တေမိယဇာတ်တော်ကြီး
by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၇။ ထီးချက်စောင့်နတ်သမီး မ.ခန်း
1386တေမိယဇာတ်တော်ကြီး — ၇။ ထီးချက်စောင့်နတ်သမီး မ.ခန်းမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

ဤသို့ တေမိမင်းသားသည် နှလုံးအကြံဖြင့် ပူပန်လျက် မှိန်းစက်မျဉ်းခွေနေလတ်သော် ထီးဖြူတော်စောင့် နတ်သမီးသည် လွန်လေပြီးသော ရှေးသံသရာက အမိဖြစ်ခဲ့သော မေတ္တာဟောင်းတွင် ဘုရားလောင်းအား သနားဖွယ်ကိုမြင်၍ အလွန်လျှင်စုံမက် ချစ်ခင်ကြင်နာခြင်းရှိသဖြင့် အမိသဖွယ်ဖန်ဆင်း၍ တေမိမင်းသားအား “မောင်ငယ်။ အဘယ်ကိုကြံ၍ ပူပန်ခြင်း ဖြစ်ရသနည်း။ ကြောက်ခြင်း, စိုးရိမ်ခြင်း အထွေထွေအပြားပြားကြံ၍ ပူပန်ခြင်း မရှိနှင့်။ မိခင် အထင်အရှားစောင့်ငြားလျက် သားအလိုကို အဘယ့်ကြောင့် မပြည့်စေနိုင်ပါအံ့နည်း။ သူ မလိုသည်ကို လိုအောင်ပြုခြင်းသာ ခက်သည်။ သူလိုသည်ကို မလိုအောင်ပြုခြင်းကား ခက်သည်မရှိ။ မိခင် အကြံပေးအံ့”ဟု နှစ်သိမ့်စေလျက်၊ “ချစ်သား။ အကယ်၍ ပြည်စည်းစိမ်မှ လွတ်မြောက်လိုလျှင် ကိုယ်ကိုအစွမ်းမပြ အနွမ်းအလျခံလျက် မဆွံ့သော်လည်း ဆွံ့သောအလား, နား မထိုင်းသော်လည်း ထိုင်းရုပ်, နှုတ် မအသော်လည်း အသောအသွင်၊ ဤ အင်္ဂါ ၃-ရပ်ကို ဆုံးဖြတ်၍ ထုံးမှတ်လောက်အောင် ကြပ်ကြပ်အမြဲ စွဲယူဆောက်တည်ရမည်”ဟု အကြံပေးပြီးလျှင် ဤတေမိယ ဇာတ်တော်ပါဠိ၌ ရှေးဦးစွာ-

“မာ ပဏ္ဍိစ္စယံ ဝိဘာဝယ၊ ဗာလမတော ဘဝ သဗ္ဗပါဏိနံ။
သဗ္ဗော တံ ဇာနော ဩစိနာယတု၊
ဧဝံ တဝ အတ္ထော ဘဝိဿတိ။”

ဟူသော ဂါထာဖြင့် ဆို၏။

အဓိပ္ပာယ်ကား--

“ချစ်သား တေမိယကုမာရ။ တောက်ပလျှံထိန် ဝဇိရစိန်တူ သူခပ်သိမ်းတို့ နှစ်လို့ခံ့ညားဖွယ် တင့်တယ်စွာရောင်ခြည်ငြိသော ပညာရှိတန်ခိုး မျက်မျိုးရတနာ ပညာအနှစ်ကို လှစ်ဖွင့်ပြဖော် အရာလျော်သော်လည်း အခါမတော်လျှင် မဖော်မပြလင့်။ မဖွင့်မလှစ် ကျစ်လစ်စွာဝှက်ဖုံး၍ အသုံးမဝင်ယောင် မြဲနှောင်သိုထားလျက် သူတစ်ပါးမြင်လျှင် ချို့အင်္ဂါယုတ် လူတိမ်ပုပ်ဟု သမုတ်ပစေ၊ အတွင်းနေ ပြင်သား အများလူဗိုလ် မောင့်ကိုချစ်ခင် မြင်သိသမျှ ဆွံ့အနားပင်း လူချင်းမတူ ဤသူကား ကာလကဏ္ဏီဟု အညီအညာ သူတကာမထီမဲ့မြင် မကြားချင်အောင်မုန်းမှ မောင့်နှလုံး အလိုပြည့်မည်။ ဤသည့်မိခင် ဆိုအင်စကားကို စိတ်ထားအမြဲ စွဲယူဆောက်တည်ပါလျှင် မှန်စွာအလို ပြည့်လတ္တံ့ ဟုဆို၏။

