တယောဇနဝတ္ထု
ပါပဝဂ်
၁၁။ တယောဇနဝတ္ထု
န အန္တလိက္ခေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် သုံးယောက်သောသူတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
လည်ပင်း မီးကွင်းစွပ်၍ သေရသော ကျီးကန်း
ဘုရားသဗ္ဗညုသည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေထိုင်တော်မူစဉ် များစွာသောရဟန်းတို့သည် ဘုရားအား ဖူးမြင်ခြင်းငှာ လာကြကုန်လျက် ရွာတစ်ခုသို့ ဆွမ်းအလို့ငှာ ဝင်ကြလေကုန်သတတ်။ ရွာနေသူတို့သည် ထိုရဟန်းတို့၏ သပိတ်တို့ကိုယူ၍ ဆွမ်းစားဇရပ်၌ နေစေပြီးလျှင် ယာဂုခဲဖွယ်ကို လှူသဖြင့် ဆွမ်းအချိန်ကို ဆိုင်းငံ့ကုန်လျက် တရားနာကာ နေကြလေကုန်၏။ ထိုခဏ၌ ဆွမ်းကိုချက်ပြီး၍ ဟင်းလျာကိုချက်သော တစ်ယောက်သော မိန်းမ၏အိုးမှ မီးလျှံထလတ်၍ အမိုးကို စွဲလောင်လေ၏။ ထိုမီးလျှံထရာမှ တစ်ခုသော မြက်ဆုပ်ကရွတ်ခွေသည် တက်၍ တောက်လောင်လျက် ကောင်းကင်သို့ လွင့်ပျံသွားလေ၏။ ထိုခဏ၌ ကျီးတစ်ကောင်သည် ကောင်းကင်ခရီးဖြင့် ပျံသွားစဉ် ထိုမီးလျှံကရွတ်ခွေ၌ လည်ပင်းကို စွပ်သွင်းမိသဖြင့် မြက်နွယ်ရစ်ပတ်လျက် မီးလောင်ကာ ရွာလယ်၌ ကျလေ၏။ ရဟန်းတို့သည် ထိုကျီးကိုမြင်ရလျှင် “ဪ.. အလွန်ဝန်လေးသော အမှုပါတကား။ ငါ့ရှင်တို့- ကျီးသည်ရအပ်သော ဖောက်ပြန်ခြင်းကို ကြည့်ရှုကြကုန်လော့၊ ဤကျီး၏ ပြုအပ်သောကံကို ဘုရားသဗ္ဗညုကိုထား၍ အဘယ်သူသိနိုင်အံ့နည်း၊ မြတ်စွာဘုရားကို ဤကျီး၏ ရှေးမကောင်းမှုကံကို မေးလျှောက်ကြကုန်အံ့”ဟု ကြံ၍ ဖဲသွားကြလေကုန်၏။
လည်ပင်း သဲအိုးဆွဲ၍ သမုဒ္ဒရာထဲ ပစ်ချခံရသူ
တစ်ပါးသောရဟန်းတို့သည်လည်း ဘုရားရှင်အား ဖူးမြင်ခြင်းငှာ လှေစီး၍ သွားကြကုန်စဉ် လှေသည် သမုဒ္ဒရာအလယ်၌ မတုန်မလှုပ်ရပ်တည်လေ၏၊ “ဤလှေစီးသူတို့တွင် လူယုတ်ရှိသည်ဖြစ်ရာ၏”ဟု စာရေးတံကို စီရင်ကြကုန်၏။ လှေသူကြီး၏မယားသည် ပထမအရွယ်၌ တည်သဖြင့် ရှုချင်စဖွယ် ကြည်လင်သန့်ရှင်းသောကိုယ်ရှိ၏။ စာရေးတံသည် ထိုလှေသူကြီးကတော်အား