ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု
by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၅၂၁။ တေသကုဏဇာတ် (၁)
1403ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု — ၅၂၁။ တေသကုဏဇာတ် (၁)မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်


စတ္တာလီသနိပါတ်

၁။ တေသကုဏဇာတ်

မင်းကျင့်တရား၊ ဟောမြွက်ကြား၊ သုံးပါးငှက်သူတော်

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဝေဿန္တရံ တံ ပုစ္ဆာမိ အစရှိသော ဂါထာတစ်ပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤတေသကုဏဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကောသလမင်းကြီးအား ဆုံးမတော်မူသည်၏ အစွမ်းအားဖြင့် ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုစကားသည် မှန်၏။ တရားနာအံ့သောငှာ ဇေတဝန် ကျောင်းတော်သို့ လာသော ထိုကောသလမင်းကို သဗ္ဗညူ မြတ်စွာဘုရားသည် ခေါ်တော်မူ၍ မြတ်သောမင်းကြီးမင်းမည်သည်ကား တရားနှင့်အညီ မင်းပြုရာ၏။ ထိုစကားသည် မှန်၏။ အကြင်အခါ၌ မင်းတို့သည် တရားမစောင့်သည် ဖြစ်ကုန်၏။ ထိုသို့ မင်း တရားမစောင့်သောအခါ မင်း၏ သားတော် သမီးတော်တို့သည်လည်း တရားမစောင့်သည် ဖြစ်ကုန်၏။ ဤသို့ အစရှိသော စတုက္ကနိပါတ်၌လာသော နည်းဖြင့်လျှင် ဆုံးမတော်မူ၍ လေးပါးသော အဂတိတို့ဖြင့် စီရင်ဆုံးဖြတ်ခြင်းသို့ ရောက်ခြင်း၌ အပြစ်ကိုလည်းကောင်း၊ မရောက်ခြင်း၌ အကျိုးကိုလည်းကောင်း ဟောတော်မူ၍ ကာမဂုဏ်တို့သည် အိပ်မက်နှင့် တူကုန်၏။ ဤသို့ အစရှိသောနည်းဖြင့် ကာမဂုဏ်တို့၌ အပြစ်ကို ချဲ့တော်မူ၍ မြတ်သောမင်းကြီး အကြင့်ကြောင့် ဤသတ္တဝါတို့အား သေမင်းနှင့် အချိန်းအချက်သည် မရှိ၊ လက်ဆောင် တံစိုးယူခြင်းလည်း မရှိ၊ စစ်ထိုးခြင်းသည်လည်း မရှိ၊ သေမင်းကို အောင်သည်လည်း မရှိ၊ ခပ်သိမ်းကုန်သော သတ္တဝါတို့သည် သေမင်းနိုင်ငံသို့ သွားရကုန်သည်ချည်းတည်း၊ ထို့ကြောင့် ဘဝတစ်ပါးသို့ ပြောင်းသွားရကုန်သော ထိုသတ္တဝါတို့အား မိမိသည် ပြုအပ်သော ကောင်းမှုကံကိုထား၍ တစ်ပါးသော တည်ရာမည်သည် မရှိ၊ အကြင်အကြင် ဆိုအပ်ပြီးသောနည်းဖြင့် တစ်ခဏသာလျှင် တွေ့ကြုံဆုံဆည်းခြင်းရှိသော ဘဝတစ်ပါးသို့ ဆောင်ယူ၍ မသွားနိုင်ချေရကား စင်စစ် စွန့်ပစ်အပ်သော ဥစ္စာစည်းစိမ် အခြွေအရံ ပရိသတ် မှူးမတ် ဗိုလ်ပါအပေါင်းကို အမှီပြု၍ မေ့လျော့ခြင်းကို ပြုခြင်းငှာမသင့်၊ မမေ့မလျော့သည်ဖြစ်၍ တရားသဖြင့် မင်းပြုခြင်းငှာ သင့်၏။ ထိုစကားသည် မှန်၏။ ရှေးမင်းတို့သည် ဘုရားပွင့်တော်မမူပဲလျက်လည်း ပညာရှိတို့ အဆုံးအမ၌တည်၍ တရားသဖြင့် မင်းပြုခြင်းကြောင့် နတ်ပြည်ကို ပြည့်စေကုန်ဖူးပြီဟု မိန့်တော်မူ၍ ထိုကောသလမင်းသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... မြတ်သောမင်းကြီး လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသည် သားသမီး မရှိသည်ဖြစ်၍ ဆုတောင်းသော်လည်း သားသမီးကိုမရ။ ထိုဗြဟ္မဒတ်မင်းသည် တစ်နေ့သ၌ များစွာသော အခြံအရံဖြင့် ဥယျာဉ်တော်သို့ သွားပြီးလျှင် နေ့အဖို့ပတ်လုံး ဥယျာဉ်တော်၌ ကစားတော်မူ၍ မင်္ဂလာ အင်ကြင်းပင်အနီး၌ နေရာတော်ခင်းစေ၍ ထိုနေရာအထက်၌ စက်တော်ခေါ်၏။

ငှက်သိုက်ကို တွေ့ပြီ

အတန်ငယ် စက်တော်ခေါ်၍ နိုးတော်မူလျှင် အင်ကြင်းပင်ကို ကြည့်လတ်သော် ထိုအင်ကြင်းပင် အထက်၌ ငှက်သိုက်ကိုမြင်၏။ မြင်တော်မူသည်နှင့် တကွသာလျှင် ဗြဟ္မဒတ်မင်းအား ချစ်ခြင်းသည် ဖြစ်၏။ ထိုဗြဟ္မဒတ်မင်းသည် မင်းခစား ယောက်ျားတစ်ယောက်ကို ခေါ်တော်မူ၍ အင်ကြင်းပင်ထက်သို့တက်၍ ထိုငှက်သိုက်၌ တစ်စုံတစ်ခု ရှိသည်၏ အဖြစ်ကိုလည်းကောင်း၊ မရှိသည်၏ အဖြစ်ကိုလည်းကောင်း သိချေလော့ဟု ဆို၏။ ထို မင်းခစား ယောက်ျားသည် အရှင်မင်းကြီး ကောင်းပြီဟု ဆို၍ တက်လေလျှင် ထိုငှက်သိုက်၌ ဥသုံးလုံးတို့ကိုမြင်၍ ဗြဟ္မဒတ်မင်းအား တင်လျှောက်၏။ မင်းသည် ထိုသို့တပြီးကား ထိုငှက်ဥတို့၏အပေါ်၌ နှာခေါင်းလေကို မလွှတ်လင့်ဟု ဆို၍။ ပန်းပုံတောင်း၌ ဝါဂွမ်းစုကိုခင်း၍ ထို ဝါဂွမ်းစု၌သာလျှင် သုံးလုံးကုန်သော ငှက်ဥတို့ကိုထား၍ ဖြည်းညင်းသာယာ ဆင်းခဲ့လော့ ဟုဆို၍ ဆင်းစေပြီးလျှင် ပန်းပုံတောင်းတို့ကို လက်ဖြင့်ကိုင်၍။ အို... အမတ်များတို့ ဤငှက်ဥတို့ကား အဘယ်ငှက်ဥတို့နည်းဟု မှူးမတ်တို့ကို ဗြဟ္မဒတ်မင်း မေးတော်မူသည်ရှိသော်၊ အရှင်မင်းကြီး အကျွန်ုပ်တို့သည် မသိပါကုန်၊ မုဆိုးတို့သည် သိပါကုန်လတ္တံ့ဟု တင်လျှောက်ကုန်၏။

ငှက်ဥထိန်းကျောင်း မှူးမတ်ပေါင်း

ဗြဟ္မဒတ်မင်းသည် မုဆိုးတို့ကို ခေါ်တော်မူစေ၍ မေးတော်မူ၏။ မုဆိုးတို့သည် မြတ်သောမင်းကြီး ထိုသုံးလုံးကုန်သော ငှက်ဥတို့တွင် တစ်လုံးကား ခင်ပုပ်ဥ, တစ်လုံးကား ဆက်ရက်ဥ, တစ်လုံးအား ကျေးဥဟု တင်လျှောက်ကုန်၏။ အမောင်တို့ တစ်ခုတည်းသော အသိုက်၌ ငှက်မသုံးကောင်တို့၏ အဥတို့သည် ဖြစ်ကုန်မည်လောဟု မေးတော်မူသည်ရှိသော် အရှင်မင်းကြီး ဖြစ်ပါကုန်၏။ ဘေးရန်မရှိသော် ကောင်းစွာ ထားအပ်ကုန်သော အဥတို့သည် မပျက်စီးကုန်ဟု တင်လျှောက်ကြကုန်လျှင် ဗြဟ္မဒတ်မင်းသည် နှပ်သက်တော်မူ၍ ငှက်ဥတို့သည် သားတော်တို့သည် ဖြစ်ကုန်လတ္တံ့ ဟု နှလုံးသွင်း၍ ထို ဥသုံးလုံးတို့ကို အမတ်သုံးယောက်တို့အား အပ်နှင်း၍ ဤ ငှက်ဥတို့သည် ငါ၏ သားတော်တို့သည် ဖြစ်ကုန်လတ္တံ့၊ သင်တို့သည် ကောင်းစွာ စောင့်ရှောက်၍ ဥခွံမှ ပေါက်သောကာလ၌ ငါ့အား တင်လျှောက်ကြကုန်လော့ဟု ဆို၏။ ထိုအမတ်တို့သည် ငှက်ဥတို့ကို ကောင်းစွာ စောင့်ရှောက်ကုန်၏။

အမည်သညာ ဝေဿန္တရာ

ထိုသုံးလုံးသော ငှက်ဥတို့တွင် ခင်ပုပ်ဥသည် ရှေးဦးစွာပေါက်၏။ ထိုဥတော်ထိန်း အမတ်သည် မုဆိုးတစ်ယောက်ကို ခေါ်စေ၍ သင်သည် အမ၏အဖြစ်ကို လည်းကောင်း၊ အဖို၏ အဖြစ်ကိုလည်းကောင်း သိအောင်ပြုလော့ဟု ဆို၏။ ထိုမုဆိုးသည် စုံစမ်းဆင်ခြင်၍ အဖိုဟူ၍ ဆိုလတ်သော် ဗြဟ္မဒတ်မင်းသို့ကပ်၍ အရှင်မင်းကြီး အရှင်မင်းကြီး၏ သားတော်သည် ဖွားတော်မူပြီ ဟု တင်လျှောက်၏။ ဗြဟ္မဒတ်မင်းသည် နှစ်သက်တော်မူ၍ ထိုအမတ်အား များစွာသော ဥစ္စာတို့ ပေးတော်မူ၍ ငါ၏ သားငယ်ကို ကောင်းစွာ မွေးမြူလေလော့၊ ထိုသားငယ်အား ဝေဿန္တရာဟူသော အမည်ကိုလည်း မှည့်လော့ဟုဆို၍ လွှတ်လိုက်၏။ ထိုအမတ်သည် ဗြဟ္မဒတ်မင်းဆိုတိုင်း ပြု၏။

အမည်တွင်မည် ကုဏ္ဍလိနီ

ထိုနောက်မှ တစ်ရက် နှစ်ရက်လွန်သဖြင့် ဆက်ရက်ဥသည် ပေါက်ပြန်၏။ ထိုဆက်ရက် ဥတော်ထိန်း အမတ်သည်လည်း ထိုပေါက်သစ်စသော ဆက်ရက်ငယ်ကို မုဆိုးကို စုံစမ်းစေ၍ အမ တည်းဟု ကြား၍ ဗြဟ္မဒတ်မင်း အထံသို့သွား၍ အရှင်မင်းကြီး၏ သမီးတော်သည် ဖွားတော်မူပြီဟု တင်လျှောက်၏။ ဗြဟ္မဒတ်မင်းသည် နှစ်သက်သည်ဖြစ်၍ ထိုအမတ်အားလည်း များစွာသော ဥစ္စာကိုပေး၍ ငါ၏ သမီးတော်ကို ကောင်းစွာ မွေးမြူလေလော့၊ ထိုသမီးတော်အား ကုဏ္ဍလိနီဟူသော အမည်ကိုလည်း မှည့်လေလော့ဟု ဆို၍ လွှတ်လိုက်၏။ ထိုအမဘ်သည်လည်း ဗြဟ္မဒတ်မင်းဆိုတိုင်း ပြု၏။

ဇမ္ဗုက

တဖန် တစ်ရက် နှစ်ရက်လွန်သဖြင့် ကျေးဥသည် ပေါက်၏။ ထိုကျေးဥတော်ထိန်း အမတ်သည်လည်း ထိုပေါက်သစ်စသော ကျေးငယ်ကို မုဆိုးအား စုံစမ်းစေ၍ အဖိုဟူ၍ ဆိုလတ်သော် ဗြဟ္မဒတ်မင်း အထံသို့သွား၍ အရှင်မင်းကြီး အရှင်မင်းကြီး၏ သားတော်သည် ဖွားတော်မူပြီဟု တင်လျှောက်၏။ ဗြဟ္မဒတ်မင်းသည် နှစ်သက်တော်မူ၍ ထိုအမတ်အား များစွာသော ဥစ္စာကိုပေး၍ ငါ၏ သားတော်ကို ကောင်းစွာလုပ်ကျွေးလော့၊ ထို သားတော်အား များစွာသော အခြံအရံဖြင့် မင်္ဂလာပွဲခံ၍ ဇမ္ဗုကဟူသောအမည်ကို မှည့်လေလော့ဟု ဆို၍ လွှတ်လိုက်၏။ ထိုအမတ်သည်လည်း ဗြဟ္မဒတ်မင်းဆိုတိုင်း ပြု၏။

