ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု
by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၃၇။ တိတ္တိရဇာတ်
1333ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု — ၃၇။ တိတ္တိရဇာတ်မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်

ဧကကနိပါတ်-ကုလာဝကဝဂ်

၇။ တိတ္တိရဇာတ်

အသက်ဂုဏ်ကြီးသောသူတို့ကို ရိုသေထိုက်သောအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလူကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ယေ ဝုဍ္ဎမပစာယန္တိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤတိတ္တိရဇာတ်ကို သာဝတ္ထိပြည်သို့သွား၍ အရှင်သာရိပုတ္တရာအား အိပ်ရာနေရာကို မြစ်ခြင်းကို အကြောင်းပြု ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ အနာထပိဏ်သူဌေးသည် ကျောင်းဆောက်ပြီး၍ တမန်စေသည်ရှိသော် မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်မှထွက်ခဲ့၍ ဝေသာလီပြည်သို့ရောက်သည်ရှိသော် ထိုဝေသာလီပြည်၌ မွေ့လျော်တော်မူတိုင်းနေ၍ သာဝတ္ထိပြည်သို့သွားအံ့ဟု ခရီးကိုသွား၏။ ထိုအခါ၌လည်း ဆဗ္ဗဂ္ဂီရဟန်းတို့၏ တပည့်တို့သည် ရှေ့မှသွားကုန်၍ မထေရ်တို့သည် အိပ်ရာနေရာကို မယူကုန်မီလျှင် ဤအိပ်ရာနေရာသည် ငါတို့၏ဥပဇ္ဈာယ်ဘို့ ဤအိပ်ရာနေရာသည် ငါတို့ကမ္မဝါဆရာဘို့ ဤအိပ်ရာနေရာသည် ငါတို့ကို့သာလျှင် ဖြစ်လတ္တံ့ဟု အိပ်ရာနေရာတို့ကို မြစ်ကုန်၏။ နောက်မှလာကုန်သော မထေရ်တို့သည် အိပ်ရာနေရာတို့ကိုမရကုန်၍ ရှင်သာရိပုတ္တရာမထေရ်၏ တပည့်တို့သည် ရှင်သာရိပုတ္တရာမထေရ်ဘို့ အိပ်ရာ နေရာကို ရှာကုန်သော်လည်း မရကုန်၊ အရှင်သာရိပုတ္တရာ မထေရ်သည် အိပ်ရာနေရာကိုမရသည်ဖြစ်၍ မြတ်စွာဘုရား ကျောင်းတော်၏အနီးဖြစ်သော တခုသောသစ်ပင်ရင်း၌ ထိုင်သဖြင့်၎င်း စင်္ကြံသွားသဖြင့်၎င်း ညဉ့်ကိုလွန်စေ၏။

မြတ်စွာဘုရားသည် မိုးသောက်ထအခါ၌ ထွက်၍ ချောင်းညံ့၏။ သာရိပုတ္တရာမထေရ်သည်လည်း ချောင်းညံ့၏။ ဤသူကား အဘယ်သူနည်းဟု မေးတော်မူ၏။ အရှင်ဘုရား အကျွန်ုပ် သာရိပုတ္တရာတည်းဟု လျှောက်၏။ သာရိပုတ္တရာ ဤအခါဤအရပ်၌ အဘယ်သို့ပြုသနည်းဟု မိန့်တော်မူ၏။ ရှင်သာပုတ္တရာမထေရ်သည် ထိုအကြောင်းကိုလျှောက်၏။ မြတ်စွာဘုရားသည် မထေရ်၏စကားကိုကြား၍ ရှေးဦးစွာ ယခု ငါဘုရား ထင်ရှားရှိစဉ်ပင်လျှင် ရဟန်းတို့သည် တပါးသည်တပါးအား ရိုသေတုံ့ဝပ်ခြင်း မရှိကုန်၊ ငါပရိနိဗ္ဗာန်ပြုသည်ရှိသော် အသို့လျှင် ပြုကုန်လတ္တံ့နည်းဟု ဆင်ခြင်တော်မူ၏။ ဆင်ခြင်တော်မူသော မြတ်စွာဘုရားအား ဓမ္မသံဝေဂသည် ဖြစ်၏။ မြတ်စွာဘုရားသည် ညဉ့်သည် လင်းသည်ရှိသော် ရဟန်းသံဃာကို စည်းဝေးစေ၍ ရဟန်းတို့ကို ရဟန်းတို့ အဘယ်သူသည်လျှင် နေရာဦး ရေဦး ဆွမ်းဦးကို ရထိုက်သနည်းဟု မေးတော်မူ၏။

အချို့ကုန်သောရဟန်းတို့သည် မင်းမျိုးမှရဟန်းပြုသောသူသည် ထိုက်၏ဟု လျှောက်ကုန်၏။ အချိုကုန်သောရဟန်းတို့သည် ပုဏ္ဏားမျိုးမှ ရဟန်းပြုသောသူသည် ထိုက်၏ဟု လျှောက်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် သူကြွယ်မျိုးမှ ရဟန်းပြုသူသည် ထိုက်၏ဟု လျှောက်ကုန်၏။ တပါးကုန်သော ရဟန်းတို့သည် ဝိနည်းဓိုရ် ဓမ္မကထိက ပဌမဈာန်ကိုရသောရဟန်း ဒုတိယဈာန် တတိယဈာန် စတုတ္ထဈာန်ကို ရသောရဟန်းသည် ထိုက်၏ဟု လျှောက်ကုန်၏။ တပါးကုန်သောရဟန်းတို့သည် သောတာပန်သည် သကဒါဂါမ်သည် အနာဂါမ်သည် ရဟန္တာသည် ဝိဇ္ဇာသုံးပါးရှိသောရဟန်းသည် ခြောက်ပါးသောအဘိညာဉ်နှင့် ပြည့်စုံသော ရဟန်းသည် ထိုက်၏ဟု လျှောက်ကုန်၏။