ရောက်လေ၏။ “စာရေးတံကို တစ်ဖန်ပြန်၍ စီရင်ကြကုန်ဦးလော့”ဟု ဆိုခြင်းကြောင့် သုံးကြိမ်တိုင်အောင် စီရင်ကြကုန်၏။ သုံးကြိမ်တိုင်အောင်လည်း ထိုမိန်းမအားသာလျှင် ရောက်လေ၏။ လူတို့သည် “အရှင်လှေသူကြီး- အသို့ပြုမည်နည်း”ဟု လှေသူကြီးမျက်နှာကို ကြည့်ရှုကြကုန်၏။ လှေသူကြီးသည် “ဤမိန်းမ၏အတွက် လူအများ သေကျေပျက်စီးစိမ့်သောငှာ မတတ်ကောင်း၊ ရေ၌ မိန်းမကို ပစ်ချကြကုန်လော့”ဟု ဆိုလေ၏။ ထိုမိန်းမကို ဆွဲယူ၍ “ရေ၌ပစ်ချအံ့”ဟု ပြုအပ်သည်ရှိသော် သေဘေးမှ ကြောက်လန့်လှသောကြောင့် သည်းစွာ မြည်တမ်း ဟစ်အော်ခြင်းကို ပြုလေ၏။ ထိုမြည်တမ်းဟစ်အော်သံကို ကြားရလျှင် လှေသူကြီးသည် “ဤမိန်းမအား ဆင်ယင်သော တန်ဆာတို့ ပျက်စီးကြသဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ အလုံးစုံသော တန်ဆာတို့ကို ချွတ်ယူပြီးလျှင် အဝတ်နွမ်းတစ်ထည်ကို ဝတ်စေ၍ ထိုမိန်းမကို စွန့်ပစ်ကြကုန်လော့။ ငါသည်ကား ဤမိန်းမ ရေပြင်၌ ပေါလောမျောပေါ်သည်ကို မြင်ရခြင်းငှာ မတတ်နိုင်။ ထို့ကြောင့် ထိုမိန်းမကို ငါမမြင်ရအောင် သဲအိုးတစ်လုံးကို လည်ပင်း၌ချည်ဖွဲ့၍ သမုဒ္ဒရာ၌ ပစ်ချကြကုန်လော့”ဟု ဆိုလျှင် လူတို့သည် လှေသူကြီးဆိုတိုင်း ပြုလုပ်ကြရလေကုန်၏။ ထိုမိန်းမကိုလည်း ကျရာအရပ်၌သာလျှင် ငါး,လိပ်တို့သည် လုယက်စားသောက်ကြလေကုန်၏။ ရဟန်းတို့သည် ထိုအကြောင်းကို သိမြင်ကြရကုန်လျှင် “မြတ်စွာဘုရားကိုထား၍ ဘုရားမှတစ်ပါး အဘယ်သူသည် ဤမိန်းမကံကို သိနိုင်လတ္တံ့နည်း၊ မြတ်စွာဘုရားကို ထိုမိန်းမ၏ကံကို မေးမြန်းလျှောက်ထားကြကုန်အံ့”ဟု ကြံ၍ လိုရာလိုရာအရပ်သို့ ရောက်လျှင် လှေမှဆင်းသက်၍ ဖဲကြလေကုန်၏။
လိုဏ်ခေါင်းတွင်း ပိတ်မိနေသူ ရဟန်း (၇)ပါး