ဝေဿန္တရာ ပြဿနာဖြေခြင်း

ထိုငှက်သုံးကောင်တို့သည်လည်း အမတ်သုံးယောက်တို့၏ အိမ်တို့၌ မင်းသားတို့၏ အစောင့် အရှောက်ဖြင့်သာလျှင် ကြီးကုန်၏။ ဗြဟ္မဒတ်မင်းသည်လည်း ငါ၏သားတော်၊ ငါ၏သမီးတော် ဟု ခေါ်တော်မူ၏။ ထိုအခါ ဗြဟ္မဒတ်မင်းအား မှူးတော်မတ်တော်တို့သည် အချင်းချင်း ပြက်ရယ်ပြုကုန်၏။ အဘယ်သို့ ပြက်ရယ်ပြုကုန်သနည်းဟူမူကား အချင်းတို့ ငါတို့ အရှင်မင်းကြီး၏ အမူအရာတော်ကို သင်တို့သည် ကြည့်ကြကုန်လော့၊ တိရစ္ဆာန်တို့ကိုလျက်လည်း ငါ၏သားတော် ငါ၏သမီးတော်ဟု ခေါ်တော်မူလျက် သွားတော်မူဘိ၏တကားဟု ပြက်ရယ်ပြုကြကုန်၏။

ထိုစကားကိုကြား၍ ဗြဟ္မဒတ်မင်းသည် ကြံ၏။ ဤအမတ်တို့သည် သားတော် သမီးတော်တို့၏ ပညာနှင့်ပြည့်စုံခြင်းကို မသိကြလေကုန်၊ ထိုအမတ်တို့အား သိသာထင်ရှားအောင် ငါပြုအံ့ ဟု ကြံ၏။ ထိုသို့ကြံပြီးမှ အမတ်တစ်ယောက်ကို ဝေဿန္တရာ၏ အထံသို့ စေလိုက်၏။ အသို့စေလိုက်သနည်း ဟူမူကား အရှင့်သားတော် ဝေဿန္တရာ အရှင့်သားတော်တို့၏ ခမည်းတော်မင်းမြတ်သည် ပြဿနာကို မေးလို၏။ အဘယ်အခါ၌ လာလတ်၍ မေးစိမ့်သောငှာ အလိုရှိသနည်းဟု မေးချေလော့ဟု စေတော်မူလိုက်၏။ အမတ်သည် သွား၍ ဝေဿန္တရာကို ရှိခိုးလျက် ထိုစေတော်မူလိုက်သော အခြင်းအရာကို ကြား၏။ ထိုစကားကို ကြား၍ ဝေသဿန္တရာသည် မိမိအထိန်းတော် အမတ်ကို ခေါ်စေ၍ အချင်းအထိန်းတော် ကြားရသည်ကား ငါ၏ခမည်းတော် မင်းမြတ်သည် ငါ့အား ပြဿနာကို မေးတော်မူလို၏။ ဤငါတို့အိမ်သို့ ကြွတော်မူလာသောအခါ ထိုခမည်းတော် မင်းမြတ်အား ပူဇော်သက္ကာရကို ပြုခြင်းငှာ သင့်၏။ ဘယ်အခါ၌ ကြွတော်မူလာစေရမည်နည်း ဟု မေး၏။ အထိန်းတော် အမတ်သည် အရှင့်သား ဤနေ့မှ ခုနစ်ရက်မြောက်သော နေ့၌ ကြွလာတော်မူပါစေ ဟု ပြန်လျှောက်၏။ ထိုအထိန်းတော်အမတ် ပြန်လျှောက်သော စကားကိုကြား၍ ဝေဿန္တရာသည် ငါ၏ခမည်းတော် မင်းမြတ်သည် ဤနေ့မှ ခုနစ်ရက်မြောက်သောနေ့၌ ကြွတော်မူလာစေလော့ ဟု ဆို၍ လွှတ်လိုက်၏။

ထိုအမတ်သည် လာလတ်၍ ဗြဟ္မဒတ်မင်းအား တင်လျှောက်၏။ ဗြဟ္မဒတ်မင်းသည် ခုနစ်ရက်မြောက်သောနေ့၌ ဗာရာဏသီမြို့တော်အလုံးဝယ် စည်လည်စေ၍ သားတော် ဝေဿန္တရာ၏ နေရာသို့ ကြွတော်မူ၏။ သားတော် ဝေဿန္တရာသည် ခမည်းတော် ဗြဟ္မဒတ်မင်းအား များစွာသော ပူဇော်သက္ကာရကို ပြုစေ၏။ အယုတ်သဖြင့် ကျေးတော်မျိုး ကျွန်တော်မျိုး အမှုထမ်းတို့အားသော်လည်း ပူဇော်သက္ကာရကို ပြုစေ၏။ ဗြဟ္မဒတ်မင်းသည် ဝေဿန္တရာ အမည်ရှိသော ခင်ပုပ်ငှက်၏ နေအိမ်၌ စားတော်ခေါ်၍ များစွာသော စည်းစိမ်ကို ခံစားတော်မူခဲ့ပြီးလျှင် မိမိနေရာ နန်းတော်သို့ လာလတ်၍ ညီလာခံရာ မင်းရင်ပြင်၌ ကြီးစွာသော မဏ္ဍပ်ကိုဆောက်၍ ဗာရာဏသီမြို့အလုံး၌ စည်လည်စေ၍ တန်ဆာ ဆင်အပ်ပြီးသော မဏ္ဍပ်အလယ်၌ လူများအပေါင်းကို ခြံရံလျက် နေတော်မူ၍ ဝေဿန္တရာကို ဆောင်ခဲ့လော့ ဟု အမတ်ထံသို့ စေတော် မူလိုက်၏။ အထိန်းတော်အမတ်သည် ဝေဿန္တရာကို ရွှေအင်းပျဉ်၌ နေစေ၍ ဆောင်ယူခဲ့၏။ ဝေဿန္တရာ အမည်ရှိသော ခင်ပုပ်ငှက်သည် ခမည်းတော် ဗြဟ္မဒတ်မင်း၏ ရင်ခွင်တော်၌နေ၍ ခမည်းတော် မင်းမြတ်နှင့်တကွ ကစား၍, သွား၍ ရွှေအင်းပျဉ်၌သာလျှင် နေ၏။ ထိုသို့ နေသောအခါ သားတော် ဝေဿန္တရာကို ခမည်းတော် ဗြဟ္မဒတ်မင်းသည် လူများအလယ်၌ မင်းကျင့်တရားကို မေးတော်မူလိုကား-

။ ဝေဿန္တရံ တံ ပုစ္ဆာမိ၊ သကုဏ ဘဒ္ဒမတ္ထု တေ။
ရဇ္ဇံ ကာရေတုကာမေန၊ ကိံသု ကိစ္စံ ကတံ ဝရံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁။ သကုဏ၊ ဝေဿန္တရာမည်ရ သားငှက်လှ။ တေ၊ သင် ချစ်သားအား။ ဘဒ္ဒံ၊ ကောင်းမြတ်လှစွာ မင်္ဂလာသည်။ အတ္ထု၊ ဖြစ်စေသတည်း။ ဝေဿန္တရံ၊ ဆန်းကြယ် ပြောက်ကျားသော အရောင်တို့ဖြင့် ဖုံးလွှမ်းအပ်သောကြောင့် ဝေဿန္တရာ အမည်ရှိသော။ တံ၊ သင်ချစ်သားကို။ ပုစ္ဆာမိ၊ မေးပါအံ့။ ရဇ္ဇံ၊ မင်းအဖြစ်ကို။ ကရေတုကာမေန၊ ပြုလိုသောသူသည်။ ကိံသု ကိစ္စံ၊ အဘယ်အမှုကို။ ကတံ၊ ပြုရခြင်းသည်။ ဝရံ၊ မြတ်သနည်း။ တာတ၊ ချစ်သား ဝေဿန္တရာ။ တွံ၊ သင် ချစ်သားသည်။ ကထေဟိ၊ ဖြေပါလော့။

ထိုစကားကိုကြား၍ ဝေဿန္တရာသည် ပြဿနာကို မဖြေသေးပဲ ရှေးဦးစွာ ဗြဟ္မဒတ်မင်းကို မေ့လျော့ခြင်းဖြင့် အပြစ်တင်လိုရကား-

။ စိရဿံ ဝတ မေ တာတော၊
ကံသော ဗာရာဏသိဂ္ဂဟော။
ပမတ္တော အပ္ပမတ္တံ မံ၊ ပိတာ ပုတ္တံ အစောဒယိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၂။ ဗာရာဏသိဂ္ဂဟော၊ ဗာရာဏသီပြည်သား လူအများကို လေးပါးသော သင်္ဂဟဝတ္ထုဖြင့် ချီးမြှင့်တော်မူတတ်သော။ ကံသော၊ ကံသအမည်ရှိသော။ တာတော၊ ခမည်းတော်မင်းမြတ်သည်။ ဝတ၊ စင်စစ်။ မေ၊ အကျွန်ုပ်၏။ သန္တိကေ၊ အထံ၌။ ဝသန္တော၊ နေတော်မူပါလျက်။ စိရဿံ၊ ကြာမြင့်စွာ။ ပမတ္တော၊ မေ့လျော့တော်မူလျက်။ အပ္ပမတ္တံ၊ မမေ့မလျော့သော။ ပုတ္တံ၊ သားတော်ဖြစ်သော။ မံ၊ အကျွန်ုပ်ကို။ ပိတာ၊ မွေးမြူပေသော ခမည်းတော်မင်းမြတ်သည်။ အဇ္ဇ၊ ယခုမှ။ အစောဒယိ၊ မေးတော်မူဘိ၏။

ဤသို့ ထိုဝေဿန္တရာသည် ဤဂါထာဖြင့် အပြစ်တင်၍ မြတ်သောမင်းကြီး မင်းမည်သည်ကား သုံးပါးကုန်သောတရားတို့၌ တည်၍ တရားသဖြင့် မင်းပြုရာ၏ဟု ဆို၍ မင်းကျင့်တရားကို ဟောလိုရကား.