ထီးချက်စောင့်နတ်သမီးကားကိုကြားလျှင် တေမိမင်းသားသည် အားရအင်တက် စိတ်သက်သာရာ ရသည်ဖြစ်၍ နတ်သမီး၏ဥယျောဇဉ်ကို ပဋိညာဉ်ပြုလျက် သာဓုကောင်းချီး ပေးလိုသောကြောင့်-

“ကရောမိ တေ တံ ဝစနံ၊ ယံ မံ ဘဏသိ ဒေဝတေ။
အတ္ထကာမာသိ မေ အမ္မ၊ ဟိတကာမာသိ ဒေဝတေ။”

ဟူသော ဂါထာဖြင့် ဆို၏။

အဓိပ္ပာယ်ကား--

“နတ်မိခင်။ မချွတ်ပင်လျှင် မိခင်ဆိုတိုင်း ထိုစကားကို ကျွန်ုပ် လိုက်နာပါမည်။ ပြည်စည်းစိမ်ဘုန်းတန်းဖြင့် ပွင့်လန်းသည်ကို မြင်လိုရှုလိုခြင်းရှိသော ကျွန်ုပ်ခမည်းတော်, မယ်တော်တို့ကား မိမိတို့ကိုယ်ဖို့ နှစ်လို့ရာသာ ကြည်ညို၍ ကျွန်ုပ်အလိုသို့မလိုက်၊ နှစ်ခြိုက်ရာအကျိုးကို မပျိုးမပြုဖြစ်ရာသောကြောင့် ကျွန်ုပ်အား စီးပွားမတွင် ချစ်ခင်ရာမမည်။ နတ်မိခင်သည်သာ ၂-ဖြာသောဘဝ၌ တောင့်တအပ်သော စီးပွားများမယုတ် အကျွန်ုပ်အလိုသို့လိုက်၍ နှစ်ခြိုက်ရာပြည့်စုံကြောင်း လမ်းဟောင်းပြညွှန်ပေသောကြောင့် အလွန် ကျွန်ုပ်အား စီးပွားတွင်တွင် ချစ်ခင်ရာရောက်ပေ၏”ဟု ဆို၏။

ထိုသို့စကားပြောဆိုကြပြီးလျှင် ထီးဖြူစောင့် နတ်သမီး ကွယ်လေ၏။

(ဤအရာ၌ ဘုရားလောင်းမင်းသားငယ်နှင့် ထီးဖြူစောင့်နတ်သမီး ကိုယ်ထင်ပြ၍ စကားပြောသည်မှာ အိပ်မက်ဟူ၍လည်း မဆို။ ထိုနတ်သမီးကိုမူကား တန်ခိုးရှင်ဖြစ်သောကြောင့် အဆင်းအသံကို သူတစ်ပါးမမြင် မကြားရရှိသော် ရှိတန်ပါစေ။ “ကရောမိ တေ တံ ဝစနံ အစရှိသည်ဖြင့် ဘုရားလောင်း ကောင်းချီးပေးသောစကားကို အနီးအပါးတွင် စောင့်ထိန်းပြုစုရသူ အထိန်းအကြီးတို့ မကြားပြီလောဟူမူ ဘုရားလောင်းသည် ရန်သူ့လက်မှာ နေရသကဲ့သို့ သူတစ်ပါးတို့ ကြားသိလောက်အောင် အသံထွက်ထွက် မပြော၊ နတ်သမီး သိကြားတန်ရုံ နှလုံးဖြင့်သာ စကားဖြစ်စေ၍ ပြောသောကြောင့် ထိုအနီးအပါးရှိသော အထိန်းအကြီးတို့ မကြားမသိ ရသတည်း။