ထိုမှတစ်ပါး ခုနစ်ပါးသော ရဟန်းတို့သည်လည်း ဘုရားရှင်အား ဖူးမြင်ခြင်းငှာ သွားကြကုန်စဉ် ညချမ်းသောအခါ၌ ကျောင်းတစ်ခုသို့ဝင်၍ နေထိုင်ရန်အရပ်ကို မေးမြန်းကြကုန်၏။ တစ်ခုသော ဥမင်လိုဏ်ခေါင်း၌လည်း ညောင်စောင်းခုနစ်ခုတို့သည် ရှိကုန်၏။ ထိုရဟန်းတို့သည် ထိုနေရာကိုသာလျှင်ရ၍ ထိုလိုဏ်ခေါင်း၌ ကျိန်းစက်ကြကုန်စဉ် ညဉ့်အဖို့၌ အထွတ်တပ်သောအိမ်မျှ အတိုင်းအရှည်ရှိသော ကျောက်တုံးကြီးသည် လိမ့်လာ၍ လိုဏ်တံခါးကို ပိတ်မိလေ၏။ ကျောင်းနေရဟန်းတို့သည် “ငါတို့ကား ဤလိုဏ်ကို အာဂန္တုရဟန်းတို့အား နေရာပေးထားအပ်ကုန်ပြီ။ ဤကျောက်တုံးကြီးသည်လည်း လိုဏ်တံခါးကို ပိတ်လျက် တည်လေပြီ။ ထိုကျောက်တုံးကြီးကို ဖယ်ရှားကြကုန်စို့အံ့”ဟု ထက်ဝန်းကျင် ခုနစ်ရွာတို့မှလူတို့ကို စည်းဝေးစေ၍ လုံ့လပြုကုန်သော်လည်း တည်ရာမှ ရွေ့စေခြင်းငှာ မတတ်နိုင်ကြကုန်။ လိုဏ်တွင်း၌ ဝင်ရောက်နေကုန်သော ရဟန်းတို့သည်လည်း လုံ့လပြုကြကုန်သည်သာတည်း။ ဤသို့ ပြုကြကုန်သော်လည်း ခုနစ်ရက်ပတ်လုံး ကျောက်တုံးကြီးကို ရွေ့စေခြင်းငှာ မတတ်နိုင်ကြလေကုန်။ ထိုအာဂန္တုရဟန်းတို့သည် ခုနှစ်ရက်ပတ်လုံး ဆာလောင်ငတ်မွတ်ခြင်းသို့ ရောက်ကြရကုန်လျက် ကြီးစွာသောဆင်းရဲကို ခံစားကြရလေကုန်၏။ ခုနစ်ရက်မြောက်သောနေ့၌ကား ကျောက်တုံးကြီးသည် အလိုလိုသာလျှင် လိမ့်၍ဖဲသွားလေ၏။ ရဟန်းတို့လည်း ထွက်ခဲ့ကြ၍ “ငါတို့၏မကောင်းမှုကို ဘုရားသဗ္ဗညုမှတစ်ပါး အဘယ်သူသိနိုင်အံ့နည်း၊ ဘုရားရှင်ကို မေးမြန်းလျှောက်ထားကြကုန်အံ့”ဟု ကြံ၍ ဖဲသွားကြလေကုန်၏။ ထိုခုနစ်ပါးသော ရဟန်းတို့သည်လည်း ရှေးရဟန်းတို့နှင့် အတူတကွ လမ်းခရီးအကြား၌ ပေါင်းဆုံမိကြသဖြင့် ခပ်သိမ်းသောရဟန်းတို့သည် တစ်ပေါင်းတည်းသာလျှင် မြတ်စွာဘုရားသို့ ချဉ်းကပ်ကာရှိခိုး၍ တင့်အပ်လျောက်ပတ်သောအရပ်၌ နေကြကုန်လျက် မြတ်စွာဘုရားသည် ပဋိသန္ဓာရ အစေ့အစပ်စကား ပြောကြားအပ်ကုန်ရကား မိမိတို့ကိုယ်တိုင် မြင်ရသောအကြောင်း, ခံစားရသောအကြောင်းတို့ကို အစဉ်အတိုင်း မေးမြန်းလျှောက်ထားကြလေကုန်၏။ ဘုရားရှင်သည်လည်း ထိုရဟန်းတို့အား လျှောက်သည့်အစဉ်အတိုင်း ဤသို့ မိန့်ကြားတော်မူလေ၏။
ကျီး၏အတိတ်ကြောင်း မကောင်းမှု
