တောင်ဝန်းလည်ရံ-ချီ ရတု
by ပြည် နဝဒေးကြီး
1412တောင်ဝန်းလည်ရံ-ချီ ရတုပြည် နဝဒေးကြီး

၁။ တောင်ဝန်းလည်ရံ၊ လက်လက်လျှံသား၊ မိုးယံတိမ်ပြင်၊ အာကာခွင်က၊ ရောင်ထင်ဝင်းထိန်၊ နှိုင်းချိန်မတန်၊ နေဗိမာန်မူ၊ ယုဂန်မျှသန်း၊ ရပ်-သုံးကျွန်းကို၊ ပထွန်းဝင်းပ၊ ဘက်မမျှတည့်၊ နဝလက္ခဏာ၊ ယူဇနာလျှင်၊ အဝါ လျှံတက်၊ ထွန်းမြဲဘက်ကို၊ ဘယ်မျက်ကြောင့်သာ၊ ခုခါတမူ၊ မတူရှေးနှင့်၊ အလွဲးကျင့်၍၊ မပွင့်ရောင်ခြည်၊ ပတ်လည်မှိုင်းအုပ်၊ ပြိုရုပ်ရုပ်တည့်၊ တိမ်ပုပ်လွှမ်းမိုး၊ ခြည်မထိုးတည့်၊ စိုးရိမ်ဗျာပါ၊ မယ့်ကိုသာလျှင်၊ ဒေဝါမိုးနတ်၊ လွမ်းစိမ့်မှတ်သည်။ ။ ခွေညွတ်မတည် ပြောင်းတော့သည်။

၂။ ပြောင်ရွှန်းခြည်လျှံ၊ ထက်တိမ်ယံဝယ်၊ တက်ပျံရောင်ဖြာ၊ နေစကြာလည်း၊ မယ့်မှာမယ့်ထူး၊ မိန်းမူးလေစေ၊ ကျင့်သောထွေကို၊ သိနေရုထိပ်၊ ရန်မျိုးနှိပ်သည်၊ သုံးကျိပ်သုံးပါး၊ သကြားနေရာ၊ ပြည်အောင်ချာဝယ်၊ ဗြဟ္မာ နတ်လူ၊ သုံးဘုံသူတို့၊ ကြည်ဖြူညွတ်ခ၊ ပါဒအောက်ထံ၊ ဆုံးမခံလျက်၊ မြတ်ရွှေစက်ကို၊ ထိပ်ထက်ပန်းတူ၊ ကိုးကွယ်မူသည်၊ စူဠာမုနိ၊ နှံ့သိခေါ်တွင်၊ ချစ်ရှင်မြတ်သာ၊ မယ့်ခြင်းရာကို၊ သိပါသောလျောက်၊ ဉာဏ်တော် ထောက်၍့၊ ကင်းပျောက်ဗျာပါ၊ ငြိမ်းစိမ့်ငှာလျှင်၊ မေတ္တာရှေးရှူ၊ ဖြည့်တော်မူလော့၊ ကြည်ဖြူရည်စောင်၊ ပန်း လက်ဆောင်သည်။ ။ တင့်ခေါင်လျှံဝါ မောင်းတော့သည်။

၃။ တောင်ကျွန်းမည်ခံ၊ ဘက်မစံသား၊ ပတ်ရံငါးရာ၊ ပတ်ခါလှည့်ဝိုက်၊ ထက်ဝန်းဆိုက်သည်၊ သောင်းတိုက်ချင့်ယူ၊ ဇမ္ဗူနိမိတ်၊ တင်ဟိတ်ခေါ်မှန်း၊ မြရောင်ကျွန်းကို၊ ပြဋ္ဌာန်းစိုးရည်၊ ဇာနည်ရန်တာ၊ ထိပ်ချာအထွတ်၊ ပန်းမှတ်မ ဉ္ဇူ၊ ပန်းတူနှိုင်းလျော်၊ ရွှေစက်တော်ကို၊ ကော်ရော်တုံ့ဝပ်၊ ဦးနှိမ်ပျပ်လျက်၊ ထက်ကြပ်မြဲးနေ၊ ပန်ဆင်စေ၍၊ သပြေမ ဉ္ဇူ၊ စိုးမည့်သူလျှင်၊ မဖြူသစ္စာ၊ နှုတ်ထွေသာသည်။ မလာထဲးဝမ်း၊ ပေါ်လျှမ်းသွေဖည်၊ ကျင့်လသည်ကြောင့်၊ မတည် ပျောင်းပျ၊ ကြောင့်ကြပူပန်၊ စိုးရိမ်ဝှန်နှင့်၊ ချစ်ရန်ဘော်ကွာ၊ နေလှည့်ရာကို၊ အာကာရိုက်ခြောင်း၊ မပြင်းတောင်းတည့်၊ ခြိမ်းမောင်းသံသာ၊ မိုးဒေဝါသည်။ ။ ဆင့်ကာထပ်ပြန် လောင်းတော့သည်။

This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.