။ ပဌမေနေဝ ဝိတထံ၊ ကောဓံ ဟာသံ နိဝါရယေ။

တတော ကိစ္စာနိ ကာရေယျ၊

တံ ဝတံ အာဟု ခတ္တိယ။

။ ယံ တွံ တာတ တပေါ ကမ္မံ၊ ပုဗ္ဗေ ကတမသံသယံ။

ရတ္တော ဒုဋ္ဌော စယံ ကယိရာ၊

န တံ ကယိရာ တတော ပုန။

။ ခတ္တိယဿ ပမတ္တဿ၊ ရဋ္ဌသ္မိံ ရဋ္ဌဝဍ္ဎန။

သဗ္ဗေ ဘောဂါ ဝိနဿန္တိ၊ ရညော တံ ဝုစ္စတေ အဃံ။

။ သိရီ တာတ အလက္ခီ စ၊ ပုစ္ဆိတာ ဧတဒဗြဝု။

ဥဋ္ဌာနဝီရိယေ ပေါသေ၊ ရမာဟံ အနုသူယကေ။

။ ဥသူယကေ ဒုဟဒယေ၊ ပုရိသေ ကမ္မဒုဿကေ။

ကာဠကဏ္ဏီ မဟာရာဇ၊ ရမတိ စက္ကဘဉ္ဇနီ။

။ သော တွံ သဗ္ဗေ သုဟဒယော၊

သဗ္ဗေသံ ရက္ခိတော ဘဝ။

အလက္ခိံ နုဒ မဟာရာဇ၊ လက္ချာ ဘဝ နိဝေသနံ။

။ သလက္ခီ ဓိတိသမ္ပန္နော၊ ပုရိသော ဟိ မဟဂ္ဂတော၊

အမိတ္တာနံ ကာသိပတိ၊ မူလံ အဂ္ဂဉ္စ ဆန္ဒတိ။

၁၀။ သက္ကောပိ ဟိ ဘူတပတိ၊ ဥဋ္ဌာနေ နပ္ပမဇ္ဇတိ။

သကလျာဏေ ဓိတိံ ကတွာ၊

ဥဋ္ဌာနေ ကုရုတေ မနော။

၁၁။ ဂန္ဓဗ္ဗာ ပိတရော ဒေဝါ၊ သာဇီဝါ ဟောန္တိ တာဒိနော။

ဥဋ္ဌာဟတော အပ္ပမဇ္ဇတော၊ အနုတိဋ္ဌန္တိ ဒေဝတာ။

၁၂။ သော အပ္ပမတ္တော အက္ကုဒ္ဓေါ၊
တာတ ကိစ္စာနိ ကာရယ။

ဝါယမဿု စ ကိစ္စေသု၊ နာလသော ဝိန္ဒတေ သုခံ။

၁၃။ တတ္ထေဝ တေ ဝတ္တပဒါ၊ ဧသာဝ အနုသာသနီ။

အလံ မိတ္တေ သုခါပေတုံ၊ အမိတ္တာနံ ဒုခါယ စ။

ဟူသော တစ်ဆယ့်တစ်ဂါထာကို ဆို၏။

၃။ တာတ၊ ခမည်းတော်မင်းမြတ် ဗြဟ္မဒတ်။ ရာဇာ နာမ၊ မင်းမည်သည်ကား။ ပဌမေနေဝ၊ ရှေးဦးမဆွက သာလျှင်။ ဝိတထံ၊ မမှန်စကား မုသားဆိုခြင်းကိုလည်းကောင်း။ ကောဓံ၊ အမျက်ထွက်ခြင်းကို လည်းကောင်း။ ဟာသံ၊ ပေါ်လွင် ရွှင်မြူးခြင်းကို လည်းကောင်း။ နိဝါရယေ၊ ကြဉ်ရှောင်ရာ၏။ တတော၊ ထို နောင်မှ။ ကိစ္စာနိ၊ တိုင်းနိုင်ငံသူ ရှင်လူတို့၏ စီရင်ဖွယ် ကိစ္စတို့ကို။ ကာရေယျ၊ စီရင်ဆုံးဖြတ်ရာ၏။ ခတ္တိယ၊ ခမည်းတော်မင်းမြတ်။ ယံ ဝစနံ၊ အကြင် မုသာဝါဒ အမျက်ဒေါသ ပေါ်လွင်ရှင်မြူခြင်းတို့ကို ကြဉ်ရှောင်၍ တိုင်းရေး ပြည်ရေးတို့ကို စီရင်ရာ၏ဟူသော စကားကို။ မယာ၊ အကျွန်ုပ်သည်။ ဝုတ္တံ၊ ဆိုအပ်ပြီ။ တံ၊ ထို အကျွန်ုပ်ဆိုအပျပြီးသော ကျင့်ဝတ်တရားကို။ ဝတံ၊ မင်းကျင့်တရားဟူ၍။ ပေါရာဏပဏ္ဍိတာ၊ ရှေးပညာရှိတို့သည်။ အာဟု၊ ဆိုတော်မူကုန်ပြီ။

၄။ တာတ၊ ခမည်းတော်မင်းမြတ်။ တွံ၊ ခမည်းတော်ဘုရား မင်းတရားသည်။ ရတ္တော၊ တပ်စွန်းတော်မူသည်ဖြစ်၍။ ဒုဋ္ဌော၊ မျက်တော်မူသည်ဖြစ်၍။ ယံ ကမ္မံ၊ အကြင် အမှုကို။ ကယိရာ၊ ပြုတော်မူရာ၏။ ပုဗ္ဗေ၊ ရှေး၌။ ကတံ၊ ပြုအပ်သော။ ယံ ကမ္မံ၊ အကြင် အမှုကို။ တွံ၊ ခမည်းတော်ဘုရား မင်းတရားသည်။ ပစ္ဆာ၊ နောက်ပြီးတစ်ဖန်။ အသံသယံ၊ မချွတ်။ တပေါ၊ စိုးရိမ်တော်မူရရာ၏။ တံ ကမ္မံ၊ ထို နောက်ပြီးတစ်ဖန် ပူပန်စေတတ်သော အမှုကို။ တတော၊ ထိုရှေး၌ ပြုပြီးသည်မှ။ ပုန၊ တစ်ဖန်။ န ကယိရာ၊ ပြုတော်မမူလင့်။

၅။ ရဋ္ဌဝဍ္ဎန၊ နိုင်ငံတော်သား လူအများကို ပွားစေတတ်သောမင်းမြတ်ဖခင် ဘဝရှင်။ ပမတ္တဿ၊ မေ့လျော့သော။ ခတ္တိယဿ၊ ပြည့်ရှင်မင်း၏။ ရဋ္ဌသ္မိံ၊ တိုင်းနိုင်ငံ၌။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ဘောဂါ၊ စည်းစိမ်တို့သည်။ ဝိနဿန္တိ၊ ပျက်စီးကုန်၏။ တံ ဘောဂဝိနာသံ၊ ထိုတိုင်းနိုင်ငံ၌ စည်းစိမ်ဥစ္စာပျက်စီးခြင်းကို။ ရညော၊ ပြည့်ရှင်မင်း၏။ အဃံ၊ ဆင်းရဲဟူ၍။ ပေါရာဏပဏ္ဍိတာ၊ ရှေးပညာရှိတို့သည်။ ဝုစ္စတေ-ဝုစ္စန္တိ၊ ဆိုတော်မူကုန်၏။ တသ္မာ၊ ထိုကြောင့်။ တွံ၊ ဖခင်မင်းမြတ် လောကနတ်သည်။ မာ ပမဇ္ဇ၊ မေ့လျော့တော်မမူလင့်။

၆။ တာတ၊ ရေမြေပိုင်သ လောကသေဌ်နင်း ခမည်းမင်း။ သိရီ စ၊ သိရီနတ်သမီး လည်းကောင်း။ အလက္ခီ စ၊ အလက္ခီနတ်သမီး လည်းကောင်း။ ဣတိ၊ ဤသို့။ ပုစ္ဆိတာ၊ ဗာရာဏသီပြည်၌ သုစိပရိဝါရ ရှင်သူဌေးသည် မေးအပ်သော။ ဧတာ ဒေဝဓီတာ၊ ထိုနတ်သမီးတို့သည်။ ဧတံ ဝစနံ၊ ထိုစကားကို။ အဗြဝုံ၊ ဆိုကြကုန်ပြီ။ တာတ၊ ခမည်းတော်မင်းမြတ်။ တာသု၊ ထို နှစ်ယောက်ကုန်သော် နတ်သမီးတို့တွင်။ သိရီ၊ သိရီနတ်သမီးသည်။ ဘော မဟာသေဋ္ဌိ၊ အိုသုစိပရိဝါရ ရှင်သူဌေးကြီး။ အဟံ၊ ငါသည်။ ဥဋ္ဌာနေ၊ ထကြွခြင်းရှိသော။ ဝီရိယေ၊ လုံ့လရှိသော။ အနုသူယကေ၊ သူတစ်ပါးစည်းစိမ်ကို မငြူစူတတ်သော။ ပေါသေ၊ ယောက်ျား၌။ ရမာ၊ မွေ့လျော်၏။ ဣတိ၊ ဤသို့။ တာဝ၊ ရှေးဦးစွာ။ အာဟ၊ ဆိုဖူး၏။

၇။ တာတ၊ ခမည်းတော်မင်းမြတ်။ အလက္ခီ ပန၊ အလက္ခီနတ်သမီးသည်ကား။ ဘော မဟာသေဋ္ဌိ၊ အို- သုစိပရိဝါရ ရှင်သူဌေးကြီး။ အဟံ၊ ငါသည်။ ဥသူယကေ၊ သူတစ်ပါးစည်းစိမ်ကို ငြူစူတတ်သော။ ဒုဟဒယေ၊ မကောင်းသော စိတ်ရှိသော။ ကမ္မဒုဿကေ၊ ကုသိုလ်ကောင်းမှုကို ဖျက်ဆီးတတ်သော။ ပုရိသေ၊ ယောက်ျား၌။ ရမာ၊ မွေ့လျော်၏။ ဣတိ၊ ဤသို့။ အာဟ၊ ဆိုဖူး၏။ မဟာရာဇ၊ မြတ်သော ခမည်းတော်မင်းကြီး။ ဧဝံ၊ ဤဆိုအပ်ပြီးသောနည်းဖြင့်။ စက္ကဘဉ္ဇနီ၊ ကုသိုလ်စက်ကို ဖျက်ဆီးတတ်သော။ ကာဠကဏ္ဏီ၊ အလက္ခီ နတ်သမီးသည်။ ဥသူယကေ၊ သူတစ်ပါးစည်းစိမ်ကို ငြူစူတက်သော။ ဒုဟဒယေ၊ မကောင်းသောစိတ်ရှိသော။ ကမ္မ ဒုဿကေ၊ ကုသိုလ်ကောင်းမှုကို ဖျက်ဆီးတတ်သော။ ပုရိသေ၊ ယောက်ျားယုတ်၌။ ရမတိ၊ မွေ့လျော်ချေ၏။

၈။ မဟာရာဇ၊ ကာသိတိုင်းရှင် ဖခင်မင်းမြတ် လောကနတ်။ သော တွံ၊ ထိုရေမြေစိုးရ လောကသေဌ်နင်း တရားမင်းသည်။ သဗ္ဗေ-သဗ္ဗသ္မိံ၊ တိုင်းနိုင်ငံသူ ရှင်လူအလုံး၌။ သုဟဒယော၊ ကောင်းမြတ်သော ရွှေနှလုံးတော်ရှိသည်ဖြစ်၍။ သဗ္ဗေသံ၊ အလုံးစုံကုန်သော တိုင်းပြည်သူတို့အား။ ရက္ခိတေ၊ စောင့်ရှောက် မစတော်မူသည်။ ဘဝ၊ ဖြစ်တော်မူလော့။ အလက္ခီ၊ အလက္ခီ နတ်သမီးကို။ နုဒ၊ နှင်ထုတ်တော်မူလော့။ လက္ချာ၊ သိရီနတ်သမီး၏။ နိဝေသနံ၊ တည်ရာသည်။ ဘဝ၊ ဖြစ်တော်မူလော့။

၉။ ကာသိပတိ၊ ကာသိတိုင်းရှင် ဖခင်မင်းမြတ်။ လက္ခီ ဓိပတိသမ္ပန္နော၊ ပညာလုံ့လနှင့် ပြည့်စုံသော။ မဟဂ္ဂတော၊ မြတ်သောဆန္ဒရှိသော။ သ-သော ပုရိသော၊ ထိုယောကျ်ားသည်။ အမိတ္တာနံ၊ ရန်သူတို့၏။ မူလဉ္စ၊ အရင်းကိုလည်းကောင်း။ အဂ္ဂဉ္စ၊ အဖျားကို လည်းကောင်း။ ဆိန္ဒတိ၊ ဖြတ်ရာ၏။

၁၀။ ဘူတပတိ၊ ကာသိတိုင်းသား လူများသခင် ဖနတ်ရှင်။ တွံ၊ ဖခင်မင်းမြတ် လောကနတ်သည်။ မမ၊ အကျွန်ုပ်အား။ ဝါယမဿုဿ၊ လုံ့လပြုတော်မူလော့။ ဓိတိသမ္ပန္နော၊ လုံ့လနှင့် ပြည့်စုံသောသူသည်။ အမိတ္တာနံ၊ ရန်သူတို့၏။ မူလံ၊ အမြစ်အညွန့်ကို။ ဆိန္ဒတိ၊ ဖြတ်ရာ၏။ ဣတိ၊ ဤသို့။ တွံ၊ သင်သားတော် ဝေဿန္တရာသည်။ ဩဝါဒေသိ၊ ဆုံးမတော်မူ၏။ အဟံ၊ ငါသည်။ အမိတ္တာနံ၊ ရန်သူတို့၏။ မူလဂ္ဂဆေဒကော၊ အမြစ်အညွန့်ကို ဖြတ်တတ်သော။ ရာဇာ၊ ရေမြေစိုးရ ဘဝသေနင်း အရှင်မင်းသည်။ အမှီနနု၊ ဖြစ်သည်မဟုတ်တုံလော။ တဝ၊ သားတော်အမောင် ဝေသန္တရာ ငှက်လိမ္မာ၏။ ဩဝါဒဝစနံ၊ ဆုံးမတော်မူသော စကားသည်။ ကထံ ယုဇ္ဇတိ၊ အသို့ သင့်ပါမည်နည်း။ ဣတိ၊ ဤသို့။ ဝဒေယျ စေ၊ ဆိုတော်မူငြားအံ့။ ယံ ဩဝါဒဝစနံ၊ အကြင် ဆုံးမသောစကားကို။ မယာ၊ ငါသည်။ ဝုတ္တံ၊ ဆိုအပ်၏။ တံ ဩဝါဒ ဝစနံ၊ ထိုဆုံးသောစကားသည်။ ဟိ-ယုတ္တံ၊ သင့်၏။ သက္ကောပိ၊ သိကြားမင်းစင်လျက်လည်း။ ဥဋ္ဌာနေ၊ လုံ့လ ဝီရိယ၌။ နပ္ပမဇ္ဇတိ၊ မမေ့မလျော့ချေ။ သော သက္ကော၊ ထိုသိကြားမင်းသည်။ ကလျာဏေ၊ ကုသိုလ်ကောင်းမှု၌သာလျှင်။ ဓိတိံကတွာ၊ လုံ့လဝါယမပြု၍။ ဥဋ္ဌာနေ၊ အားထုတ်ခြင်း၌။ မနော၊ စိတ်ကို။ ကုရုတေ၊ ပြုပါသေး၏။ တသ္မာ၊ ထို့ကြောင့်။ ယုတ္တံ၊ သင့်၏။