နှလုံးဖြင့်ပြောသောစကားကို နတ်သမီး အသို့ သိနိုင်ပါအံ့နည်းဟူမူ “ဒေဝတာ နာမ မဟာပညာ တိဟေတုကပဋိသန္တိကာ အတိခိပ္ပံ ဇာနန္တိ” အစရှိသည်ဖြင့်လာသော ပါရာဇိကဏ် အဋ္ဌကထာနှင့်အညီ “နတ်တို့မည်သည်ကား တိဟိတ်ပဋိသန္ဓေနေသူသာလျှင် များသည်ဖြစ်၍ အလွန် ပညာကြီးသဖြင့် လူတို့နှုတ်မမြွက်မီ ပြောအံ့ဟု ရွယ်ကာမျှနှင့်ပင် လျင်စွာ သိစွမ်းနိုင်သောကြောင့် ဘုရားလောင်းစကားကို အနီးအပါးရှိသူ လူမကြားသော်လည်း နတ်သမီး သိကြားလေသည်ဖြစ်၍၊ အိပ်မက်မဟုတ်ဘဲ အိပ်မက်သောအခါကဲ့သို့ ဘုရားလောင်းမင်းသား မျက်လွှာတော်ကိုချလျက် စက်မှိန်းစဉ် နတ်သမီး သတိပေးလာသည်ဟု မှတ်အပ်၏။)

ထိုသို့ ထီးဖြူစောင့်နတ်သမီး၏ ဥပဒေစကား ၃ ပါးသောအင်္ဂါကို မြဲစွာဆောက်တည်ပြီးသည့်နောက်၌ ဘုရားလောင်းမင်းသားငယ်၏အထံဝယ် အခြံအရွေဖြစ်စေခြင်းငှာ ၅၀၀သော အမတ်သား ဖွားဖက်တော်သူငယ်တို့ကို နို့ထိန်းတစ်ယောက်စီနှင့်တကွ ထားစေ၏။

ထိုအခါ အမတ်သားသူငယ်တို့သည် နို့ရည်သောက်စို့လိုလတ်သော် ဟစ်အော်ငိုကြွေးကြကုန်၏။ ဘုရားလောင်းမင်းသားငယ်မူကား စွဲမြဲအယူ ငရဲဘေးဖြင့် လန့်သည်ဖြစ်၍ စိတ်မပျံ့မကြည် “နို့ရည်ငတ်သဖြင့် ခြောက်ကပ်၍ လျင်မြန်စွာ ဤနေရာထက်တွင် ငါ့အသက်ဆုံးသော်လည်း မီးလျှံလုံးထက်၌ ကျက်ရသောဝေဒနာထက် အဆအရာ သာ၍မြတ်သေး၏”ဟု မင်းဖြစ်အံ့အရေးကို ဘေးကြီးလုပ်၍ စက်ဆုပ်တော်မူသဖြင့် “သူငယ်တို့ သတ္တိ မချိလျှင်ငိုမြဲ” အားအစွမ်းကို တမ်းပျက်အောင်ပြုသကဲ့သို့ အမှုမလေး ငိုကြွေးမဲ့လတ် နို့ငတ်သောဝေဒနာကို သည်းခံကာ ပြကတေ့ နေတော်မူ၏။

ထိုသို့ မင်းသားငယ် မငိုကြွေးနေလေသော် အထိန်းတော်တို့သည် ရှေးနှင့်မတူ အမူတခြား အမတ်သားငယ်များကဲ့သို့ နို့စို့သောက်ချိန် တန်၍မျှလည်း အသံမပေး ဆေးမန္တရား အကုအကာပြုရာသော အနာတစိုးတစိ ရှိမည့်အခြင်းအရာလည်း မထင်။ ဆင်ခြင်တွေးဆ၍ မရနိုင်ကြဖြစ်လေသော် မယ်တော်မိဖုရားကြီးအား သားတော်၏ အခြင်းအရာအလုံးစုံကို အကုန်အစင် ပြန်ကြား လျှောက်ထားကြကုန်၏။

စန္ဒာဒေဝီမိဖုရားကြီးလည်း နို့ရည်မွတ်သိပ်လျက် မလှုပ်မယှက် တလက်လက်တကြောင်ကြောင်နေသော မင်းသားငယ်ကိုမြင်လျှင် ရွှင်မြူးပျော်ပါးဖွယ်ပြုသော်လည်း အတုမလိုက် စိုက်မိရာကြည့်၍ မလှည့်မတိမ်း တစိမ်းစိမ်းသာနေသောကြောင့် အထွေထွေမကြံနိုင်သဖြင့် မင်းကြီးအား ပြန်ကြား လျှောက်ထားပြန်လေ၏။

