တေမိယဇာတ်တော်ကြီး/အခန်း-၀၆
ဤသို့ အမည်မှည့်ပြီး၍ တေမိယမင်းသားသည် ဘုံနန်းတောင်ညာ ထီးဖြူရိပ်၌သာလျှင် ထိန်းယစောင့်ရှောက်ရခြင်းဖြင့် စံပယ်လျက် ဖွားသည်မှ တစ်လမြောက်လတ်သော် အထိန်းတော်တို့သည် မင်းသားငယ်ကို မွှေးကြိုင်လှပစွာ တန်ဆာဆင်၍ မင်းကြီးထံဆောင်လတ်သဖြင့် ကာသိကရာဇ်မင်းကြီးသည် သားတော်ကို လှမ်းယူပိုက်ချီကာ ရင်ခွင်၌ထား၍ အားရရွှင်လန်း ပန်းနံ့သာအမွှေးထက် အလေးအရာသာသော သား၏ချစ်ခြင်းမေတ္တာအဟုန်ဖြင့် စုံစုံမက်မက် နှစ်သက်နမ်းရှူ ရွှင်မြူးပျော်ပါးလျက် မုခ်တံခါး နန်းရင်ပြင် သဘင်တော်ထီးဖြူရိပ်မှာ စိတ်နှလုံးချမ်းမြေ့စွာ နေလေ၏။
ထိုအခါ ခိုးသူ ၄-ယောက်တို့ကို ဖမ်းယူချည်နှောင်၍ မင်းကြီးအား ဆက်လာလတ်၏။ ကာသိကရာဇ် မင်းကြီးသည်လည်း ထိုခိုးသူ ၄-ယောက်တို့အား အပြစ်အလျောက် နောက်နောင်၌ ရန်မီးမကြီးမပွားစေခြင်းငှာ ခြိမ်းမောင်းလိုသောကြောင့် “အချင်းတို့။ သင်းတို့ပြည်ကြီး ဆူးငြောင့်ပြုသူ လူပျက်လူဆိုး သူခိုး ၄-ယောက်တို့ကို တစ်ယောက်အား လိပ်ကျောက်မြီး, ငါးမန်းစွယ် စသည် အဆူးရှိသော အာဏာတော်သိုင်းကြိမ်လုံးဖြင့် ဒဏ်အချက် ၁၀၀၀ ခတ်။ တစ်ယောက်အား သံခြေချင်းခတ်၍ နှောင်အိမ်သွင်း။ တစ်ယောက်အား ထက်လှစွာသော လှံမသွားအဖျားဖြင့် အသားကို အဆွအဆွအဆိတ်ဆိတ်ထိုး။ တစ်ယောက်အားတံကျင်လျှို။ သင်းတို့ကို အများကြောက်ရွံ့ ထိတ်လန့်အောင် ထင်ရှားစွာစီရင်လေ”ဟု ရာဇမာန် အာဏာသံဖြင့် ထိတ်ရွံ့ကြောက်မက်ဖွယ် ဆိုတော်မူ၏။
ထိုသို့ ကြောက်မက်ဖွယ်ဆိုသော် မင်းကြီးစကားကို ဘုရားလောင်းမင်းသားငယ် အရွယ်တော်တစ်လတည်းနှင့် ခမည်းတော်ရင်ခွင်၌ ရွှင်မြူးလျက်နေစဉ် ကြားသိလေသော် ပါရမီတော် ဝါသနာပါသော နှလုံးသည်လည်း ဤစီရင်ထုံးကို အသုံးအလေ့ မရှိ။ တတိယဘဝ ရှေးကဆင်းရဲမြိတ်လည်း အရိပ်အငွေ့မကင်းလွတ် နုထွတ်သော နှလုံးသွေးမှာ တစ်ထွေးတည်းဆုံခိုက်၍ တုန်ရိုက်ထိတ်လန့် မခန့်နိုင်ရှိသော်လည်း ဉာဏ်,သတိတော် စောင်မသဖြင့် “ခမည်းတော်မင်းကြီးသည် အကြောင်းရင်းကုသိုလ်ကံ စီမံချပေးသော ပြည်မစည်းစိမ်ကိုမှီ၍ ဤသို့ ငရဲလားကြောင်း မကောင်းမှုကို ပြုပြန်လေသည်ကား အံ့ဖွယ်သရဲ အလွန်ဝန်လေးစွ”ဟု အကြံဖြစ်တော်မူလေ၏။