၁၁။ ဂန္ဓဗ္ဗာ၊ ဂန္ဓဗ္ဗနတ်တို့သည်လည်းကောင်း။ ပိတရော၊ ဗြဟ္မာတို့သည်လည်းကောင်း။ ဒေဝါ၊ ကာမာဝစရ နတ်ပြည်ခြောက်ထပ် နတ်တို့သည်လည်းကောင်း။ တာဒိနော၊ ထိုသို့သဘောရှိကုန်သော။ ဥဋ္ဌာဟတော၊ ကုသိုလ်ကောင်းမှု၌ လုံ့လပြုထသော။ အပ္ပမဇ္ဇတော၊ ကုသိုလ်ကောင်းမှု၌ မမေ့မလျော့သောသူနှင့်။ သာဇီဝါ၊ တူသော အသက်မွေးခြင်း ရှိကုန်သည်။ ယသ္မာ၊ အကြင့်ကြောင့်။ ယောန္တိ၊ ဖြစ်ကုန်၏။ တသ္မာ၊ ထို့ကြောင့်။ ဒေဝတာ၊ ဗြဟ္မာတို့သည်။ တာဒိနော၊ ထိုသို့သဘောရှိသောသူအား။ အနုတိဋ္ဌန္တိ၊ စောင့်ရှောက်ကုန်၏။

၁၂။ တာတ၊ ဖခင်မင်းမြတ် ပြည်ကြီးနတ်။ သော တွံ၊ ထို ဖခင်မင်းမြတ် လောကနတ်သည်။ အပ္ပမတ္တော၊ မမေ့မလျော့။ အက္ကုဒ္ဓေါ၊ အမျက် ထွက်တော်မမူပဲ။ ကိစ္စာနိ၊ တိုင်းရေး ပြည်ရေးတို့ကို။ ကာရယ၊ ကိုယ်တော်တိုင် စီရင်ခန့်ထားတော်မူလော့။ ဝါယမဿု၊ လုံ့လပြုတင်မူလော့။ သကိစ္စေသု၊ မိမိအမှုတို့၌။ အလသော၊ ပျင်းရိသောသူသည်။ သုခံ၊ ချမ်းသာကို။ န ဝိန္ဒတေ၊ မရနိုင်ရာချေ။

၁၃။ တာတ၊ ခမည်းတော်မင်းမြတ် ဗြဟ္မဒတ်။ တတ္ထေဝ၊ ဖခင်မင်းမြတ်၏ ကိံသု ကိစ္စံ ကတံ ဝရံ ဟူသော ပြဿနာ၌သာလျှင်။ ဝုတ္တာ၊ အကျွန်ုပ် ဖြေဆိုအပ်ကုန်သော။ ဧတေ၊ ထို ပဌမေနေဝ ဝိတထံ အစရှိသည်တို့သည်။ ဝတ္တပဒါ၊ မင်းကျင့်တရား အစုတို့တည်း။ ဧတ္ထ၊ ဤ မင်းကျင့်တရား အစု၌။ တွံ၊ ခမည်းတော် မင်းမြတ်သည်။ ဝတ္တဿု၊ ကျင့်တော်မူလော့။ ဧသာဝ၊ ဤသည်သာလျှင်။ အနုသာသနီ၊ ခမည်းတော်မင်းမြတ်အား အကျွန်ုပ်သည် ပေးအပ်သော အဆုံးအမတည်း။ ဧဝံ ဝတ္တမာနော၊ ဤသို့ အကျွန်ုပ်ဆုံးမတိုင်း ကျင့်သောမင်းသည်။ မိတ္တ၊ ချစ်ခင်လေးမြတ်ကုန်သော မိဖုရား သားတော် သမီးတော် အစရှိကုန်သော သူတို့ကို။ သုခါပေတုံ စ၊ ချမ်းသာစေတော်မူခြင်းငှာ လည်းကောင်း။ အမိတ္တာနံ၊ ရန်သူတို့ကို။ ဒုက္ခာယ စ၊ ဆင်းရဲစိမ့်သောငှာ လည်းကောင်း။ အလံ၊ စွမ်းနိုင်ပါ၏။

ဝေဿန္တရာအား စစ်ဗိုလ်ချုပ်ကြီးခန့်ပြီ

ဤသို့လျှင် ဝေသန္တရာ အမည်ရှိသော ခင်ပုပ်ငှက်သည် တစ်ဂါထာဖြင့် ဗြဟ္မဒတ်မင်းကို မေ့လျော့ခြင်း၌ အပြစ်တင်ပြီး၍ တစ်ဆယ် တစ်ဂါထာတို့ဖြင့် မင်းကျင့်တရားကို ဟောသည်ရှိသော် ဘုရားကဲ့သို့ တင့်တယ်ခြင်းဖြင့် ပြဿနာကို ဖြေဆို၏ ဟု လူများသည်အံ့ဖွယ်သရဲ မဖြစ်ဘူးမြဲသော စိတ်ရှိသည်ဖြစ်၍ များစွာကုန်သော သာဓုခေါ်ခြင်းတို့ကို ဖြစ်စေ၏။

ဗြဟ္မဒတ်မင်းသည် ဝမ်းမြောက်ခြင်းကို ရသည်ဖြစ်၍ မှူးတော် မတ်တော်တို့ကို ခေါ်တော်မူ၍ အမတ်တို့ ဤသို့ မင်းကျင့်တရားကို ဟောပေသော ငါ၏သားတော်ဖြစ်သော ဝဿန္တရာသည် အဘယ်သူသည် ပြုအပ်သောကိစ္စကို ပြုသင့်သနည်း ဟု မေးတော်မူ၏။ အရှင်မင်းကြီး ဝေဿန္တရာအား စစ်ဗိုလ်ချုပ်ကြီးသည် ပြုအပ်သော ကိစ္စကို ပြုသင့်ပါ၏ ဟု တင်လျှောက်ကုန်လတ်သော် ထိုသို့ စစ်ဗိုလ်ချုပ်ကြီးအရာနှင့် သင့်မူကား ထိုငါ့သားတော် ဝေဿန္တရာအား စစ်ဗိုလ်ချုပ်ကြီးအရာကို ပေးတော်မူ၏ ဟု ဝေဿန္တရာကို အရာအထူး၌ထားတော်မူ၏။ ထို ဝေဿန္တရာသည် စစ်ဗိုလ်ချုပ်ကြီးအရာကို ရသောအခါမှစ၍ စစ်ဗိုလ်ချုပ်ကြီးအရာ၌ တည်လျက် ခမည်းတော် ဗြဟ္မဒတ်မင်း၏ အမှုကြီးငယ်ကို စီရင်၏။

ဝေဿန္တရာငှက်သည် ဖြေဆိုအပ်သော ပြဿနာသည် ပြီး၏။

ကုဏ္ဍလိနီ တရားဟောခြင်း

တစ်ဖန် ဗြဟ္မဒတ်မင်းသည် တစ်ရက်နှစ်ရက် လွန်သဖြင့် ရှေးနည်းဖြင့်သာလျှင် ကုဏ္ဍလိနီ၏ အထံသို့ တမန်စေ၍ ခုနစ်ရက်မြောက်သော နေ့၌ ထိုကုဏ္ဍလိနီ၏ နေရာ အိမ်သို့သွား၍ တစ်ဖန် ပြန်လည်ခဲ့ပြီးလျှင် ရှေးမဏ္ဍပ်အလည်၌လျှင် နေ၍ ကုဏ္ဍလိနီကို ဆောင်ခဲ့စေပြီးလျှင် ရွှေအင်းပျဉ်၌နေသော ကုဏ္ဍလိနီကို မင်းကျင့်တရားကို မေးလိုရကား-

၁၄။ သက္ခိသိ တွံ ကုဏ္ဍလိနီ၊ မညသိ ခတ္တဗန္ဓုနီ။
ရဇ္ဇံ ကာရေတုကာမေန၊ ကိံသု ကိစ္စံ ကတံ ဝရံ။

ဟူသော ဤဂါထာကို ဆို၏။

၁၄။ ခတ္တဗန္ဓုနီ၊ စစ်ဗိုလ်ချုပ်ကြီး၏ နှမဖြစ်သော။ ကုဏ္ဍလိနီ၊ နားနှစ်ဖက်တို့၌ ထိန်လက်ရောင်မောင်း နားတောင်းသဏ္ဌာန် အလျှံစွေးစွေး နှစ်ခုသောအရေးကြောင့် မည်ပေးသညီ ရှင်မ ကုဏ္ဍလိနီ။ တွံ၊ သင် ရှင်မသည်။ သက္ခသိ၊ ဖြေစွမ်းနိုင်ပါမည်လော။ မညသိ၊ ငါ မေးတော်မူသော ပြဿနာ၏ အနက်ကို သိပါလတ္တံ့လော။ သက္ကောန္တီ၊ ဖြေစွမ်းနိုင်ပါမူကား။ တံ၊ ရှင်မကို။ ပုစ္ဆိဿာမိ၊ ငါ မေးတော်မူအံ့။ ရဇ္ဇံ၊ မင်း အဖြစ်ကို။ ကာရေတုကာမေန၊ ပြုလိုသောသူသည်။ ကိံသု ကိစ္စံ၊ အဘယ် အကျင့်ကို။ ကတံ၊ ကျင့်ခြင်းသည်။ ဝရံ၊ မြတ်သနည်း။

ထိုကုဏ္ဍလိနီသည် ဤ သက္ခိသိ အစရှိသော တစ်ဂါထာဖြင့် ဗြဟ္မဒတ်မင်းသည် မင်းကျင့်တရားကို မေးသည်ရှိသော် ခမည်းတော်မင်းမြတ် သင်ခမည်းတော် မင်းမြတ်သည် မိန်းမငယ်မည်သည်ကား အဘယ်မှာ ဖြေဆိုနိုင်အံ့နည်းဟု စုံစမ်းတော်မူယောင်တကား၊ ဖခင် မင်းမြတ်အား အလုံးစုံသော မင်းကျင့်တရားကို နှစ်ခုသော အကြောင်းတို့၌သာလျှင် ထည့်သွင်း၍ ဟောပါအံ့ ဟု ဆို၍ ဟောလိုရကား-

၁၅။ ဒွေဝ တာတ ဝဒကာနီ၊ ယတ္ထ သဗ္ဗံ ပတိဋ္ဌိတံ။
အလဒ္ဓဿ စ ယော လာဘော၊ လဒ္ဓဿ စာနုရက္ခဏာ။
၁၆။ အမစ္စေ တာတ ဇာနာဟိ၊ ဓီရေ အတ္ထဿ ကောဝိဒေ။
အနက္ခာ ကိတဝေ တာတ၊ အသောဏ္ဍေ အဝိနာသကေ။
၁၇။ ယော စ တံ တာတ ရက္ခေယျ၊ ဓနံ ယဉ္စေဝ တေ သိယာ။
သူတောဝ ရထံ သံဂဏှေ၊ သော တေ ကိစ္စာနိ ကာရယေ။
၁၈။ သုသင်္ဂဟိတန္တဇနော၊ သယံ ဝိတ္တံ အဝေက္ခိယ။
နိဓိဉ္စ ဣဏဒါနဉ္စ၊ န ကရေ ပရပတ္တိယာ။
၁၉။ သယံ အာယံ ဝယံ ဇညာ၊ သယံဇညာ ကတာကတံ။
နိဂ္ဂဏှေ နိဂ္ဂဟာရဟံ၊ ပဂ္ဂဏှေ ပဂ္ဂဟာရဟံ။
၂၀။ သယံ ဇာနပဒံ အတ္ထံ၊ အနုသာသ ရထေသဘ။
မာ တေ အဓမ္မိကာ ယုတ္တာ၊ ဓနံ ရဋ္ဌဉ္စ နာသယုံ။
၂၁။ မာ စ ဝေဂေန ကိစ္စာနိ၊ ကရောသိ ကာရယေ သိဝါ။
ဝေဂသာ ဟိ ကတံ ကမ္မံ၊ မန္ဒော ပစ္ဆာနုတပ္ပတိ။
၂၂။ မာ တေ အဓိသရေ မုဉ္စ၊ သုဗာဠမဓိကောပိတံ။
ကောဓသာ ဟိ ဗဟု ဖီတာ၊ ကုလာ အကုလတံ ဂတာ။
၂၃။ မာ တာတ ဣဿရောမှီတိ၊ အနတ္ထာယ ပတာရယိ။
ဣတ္ထီနံ ပုရိသာနဉ္စ၊ မာ တေ အာသိ ဒုခုဒြယော။
၂၄။ အပေတလောမဟံသဿ၊ ရညော ကာမာနုသာရိနော။
သဗ္ဗေ ဘောဂါ ဝိနဿန္တိ၊ ရညော တံ ဝုစ္စတေ အဃံ။
၂၅။ တတ္ထေဝ တေ ဝတ္တပဒါ၊ ဧသာဝ အနုသာသနီ။
ဒက္ခဿုဒါနိ ပုညကရော၊ အသောဏ္ဍော အဝိနာသကော။
သီလဝါဿု မဟာရာဇ၊ ဒုဿီလော ဝိနိပါတိကော။

ဟူသော တစ်ဆယ့်တစ်ဂါထာတို့ကို ဆို၏။

၁၅။ တာတ၊ ခမည်းတော်မင်းမြတ် ဗြဟ္မဒတ်။ အလဒ္ဓဿ၊ မရသေးသော စည်းစိမ်ကို။ ယော လာဘော စ၊ အကြင်ရအောင် ပြုခြင်းသည်လည်းကောင်း။ လဒ္ဓဿ၊ ရပြီးသောစည်းစိပ်ကို။ ယာ အနုရက္ခဏာ စ၊ အကြင် စောင့်ရှောက်ခြင်းသည်လည်းကောင်း။ ဣတိ၊ ဤသို့။ ပဒကာနိ၊ မင်းတို့ကျင့်ရာသော အကြောင်းတို့သည်။ ဒွေဝ၊ နှစ်ပါးတို့သည်သာတည်း။ ယတ္ထ၊ အကြင်နှစ်ပါးသော အကြောင်း၌။ သဗ္ဗေ၊ အလုံးစုံသော အကျိုးသည်။ ပတိဋ္ဌိတံ၊ တည်၏။ တတ္ထ၊ ထိုနှစ်ပါးသောအကြောင်း၌။ တွံ၊ ခမည်းတော်မင်းမြတ်သည်။ ပတိဋ္ဌာဟိ၊ တည်တော်မူလော့။