ထိုစကားကို ကာသိကရာဇ်မင်းကြီး ကြားလေသော် “သားတော်၏အကြောင်းအခွင့်ကို အတွေးဉာဏ်ဖြင့် မသိနိုင်ရာ။ ဆရာပုရောဟိတ်တို့သာ နိမိတ်ကိုမြင်သဖြင့် ဆင်ခြင်ဖတ်ကြားနိုင်ရာ၏”ဟု ကြံမိ၍၊ နိမိတ်ဖတ်ပုဏ္ဏားတို့ကို ခေါ်စေပြီးလျှင် သားတော်အား ကြည့်ရှုစေ၍ အခြင်းအရာကိုမေး၏။ ဆရာပုရောဟိတ်တို့လည်း စိတ်အစွဲအလမ်းကို နိမိတ်ကျမ်း, မင်္ဂလာကျမ်းတို့၌ပါရှိတိုင်း ညှိနှိုင်းဆင်ခြင်သော်လည်း အတွင်းအပြင် အန္တရာယ်ရှိဖွယ်လက္ခဏာမမြင်၊ ထင်ရှားတပ်အပ် မဖတ်ကြားနိုင်သောကြောင့် တွေးဆသောဉာဏ်ဖြင့်သာလျှင်--

“အရှင်မင်းကြီး။ သားတော်၏ အခြင်းအရာလက္ခဏာကို ကျမ်းလာတိုင်းထောက်ရှုသော် ယခု မတုန်မလှုပ်နေခြင်း၌ အတွင်းအပအန္တရာယ် တစ်စွယ်တစ်စွန်းမျှ မငြိမရိပ် စိတ်စွဲတစ်ခုရှုမိရာ သူငယ်ဓလေ့ ပျော်မွေ့သောအာရုံ၌ခုံမင်လတ်၍ ငတ်မွတ်ရေသိပ်ခြင်းကို အခင်းမပြုသဖြင့် ယခု မငိုနေသည် ဖြစ်ပါမည်။ အရှည်အကြာ အခါငံ့ဆွဲ၍ တိုက်မြဲအချိန် လွန်အောင်ထားရလျှင် ကိုယ်တွင်အာဟာရမလုံက တစ်ပါးအာရုံအစွဲအလမ်းမှာ စိတ်တင်းနိုင်မည် မဟုတ်။ တုန်လှုပ်သောကိုယ်ဖြင့် ငိုကြွေးခြင်းကို ပြုပါလိမ့်မည်။ ထိုသည့်ကာလ စို့စေရလျှင် ခင်ခင်မင်မင် ရွှင်ပျနှစ်လို့ စို့အံ့ရာသည်ကား မချွတ်ရာပြီ”ဟု လျှောက်ထားကြကုန်၏။