ဤသို့ ထိုရဟန်းတို့သည် မိမိမိမိတို့၏ အလို၏ အစွမ်းအားဖြင့် နေရာဦးအစရှိသည်ကို ထိုက်ကုန်သောရဟန်းတို့ကို ဆိုသောကာလ၌ မြတ်စွာဘုရားသည် ရဟန်းတို့ ငါဘုရားသာသနာတော်၌ နေရာဦးအစရှိသည်တို့သို့ရောက်၍ညမင်းမျိုးမှရဟန်းပြုသောသူသည် ပမာဏမဟုတ်၊ ပုဏ္ဏားမျိုးမှရဟန်းပြုသောသူသည် ပမာဏမဟုတ်၊ သူကြွယ်မျိုးမှရဟန်းပြုသောသူသည် ပမာဏ မဟုတ်၊ ဝိနည်းဓိုရ်သည် ပမာဏမဟုတ်၊ သုတ္တန်ကိုဆောင်သော ရဟန်းသည် ပမာဏမဟုတ်၊ အဘိဓမ္မာကိုဆောင်သောရဟန်းသည် ပမာဏမဟုတ်၊ ပဌမဈာန်အစရှိသည်ကို ရကုန်သောရဟန်းတို့သည်လည်း ပမာဏမဟုတ်၊ သောတာပန် အစရှိသည်တို့သည်လည်း ပမာဏမဟုတ်၊ ရဟန်းတို့ စင်စစ်အားဖြင့် ဤငါဘုရားသာသနာတော်၌ သီတင်းကြီးစဉ်ကို မလွန်မူ၍ ရှိခိုးခြင်း ခရီးဦး ကြိုဆိုခြင်း လက်အုပ်ချီသောအမှု အရိုအသေအမှုကို ပြုအပ်၏။ နေရာဦး ရေဦးကို ရအပ်၏။ နေရာဦးအစရှိသည်ကိုရခြင်း၌ ဤသီတင်းကြီးခြင်းသည်သာလျှင် ပမာဏတည်း၊ ထို့ကြောင့် သီတင်းကြီးသောရဟန်းသည် ထိုနေရာဦး အစရှိသည်တို့အား လျောက်ပတ်၏။ ရဟန်းတို့ ယခုအခါ၌ကား သာရိပုတ္တရာသည် ငါ၏အဂ္ဂသာဝကတည်း။ ငါ၏အတု တရားဓမ္မစက်ကို ဟောတတ်၏။ ငါ၏အခြားမဲ့၌ အိပ်ရာနေရာကိုရခြင်းငှါ ထိုက်၏။ ထိုသာရိပုတ္တရာသည် ဤညဉ့်၌ အိပ်ရာနေရာကိုမရသည်ဖြစ်၍ သစ်ပင်ရင်း၌ ညဉ့်ကိုလွန်စေ၏။ သင်တို့သည် ယခုကပင်လျှင် ဤသို့ ရိုသေတုံ့ဝပ်ခြင်း မရှိကုန်၊ ကာလသည်လွန်သော် အသို့ပြု၍လျှင် နေကြကုန်လတ္တံ့နည်းဟု မိန့်တော်မူ၏။ ထိုအခါ ထိုရဟန်းတို့ကို ဆုံးမအံ့သောငှာ ရဟန်းတို့ ရှေး၌ တိရစ္ဆာန်တို့သည်လည်း ငါတို့သည် အချင်းချင်း ရိုသေတုံ့ဝပ်ခြင်းမရှိဘဲ သဘောမတူသော အသက်မွေးခြင်းရှိကုန်သည်ဖြစ်၍ အကြင်နေရခြင်းကို ပြုကုန်အံ့၊ ထိုနေရခြင်းသည် မလျောက်ပတ်၊ ငါတို့တွင် ကြီးမြတ်သောသူကို ကြည့်ကုန်၍ ထိုသူအား ရှိခိုးခြင်းအစရှိသည်တို့ကို ငါတို့သည် ပြုကုန်အံ့ဟု ကြံကုန်၏။ ကြံကြကုန်ပြီး၍ ကောင်းစွာစုံစမ်း၍ ဤသူသည် ငါတို့ထက်ကြီးမြတ်၏ဟုသိ၍ ထိုသူအား ရှိခိုးခြင်းအစရှိသည်တို့ကိုပြု၍ နတ်ပြည်ကို ပြည့်စေကုန်ဘူး၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဟိမဝန္တာအရပ်၌ တခုသောပညောင်ပင်ကြီးကို မှီကုန်၍ ခါ မျောက် ဆင် ဟူကုန်သော သုံးယောက်ကုန်သော အဆွေခင်ပွန်းတို့သည် နေကုန်၏။ ထိုအဆွေခင်ပွန်းတို့သည် အချင်းချင်း ရိုသေတုံ့ဝပ်ခြင်းမရှိကုန်၊ သဘောမတူသော အသက်မွေးခြင်းရှိသည် ဖြစ်၏။ ထိုအခါ သုံးယောက်ကုန်သော အဆွေခင်ပွန်းတို့သည် ငါတို့အား ဤသို့နေခြင်းသည် မသင့်၊ ငါတို့တွင် အကြင်သူသည် ကြီးမြတ်၏။ ထိုသူအား ရှိခိုးခြင်းအစရှိသည်တို့ကို ပြုကုန်လျက်နေရမူကား ကောင်း၏ဟု အကြံဖြစ်၏။ ကြံ၍ ငါတို့တွင် အဘယ်သူသည် ကြီးသနည်းဟု ကြံကုန်လတ်သော် တနေ့သ၌ တခုသောအကြောင်းသည် ရှိ၏ဟုကြံ၍ သုံးယောက်ကုန်သော အဆွေ ခင်ပွန်းတို့သည်လည်း ပညောင်ပင်၌ နေကုန်၏။ နေပြီး၍ ခါသည်၎င်း မျောက်သည်၎င်း ဆင်ကို အဆွေဆင် သင်သည် ဤပညောင်ပင်ကို အဘယ်မျှလျင် ပမာဏရှိသော ကာလမှစ၍ သိသနည်းဟု မေးကုန်၏။ ထိုဆင်သည် အဆွေတို့ ငါသည် ဆင်ငယ်ဖြစ်သေကာလ၌ ဤပညောင်ပင်ငယ်ကို ပေါင်ကြားတို့၌ထား၍ သွား၏။ လွှမ်း၍ တည်သောကာလ၌ ဤပညောင်ပင်၏ အခက်ဖျားသည် ငါ၏ချက်ရှိ၏။ ငါသည် ဤပညောင်ပင်ကို ငယ်သောကာလမှစ၍ သိ၏ဟု ဆို၏။ တဖန် နှစ်ယောက်ကုန်သော အဆွေခင်ပွန်းတို့သည် မျောက်ကို မေးကုန်၏။