(ဤအရာ၌ ကာသိကရာဇ်မင်းကြီးသည် ခိုးသူ ၄-ယောက်တို့ကို ကြမ်းကြုတ်စွာ “ကမ္မကရဏ” အမှုပြုစီရင်ခြင်းသည် အပါယ်လားကြောင်း မကောင်းမှုဖြစ်ခဲ့၏။ “ဓမ္မေန သမေန ရဇ္ဇံ ကာရေသိ”ဟု တရားနှင့်အညီ မင်းပြုကြောင်းကိုလည်း အောက်ကဆိုခဲ့၏။ တရားနှင့်ညီလျှင်လည်း အပါယ်ဘေး မရှိ၊ သုဂတိအဖို့သာဖြစ်၍ ဤခိုးသူတို့ကို စီရင်သောအမှု ဒုစရိုက်မလွဲ ငရဲအဖို့ဖြစ်ခဲ့သော် “ဓမ္မေန သမေန”ဟူသော ရှေးစကားနှင့် မဆန့်ကျင်ပြီလောဟူမူ၊ သူမြတ်ကို သူယုတ်, သူယုတ်ကို သူကောင်း လမ်းကြောင်းမဟုတ်ရာ ၄-ဖြာသောအဂတိဖြင့် မစီရင်။ ချစ်ခင်မုန်းငြိုးမရွေး, နီးဝေးမငဲ့ခြင်း, ယမမင်းကဲ့သို့ ဖြောင့်မှန်ရာ ဆုံးဖြတ်စီရင်လေ့ရှိသောကြောင့် “ဓမ္မေန သမေန”ဟု ဆိုသည်။ ခိုးသူ ၄-ယောက်တို့ကို စီရင်သည်မှာလည်း မာတင်းကြမ်းကြုတ်သော သံပြုတ်, သံရိုင်း အခဲကို ရေထဲမှာနှူးသော်လည်း အထူးမယဉ် အယှဉ်သင့်မီးအပူခိုက်မှ လိုက်လျောယဉ်ကျေးသည်နှင့် နှုန်းတမ်းအကြမ်းကို အကြမ်းပြု၍ အနုကိုလည်းအနုအလျောက် ခြောက်ခြိမ်းဖျောင်းဖျ၍ ဆုံးမစီရင်ရခြင်းလည်း မင်းကောင်းတို့ သတိ, ပညာရှိတို့ ထုံးပင်ဖြစ်၍၊ အပြစ်အလျောက် ၄-ယောက်သောခိုးသူတို့ကို ကိုယ်စီဒဏ်နှင့် အာဏာသံထားကြောင်းကိုသာ ဆိုသည်။ ထိုမင်းအာဏာအတိုင်း ပြုသည်, မပြုသည်ဟု မလာ။
ခြိမ်းခြောက်ကာမျှသာဖြစ်လျှင် ကာသိကရာဇ်မင်းကြီး၌ အပြစ်မရှိပင် ယူသင့်သည်။ ဤသို့ ကြမ်းတမ်းသောသူကို ဆုံးမသောအရာများမှာ မဟောသဓသုခမိန်သည် သိန်းအစရှိသော အမတ် ၄-ယောက်တို့ကို သေလုနီးအောင် ရာဇဒဏ်ပေးစေသဖြင့် နှိပ်နွံခြင်း၊ အာဒါသမုခမင်းသည် နွားတရား, သားဆုံးတရား စသည်တို့၌ အလိုက်သင့်ရန်ငြိမ်းစလွယ် တကယ်ပြုယောင်စီရင်ခြင်း ပညာပါရမီတော်ကိုလည်း မြတ်စွာဘုရားပင် ချီးမွမ်းတော်မူသည်။ နန္ဒောပနန္ဒ နဂါးကိုယ်အခွေကိုချေ၍ အမှုန့်ဖြစ်မတတ် ထေရ်မြတ်ရှင်မောဂ္ဂလာန်ပင်လည်း အမှုအင်နှင့်ခန့်၍ နူးညံ့အောင်စီရင်တော်မူသည်။ အာဏာထားတိုင်း အဆုံးအခန်းစီရင်ချေမူကား ကာသိကရာဇ်မင်းကြီး၌ အပြစ်မလွတ်။ ထိုသို့ပင်ဖြစ်သော်လည်း ယေဘုယျနည်း, တဗ္ဗဟုလနည်းကို အစွဲပြုသဖြင့် “ဓမ္မေန သမေန”ဟူသော ရှေးစကားနှင့် မဆန့်ကျင်ဟု မှတ်အပ်၏။)
ထို ခိုးသူ ၄-ယောက်တို့ကို စီရင်သည်၏နောက်တစ်နေ့၌ တေမိမင်းသားကို တန်ဆာဆင်အပ်သော ထီးဖြူရိပ်ဝယ် သိပ်ထားလေ၏။ ထိုအခါ တေမိမင်းသားသည် အတန်ငယ်အိပ်စက်ပြီး၍ နိုးလတ်သဖြင့် အထက်သို့ မျက်စိလှည့်လည် မျှော်ကြည့်လျှင်ပင် မင်းစည်းစိမ်ကြီး ထီးဖြူ၏ကျက်သရေကို မြင်လေ၏။ ထိုအခါ မိမိ မင်းပြုမိ၍ ငရဲခံရလေသည်ဟူသော သဘောဝါသနာ ပါသည်ဖြစ်၍ ပြကတေ့ထိတ်လန့်ဟောင်းမှာ ထပ်လောင်း၍တစ်ဖန် ယမန်နေ့က ခိုးသူ ၄-ယောက်တို့အား စီရင်သံ ကြားပြန်ခြင်းဖြင့် မင်းပြုရမည့်စိတ်ကြောင့် ထိတ်လန့်ကြောက်ရွံ့စွာရှိသော နှလုံးအယူမှာ ထီးဖြူရိပ်မင်းတန်ဆာ မလိုရာနှင့်တို့မိ၍ ဆို့မြို့နှလုံး ယူကျုံးမရ ဒေါမနဿနှိပ်စက်လျက် အတိုင်းထက်အလွန် မွှန်ထိတ်သော ကြောက်ခြင်းဖြစ်သဖြင့် ဤသို့ ကြံတော်မူ၏။
“ငါသည် ဤ ကြမ်းကြုတ်စွာသော ခိုးသူသတ်အိမ်မှာ အဘယ်ဘဝကလာ၍ ဖြစ်လာလေသည်မသိ”ဟု ဇာတိဿရဉာဏ်ဖြင့် နောက်ပြန်ဘဝကို သုတ်သင်မြှော်ရှုလတ်သော် တာဝတိံသာနတ်ပြည်မှလာသော အဖြစ်ကို သိမြင်သဖြင့်၊ ဆင့်၍တစ်လီ “ထိုနတ်ပြည်ကိုကား အဘယ်ဘဝက လာသနည်း”ဟု ရှုမြော်ပြန်သည်တွင် ငရဲပြည်ဥဿဒရက်၌ ကျက်ခဲ့ကြောင်းကိုမြင်ရ၍၊ ထိုငရဲမှတစ်ဖန် ဆင်ခြင်ပြန်သောအခါ ဤဗာရာဏသီပြည်၌ အနှစ် ၂၀ တိုင်တိုင် မင်းပြုလျက် အစုစုအမှုမျိုး ဆိုး, ကောင်း, ယုတ်, မြတ်ကို အတပ်ထင်ထင် မြင်လေလျှင်၊ လူတို့တွင်ဖြစ်မြဲမှု ထိုဝတ္ထုကြောင့် အန္တရာယ်တစ်ကြိမ်ရောက်ဖူးလျှင် နောက်နောင်အစဉ် ကြဉ်ရှောင်လိုသကဲ့သို့သာ စာနာထောက်ထားမဲ့ဘဲ စိတ်ကွဲတော်မူသည် မဟုတ်။ မင်းလုပ်ရမည့် ခေတ်ကာလဖြစ် အမူအပြု အမှုဟူသမျှကို ချင့်မြော်တွေးဆလျက် ရှေးအသက်တမ်းရှည်စဉ်ပင်မှ ဘေးကင်းအောင် ကိုယ်ကိုမပြုနိုင်၍ စိုးပိုင်ရာမင်းစည်းစိမ် အနှစ်၂၀ မျှဖြင့် အဆ ၄၀၀၀ မြားမြောင်နှစ်ပေါင်း ၈သောင်းမှန်မှန် ငါ ခံရလေသည်တကား”ဟု တရားကိုရှု၍-