၁၆။ တာတ၊ ခမည်းတော်မင်းမြတ် ဗြဟ္မဒတ်။ ဓီရေ၊ တည်ကြည်ကုန်သော။ အတ္ထဿ၊ ဘဏ္ဍာစိုး အစရှိသော သူတို့သည် ပြုအပ်သော အမှုအရေး၌။ ကောဝိဒေ၊ လိမ္မာကုန်သော။ အမစ္စေ၊ အမတ်တို့ကို။ ဇာနာဟိ၊ စုံစမ်းတော်မူလော့။ တာတ၊ ခမည်းတော်ဘုရား မင်းတရား။ အနက္ခာ ကိတဝေ၊ ကြွေလောင်းအန်ခတ် လှည့်ပတ်စဉ်းလဲခြင်း ကင်းကုန်သော။ အသောဏ္ဍေ၊ မုန့်သုရာ နံ့သာပန်းတို့ကို စားသောက်လိမ်းကျံ ဆင်ပန်ကြူးခြင်း ကင်းကုန်သော။ အဝိနာသကေ၊ မင်း၏ဥစ္စာ ဘဏ္ဍာတော်တို့ကို မဖျက်ဆီးတတ်ကုန်သော။ အမစ္စေ၊ အမတ်တို့ကို။ ဇာနာဟိ၊ စူးစမ်းတော်မူလော့။

၁၇။ တာတ၊ ခမည်းတော်မင်းမြတ်။ သူတော၊ ရထားထိန်းသည်။ ရထံ၊ မိမိနှင်သော ရထားကို။ သံဂဏှေ ဣဝ၊ မညီမညွတ်သော ခရီးသို့ မရောက်စေရ မ, စ စောင့်ရှောက်သကဲ့သို့။ တေ၊ သင် ခမည်းတော်မင်းမြတ်၏။ ဃရေ၊ ရွှေနန်းတော်၌။ ယဉ္စေဝ ဓနံ၊ အကြင် ဘဏ္ဍာတော်သည်လျှင်။ သိယာ၊ ရှိသည်ဖြစ်ရာ၏။ တံ ဓနံ၊ ထို ဘဏ္ဍာတော်ကို။ ယော စ အမစ္စော၊ အကြင် အမတ်သည်လျှင်။ ရက္ခေယျ၊ စောင့်ရှောက်ရာ၏။ သော အမစ္စော၊ ထိုအမတ်သည်။ တေ၊ သင် ခမည်းတော်မင်းမြတ်၏။ အမစ္စော နာမ၊ ဘဏ္ဍာစိုးစသောအရာနှင့် သင့်လျော်သော အမတ်မည်၏။ တာဒိသံ၊ ထိုသို့သဘောရှိသော သူကို။ သင်္ဂဟေတွာ၊ ချီးမြှောက်တော်မူ၍။ ကိစ္စာနိ၊ ဘဏ္ဍာစိုးသော အရာတို့ကို။ ကာရယေ၊ ခန့်ထားတော်မူလော့။

၁၈။ တာတ၊ ခမည်းတော်မင်းမြတ် လောကနတ်။ သုသင်္ဂဟိတန္တဇနော၊ ကိုယ်တော်မြတ်၏ အထံတော်၌ မြဲစွဲစေပါးသောသူကို ပေးကမ်းခြင်း အစရှိသည်ဖြင့် ကောင်းစွာ ချီးမြှင့်တော်မူ၍။ သယံ၊ ကိုယ်တိုင်။ ဝိတ္တံ၊ ဥစ္စာကို။ အဝေက္ခိယ၊ ရှုတော်မူ၍။ နိဓိဉ္စ၊ ဥစ္စာမြှုပ်ထားတော်မူခြင်းကို လည်းကောင်း။ ဣဏဒါနဉ္စ၊ ကြွေးမြီ ချပေးတော်မူခြင်းကို လည်းကောင်း။ အတ္တပစ္စက္ခမေဝ၊ ကိုယ်တော် မျက်မြင်သာလျှင်။ ကရေယျာသိ၊ ပြုတော်မူလော့။ ပရပတ္တိယာ၊ သူ့ကိုယုံကြည်သဖြင့်။ န ကရေ-မာ ကရိ၊ ပြုတော်မမူလင့်။

၁၉။ တာတ၊ ခမည်းတော်မင်းမြတ်။ အာယံ၊ ဆက်သ ဝင်ရောက်လာသော အခွန်အတုပ်ကို လည်းကောင်း။ ဝယံ၊ ပေးရသမျှသော မျိုးရိက္ခာကို လည်းကောင်း။ သယံဇညာ၊ ကိုယ်တော်တိုင် သိတော်မူရာ၏။ ကတာကတံ၊ ကျေးဇူးပြုဖူး မပြုဖူးသော သူကိုလည်း။ သယံဇညာ၊ ကိုယ်တော်တိုင် သိတော်မူရာ၏။ နိဂ္ဂဟာရဟံ၊ နှိပ်ကွပ်ထိုက်သောသူကို။ နိဂ္ဂဏှေ၊ နှိပ်ကွပ်ရာ၏။ ပဂ္ဂဟာရဟံ၊ ချီးမြှောက်လိုက်သောသူကို။ ပဂ္ဂဏှေ၊ ချီးမြှောက်ရာ၏။

၂၀။ ရထေသဘ၊ ရထားစီးချင်း မင်းတကာတို့ထက် မြတ်တော်မူသော ခမည်းတော်ဘုရား မင်းတရား။ ဇနပဒံ-ဇနပဒဝါသီနံ၊ ဇနပုဒ်သူတို့၏။ အတ္ထံ၊ စီရင်ဖွယ်အရေးကို။ သယံ၊ ကိုယ်တော်တိုင်။ အနုသာသ၊ စီရင်တော်မူ။ အဓမ္မိကာ၊ မတရားသောအမှု၌ ယှဉ်တတ်ကုန်သော။ အာယုတ္တာ၊ တရားသူကြီးတို့သည်။ တေ၊ သင်ဖခင်မင်းမြတ်၏။ ဓနဉ္စ၊ ဥစ္စာကို လည်းကောင်း။ ရဋ္ဌဉ္စ၊ တိုင်းနိုင်ငံသူတို့လည်းကောင်း။ မာ နာသယုံ၊ မဖျက်ဆီးစေကုန်လင့်။

၂၁။ ဟိ-ယသ္မာ၊ အကြင့်ကြောင့်။ မန္ဒော၊ မလိမ္မာသော သူသည်။ ဝေဂသာ၊ မဆင်မခြင် အဆောတလျင်။ ကတံ၊ ပြုမိသော။ ကမ္မံ၊ အမှုကို။ ပဋိစ္စ၊ စွဲ၍။ ပစ္ဆာနုတပ္ပတိ၊ နောက်ကာလ၌ ပူပန်ဆင်းရဲရ၏။ တသ္မာ၊ ထို့ကြောင့် တာတ၊ ခမည်းတော်မင်းမြတ်။ တွံ၊ သင်ခမည်းတော်မင်းမြတ်သည်။ ဝေဂေန၊ မဆင်မခြင် အဆော တလျင်။ ကိစ္စာနိ၊ အမှုတို့ကို။ မာ ကရောသိ၊ ပြုတော်မမူလင့်။ သိဝါ၊ ဆင်ဆင်ခြင်ခြင် ဖြည်းဖြည်း ညင်းညင်း။ ကာရယေ၊ ပြုတော်မူလော့။

၂၂။ တာတ၊ ခမည်းတော်မင်းမြတ်။ ကောဓသာ၊ အမျက်ထွက်ခြင်းကြောင့်။ ဖီတာ-ဖီတာနိ၊ ပွင့်လင်းစွာကုန်သော။ ဗဟု- ဗဟူနိ၊ များစွာကုန်သော။ ကုလာ-ကုလာနိ၊ မင်းမျိုးတို့သည်။ အကုလတံ၊ ကြီးစွာသော ပျက်စီးခြင်းသို့။ ဟိ-ယသ္မာ၊ အကြင့်ကြောင့်။ ဂတာ-ဂတာနိ၊ ရောက်ကုန်၏။ တသ္မာ၊ ထို့ကြောင့်။ အဓိသရေ၊ ကောင်းမှုကိုလွန်၍ဖြစ်သော သူတစ်ပါးတို့၏ မကောင်းမှု၌။ တေ၊ သင် ခမည်းတော်မင်းမြတ်၏။ ဟဒယံ၊ စိတ်တော်သည်။ သုဗာဠှံ၊ အလွန်ပြင်းစွာ။ အဓိကောပိတံ၊ အမျက်ကို ဖြစ်စေ၍။ မာ မုဉ္စ၊ လွှတ်တော် မမူလင့်။

၂၃။ တာတ၊ ခမည်းတော်မင်းမြတ်။ တွံ၊ ခမည်းတော်မင်းမြတ်သည်။ ဣဿရောမှီတိ၊ ငါ အစိုးရသော မင်းမြတ်တကား ဟူ၍။ မဟာဇနကာယံ၊ တိုင်းနိုင်ငံသား လူအပေါင်းကို။ အနတ္တာယ၊ အကျိုးမရှိသော အကျင့်ကို ကျင့်စိမ့်သောငှာ။ မာ ပတာရယိ၊ ပြုတော်မမူလင့်။ တေ၊ ခမည်းတော်မင်းမြတ်၏။ ဝိဇိတေ၊ နိုင်ငံတော်၌။ ဣတ္ထီနဉ္စ၊ မိန်းမတို့အားလည်းကောင်း။ ပုရိသာနဉ္စ၊ ယောက်ျားတို့အားလည်းကောင်း။ ဒုခုဒြယော၊ ဆင်းရဲခြင်း၏အဖြစ်သည်။ မာအာသိ၊ မဖြစ်စေလင့်။

၂၄။ တာတ၊ ခမည်းတော်မင်းမြတ်။ အပေတ လောမဟံသဿ၊ သံသရာ, ပစ္စုပ္ပန် နှစ်တန်သောဘေးမှ ကြောက်ခြင်း ကင်းထသော။ ကာမာနုသာရိနာ၊ မိမိအလိုသို့သာ လိုက်လေ့ရှိသော။ ရညော၊ မင်း၏။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ဘောဂါ၊ စည်းစိမ်တို့သည်။ ဝိနဿန္တိ၊ ပျက်စီးကုန်၏။ တံ ဘောဂဗျသနံ၊ ထို စည်းစိမ် ပျက်စီးခြင်းကို။ ရညော၊ မင်း၏။ အဃံ၊ ဆင်းရဲဟူ၍။ ဝုစ္စတေ၊ ဆိုအပ်၏။

၂၅။ တာတ၊ ခမည်းတော်မင်းမြတ်။ တတ္ထေဝ၊ ခမည်းတော်မင်းမြတ်၏ ကိံသု ကိစ္စံ ကတံ ဝရံဟူသော ပြဿနာ၌သာလျှင်။ ဝုတ္တာ၊ အကျွန်ုပ်သည် ဖြေဆိုအပ်ကုန်သော။ ဧတေ၊ ထို ဒွေဝ တာတ ပဒကာနိအစရှိသည်တို့သည်။ ဝတ္တပဒါ၊ မင်းကျင့်တရားအစုတို့တည်း။ ဧတ္ထ၊ ဤ မင်းကျင့်တရားအစု၌။ တွံ၊ ဖခင်မင်းမြတ်သည်။ ဝတ္တဿု၊ ကျင့်တော်မူလော့။ ဧသာဝ၊ ဤ စကားသည်သာလျှင်။ အနုသာသနီ၊ ခမည်းတော်မင်းမြတ်အား အကျွန်ုပ်သည် ပေးအပ်သော အဆုံးအမတည်း။ တာတ၊ ခမည်းတော်မင်းမြတ်။ တွံ၊ ဖခင်မင်းမြတ်သည်။ ဣမံ အနုသာသနံ၊ ဤအဆုံးအမကို။ သုတွာ၊ နာတော်မူ၍။ ဒါနိ၊ ယခုအခါ၌။ ဒက္ခော၊ မပျင်းမရိသည်။ ပုညကရော၊ ကောင်းမှုကို ပြုတတ်သည်။ အသောဏ္ဍော၊ သုရာသောက်ကြူးခြင်း အစရှိသည်မှ ကင်းသည်။ အဝိနာသကော၊ ပစ္စုပ္ပန်သံသရာ အကျိုးစီးပွားကို မဖျက်ဆီးတတ်သည်။ အဿု၊ ဖြစ်တော်မူလော့။ မဟာရာဇ၊ မြတ်သောမင်းကြီး။ တွံ၊ သင် မင်းကြီးသည်။ သီလဝါ၊ အကျင့်သီလနှင့် ပြည့်စုံသည်။ အဿု၊ ဖြစ်တော်မူလော့။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဒုဿီလော၊ သီလမရှိသော သူသည်။ ဝိနိပါတိကော၊ ငရဲသို့ ကျသည်မည်၏။