ချစ်သားရဟန်းများတို့- ရှေးဦးစွာ ထိုကျီးသည် မိမိပြုအပ်သော ကံအကျိုးကိုသာလျှင် ခံစားရပေ၏။ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ လယ်ထွန်ယောက်ျားတစ်ယောက်သည် မိမိနွားကို ဆုံးမသည်ရှိသော် ဆုံးမခြင်းငှာ မတတ်နိုင်။ ထိုလယ်ထွန်ယောက်ျား၏ ထိုနွားသည် အတန်ငယ်သွားပြီးလျှင် ဝပ်လေ၏။ ပုတ်ခတ်ရိုက်နှက်၍ ထစေအပ်သော်လည်း အတန်ငယ်သာသွားပြီးလျှင် တစ်ဖန် အိပ်မြဲ အိပ်ပြန်လေ၏။ ထိုလယ်ထွန်ယောက်ျားသည် လုံ့လပြု၍ ထိုနွားကို ဆုံးမခြင်းငှာ မတတ်နိုင်သည်ဖြစ်၍ အမျက်ဒေါသ ပြင်းစွာထွက်ခြင်းဖြင့် နှိပ်စက်အပ်သောကြောင့် “ဤအခါမှစ၍ ချမ်းသာစွာ အိပ်စက်ရပေတော့လတ္တံ့”ဟု ဆိုကာ ကောက်ရိုးအပေါင်းအစုကိုကဲ့သို့ ပြုလျက် ကောက်ရိုးဖြင့် ထိုနွား၏လည်ကို ရစ်ပတ်ပြီးလျှင် မီးတိုက်လေ၏။ နွားသည် ထိုနေရာ၌ပင်လျှင် မီးလောင်၍ သေရှာလေ၏။ “ချစ်သားရဟန်းတို့- ထိုအခါ ထိုလယ်ထွန်ယောက်ျားသည် ထိုအကြောင်းကြောင့် ထိုမကောင်းမှုကို ပြုမိလေ၏။ ထိုလယ်ထွန်ယောက်ျားသည် ထိုအကုသိုလ်ကံ၏ အကျိုးအားဖြင့် ရှည်ကြာစွာသော နေ့,ညဉ့်ပတ်လုံး ငရဲ၌ခံရပြီးမှ အကျိုးကြွင်း၏အစွမ်းဖြင့် ခုနစ်ကြိမ် ကျီးအမျိုး၌ဖြစ်၍ ဤအတူ ကောင်းကင်၌ မီးလောင်သဖြင့်သာလျှင် သေရဖူးလေပြီ။ ဤသို့ မိမိပြုအပ်သော ကံအကျိုးကို ခံစားရလေ၏။”
လှေသူကြီးကတော်၏ အတိတ်
ချစ်သားရဟန်းတို့- ထိုမိန်းမသည်လည်း မိမိပြုအပ်သော ကံအကျိုးကိုသာလျှင် ခံစားရပေ၏။ ထိုမိန်းမသည် လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ သူကြွယ်တစ်ဦး၏မယားဖြစ်၍ ရေခပ်ခြင်း, ဆန်ဖွပ်, မောင်းထောင်းခြင်း, ထမင်းချက်ခြင်း အစရှိသော ခပ်သိမ်းသောအမှုကိစ္စတို့ကို မိမိလက်ဖြင့်သာလျှင် ပြုလေ၏။ ထိုမိန်းမ၏ခွေးတစ်ကောင်သည် အိမ်၌ အမှုခပ်သိမ်းတို့ကိုပြုသော ထိုမိန်းမကို ကြည့်လျက်သာနေလေ၏။ လယ်သို့ ထမင်းပို့ဆောင်သော်လည်းကောင်း၊ ထင်း,ဟင်းရွက် စသည်အကျိုးငှာ တောသို့သွားသော်လည်းကောင်း ထိုမိန်းမနှင့်အတူတကွသာလျှင် သွားလေ၏။ ထိုသို့ အတူသွားသော