လောကဝဂ်

၁။ မထင်ရှားသော ရဟန်းငယ်ဝတ္ထု

ဟီနံ ဓမ္မံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အမှတ်မရှိသော ရဟန်းငယ်တစ်ပါးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ရဟန်းငယ်နှင့် ဝိသာခါ၏ မြေးမ

အမှတ်မရှိသော မထေရ်တစ်ပါးသည် ရဟန်းငယ်နှင့် အတူတကွ စောစောကပင်လျှင် ဝိသာခါ ဒါယိကာမ၏ အိမ်သို့ ကြွသွားတော်မူသတတ်။ ဝိသာခါ၏အိမ်၌ ငါးရာကုန်သော ရဟန်းတို့အလို့ငှာ မုန့်ယာဂုကို အမြဲမပြတ် ဝတ်တည်အပ်၏။ မထေရ်သည် ထိုဝိသာခါအိမ်၌ ယာဂုသောက်ပြီးလျှင် ရဟန်းငယ်ကို နေခဲ့စေ၍ မိမိကား တစ်ပါးသောအိမ်သို့ ကြွသွားလေ၏။ ထိုအခါ၌လည်း ဝိသာခါ၏ သား၏သမီး မြေးမသည် အဘွား၏အရာ၌တည်၍ ရဟန်းတို့အတွက် အမှုကြီးငယ်ကိုပြု၏။ ထိုရဟန်းငယ်၏အလို့ငှာ ရေစစ်စဉ် ရေအိုးစရည်း၌ မိမိ၏မျက်နှာရိပ်ကိုမြင်၍ ရယ်လေ၏။ ရဟန်းငယ်သည်လည်း ထိုသတို့သမီးငယ်ကိုကြည့်၍ ရယ်မိလေ၏။ သတို့သမီးသည် ရဟန်းငယ် ရယ်သည်ကို မြင်ရလျှင် “ဦးခေါင်းပြတ်က ရယ်ဘိ၏”ဟု ဆိုလိုက်လေ၏။ ထိုအခါ သတို့သမီးကို ရဟန်းငယ်သည် “နင်သာ ဦးခေါင်းပြတ်၊ နင့်အမေ နင့်အဖေတို့လည်း ဦးခေါင်းပြတ်တွေ”ဟု ဆို၍ ဆဲရေးလေ၏။ ထိုသတို့သမီးငယ်သည် ငိုယိုလျက် စဖိုအိမ်၌ အဘွားမ ဝိသာခါ၏အထံသို့ သွားလေရကား “ချစ်မြေး- ဤငိုခြင်းကား အကြောင်းအဘယ်နည်း”ဟု မေးလတ်သော် သတို့သမီးငယ်သည် ထိုအကြောင်းကို ပြောကြားလေ၏။ ဝိသာခါသည် ရဟန်းငယ်၏အထံသို့လာ၍ “အရှင်ဘုရား- အမျက်ထွက်တော်မမူပါလင့်၊ ဤသို့ အမျက်ထွက်ခြင်းဟူသည် ပြတ်သောဆံပင်, ပြတ်သောခြေသည်း လက်သည်းရှိသဖြင့် ဖြတ်အပ်သော အဝတ်အရုံကို ဝတ်ရုံလျက် အလယ်၌ပြတ်သော အိုးနားတို ခွက်လက်စွဲဆောင်ယူကာ ဆွမ်းအလို့ငှာ လှည့်လည်နေကျဖြစ်သော အရှင်မြတ်ဘုရားအား အလွန်တရာဝန်လေးလှသော အပြစ်မဟုတ်ပါဘုရား”ဟု လျှောက်ကြားလေ၏။ ရဟန်းငယ်သည် “ဒါယိကာမကြီး- ဪ.. ဟုတ်ပေပြီ၊ သင်သည် ငါ၏ ပြတ်သောဆံပင် စသည် ရှိသည့်အဖြစ်ကို သိဘိ၏။ ဤသတို့သမီးငယ်သည် ငါ့ကို ဦးခေါင်းပြတ်ပြုလုပ်၍ ဆဲရေးခြင်းငှာ သင့်လေတော့သလော”ဟု ပြောဆိုလတ်သော် ဝိသာခါသည် ရဟန်းငယ်ကို သိစေခြင်းငှာလည်း မဟုတ်နိုင်။ သတို့သမီးငယ်ကို သိစေခြင်းငှာလည်း မတတ်နိုင်။