ကုဏ္ဍလိနီအား ဘဏ္ဍာစိုးခန့်ပြီ

ဤသို့ ကုဏ္ဍလိနီမည်သော ဆက်ရက်မသည်လည်း တစ်ဆယ့်တစ်ဂါထာတို့ဖြင့် မင်းကျင့်တရားကို ဟော၏။ ဗြဟ္မဒတ်မင်းသည် အလွန် နှစ်သက်တော်မူသည်ဖြစ်၍ မှူးတော် မတ်တော်တို့ကို ခေါ်တော်မူ၍ မေးတော်မူ၏။ အို... အမတ်တို့။ အကြင်အကြင် ဆိုအပ်ပြီးသော နည်းဖြင့် မင်းကျင့်တရားကို ဟောပေသော ငါ့သမီးတော် ကုဏ္ဍလိနီသည် အဘယ်သူသည် ပြုအပ်သော ကိစ္စကို ပြုသင့်သနည်းဟု မေးတော်မူ၏။ အရှင်မင်းကြီး ဘဏ္ဍာစိုးသည် ပြုအပ်သောကိစ္စကို ပြုသင့်၏ဟု တင်လျှောက်ကုန်လတ်သော် ထိုသို့တပြီးကား ထိုငါ့သမီးတော် ကုဏ္ဍလိနီအား ဘဏ္ဍာစိုးအရာကို ငါပေးတော်မူ၏ဟု မိန့်တော်မူ၍ ကုဏ္ဍလိနီမည်သော ဆက်ရက်မအား ဘဏ္ဍာစိုးအရာ၌ထားတော်မူ၏။ ထိုကုဏ္ဍလိနီမည်သော ဆက်ရက်မသည် ထိုအခါမှစ၍ ဘဏ္ဍာစိုးအရာ၌ တည်လျက် ခမည်းတော်

အမှုကို စီရင်၏။

ကုဏ္ဍလိနီမည်သော ဆက်ရက်မသည် ဖြေဆိုအပ်သော ပြဿနာသည် ပြီး၏။

ဇမ္ဗုက တရားဟောခြင်း

တစ်ဖန် ဗြဟ္မဒတ်မင်းသည် တစ်ရက်နှစ်ရက် လွန်သဖြင့် ရှေးနည်းဖြင့်သာလျှင် သပြေသီးအဆင်းနှင့် တူသော နှုတ်သီးရှိသည်၏ အဖြစ်ကြောင့် ဇမ္ဗုကအမည်ရသော ကျေးသား သုခမိန်အထံသို့ တမန်စေ၍ ခုနစ်ရက်မြောက်သောနေ့၌ ဇမ္ဗူကကျေးသား သုခမိန် နေရာအိမ်သို့ သွားပြီးလျှင် စည်းစိမ်ကိုခံစား၍ တစ်ဖန် ပြန်လည်ခဲ့သဖြင့် ထို ရှေးနည်း အတူသာလျှင် မဏ္ဍပ်အလယ်၌ နေ၏။ ငှက်တော်ထိန်း အမတ်သည် ဇမ္ဗုကပညာရှိကို ရွှေနေရာ၌ နေစေ၍ ရွှေနေရာကို ဦးခေါင်းဖြင့် ရွက်ဆောင်လျက် လာလတ်၏။ ဇမ္ဗူက သုခမိန်သည် ခမည်းတော် ဗြဟ္မဒတ်မင်း ရင်ခွင်၌ နေ၍ ကစားပြီးလျှင်သွား၍ ရွှေနေရာ၌ သာလျှင် နေ၏။ ထိုသို့ နေသောအခါ ဇမ္ဗုကသုခမိန်ကို ခမည်းတော် ဗြဟ္မဒတ်မင်းသည် ပြဿနာ မေးလိုရကား-

၂၆။ အပုစ္ဆမှ ကောသိယဂေါတ္တံ၊ ကုဏ္ဍလိနိံ တထေဝ စ။
တွံ ဒါနိ ဝဒေဟိ ဇမ္ဗုက၊ ဗလာနံ ဗလမုတ္တမံ။

ဟူသော ဤဂါထာကို ဆို၏။

၂၆။ တာတ ဇမ္ဗုက၊ အမောင် ဇမ္ဗုက။ ကောသိယဂေါတ္တံ၊ ကောသိယ အနွယ်ဖြစ်သော မောင့်အစ်ကို ဝေဿန္တရာကို လည်းကောင်း။ ကုက္ကလိနိံစ၊ ကုဏ္ဍလိနီ အမည်ရှိသော မောင်နှမ ဆက်ရက်မကို လည်းကောင်း။ အဟံ၊ ငါသည်။ ရာဇ ဓမ္မံ၊ မင်းကျင့်တရားကို။ အပုစ္ဆိမှ၊ မေးလေပြီ။ ဇမ္ဗုက၊ ဖခင်သားလှ ဇမ္ဗူက။ တထေဝ၊ ထို့အတူလျှင်။ တံ၊ သင်ချစ်သားကို။ ပုစ္ဆာမိ၊ မေးဦးအံ့။ ဒါနိ၊ ယခု။ တွံ၊ သင် ချစ်သားသည်။ ဗလာနံ၊ အားတို့တွင်။ ဥတ္တမံ၊ မြတ်သော။ ဗလဉ္စ၊ အားကို လည်းကောင်း။ ရာဇဓမ္မဉ္စ၊ မင်းကျင့်တရားကို လည်းကောင်း။ မေ၊ ငါ့အား။ ဝဒေဟိ၊ ဖြေဆိုလော့။

ဤဂါထာဖြင့် ဗြဟ္မဒတ်မင်းသည် ဘုရားလောင်း ဇမ္ဗုက ကျေးသားကို ပြဿနာ မေးသည်ရှိသော် ဘုရားလောင်းမှ တစ်ပါးကုန်သော ဝေဿန္တရာ, ကုဏ္ဍလိနီတို့အား မေးအပ်သောနည်းဖြင့် မမေးမူ၍လျှင် အထူးပြု၍ မေး၏။ ထိုသို့ မေးသောအခါ ဗြဟ္မဒတ်မင်းအား ဇမ္ဗုကပညာရှိသည် မြတ်သောမင်းကြီး ထိုသို့တပြီးကား ချအပ်သော နားရှိသည်ဖြစ်၍ နားတော်မူလော့၊ ခမည်းတော် မင်းကြီးအား မေးတော်မူသမျှကို ဖြေဆိုပါအံ့ ဟု ဆို၍ ဖြန့်၍ ခံအပ်သော လက်ဝါးပြင်၌ ဥစ္စာထောင်ထုပ်ကို တင်ထားဘိသကဲ့သို့ တရားဟောလိုရကား-

၂၇။ ဗလံ ပဉ္စဝိဓံ လောကေ၊ ပုရိသသ္မိံ မဟဂ္ဂတေ။
တတ္ထ ဗာဟုဗလံ နာမ၊ စရိမံ ဝုစ္စတေ ဗလံ။
၂၈။ ဘောဂဗလဉ္စ ဒီဃာဝု၊ ဒုတိယံ ဝုစ္စတေ ဗလံ။
အမစ္စဗလဉ္စ ဒီဃာဝု၊ တတိယံ ဝုစ္စတေ ဗလံ။
၂၉။ အဘိဇစ္စ ဗလဉ္စေဝ၊ တံ စတုတ္ထ အသံသယံ။
ယာနိ စေတာနိ သဗ္ဗာနိ၊ အဓိဂဏှာတိ ပဏ္ဍိတော။
၃၀။ တံ ဗာလာနံ ဗလံ သေဋ္ဌံ၊ အဂ္ဂံ ပညာဗလံ ဗလံ။
ပညာဗလေနုပတ္ထဒ္ဓေါ၊ အတ္ထံ ဝိန္ဒတိ ပဏ္ဍိတော။
၃၁။ အပိစေ လဘတိ မန္ဒော၊ ဖီတံ ဓရဏိ မုတ္တမံ။
အကာမဿ ပသယှံ ဝါ၊ အညော တံ ပဋိပဇ္ဇတိ။
၃၂။ အဘိဇာတောပိ စေဟောတိ၊ ရဇ္ဇံ လဒ္ဓါန ခတ္တိယော။
ဒုပ္ပညော ဟိ ကာသိပတိ၊ သဗ္ဗေနပိ န ဇီဝတိ။
၃၃။ ပညာဝ သုတံ ဝိနိစ္ဆိနီ၊ ပညာ ကိတ္တိသိလောကဝဍ္ဎနီ။
ပညာသဟိတော နရော ဣဓ၊ အပိ ဒုက္ခေ သုခါနိ ဝိန္ဒတိ။
၃၄။ ပညဉ္စ ခေါ အသုဿူသံ၊ န ကောစိ အဓိဂစ္ဆတိ။
ဗဟုဿုတံ အနာဂမ္မ၊ မ္မဋ္ဌံ အဝိနိဗ္ဘုဇံ။
၃၅။ ယော စ ဓမ္မဝိဘင်္ဂညူ၊ ကာလုဋ္ဌာယီ အတန္ဒိတော။
အနုဋ္ဌဟတိ ကာလေန၊ ကမ္မဖလံ တဿိဇ္ဈတိ။
၃၆။ အနာယတနသီလဿ၊ အနာယတနသေဝိနော။
န နိဗ္ဗိန္ဒိယကာရိဿ၊ သမ္မဒတ္ထော ဝိပစ္စတိ။
၃၇။ အဇ္ဈတ္တဉ္စ ပယုတ္တဿ၊ တထာယတနသေဝိနော။
အနိဗ္ဗိန္ဒိယ ကာရိဿ၊ သမ္မဒတ္ထော ဝိပစ္စတိ။
၃၈။ ယောဂပ္ပယောဂ သင်္ခါတံ၊ သမ္ဘတဿာနုရက္ခဏံ။
တာနိ တွံ တာတ သေဝဿု၊ မာ အကမ္မာယ ရန္ဓယိ။
အကမ္မုနာ ဟိ ဒုမ္မေဓော၊ နဠာဂါရံဝ သီဒတိ။

ဟူသော ဤ တစ်ဆယ့်နှစ်ဂါထာတို့ကို ဆို၏။

၂၇။ မဟာရာဇ၊ မြတ်သော မင်းကြီး။ လောကေ၊ သတ္တလောက၌။ မဟဂ္ဂတေ၊ မြတ်သောဆန္ဒရှိသော။ ပုရိသသ္မိံ၊ ယောက်ျား၌။ ဗလံ၊ အားသည်။ ကာယ ဘောဂ အမစ္စ ဇာတိ ပညာဗလဝသေန၊ ကိုယ်အား, စည်းစိမ်အား, အမတ်အား, အမျိုးအား, ပညာအားတို့၏ အစွမ်းအားဖြင့်။ ပဉ္စဝိဓံ၊ ငါးအပြားရှိ၏။ တတ္ထ၊ ထိုငါးပါးသော အားတို့တွင်။ ဗာဟုဗလံ၊ ကြီးလင့်ကစား ကိုယ်ခွန်အားကို။ စရိမံ၊ ယုတ်သော။ ဗလံနာမ၊ အားမည်၏ဟူ၍။ ဝုစ္စတေ၊ ဆိုအပ်၏။

၂၈။ ဒီဃာဝု၊ မင်းမြတ် ဒီဃာဝု။ ဘောဂဗလဉ္စ၊ စည်းစိမ်အားကိုလည်း။ ဒုတိယံ၊ နှစ်ခုမြောက်ဖြစ်သာ။ ဗလံ၊ ကိုယ်အားထက် မြတ်၍ အမတ်အား စသည်တို့အောက် ယုတ်သောအားဟူ၍။ ဝုစ္စတေ၊ ဆိုအပ်၏။ ဒီဃာဝု၊ မင်းမြတ် ဒီဃာဝု။ အမစ္စဗလဉ္စ၊ အမတ်အားကိုလည်း။ တတိယံ၊ သုံးခုမြောက်ဖြစ်သော။ ဗလံ၊ ကိုယ်အား စည်းစိမ်ချမ်းသာအားတို့ထက် မြတ်၍ အမျိုးအား စသည်တို့အောက် ယုတ်သောအားဟူ၍။ ဝုစ္စတေ၊ ဆိုအပ်၏။

၂၉။ အဘိဇစ္စဗလံ၊ သုံးပါးသော အမျိုးတို့ထက် လွန်မြတ်သော မင်းမျိုးအားဟု ဆိုအပ်သော။ တံ ဗလဉ္စ၊ ထို အားကိုလည်း။ စတုတ္ထံ၊ လေးခုမြောက်ဖြစ်သော။ ဗလံ၊ ကိုယ်အား စည်းစိမ် အမတ်အားတို့ထက် မြတ်သော ပညာအားအောက် ယုတ်သောအားဟူ၍။ ဝုစ္စတေ၊ ဆိုအပ်၏။ သဗ္ဗာနိ၊ အလုံးစုံကုန်သော။ ယာနိ စေတာနိ၊ အကြင် လေးပါးကုန် အားတို့ကို။ ပဏ္ဍိတော၊ ပညာအားရှိသော ပုဂ္ဂိုလ်သည်။ အသံသယံ၊ မချွတ်မယွင်း။ အဓိဂဏှာတိ၊ လွှမ်းမိုးနိုင်လေ၏။