ပုရောဟိတ်ပုဏ္ဏားတို့ စကားကြားလျှင် ခမည်းတော်မင်းကြီးသည် “ကောင်းပြီ။ ဆရာတို့ဆိုတိုင်း ပြုစေရတော့မည်”ဟုဆို၍ ထိုနေ့မှအစပြုပြီးလျှင် ၄-ယောက်စုအလှည့် ၆၀ နို့ထိန်းပေါင်း မောင်းသံ တစ်ချက်ချီ တစ်နာရီပြည့်အချိန်တိုင်း တစ်ကြိမ်တစ်ကြိမ် တိုက်မြဲကိုငံ့ဆွဲ၍ တစ်မောင်းခြား နို့အငတ်ထားသော်လည်း မင်းသား၏အမူအရာ မထူးခြားသဖြင့်၊ ဆင့်၍ ၂မောင်းခြား, ၃မောင်းခြားစသည်၊ ရံခါ ၁-ပဟိုရ်, ၂-ပဟိုရ်၊ ရံခါ တစ်နေ့ပတ်လုံး မတိုက်မပေး အရေးစမ်းကာ ထားကြကုန်၏။ ထိုသို့ထားသော်လည်း ဘုရားလောင်း မင်းသားငယ်သည် ကြောက်မက်ဖွယ်သောငရဲမီးဖြင့် အနီးရောက်သကဲ့သို့ ခြိမ်းခြောက်ခြင်းရှိသည်ဖြစ်၍ နှစ်သက်ချိုမြိန်စွာ နို့အရသာမြတ် ငတ်မွတ်ခြင်းနှင့်ညှိုးသော်လည်း တစိုးတစိမျှ ငိုကြွေးခြင်းကို ပြုတော်မမူ။ ယူမိရာစိတ်စွဲကို မြဲစွာချည်၍ တည်ကြည်ခြင်းမပျက်နေလေလျှင် အလွန်ကြင်နာခြင်းဖြင့် မယ်တော်မိဖုရားကြီးသည် “ငါ့သား နို့ငတ်လှပြီ။ မိခင်နို့ကို စို့သောက်ပါ”ဟု တိုက်ပေ၏။ ရံခါရံခါလည်း နို့ထိန်းတို့ကို တိုက်စေ၏။ ထိုသို့ နို့ အာခံတွင်းသို့ ရောက်မှသာလျှင် နို့သောက်တော်မူ၏။ တစ်ပါးသော သူငယ်များကဲ့သို့မငို အလိုအလျောက် လက်,ခြေတို့ကိုလည်း မယူမသိမ်း မှိန်းမှိန်းယှက်ယှက် အိပ်စက်မွေ့ခြင်းလည်း မရှိ။ နား,မျက်စိတူရူ အမြှူအဖျော် မေးခေါ်ငြားသော်လည်း မကြားယောင်သဖွယ် တိမ်းဖယ်လှည့်လည်၍ မကြည့်ရှု။ ပြုစုထိန်းယသူတို့ ထားတိုင်းသော ခြေ, လက်, မျက်နှာ, ဣရိယာပုထ်ဖြင့်သာထားလျက် အင်္ဂါ ၃-တန်ကို အဓိဋ္ဌာန်မြဲစွာနှင့် ပါရမီဖြည့်တော်မူ၏။

(ဤတွင်ရွေ့ကား ဘုရားလောင်း တေမိမင်းသား၏ ပရမတ္ထဖြစ်သော အဓိဋ္ဌာန်ပါရမီ, နိက္ခမပါရမီတို့ကို ဖြည့်တော်မူခြင်း အခင်းအကျင်း အရင်းအစကို ပြကြောင်းစကား ပြီး၏။)

ထိုသို့ မင်းသား၏ မတုန်မလှုပ်နေကြောင်း အခြင်းအရာကို မသိနိုင်ကြလေသော် အထိန်းတော်တို့သည် ဤသို့ ကြံကြကုန်၏။

“ငါတို့သခင့်သားသည် ဆွံ့အ,နားပင်းသကဲ့သို့ ယခု မတုန်မလှုပ်နေသည်မှာ ဆွံ့အသောသူတို့၏ လက်,ခြေနှင့်လည်း မတူ။ အ သောသူတို့၏ မေးနှင့်လည်း အသွင်တခြား၊ နားထိုင်းသော သူတို့၏ နားအုံ, နားရင်းနှင့်လည်း အဆင်းတစ်သွယ်။ ဆွံ့အနားထိုင်းဖွယ် လက္ခဏာ တစ်စုံတစ်ရာမျှ မထင်။ သို့စင်လျက် ယခုသခင့်သား ရှေးများနှင့်မတူ အမူထူးပြုသည်မှာ တစ်ခုခု အကြောင်းရှိသည် ဖြစ်ရာမည်။ ထိုသို့ အကြောင်းတစ်ခုခု ရှိ၍နေသည် စင်စစ်မှန်လျှင် ထိုအကြံကို ဉာဏ်ကြီးပညာကြီး အသီးသီး တတ်သိကျွမ်းကျင်သော သုခမိန်တို့ဖြင့်ပြွမ်းလျက် ဤနန်းပွဲသဘင်အလယ်တွင် အဘယ့်ကြောင့် မသိရှိရအံ့နည်း။ တစ်ခုမတော် တစ်ခုတော် လျော်ရာချင့်ရွယ်၍ အလှယ်လှယ်အပြောင်းပြောင်း ကောင်းမြတ်, ယုတ်ဆိုး စမ်းရိုးသပ်ရိုး အမျိုးမျိုးစီရင်လျက် သခင့်အလိုကိုစမ်းရသော် ကောင်း၏”ဟု ကြံစည်တိုင်ပင်ကြပြီးလျှင် ထိုအကြောင်းကို မင်းကြီးအား လျှောက်ထားကြကုန်၏။