“မင်းပြုမည်ဆိုသော်လည်း ရန်ပိုသောအခါ သူ့ချမ်းသာ ကိုယ့်စည်းစိမ်ကို မငြိမ်အောင်လှုပ်ချောက်သော ရန်ငြောင့်ရန်စွယ်ကို အပယ်အနုတ် ကြမ်းကြုတ်စွာလှံဓားဖြင့် နှိမ်နိုင်မှငြိမ်ဝပ်နိုင်သော မင်းအဖြစ်ဖြင့် အပြစ်မညို ကိုယ်ကိုဖြူစင်အောင် အဘယ်သို့ ဖွပ်ဆေးနိုင်ပါအံ့နည်း။ ထန်သည်းပြင်းပြ ရာဇမာန်အခါခါနှင့် အာဏာယူသော ဤခိုးသူသတ် မင်းအိမ်မှာ ကြိမ်ရလေသောငါ ယခု ရွယ်နုငယ်သက် ရက် ၃၀မပြူ လူဖြစ်စရွေ့ပင် ယမန်နေ့က တွေ့ကြုံရသည်မှာ နှလုံးသားကြေဖွယ်လောက် ၄-ယောက်သောခိုးသူတို့ကို ဆိုးကြမ်းသောအမှုအင်နှင့်တိုင်း၍ ဆူးရိုင်းဖျဉ်ဖျဉ်လှည်းသော ခမည်းတော်အာဏာစွဲ ငရဲလားကြောင်း မကောင်းစကားကို နားနှင့်မတန်မရာ ငါကြားရပြီ။
“ဤ ခမည်းတော်အမွေအနှစ် မာန်ယစ်သော မင်းစည်းစိမ်ကို ငါ မြိန်ယှက်မြတ်နိုးခြင်းဖြင့် မင်းပြုပြန်လျှင် တစ်ဖန် ခမည်းတော်အတူ ရန်သူဆူးခလုတ်ကို မနုတ်ဘဲမနေသာသော် တစ်ခါ ထိုငရဲသို့ ဝဲကတော့အတွင်းမှာ ထင်းကျွန်းသဏ္ဌာန် ပြန်လည်လေရအံ့တကား”ဟု များစွာအဖန်ဖန် ကြံဆင်ခြင်တော်မူသော ဘုရားလောင်းအား ငရဲမီးလျှံနားမှာ ထားလေသောအသွင် အလွန်လျှင် ကြောက်လန့်ခြင်းဖြစ်သဖြင့် ဦးသစ်သော ရွှေစင်အဆင်းကဲ့သို့ ဝင်းဝင်းပျို့ပျို့ နှစ်လို့ဖွယ်အဆင်းရှိသော ကိုယ်တော်စင်လျက် လက်ဖြင့်ဆုပ်နယ်အပ်သော ကုမုဒြာ ပဒုမ္မာပန်းကဲ့သို့ နွမ်းလျသမ်းညှိုးခြင်း အဆင်းပျက်တော်မူအောင် ပူပြင်းထပ်ဖို့ မနှစ်လို့ခြင်းဝေဒနာနှင့် “ငါ အသို့လျှင် ဤမနှစ်မြို့သော ခိုးသူသတ်မင်းအိမ်မှ လွတ်မြောက်နိုင်ပါအံ့နည်း”ဟု ကြံစည်လျက် မျက်လွှာတော်ချ၍ ဖြဖြညှိုးဖိန်း မှိန်းစက်တော်မူ၏။