၃၀။ တသ္မာ၊ ထို့ကြောင့်။ တံ ဗလာနံ၊ ထို လေးပါးကုန်သော အားတို့ထက်။ ပညာဗလံ၊ ပညာအားကို။ သေဋ္ဌံဗလံ၊ အားမြတ်ဟူ၍။ အဂ္ဂဗလံ၊ အထွတ်အဖျားဖြစ်သော အားဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ ကသ္မာ၊ အဘယ့်ကြောင့်။ ဝုစ္စတိ၊ ဆိုအပ်သနည်း။ ပညာဗလေန၊ ပညာအားသည်။ ဥပတ္ထဒ္ဓေါ - ဥပတ္ထဒ္ဓတ္တာ၊ ထောက်ပံ့အပ်သည်၏ အဖြစ်ကြောင့်။ ပဏ္ဍိတော၊ ပညာရှိသော ပုဂ္ဂိုလ်သည်။ အတ်ထံ၊ စီးပွားချမ်းသာခြင်းသို့။ ဝိန္ဒတိ၊ ရောက်လေ၏။ တသ္မာ၊ ထို့ကြောင့်။ ပညာဗလံ၊ ပညာအားကို။ သေဋ္ဌံဗလံ၊ မြတ်သောအားဟူ၍။ အဂ္ဂံဗလံ၊ အထွတ်အဖျား ဖြစ်သော အားဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။

၃၁။ မဟာရာဇ၊ မြတ်သောမင်းကြီး။ မန္ဒာ၊ ပညာနည်းသောသူသည်။ ဖီတံ၊ ရတနာခုနစ်ပါးနှင့် ပြည့်စုံထသော။ ဥတ္တမံ၊ မြတ်သော။ ဓရဏိံ၊ မြေအပြင်ကို။ အပိ စေ လဘတိ၊ ရလင့်ကစား။ တဿ၊ ထိုပညာမရှိသောသူအား။ အကာမဿ၊ အလိုမရှိဘဲလျက်။ ပသယှံဝါ၊ အနိုင်အထက် လုယက်ခြင်းကိုလည်း။ ကတွာ၊ ပြု၍။ အညော၊ ပညာရှိ တစ်ဦးသည်။ တံ ဓရဏိံ၊ ထို မြေအပြင်ကို။ ပဋိပဇ္ဇတိ၊ စီရင် စိုးအုပ်တတ်၏။

၃၂။ ကာသိပတိ၊ ကာသိတိုင်းရှင် ဖခင်မင်းမြတ် ဗြဟ္မဒတ်။ အဘိဇာတော၊ အမျိုး သုံးပါးတို့ထက် လွန်မြတ်သော။ ခတ္တိယောပိ၊ မင်းသားသည်မူလည်း။ ဟောတိ စေ၊ ဖြစ်လင့်ကစား။ ရဇ္ဇံ၊ မင်းအဖြစ်ကို။ လဒ္ဓါန၊ ရ၍။ ဒုပ္ပညော၊ ပညာနည်းချေက။ သဗ္ဗေနပိ၊ အလုံးစုံသော မင်းအဖြစ်ဖြင့်လည်း။ န ဇီဝတိ ဟိ-န ဇီဝတိ ဧဝ၊ အသက်မမွေးနိုင်ချေ သလျှင်ကတည်း။

၃၃။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ပညာ၊ ပညာသည်သာလျှင်။ သုတံ၊ အကြားအမြင် အသင်အတတ်နှင့် ပြည့်စုံသည်၏ အဖြစ်ကို။ ဝိနိစ္ဆိနီ၊ ပြုတတ်၏။ ပညာ၊ ပညာသည်။ ကိတ္တိ သိလောကဝဍ္ဎနီ၊ အကျော်အစေယ လာဘ်ပူဇော်သက္ကာရကို ပွားများစေတတ်၏။ ဣဓ လောကေ၊ ဤသတ္တလောက၌။ ပညာသဟိတော၊ ပညာရှိသော။ နရော၊ လူသည်။ ဒုက္ခေ အပိ၊ မတော်တဆ ဆင်းရဲခြင်းဘဝသို့ ရောက်၍သော်ပင်။ သုခါနိ၊ ချမ်းသာခြင်းတို့ကို။ ဝိန္ဒတိ၊ ရနိုင်ရာ၏။

၃၄။ မဟာရာဇ၊ မြတ်သော မင်းကြီး။ ဓမ္မဋ္ဌံ၊ အကြောင်း၌ တည်သော။ ဗဟုဿုတံ၊ များသော အကြားအမြင်ရှိသော ပုဂ္ဂိုလ်အထံသို့။ အနာဂမ္မ၊ မဆည်းကပ်မူ၍။ အသုသူသံ- အသုသူသန္တော၊ နည်းနာနယကို မနာမခံရသော။ အဝိနိဗ္ဗုဇံ-အဝိနိဗ္ဗုဇန္တော၊ အကျိုးရှိသည်-မရှိသည် အကြောင်းဟုတ်သည်-မဟုတ်သည်ကို မဆင်ခြင်သော။ ကောစိ၊ တစ်စုံတစ်ယောက်ာသူသည်။ ပညဉ္စ၊ ပညာကိုလည်း။ န အဓိဂစ္ဆတိ ခေါ၊ မရချေသလျှင်ကတည်း။

၃၅။ မဟာရာဇ၊ မြတ်သော မင်းကြီး။ ဓမ္မဝိဘင်္ဂညူ၊ ကုသိုလ်ကမ္မပထ တရားဆယ်ပါးကို ခွဲခြမ်းဝေဖန်ခြင်း၌ လိမ္မာထသော။ ကာလုဋ္ဌာယီ၊ အခါ၌ လုံ့လပြုလေ့ရှိထသော။ အတန္ဒိတော၊ ပျင်းရိခြင်းကင်းထသော။ ယော စ ပဏ္ဍိတော၊ အကြင် ပညာရှိသည်လည်း။ ကာလေန၊ လုံ့လပြုသင့်သော ကာလ၌။ အနုဋ္ဌဟတိ၊ လုံ့လပြု၏။ တဿ ပဏ္ဍိတဿ၊ ထို ပညာရှိအား။ ဖလံ၊ ကံ၏ အကျိုးသည်။ သမိဇ္ဈတိ၊ ပြည့်စုံ၏။

၃၆။ မဟာရာဇ၊ မြတ်သောမင်းကြီး။ အနာယတန သီလဿ၊ သီလမရှိသောသူတို့၏ အမှုကို ပြုလေ့ရှိထသော။ အနာယတန သေဝိနော၊ သီလမရှိသောသူကို မှီဝဲဆည်းကပ်တတ်ထသော။ နိဗ္ဗန္ဒိယကာရိဿ၊ ကုသိုလ်ကောင်းမှုကို ပြုသောကာလ၌ တဆန့်ကျင်ကျင် မရွှင်ငြီးငွေ့၍ ပြုလေ့ရှိသောသူအား။ သမ္မဒတ္ထော၊ လူ့ပြည် နတ်ရပ်၌ ဖြစ်သော မြတ်သောအကျိုးသည်။ န ဝိပစ္စတိ၊ မပြည့်စုံနိုင်ချေ။

၃၇။ မဟာရာဇ၊ မြတ်သောမင်းကြီး။ အဇ္ဈတ္တဉ္စ၊ မိမိသန္တာန်၌လည်း။ ပယုတ္တဿ၊ အနိစ္စ အစရှိသော ဘာဝနာတို့၏ အစွမ်းအားဖြင့် ကုသိုလ်တရားကို အားထုတ်တတ်သော။ တထာယတနသေဝိနော၊ ထိုသို့ သဘောရှိသည်သာလျှင်ဖြစ်သော သီလဝန္တ ပုဂ္ဂိုလ်ကို မှီဝဲ ဆည်းကပ်လေ့ရှိထသော။ အနိဗ္ဗိန္ဒိယ ကာရိဿ၊ ကုသိုလ်ကောင်းမှုကို ပြုသောကာလ၌ တဆန့်ကျင်ကျင် မရွှင်ငြီးငွေ့ခြင်း ကင်းသည်ဖြစ်၍ ပြုလေ့ရှိသော ပညာရှိအား။ သမ္မဒတ္ထော၊ လူ့ပြည်နတ်ရပ်၌ ကောင်းမြတ်သော အကျိုးသည်။ ဝိပစ္စတိ၊ ပြည့်စုံ၏။

၃၈။ တာတ၊ ခမည်းတော်မင်းမြတ်။ သမ္ဘတဿ၊ အပုံအစု ပြုအပ်သော စည်းစိမ်ဥစ္စာကို။ အနုရက္ခဏံ၊ အစဉ် စောင့်ရှောက်ခြင်း။ ယောဂပ္ပယောဂ သင်္ခါတံ၊ ယှဉ်သင့်သည်၌ ယှဉ်ခြင်းဟု ဆိုအပ်သောပညာ။ တာနိ၊ ထို နှစ်ပါးကုန်သော အကြောင်းတို့ကိုလည်း။ တွံ၊ ခမည်းတော် မင်းမြတ်သည်။ သေဝဿု၊ မှီဝဲတော်မူလော့။ ဒုမ္မေဓော၊ ပညာမရှိသောသူသည်။ အကမ္မုနာ၊ မသင့်မလျော်သော အကြောင်းဖြင့်။ ဓနံ၊ ဥစ္စာကို။ နာသေတွာ၊ ပျက်စီးစေ၍။ နဠာဂရံ၊ ကျူအိမ်ဆွေးသည်။ သီဒတိ ဣဝ၊ ပျက်စီးပြိုကျ မြေ၌ခသကဲ့သို့။ ဟိ ယသ္မာ၊ အကြင့်ကြောင့်။ သီဒတိ၊ ပျက်စီးတတ်၏။ တသ္မာ၊ ထို့ကြောင့်။ တွံ၊ ခမည်းတော် မင်းမြတ်သည်။ အကမ္မာယ၊ မသင့်မလျော်သော အကြောင်းဖြင့်။ မာ အာရန္ဓယိ၊ ဥစ္စာကို ကုန်ခန်းစိမ့်သောငှာ လုံ့လပြုတော်မမူလင့်။

ဇမ္ဗူက၏ အဆုံးအမ

ဤသို့လျှင် ဘုရားအလောင်း ဇမ္ဗုကမည်သော ကျေးသားသည် ဤမျှ အတိုင်းအရှည်ရှိသော အကြောင်းဖြင့် ငါးပါးကုန်သော အားတို့ကိုဟော၍ ပညာကို ချီးမြှောက်တော်မူသဖြင့် လပြည့်ဝန်းကို ဆောင်ယူဘိသကဲ့သို့ ဟောတော်မူပြီး၍ ယခုအခါ မင်းအား အဆုံးအမ ပေးပြန်လိုရကား-

၃၉။ ဓမ္မံ စရ မဟာရာဇ၊ မာတာပိတူသု ခတ္တိယ။
ဣဓ ဓမ္မံ စရိတွာန၊ ရာဇ သဂ္ဂံ ဂမိဿသိ။
၄၀။ ဓမ္မံ စရ မဟာရာဇ၊ ပုတ္တဒါရေသု ခတ္တိယ
ဣဓ ဓမ္မံ စရိတွာန၊ ရာဇ သဂ္ဂံ ဂမိဿသိ။
၄၁။ ဓမ္မံ စရ မဟာရာဇ၊ မိတ္တာမစ္စေသု ခတ္တိယ။
ဣဓ ဓမ္မံ စရိတွာန၊ ရာဇ သဂ္ဂံ ဂမိဿသိ။
၄၂။ ဓမ္မံ စရ မဟာရာဇ၊ ဝါဟနေသု ဗလေသု စ။
ဣဓ ဓမ္မံ စရိတွာန၊ ရာဇ သဂ္ဂံ ဂမိဿသိ။
၄၃။ ဓမ္မံ စရ မဟာရာဇ၊ ဂါမေသု နိဂမေသု စ။
ဣဓ ဓမ္မံ စရိတွာန၊ ရာဇ သဂ္ဂံ ဂမိဿသိ။
၄၄။ ဓမ္မံ စရ မဟာရာဇ၊ ရဋ္ဌေ ဇနပဒေသု စ။
ဣဓ ဓမ္မံ စရိတွာန၊ ရာဇ သဂ္ဂံ ဂမိဿသိ။
၄၅။ ဓမ္မံ စရ မဟာရာဇ၊ သမဏဗြာဟ္မဏေသု စ။
ဣဓ ဓမ္မံ စရိတွာန၊ ရာဇ သဂ္ဂံ ဂမိဿသိ။
၄၆။ ဓမ္မံ စရ မဟာရာဇာ၊ မိဂပက္ခီသု ခတ္တိယ။
ဣဓ ဓမ္မံ စရိတွာန၊ ရာဇ သဂ္ဂံ ဂမိဿသိ။
၄၇။ ဓမ္မံ စရ မဟာရာဇ၊ ဓမ္မော စိဏ္ဏော သုခါဝဟော။
ဣဓ ဓမ္မံ စရိတွာန၊ ရာဇ သဂ္ဂံ ဂမိဿသိ။
၄၈။ ဓမ္မံ စရ မဟာရာဇ၊ သဣန္ဒာ ဒေဝါ သဗြဟ္မကာ။
သုစိဏ္ဏေန ဒိဝံ ပတ္တာ၊ မာ ဓမ္မံ ရာဇ ပါမဒေါ။