ဘုရားရှင်၏ သြဝါဒ

ထိုခဏတွင် မထေရ်ကြီးသည် လာလတ်၍ “ဒါယိကာမကြီး- ဤအမှုကား အဘယ်ပုံ ဖြစ်သနည်း”ဟု မေးတော်မူပြီးလျှင် ထိုအကြောင်းကို ကြားရသဖြင့် ရဟန်းငယ်ကို ဆုံးမလျက် “ငါ့ရှင်ဖဲလော့၊ ဤသတို့သမီးငယ်သည် ပြတ်သောဆံပင်, ပြတ်သော ခြေသည်း လက်သည်း, ပြတ်သော အဝတ်ရှိသော, ပြတ်သော အိုးနားတို ခွက်လက်စွဲဆောင်ယူကာ ဆွမ်းအလို့ငှာ သွားသောသင့်အား ဆဲရေးသည်မဟုတ်။ ထို့ကြောင့် ဆိတ်ဆိတ်နေပါလေလော့”ဟု မိန့်ဆိုလေ၏။ “အရှင်ဘုရား- ဟုတ်မှန်လှပါပေ၏။ အရှင်ဘုရားတို့သည် မိမိတို့၏ အလုပ်အကျွေး ဒါယိကာမကို မခြိမ်းခြောက်မူ၍ အဘယ့်ကြောင့် တပည့်တော်ကို ခြိမ်းခြောက်တော်မူကြပါဘိသနည်း။ တပည့်တော်ကို ဦးခေါင်းပြတ်ဟူ၍ ဆဲရေးခြင်းငှာ သင့်ပါသလော”ဟု ပြန်၍ဆိုလေ၏။ ထိုခဏ၌ ဘုရားရှင်သည် ကြွလာတော်မူ၍ “ဤအမှုသည် အဘယ်ပုံဖြစ်သနည်း”ဟု မေးတော်မူလေ၏။ ဝိသာခါသည် အစမှစ၍ ထိုအကြောင်းကို လျှောက်ကြားလေ၏။ ဘုရားရှင်သည် ထိုရဟန်းငယ်၏ သောတာပတ္တိဖိုလ်၏ ဥပနိဿယအကြောင်းကို မြင်တော်မူသဖြင့် “ငါဘုရားသည် ဤရဟန်းကို အလိုသို့ လိုက်စိမ့်သောငှာ သင့်ပေ၏”ဟု ကြံတော်မူပြီးလျှင် “ဝိသာခါ- အသို့နည်း၊ သင်၏သတို့သမီးငယ်သည် ပြတ်သောဆံပင်ရှိခြင်း စသည်မျှဖြင့်သာလျှင် ငါ၏တပည့်သာဝကတို့ကို ဦးခေါင်းပြတ်ပြု၍ ဆဲရေးခြင်းငှာ သင့်သလော”ဟု မိန့်တော်မူလေ၏။ ပဉ္စင်းငယ်သည် ထိုခဏ၌ပင်လျှင် ထတဲ့၍ လက်အုပ်ချီပြီးလျှင် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဤပြဿနာကို ရှင်တော်မြတ်ဘုရားတို့သည်သာလျှင် ကောင်းစွာသိတော်မူကြပါကုန်၏။ တပည့်တော်တို့၏ ဥပဇ္ဈာယ် ဆရာသည်လည်းကောင်း၊ ဝိသာခါ ဒါယိကာမကြီးသည်လည်းကောင်း မသိကြပါဘုရား”ဟု လျှောက်ဆိုလေ၏။ ဘုရားရှင်သည် ပဉ္စင်းငယ်၏ မိမိအား လျော်စွာဖြစ်ခြင်းကို သိတော်မူရသဖြင့် “ကာမဂုဏ်ကို အကြောင်းပြု၍ ရယ်သော အဖြစ်မည်သည် ယုတ်သော သဘောတရားပေတည်း။ ယုတ်သောသဘောတရား မည်သည်ကို မှီဝဲခြင်းငှာလည်းကောင်း၊ မေ့လျော့ခြင်းနှင့် အတူတကွ နေခြင်းငှာလည်းကောင်း မသင့်”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၁၆၇] ဟီနံ ဓမ္မံ န သေဝေယျ၊ ပမာဒေန န သံဝသေ။
မိစ္ဆာဒိဋ္ဌိံ န သေဝေယျ၊ န သိယာ လောကဝဍ္ဎနော။

ဟီနံ ဓမ္မံ၊ ယုတ်သော ငါးပါးအာရုံ ကာမဂုဏ်တရားကို။ န သေဝေယျ၊ မမှီဝဲရာ။ ပမာဒေန၊ သတိလွတ်ကင်း မေ့လျော့ခြင်းနှင့်။ န သံဝသေ၊ မပေါင်းသင်းရာ။ မိစ္ဆာဒိဋ္ဌိံ၊ မှားသောအယူကို။ န သေဝေယျ၊ မယူရာ။ လောကဝဍ္ဎနော၊ လောက၏ ကျယ်ပြန့်ပွားခြင်းသည်။ န သိယာ၊ မဖြစ်ရာ။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ရဟန်းငယ်သည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ရောက်လာကုန်သော ပရိသတ်တို့အားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

မထင်ရှားသောရဟန်းငယ်ဝတ္ထုပြီး၏။