အခြင်းအရာကိုမြင်လျှင် လူငယ်တို့သည် “အချင်းတို့- ခွေးမုဆိုး ထွက်သွားလေပြီ၊ ယနေ့ ငါတို့သည် အမဲဟင်းဖြင့် စားကြရကုန်လတ္တံ့”ဟု ပြက်ရယ်ပြုကြကုန်၏။ ထိုမိန်းမသည် ထိုလူငယ်တို့၏ ပြက်ရယ်စကားကြောင့် မျက်နှာမသာဖြစ်သဖြင့် ခွေးကို ခဲ,လှံတံစသည်တို့ဖြင့် ပုတ်ခတ်၍ ထွက်ပြေးစေလေ၏။ ခွေးသည် ပြန်လည်၍ တစ်ဖန် အမီလိုက်ပြန်လေ၏။
ထိုမိန်းမသည် ခွေးအား အမျက်ထွက်လှသဖြင့် လယ်ထွန်ရာ၌ လင်ယောက်ျားအဖို့ ယာဂုပို့ဆောင်လတ်သည်ရှိသော် ကြိုးကို ရင်ခွင်၌ထား၍ သွားလေ၏။ ခွေးသည်လည်း ထိုမိန်းမနှင့်သာလျှင် အတူတကွ လိုက်သွား၏။ ထိုမိန်းမသည် လင်အား ယာဂုကိုပေးပြီးလျှင် အချည်းနှီးသောအိုးကိုယူလျက် တစ်ခုသော ရေရှိရာအရပ်သို့သွားသဖြင့် အိုးကို သဲဖြင့်ပြည့်စေ၍ အနီး၌ ကြည့်လျက်နေလေသောခွေးအား အသံကို ပြုလေ၏။ ခွေးသည် “ငါ့အား ကြာမြင့်လှလေပြီတကား၊ ယနေ့မှ ချိုသာသောစကားကို ရအပ်ဘိ၏”ဟု အမြီးနန့်လျက် ထိုမိန်းမထံသို့ ချဉ်းကပ်လေ၏။ ထိုမိန်းမသည် ထိုခွေးကို လည်ပင်း၌ မြဲစွာကိုင်လျက် တစ်ခုသောကြိုးစွန်းဖြင့် အိုးကိုဖွဲ့ချည်၍ တစ်ခုသောကြိုးစွန်းကို ခွေး၏လည်ပင်း၌ ဖွဲ့ချည်၍ အိုးကို ရေသို့ရှေးရှု လိမ့်စေလေ၏။ ခွေးသည် အိုနောက်သို့ အစဉ်လိုက်ပါလျက် ရေ၌ကျ၍ ထိုရေ၌ပင် သေရရှာလေ၏။ ထိုမိန်းမသည် ထိုအကုသိုလ်ကံ၏အကျိုးဖြင့် ရှည်ကြာစွာသော နေ့ညဉ့်ပတ်လုံး ငရဲ၌ကျက်ပြီးမှ အကျိုးအကြွင်း၏ အစွမ်းဖြင့် တစ်ရာသောကိုယ်အဖြစ်၌ သဲအိုးကို လည်ပင်း၌ဖွဲ့ချည်သဖြင့် ရေ၌ပစ်ချခြင်းကြောင့် သေရဖူးလှလေပြီ။ ဤသို့ မိမိပြုအပ်သော ကံ၏အကျိုးကို ခံစားရလေ၏။
လိုဏ်ခေါင်းတွင်းပိတ်မိသော ရဟန်း (၇) ပါးတို့၏အတိတ်