မျောက်သည် အဆွေတို့ ငါသည် ရှေး၌ မျောက်ငယ်ဖြစ်စဉ် မြေ၌ထိုင်၍ လည်ကို မမော့မူ၍ ဤပညောင်ပင်၏ အညွှန့်အဖျားတို့ကိုစား၏။ ဤသို့ငါသည် ဤပညောင်ပင်ကို ငယ်သော ကာလမှစ၍ သိ၏ဟု ဆို၏။ ထိုအခါ တပါးကုန်သော နှစ်ယောက်ကုန်သော အဆွေခင်ပွန်းတို့သည်လည်း ရှေးနည်းဖြင့်သာလျှင် ခါကို မေးကုန်၏။ ခါသည် အဆွေတို့ ရှေး၌ ဤမည်သောအရပ်၌ ပညောင်ပင်ကြီးသည် ရှိ၏။ ထိုပညောင်ပင်ကြီး၏ အသီးတို့ကို စား၍ ဤအရပ်၌ ကျင်ကြီးကိုစွန့်၏။ ထိုကျင်ကြီးမှ ဤပညောင်ပင် ပေါက်၏။ ဤသို့ ငါသည် ဤပညောင်ပင်ကို မဖြစ်မီကာလမှစ၍ သိ၏။ ထို့ကြောင့် ငါသည် သင်တို့ထက် ပဋိသန္ဓေအားဖြင့် ကြီးမြတ်၏။ ဤသို့ ဆိုသည်ရှိသော် မျောက်သည်၎င်း ဆင်သည်၎င်း အဆွေ ခါပညာရှိ သင်သည် ငါတို့ထက်ကြီးမြတ်၏။ ဤနေ့မှစ၍ ငါတို့သည် သင့်အား ကောင်းစွာပြုခြင်း အလေးပြုခြင်း မြတ်နိုးခြင်း ရှိခိုးခြင်း ပူဇော်ခြင်းတို့ကို၎င်း ရှိခိုးခြင်း ခရီးဦးကြိုခြင်း လက်အုပ်ချီသောအမှု အရိုအသေပြုသောအမှုကို၎င်း ပြုကုန်အံ့၊ သင်၏အဆုံးအမ၌ ငါတို့သည်တည်ကုန်အံ့၊ သင်သည်ကား ငါတို့အား ဆုံးမကံ့မြစ်ခြင်းကို ပြုလောဟု ဆိုကုန်၏။ ထိုနေ့မှစ၍ ခါသည် အဆွေခင်ပွန်း နှစ်ယောက်တို့အား အဆုံးအမကိုပေး၏။ သီလ၌ တည်စေ၏။ မိမိသည်လည်း သီလကို ဆောက်တည်၏။ ထိုသုံးယောက်ကုန်သော အဆွေခင်ပွန်းတို့သည်လည်း ပဉ္စသီလ၌ တည်ကုန်၍ အချင်းချင်း တုံ့ဝပ်ကုန်သည် သဘောတူသော အသက်မွေးခြင်းရှိကုန်သည်ဖြစ်၍ အသက်အဆုံး၌ နတ်ပြည်သို့ လားကုန်၏။ ထိုသုံးယောက်ကုန်သော အဆွေခင်ပွန်းတို့၏ ပဉ္စသီ သီတင်းသည် တိတ္တိရဗြဟ္မစရိယ မည်၏။

ရဟန်းတို့ ထိုတိရစ္ဆာန်တို့စင်လျက်လည်း အချင်းချင်း ရိုသေတုံ့ဝပ်ခြင်းရှိကုန်သည်ဖြစ်၍ နေကြကုန်သေး၏။ သင်တို့သည် ဤသို့ ကောင်းစွာဟောတော်မူအပ်သော သာသနာတော်၌ ရဟန်းပြုကုန်၍ အဘယ်ကြောင့် အချင်းချင်း ရိုသေ မတုံ့ဝပ်ကုန်ဘဲ နေကြကုန့ဘိသနည်း၊ ရဟန်းတို့ ယခုနေ့မှစ၍ သင်တို့အား သီတင်းကြီးစဉ်ကိုမလွန်မူ၍ ရှိခိုးခြင်း ခရီးဦးကြိုခြင်း လက်အုပ်ချီသောအမှု အရိုအသေပြုသောအမှုကို၎င်း သီတင်းကြီးစဉ်ကို မလွန်မူ၍ နေရာဦး ရေဦးကို၎င်း ငါဘုရားခွင့်ပြုတော်မူ၏။ ယနေ့မှစ၍ သီတင်းငယ်သည် သီတင်းကြီးကို အိပ်ရာနေရာဖြင့် မမြစ် အပ်၊ အကြင်ရဟန်းသည် မြစ်ငြားအံ့၊ ထိုရဟန်းအား ဒုက္ကဋ်အာပတ်သင့်၏ဟု မိန့်တော်မူပြီး၍ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ဘုရားဖြစ်တော်မူ၍-

