခြင်းတဏှာကို။ ပဟန္တွာန၊ ပယ်စွန့်၍။ အနာဂါရော၊ အိမ်ရာမထောင် လူ့ဘောင်စွန့်ခွာသည်ဖြစ်၍။ ပရိဗ္ဗဇေ၊ ရဟန်းတရား ပြုကျင့်၏။ တဏှာဘဝပရိက္ခီဏံ၊ တဏှာနှင့် ဘဝကုန်ခန်းပြီးသော။ တံပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ မကောင်းမှုကို အပပြုပြီးသောသူဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။
ဒေသနာတော်၏အကျိုး
ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။