ချစ်သားရဟန်းတို့- ခုနစ်ပါးသော သင်တို့သည်လည်း မိမိပြုအပ်သောကံ၏ အကျိုးကိုသာလျှင် ခံစားရလေ၏။ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌နေကုန်သော နွားကျောင်းသားသူငယ် ခုနစ်ယောက်တို့သည် တစ်ခုသော တောအုပ်အရပ်၌ ခုနစ်ရက်စီအလှည့်အားဖြင့် နွားတို့ကို လှည့်လည်စေကြ, ထိန်းကျောင်းကြကုန်သည်ရှိသော် တစ်နေ့သ၌ နွားတို့ကို စိစစ်ရေတွက်၍ ပြန်လာကြစဉ် ဖွတ်ကြီးတစ်ကောင်ကိုမြင်၍ အစဉ်လိုက်ကြလေကုန်၏။ ဖွတ်ကြီးသည် ထွက်ပြေး၍ တောင်ပို့တစ်ခုသို့ ဝင်လေ၏။ ထိုတောင်ပို့ကြီး၌ အပေါက်ခုနစ်ခုတို့ ရှိကုန်၏။ သူငယ်တို့သည် “ငါတို့အား ယနေ့ ဖမ်းယူခြင်းငှာ မတတ်နိုင်ကြကုန်၊ နက်ဖြန်လာ၍ ဖမ်းယူကြကုန်အံ့”ဟု ဆိုလျက် တစ်ယောက်,တစ်ယောက်သော သူငယ်သည် တစ်ခု,တစ်ခုသော သစ်ခက်ကို ချိုးယူ၍ ခုနစ်ယောက်စလုံးဖြစ်သော နွားကျောင်းသားတို့သည် ခုနစ်ခုသောအပေါက်တို့ကို ဆို့ပိတ်ကာ ဖဲသွားကြလေကုန်၏။
ထိုနွားကျောင်းသားတို့သည် တစ်ဖန် မိုးသောက်သောနေ့၌ ထိုဖွတ်ကို သတိမရသဖြင့် တစ်ပါးသောအရပ်၌ နွားတို့ကိုထိန်းကျောင်းပြီးလျှင် ခုနစ်ရက်မြောက်သောနေ့၌ နွားတို့ကိုယူ၍ သွားကြကုန်သည်ရှိသော် ထိုတောင်ပို့ကိုမြင်လျှင် သတိတစ်ဖန် ရပြန်သဖြင့် “ထိုဖွတ်ကြီး၏ ဖြစ်ပျက်ပုံအကြောင်းကား အဘယ်သို့နည်း”ဟု နှလုံးပြုလျက် မိမိ မိမိတို့ကိုယ်တိုင် ပိတ်အပ်ကုန်သော အပေါက်တို့ကို ဖွင့်လှစ်ကြလေကုန်၏။ ဖွတ်သည် မိမိ၏ အသက်ရှင်ခြင်း၌ တွယ်တာကပ်ငြိ မျှော်လင့်ဖွယ်မရှိသည်ဖြစ်၍ အရိုးနှင့် အရေမျှသာ ကြွင်းကုန်လျက် တုန်တုန်လှုပ်လှုပ် ထွက်လာလေ၏။ နွားကျောင်းသားတို့ ထိုဖွတ်ကြီးကိုမြင်ရလျှင် အစဉ်သနားခြင်းကိုပြု၍ “ထိုဖွတ်ကြီးကို မသတ်ကြပါကုန်လင့်၊ ခုနစ်ရက်ပတ်လုံး အစာပြတ်သည် ဖြစ်ခဲ့၏”ဟု ထိုဖွတ်ကြီး၏ကျောက်ကုန်းကို ဆုပ်နယ်သုံးသပ်ပြီးလျှင် “ချမ်းသာစွာ သွားပါလေတော့”ဟု ဆိုကာ လွှတ်လိုက်ကြလေကုန်၏။ ထိုနွားကျောင်းသား ခုနစ်ယောက်တို့သည် ဖွတ်ကို မသတ်ခြင်းကြောင့် ငရဲ၌ မခံကြရကုန်သေး။ သို့ရာတွင် ထိုနွားကျောင်းသား သူငယ်ခုနှစ်ယောက်တို့သည် တစ်ပေါင်းတည်းဖြစ်၍ တစ်ဆယ့်လေးခုသော ဘဝတို့၌ ခုနစ်ရက်,ခုနစ်ရက်တို့ပတ်လုံး ထမင်းအစာပြတ်သောသူတို့ ဖြစ်ကြရဖူးကုန်၏။ “ချစ်သားရဟန်းတို့- ထိုအခါ သင်တို့သည် နွားကျောင်းသား ခုနစ်ယောက်ဖြစ်ကြ၍ ထိုအကုသိုလ်ကံကိုပြုဖူးပြီ။ ဤသို့ မိမိပြုအပ်သော ကံအကျိုးကို ခံစားရလေ၏”ဟု မြတ်စွာဘုရားသည် ထိုရဟန်းတို့မေးအပ်သော ပြဿနာကို ဖြေကြားတော်မူလေ၏။
ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားကို “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- အသို့ပါနည်း။ မကောင်းမှုကံကို ပြုပြီးလျှင် ကောင်းကင်၌ ပျံသန်းသွားသော သူအားလည်းကောင်း၊ သမုဒ္ဒရာသို့သွားသော သူအားလည်းကောင်း၊ တောင်ကြား လိုဏ်ခေါင်းသို့သက်ဝင်သော သူအားလည်းကောင်း လွတ်မြောက်ခြင်းမည်သည် မရှိပါတကားဘုရား”ဟု လျှောက်ကြားလေ၏။ ဘုရားရှင်သည် “ချစ်သားရဟန်းတို့- ဤရဟန်း လျှောက်ကြားသည့်အတိုင်း ဟုတ်မှန်ပေ၏။ ကောင်းကင် စသည်တို့တွင်လည်း အကြင်အရပ်၌တည်သောသူသည် မကောင်းမှုကံအကျိုးမှ လွတ်ကင်းနိုင်ရာ၏၊ ထိုအရပ်သည် တစ်ခုမျှလည်း မရှိ”ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။
ဒေသနာတော်
န ဝိဇ္ဇတိ သော ဇဂတိပ္ပဒေသော၊ ယတ္ထဋ္ဌိတော မုစ္စေယျ ပါပကမ္မာ။
အန္တလိက္ခေ၊ ကောင်းကင်၌။ ဥပ္ပတိတဿပိ၊ ပျံသန်းသွားသောသူအားလည်း။ န၊ မကောင်းကျိုးမှ မလွတ်။ သမုဒ္ဒမဇ္ဈေ၊ သမုဒ္ဒရာအလယ်၌။ ဝါ၊ သမုဒ္ဒရာအလယ်သို့။ ပက္ခန္ဒဿပိ၊ သွားသောသူအားလည်း။ န၊ မကောင်းကျိုးမှမလွတ်။ ပဗ္ဗတာနံ၊ တောင်တို့၏။ ဝိဝရံ၊ အကြားလိုဏ်ခေါင်းသို့။ ပဝိဿ-ပဝိဋ္ဌဿပိ၊ သက်ဝင်ကိန်းအောင်းသော သူအားလည်း။ န၊ မကောင်းကျိုးမှ မလွတ်။ ယတ္ထ ဇဂတိပ္ပဒေသေ၊ အကြင်အရှေ့အရပ်စသော မြေအဖို့၌။ ဌိတော၊ တည်သောသူသည်။ ပါပကမ္မာ၊ မကောင်းမှုကံအကျိုးမှ။ မုစ္စေယျ၊ လွတ်ရာ၏။ သော ဇဂတိပ္ပဒေသော၊ ထိုအရှေ့အရပ်စသော မြေအဖို့သည်။ န ဝိဇ္ဇတိ၊ မရှိ။
ဒေသနာတော်၏အကျိုး
ဒေသနာတော်၏အဆုံး၌ ထိုရဟန်းတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။ ရောက်လာသော လူများအပေါင်းအားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။