(ဤအရာ၌ မင်းစည်းစိမ်သမ္ပတ္တိဝယ် ကာယိကသုခကိုရသော်လည်း စိတ်တော်ကမနှစ်မြို့ သမ်းညှိုးသော ဒေါမနဿဝေဒနာကြောင့် မှီရာရုပ်ကလာပ် ၆-ရပ်သောသွေးမကြည်၍ ၆-တည်သောဣန္ဒြေ မရွင်လန်း စိတ်ချမ်းမြေ့သောအလို ကိုယ်ဆန္ဒနှင့်မျှသော ကာယိကဒုက္ခ ကြိမ်ရစေကာ- “စိတ္တေ ပသန္နေ လောဟိတံ ပသီဒတိ၊ လောဟိတေ ပသန္နေ မနစ္ဆဋ္ဌာနိ ဣန္ဒြိယာနိ အတိဝိယ ဝိရောစန္တိ။” ဟူသော သုတ်မဟာဝါ အဋ္ဌကထာပါဌ်နှင့်အညီ “ပီတိဆီဆို့ပိတ်သော စိတ်ကြည်လင် ချမ်းအေးလျှင် သွေးရွှင်လန်းသည်။ သွေးကြည်လင်ကလည်း နှလုံးလျှင် ဆဋ္ဌမမြောက် ၆-ပါးသောဣန္ဒြေ တင့်တယ်လေသည်”ဟု မှတ်အပ်၏။)
ဘုရားလောင်းသည် ဤသို့သောမင်းစည်းစိမ်ကို တာဝတိံသာ၌ ပျော်စံစဉ်ကပင် အလိုမယှဉ် ကြဉ်ရှောင်ဝေးဝေး သူဌေး, ပုဏ္ဏား တစ်ပါးမျိုးနွယ်ထံ သန္ဓေမှီလျက် ပါရမီဖြည့်ရရာအရပ်သို့ ဆည်းကပ်သင့်ပါသည်။ “ဝင်လာလျှင် ချည်နှောင်မည်” ထောင်သည့်ကျော့ညွတ်ကောင်း ဆုတောင်း၍သားကို လိုချင်လုံးပမ်း ပိုက်တန်းကိုမြင်လျက် တိုးဝင်မိသည်မှာ သိလျက်အမှား အဘယ့်ကြောင့် ခံတော်မူလေသနည်း ဟူမူ၊ လူတို့ဓမ္မတာ ဥစ္စာစည်းစိမ်ကိုလိုလျှင် ကိုယ်ဆင်းရဲခံမှ အကြံရှိတိုင်း ပြီးမြောက်လွယ်သည်။ ဤဝယ်လည်း ဘုရားလောင်းနတ်သားသည် တစ်ပါးအမျိုး၌ ဖြစ်ရသောထက် မင်းကြီးသားဖြစ်ရသော် သူတော်တကာ ဖြည့်ကျင့်ရိုးတွင် မိုးကဲထူးမြတ်သော ပရမတ္ထပါရမီ စုံညီဖြည့်ခွင့် အလှည့်သင့်တော်ငြား၍ သူတစ်ပါးပြုနိုင်ခဲသော ဆင်းရဲကိုခံလျက် နိဗ္ဗာန်ဆိပ်ကမ်းသို့ နစ်မွန်းတတ်သော သြဃဝဲစွယ် ပင်လယ်သံသရာမှ သတ္တဝါအများ မျောပါးနစ်မွန်းသူကို ဆယ်ယူပို့တင် မဂ္ဂင်ဖောင်မှူး ပြုလိုသောသဘောစရိုက် ရှိသည်နှင့်အညီ ဗာရာဏသီပြည် စည်းစိမ်ညွတ်ကွင်းကို နင်းဖြတ်၍ထွက်ပြီးလျှင် မင်းကြီးမကြွင်း ညွှတ်ကွင်းရှင်အလုံးကို ယူကျုံးပိုက်ချီလျက် ငါ့ဆီသို့ပါစေအံ့ဟု ခန့်ရွယ်ရည်မှန်း အစွမ်းတော်ကိုတိုး၍ အကျိုးထူးရှိသဖြင့် သိလျက်လည်း အမှား၊ မသိဘဲလည်း မသွား၊ သူတစ်ပါးအား စီးပွားအထူး ကျေးဇူးကိုသိသောကြောင့် ကိုယ်တော် အပင်ပန်းခံလေသတည်း ဟု သိအပ်၏။