၃၇။ ယေ ဝုဍ္ဎမပစာယန္တိ၊ နရာ ဓမ္မဿ ကောဝိဒါ
ဒိဋ္ဌေဝဓမ္မေ ပါသံသာ၊ သမ္ပရာယေ စ သုဂ္ဂတိံ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၃၇။ ဘိက္ခဝေ၊ ရဟန်းတို့။ ဓမ္မဿ၊ ကြီးသောသူတို့အား ပူဇော်သောတရား၌။ ကောဝိဒါ၊ လိမ်မာကုန်သော။ ယေ နရာ၊ အကြင် သူတို့သည် ဝုဍ္ဎံ၊ ကြီးသောသူကို။ အပစာယန္တိ၊ ပူဇော်ကုန်၏။ တေ၊ ထိုသူတို့သည်။ ဒိဋ္ဌေဝ ဓမ္မေ၊ မျက်မှောက်သောကိုယ်၏ အဖြစ်၌လျှင်။ ပါသံသာ၊ ချီးမွမ်းခြင်းငှာထိုက်ကုန်၏။ သမ္ပရာယေစ၊ တမလွန်ဘဝ၌လည်း။ သုဂ္ဂတိံ၊ သုဂတိသို့။ ယန္တိ၊ ရောက်ကုန်၏။

ဤဂါထာ၏အဓိပ္ပါယ်ကား... ရဟန်းတို့ မင်းတို့သည်လည်း ဖြစ်စေကုန်၊ ပုဏ္ဏားဘိုသည်မူလည်း ဖြစ်စေကုန်၊ ကုန်သည်တို့သည်လည်း ဖြစ်စေကုန်၊ သူဆင်းရဲတို့သည်မူလည်း ဖြစ်စေကုန်၊ လူတို့သည်လည်း ဖြစ်စေကုန်၊ ရဟန်းတို့သည်လည်း ဖြစ်စေကုန်၊ တိရစ္ဆာန်တို့သည်လည်း ဖြစ်စေကုန်၊ အကြင် အမှတ်မရှိကုန်သောသတ္တဝါတို့သည် ကြီးကုန်သောသူတို့အား ပူဇော်သောအမှု၌ လိမ်မာကုန်၏။ ကျေးဇူးနှင့်ပြည့်စုံကုန်သော အရွယ်အားဖြင့် ကြီးကုန်သောသူတို့အား ပူဇော်ခြင်းကို ပြုကုန်၏။ ထိုအမှတ်မရှိကုန်သောသူတို့သည် ဤအတ္တဘော၌လည်း ကြီးသောသူတို့အား ပူဇော်ခြင်းကိုပြုတတ်သော သူတို့ဟူ၍ ချီးမွမ်းထောမနာကို ခံရကုန်၏။ ခန္ဓာကိုယ်၏ ပျက်သည်မှ နောက်၌လည်း နတ်ပြည်၌ဖြစ်ကုန်၏ ဟူလိုသော်။

ဇာတ်ပေါင်း... ဤသို့ မြတ်စွာဘုရားသည် ကြီးသောသူတို့အား ပူဇော်သော တရား၏ ကျေးဇူးကို ဟောတော်မူ၍ အနုသန္ဓေကိုစပ်၍ ယခုအခါ မောဂ္ဂလာန်သည် ထိုအခါ ဆင်ဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ မျောက်ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ခါပညာရှိဖြစ်ဘူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။

အသက်ကြီးက၊ ရိုသေရ၊ ဗုဒ္ဓ အလိုတော်ပါ

ခုနစ်ခုမြောက်သော တိတ္တိရဇာတ်သည် ပြီး၏။

*****