ဟူသော ဤဆယ်ဂါထာတို့ကို ဆို၏။

၃၉။ မဟာရာဇ၊ မြတ်သောမင်းကြီး။ မာတာ ပိတူသု၊ မယ်တော် ခမည်းတော်တို့၌။ ဓမ္မံ၊ တရားကို။ စရ၊ ကျင့်တော်မူလော့။ ခတ္တိယ၊ ခတ္တိယအနွယ်ရှိတော်မူသော။ ရာဇ၊ မင်းမြတ်။ ဣဓလာကေ၊ ဤလောက၌။ ဓမ္မံ၊ တရားကို။ စရိတွာန၊ ကျင့်သောကြောင့်။ တွံ၊ သင် ဖခင်မင်းမြတ်သည်။ သဂ္ဂံ၊ နတ်ပြည်သို့။ ဂမိဿသိ၊ ရောက်တော်မူရလတ္တံ့။

၄၀။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ပုတ္တဒါရေသု၊ သားတော် သမီးတော် မိဖုရားတော်, မောင်းမမိဿံတို့၌။ ဓမ္မံ၊ တရားကို။ စရ၊ ကျင့်တော်မူလော့။ ပ ။ ဂမိဿသိ၊ ရောက်တော်မူရလတ္တံ့။

၄၁။ မဟာရာဇ၊ မြတ်သောမင်းကြီး။ မိတ္တာမစ္စေသု၊ ချစ်သော အဆွေခင်ပွန်း မှူးတော် မတ်တော်တို့၌။ ဓမ္မံ၊ တရားကို။ စရ၊ ကျင့်တော်မူလော့။ ပ ။ ဂမိဿသိ၊ ရောက်တော်မူရလတ္တံ့။

၄၂။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဝါဟနေသူ စ၊ ဆင်မြင်းစသော ယာဉ်တို့၌လည်းကောင်း။ ဗလေသုစ၊ ရဲမက်ဗိုလ်ပါတို့၌လည်းကောင်း။ ဓမ္မံ၊ တရားကို။ စရ၊ ကျင့်တော်မူလော့။ ပ ။ ဂမိဿသိ၊ ရောက်တော်မူရလတ္တံ့။

၄၃။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဂါမေသု စ၊ ရွာတို့၌လည်းကောင်း။ နိဂမေသု စ၊ နိဂုံးတို့၌လည်းကောင်း။ ဓမ္မံ၊ တရားကို။ စရ၊ ကျင့်တော်မူလော့။ ပ ။ ဂမိဿသိ၊ ရောက်တော်မူရလတ္တံ့။

၄၄။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ရဋ္ဌေသုစ၊ တိုင်းနိုင်ငံသူတို့၌လည်းကောင်း။ ဇနပဒေသု စ၊ ဇနပုဒ်သူတို့၌လည်းကောင်း။ ဓမ္မံ၊ တရားကို။ စရ၊ ကျင့်တော်မလော့။ ပ ။ ဂမိဿသိ၊ ရောက်တော်မူရလတ္တံ့။

၄၅။ မဟာရာဇ၊ မြတ်သောမင်းကြီး။ သမဏဗြာဟ္မဏေသု၊ ရဟန်းပုဏ္ဏားတို့၌။ ဓမ္မံ၊ တရားကို။ စရ၊ ကျင့်တော်မူလော့။ ပ ။ ဂမိဿသိ၊ ရောက်တော်မူရလတ္တံ့။

၄၆။ မဟာရာဇ၊ မြတ်သောမင်းကြီး။ မိဂပက္ခီသု၊ သားငှက်တို့၌။ ဓမ္မံ၊ တရားကို။ စရ၊ ကျင့်တော်မူလော့။ ပ ။ ဂမိဿသိ၊ ရောက်တော်မူရလတ္တံ့။

၄၇။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဓမ္မံ၊ တရားကို။ စရ၊ ကျင့်တော်မူလော့။ သုစိဏ္ဏော၊ ကောင်းစွာကျင့်အပ်သော။ ဓမ္မော၊ တရားသည်။ သုခံ၊ ချမ်းသာခြင်းသို့။ အာဝဟတိ၊ ရောက်စေတတ်၏။ ရာဇ၊ မင်းမြတ်။ ဣဓလောကေ၊ ဤလောက၌၊ ဓမ္မံ၊ တရားကို။ စရိတွာန၊ ကျင့်တော်မူသောကြောင့်။ တွံ၊ သင် ဖခင်မင်းမြတ်သည်။ သဂ္ဂံ၊ နတ်ပြည်သို့။ ဂမိဿသိ၊ ရောက်တော်မူရလတ္တံ့။

၄၈။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဓမ္မံ၊ တရားကို။ စရ၊ ကျင့်တော်မူလော့။ သဗြဟ္မကာ၊ ဗြဟ္မာနှင့် တကွကုန်သော။ ဣန္ဒာဒေဝါ၊ သိကြား, ကာမာဝစရ နတ်တို့သည်။ သုစိဏ္ဏေန၊ ကောင်းကျင့်အပ်သော သုစရိုက်ကြောင့်။ ဒီဝံ၊ နတ်ပြည် ဗြဟ္မာ့ပြည်သို့။ ပတ္တာ၊ ရောက်ကြကုန်၏။ တသ္မာ၊ ထို့ကြောင့်။ ရာဇ၊ ခမည်းတော်မင်းမြတ်။ တွံ၊ သင် ဖခင်မင်းမြတ်သည်။ ဓမ္မံ၊ တရားကို။ မာ ပါမာဒေါ၊ အသက်ကို စွန့်ပစ်ရသော်လည်း မေ့တော်မမူလင့်။

ဤသို့လျှင် မင်းတို့ကျင့်အပ်သော တရားကိုပြသော ဆယ်ဂါထာတို့ကို ဟောတော်မူပြီး၍ အလွန်လည်း ဆုံးမပြန်လိုရကား-

၄၉။ တတ္ထေဝ တေ ဝတ္တပဒါ၊ ဧသာဝ အနုသာသနီ။
သပ္ပညသေဝီ ကလျာဏီ၊ သမတ္တံ သာမ တံ ဝိဒူ။

ဟူသော အဆုံးဖြစ်သော ဤဂါထာကိုဆို၏။

၄၉။ မဟာရာဇ၊ မြတ်သောမင်းကြီး။ တတ္ထေဝ၊ ထိုဖခင်မင်းမြတ်သည် မေးအပ်သော အပုစ္ဆိမှ ကောသိယဂေါတ္တံ အစရှိစသာ ပုစ္ဆာတော်၌ သာလျှင်။ မယာ၊ အကျွန်ုပ်သည်။ ဝုတ္တာ၊ ဖြေဆိုအပ်ကုန်သော။ ဧတေ၊ ထိုဗလံ ပဉ္စဝိဓံ အစရှိသော စကားတို့သည်။ ဝတ္တပဒါ၊ မင်းကျင့်တရား အစုကို ပြသော စကားတို့တည်း။ ဧတ္ထ၊ ဤ မင်းကျင့်တရားအစု၌။ တွံ၊ သင် ဖခင်မင်းမြတ်သည်။ ဝတ္တဿု၊ ကျင့်တော်မူလော့။ ဧသာဝ၊ ဤသည်လျှင်။ အနုသာသနီ၊ ခမည်းတော်မင်းမြတ်အား အကျွန်ုပ်ပေးအပ်သော အဆုံးအမပေတည်း။ မဟာရာဇ၊ မြတ်သောမင်းကြီး။ သမတ္တံ၊ အပြည့် အစုံဖြစ်သော။ တံ၊ ထိုအကျွန်ုပ်ပေးအပ်သော အဆုံးအမကို။ သာမံ၊ ကိုယ်တော်တိုင်။ ဝိဒူ၊ သိတော်မူ၍။ သပ္ပညသေဝီ၊ ပညာရှိသော ပုဂ္ဂိုလ်ကို မှီဝဲဆည်းကပ်တော်မူ၍။ ကလျာဏီ၊ ကောင်းမြတ်သော ကျေးဇူးနှင့် ပြည့်စုံတော်မူသည် ဖြစ်၍။ ယထာနုသိဋ္ဌံ၊ အကျွန်ုပ်ဆုံးမတိုင်း။ ပဋိပဇ္ဇ၊ ကျင့်တော်မူလော့။

ဇမ္ဗုကကို သေနာပတိခန့်ပြီ

ဤသို့လျှင် ဘုရားအလောင်း ဇမ္ဗုကကျေးသားသည် ကောင်းကင်ပြင်၌ စီးသောမြစ်ကို အောက်သို့ စီးစေဘိသကဲ့သို့ သဗ္ဗညူ မြတ်စွာဘုရား၏ တင့်တယ်စံပယ်တော်မူခြင်းဖြင့် တရားဟောတော်မူ၏။ လူများသည် များစွာသော ပူဇော်သက္ကာရကို ပြု၏။ ကောင်းချီးအထောင် ပေးခြင်းတို့ကို ပေး၏။ ဗြဟ္မဒတ်မင်းသည် အလွန် နှစ်သက်တော်မူသည်ဖြစ်၍ မှူးတော် မတ်တော်တို့ကို ခေါ်တော်မူ၍ မေး၏။ အမတ်တို့ အကြင်အကြင် ဆိုအပ်ခဲ့ကုန်ပြီးသောနည်းဖြင့် တရားဟောပေသော သပြေသီးနှင့်တူသော နှုတ်သီးရှိသော ငါ့သားတော် ဇမ္ဗုကသုခမိန်သည် အဘယ်သူသည် ပြုအပ်သောကိစ္စကို ပြုအပ်သနည်း ဟု မေး၏။ အရှင်မင်းကြီး စစ်သူကြီးသည် ပြုအပ်သောအရာကို ပြုအပ်၏ ဟု တင်လျှောက်ကုန်လတ်သော် ထိုသို့တပြီးကား ငါ့သားတော် ဇမ္ဗုကအား စစ်သူကြီးအရာကို ငါပေးတော်မူ၏ဟု ဆို၍ ဇမ္ဗုကကို အရာအထူး၌ထားတော်မူ၏။

ငှက်သုံးပါးတို့အား များသော ပူဇော်သက္ကာရသည် ဖြစ်၏။

ငှက်ပညာရှိ သုံးပါးတို့သည်လည်း ဗြဟ္မဒတ်မင်းအား အကျိုးအကြောင်းကို ဆုံးမကုန်၏။

ဗြဟ္မဒတ်မင်းသည် ဘုရားလောင်း ဇမ္ဗုကကျေးသား အဆုံးအမ၌တည်၍ ဒါနအစရှိသော ကောင်းမှုတို့ကိုပြု၍ နတ်ပြည်သို့ လား၏။ မှူးတော် မတ်တော်တို့သည် ဗြဟ္မဒတ်မင်း၏ အလောင်းကို သင်္ဂြိုဟ်ခြင်းကိစ္စကို ပြုပြီးလျှင် ငှက်ပညာရှိ သုံးပါးတို့အား အကြောင်းကိုကြား၍ အရှင်ဇမ္ဗုက အမည်တော်ရှိသော ငှက်မင်း အရှင်တို့အား ရွှေနန်းသိမ်း၍ ရွှေထီးဆောင်းအပ်သည်ကို လူများသည် ပြုပြီဟု တင်လျှောက်ကြကုန်၏။ ဘုရားလောင်းသည် ငါ့အား မင်းအဖြစ်ဖြင့် အလိုမရှိ၊ သင်တို့သည် မလျော့ဖြစ်ကုန်၍ မင်းပြုကြကုန်လော့ ဟု ဆို၍ လူများကို သီလတို့၌ တည်စေပြီးလျှင် ဤသို့ အဆုံးအဖြတ်ကို ဖြစ်ရစ်စေကုန်လော့ဟု ဆို၍ အဆုံးအဖြတ်တရားကို ရွှေပြား၌ရေးစေ၍ တောသို့ဝင်လေ၏။ ထိုဇမ္ဗုက သုခမိန်၏ အဆုံးအမသည် အနှစ်လေးသောင်းတို့ပတ်လုံး တည်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ပဿနဒီ ကောသလမင်းကြီးအား ဆုံးမတော်မူသည်၏ အစွမ်းဖြင့် ဤတေသကုဏဇာတ် ဓမ္မဒေသနာကို ဟောတော်မူ၍ မြတ်သောမင်းကြီး ယခုအခါ အာနန္ဒာသည် ထိုအခါ ဗြဟ္မဒတ်မင်း ဖြစ်ဖူးပြီ၊ ယခုအခါ ဥပ္ပလဝဏ်သည် ထိုအခါ ကုဏ္ဍလိနီ အမည်ရှိသော ဆက်ရက်မ ဖြစ်ဖူးပြီး၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ဝေဿန္တရာအမည်ရှိသော ခင်ပုပ်ငှက်ဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဇမ္ဗုကအမည်ရှိသော ကျေးသုခမိန် ဖြစ်ဖူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ရှေးဦးစွာသော တေသကုဏဇာတ်သည် ပြီး၏။

*****