ထိပ်ချာပွင့်ရန် လပအဲ
by ဝန်ကြီး ပဒေသရာဇာ

လပအဲသည် အဲချင်းကဗျာတစ်မျိုး ဖြစ်သည်။ လရောင်ထွန်းပသော အချိန်တွင် ဆိုရသော အဲချင်းဖြစ်၍ 'လပအဲ' ဟု အမည်တွင်သည်။

1437ထိပ်ချာပွင့်ရန် လပအဲဝန်ကြီး ပဒေသရာဇာ

ထိပ်ချာပွင့်ရန်၊ ဘုန်းပျံ့ရွှန်းညွန့်လူ၊ ဘယ်သူမမျှ၊ ထိပ်တင်လှသည်၊ ကြွတော်မူမည်၊ လာတော်မူခါ၊ နီးပါသည့်အကြောင်း၊ ရှေ့ရည်ထင့်ထင့်၊ မျှော်ကာလင့်၍၊ အသင့်ကြံစည် နေပါသည်ကို၊ မုန်းရည်ရှိလှ၊ အာကာကလည်း၊ တောင်ကမည်းမိုက်ပြန်ခဲ့ပြီ၊ ချုန်းလို့အုန်းလို့သာ။

မယ့်ဆီမနှေး၊ ထိပ်တင်လှငယ်၊ ကြွမည်ဝေးခဲ့၊ မှတ်တွေးကြံမိ၊ အယူရှိ၍၊ မချိဆာပူ၊ မယ့်သည်းအူမှာ၊ ပုံယူနှိုင်းဆွယ်၊ တံခွန်ရွက်ကို၊ လေခတ်ကဲ့နှယ်၊ မတယ်ရပ်မိ၊ လှပ်လှပ်ကယ်ရှိ၊ ညှိုးရိမျက်နှာပိန်ရေးတယ်၊ စိုးနှောင်မိုးကြောင့်လေ။

သည့်နှယ်သောခါ၊ သည်းချာကျွန်း၊ နောက်ကျလှလို့၊ လောကတန်ဆောင်၊ အခေါင်ထားမယ်၊ မှတ်ရွယ်သည့်ရှင်၊ မယ့်ထိပ်တင်လည်း သို့စင်ဖင့်နွှဲ၊ လာပဲခပ်သွေ၊ နေရက်လေတယ်၊ မှိုင်းဝေဘယ်ညာ၊ ဆင်တဲ့ရွာဝယ်၊ အာကာပိတ်ဆို့၊ မှိုင်းမှိုင်းညို့သည်၊ သည်မိုးကြောင့်သာ ဖြစ်တော့တယ်၊ ရိုင်းတယ်စိုင်းတယ် မိုး။

ထိပ်ပေါ်ထားရာ၊ မယ့်ထိပ်ချာမှာ၊ မာလာနတ်ပန်း၊ ပွင့်ခိုင်လန်းသို့၊ ညှိုးမြန်းမဲ့ရွှင်၊ နေ့တိုင်းဆင်သည်၊ ဥကင်ဗွေချာ၊ သောင်းဒီပါကို၊ ချုပ်ကာပိုင်စိုး၊ မိုးမည်ဧကန်၊ မှန်လှသည်ရှင့်။

မယ့်ဖခင်သည်၊ သာရွှင်ဝမ်းသာ၊ ကြွရောက်လှာလို့၊ စကြာရွှေစက်၊ စုံနှစ်ဖက်ကို၊ နှစ်သက်ပျော်ပါး၊ မယ့်ထိပ်ဖျားမှာ ထားလို့ ရိုသေ၊ နေသောခါမှ၊ အာကာတိမ်ပြင်၊ ကောင်းကင်အလုံး၊ လွှမ်းဖုံးမည်းမိုက်၊ ကျူးရိုက်ဆင့်ကာ၊ ရွာပါဘိလား၊ ရွှမ်းစွတ်စို၊ ငြိမ်းတယ်ချမ်းတယ် မိုး။

ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။