ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၉။ ဒုစရိုက်တရား ဆယ်ပါး(ကျောင်းသားကိုင်သို့)
1469ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်) — ၉။ ဒုစရိုက်တရား ဆယ်ပါး(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၉)

သင်ခန်းစာခေါင်းစဉ်။ ။ ဒုစရိုက်တရား ဆယ်ပါး

သင်ယူမှုဦးတည်ချက်။ ။ ဒုစရိုက်တရား ဆယ်ပါး အကြောင်းနှင့်၎င်းတို့၏ ဆိုးကျိုးများကို သိရှိစေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

မိနစ်သင်ထောက်ကူပစ္စည်း။ ။ ဒုစရိုက်တရား ဆယ်ပါးကိုရေးထားသော စာရွက်ကြီး။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့ မကောင်းမှုတွေကို ကိုယ်နဲ့လည်း ပြုလုပ်တတ်ကြတယ်။ နှုတ်နဲ့လည်း ပြောဆိုတတ်ကြတယ်။ စိတ်နဲ့လည်း ကြံစည်တတ်ကြတယ် ဆိုတာကို ဆွေးနွေးခဲ့ဖူးတာ မှတ်မိကြသေးလား။ အဲဒီမကောင်းမှ တွေကို ဘာလို့ခေါ်လဲ”ဟု မေး၍ စာသင်ချိန်ကို စတင်ပါ။ (ကလေးများ အခက်အခဲဖြစ်နေလျှင် ဆရာက အစ ဖော်ပြောပြပေးပါ။)

֍ ထို့နောက် “ကိုယ်နဲ့ပြုလုပ်တဲ့ ကာယဒုစရိုက်သုံးပါးက ဘာတွေလဲ၊ နှုတ်နဲ့ပြောဆိုတဲ့ ဝစီဒုစရိုက်လေးပါးက ဘာတွေလဲ၊ စိတ်နဲ့ကြံစည်တဲ့ မနောဒုစရိုက်သုံးပါးက ဘာတွေလဲ” စသည်ဖြင့် ကလေးများကို မေးမြန်းဆွေးနွေးပြီး ကလေးများပြောသော အချက်များကို ဆရာက သင်ပုန်းပေါ်တွင် မှတ်တမ်းတင်ထားပါ။ လိုအပ်ချက်များကို အောက်ပါအတိုင်း ဖြည့်စွက်ပေးပါ။

ကာယဒုစရိုက် (ကိုယ်ဖြင့် ပြုလုပ်သော မကောင်းမှု) သုံးပါး

၁။ ပါဏာတိပါတ (သူတစ်ပါးအသက်ကို သတ်ဖြတ်ခြင်း)
၂။ အဒိန္နာဒါန (သူတစ်ပါးဥစ္စာကို ခိုးယူခြင်း)
၃။ ကာမေသု မိစ္ဆာစာရ (သူတစ်ပါးသားမယားကို လွန်ကျူးပြစ်မှားခြင်း)

ဝစီဒုစရိုက် (နှုတ်ဖြင့် ပြောဆိုသော မကောင်းမှု) လေးပါး

၁။ မုသာဝါဒ (လိမ်ညာပြောဆိုခြင်း)
၂။ ပိသုဏဝါစာ (ကုန်းတိုက်စကားပြောဆိုခြင်း)
၃။ ဖရုသဝါစာ (ကြမ်းတမ်းသောစကားကို ပြောဆိုခြင်း)
၄။ သမ္ဖပ္ပလာပ (အကျိုးမရှိသောစကားကို ပြောဆိုခြင်း)

မနောဒုစရိုက် (စိတ်ဖြင့် ကြံစည်သော မကောင်းမှု) သုံးပါး

၁။ အဘိဇ္ဈာ (သူတစ်ပါးပစ္စည်းကို ကိုယ့်ပစ္စည်းဖြစ်ရင် ကောင်းမှာပဲဟု ကြံစည်မှု)
၂။ ဗျာပါဒ (သူတစ်ပါး ဒုက္ခရောက်ရင် ကောင်းမှာပဲဟု ကြံစည်မှ)
၃။ မိစ္ဆာဒိဋ္ဌိ (အယူမှားခြင်း။ ကံ၊ ကံ၏အကျိုးကို မယုံကြည်မှု စသည်)

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ အောက်ပါ ဇာတ်လမ်းကို ကလေးများ အားလုံးဖတ်ကြပါစေ။ ကလေးများ နားမလည်သော စကားလုံးများ ပါရှိပါ က ရှင်းပြပေးပါ။

အနာထပိဏ်သူဌေးနှင့် တံခါးစောင့်နတ်

ဟိုးရှေးရှေးတုန်းက သာဝတ္ထိပြည်မှာနေထိုင်တဲ့ အနာထပိဏ်သူဌေးကြီးဟာ အလှူဒါနပြုလုပ်ရာမှာ လေး စားအတုယူထိုက်တဲ့ သူဌေးကြီးတစ်ဦး ဖြစ်တယ်။ ဇေတဝန်ကျောင်းတော်ကြီးကို ၅၄ ကုဋေ (သန်းပေါင်း ၅၄၀) အကုန်အကျခံကာ လှူဒါန်းရတာကို အားရတင်းတိမ်မှုမရှိဘဲ တစ်နေ့သုံးကြိမ် ဘုရားသီတင်းသုံးရာ ကျောင်းတော်ကို သွားလှူလေ့ရှိတယ်။ မနက်သွားရင် ယာဂု (ဆန်ပြုတ်)၊ နေ့လယ်မှာ ဖျော်ရည်၊ ညနေဆိုရင် ပန်းနံ့သာတွေ ယူဆောင်သွားလေ့ရှိတယ်။

တစ်ချိန်မှာ သူဌေးကြီးဟာ စီးပွားရေးမပြေမလည်ဖြစ်ပြီး ဆင်းရဲနွမ်းပါးသွားတယ်။ သူဌေးကြီးဆီက ချေးငှား ထားတဲ့ လူတွေကလည်း နောက်ပိုင်းမှာ ငွေတွေကို ပြန်မဆပ်ကြတော့ဘူး။ မြစ်ကမ်းနားမှာ မြေမြှုပ်သိမ်းထားတဲ့ ငွေတစ်ဆယ့်ရှစ်ကုဋေလည်း ကမ်းပြိုပြီး ရေထဲပါသွားတယ်။ အဲဒါကြောင့် သူဌေးကြီးပိုင်ပစ္စည်းတွေ အများကြီး လျော့သွားတယ်။ ဒါပေမဲ့ လှူဒါန်းတာကို မလျှော့ဘဲ ဆက်လှူဒါန်းနေပါတယ်။ သူဌေးကြီး အိမ်ရဲ့ စတုတ္ထတံခါး စောင့်ဖြစ်တဲ့ မိစ္ဆာဒိဋ္ဌိနတ်ဟာ အလှူအတန်းတွေ ပြုလုပ်နေတာကို သဘောမကျနိုင် ဖြစ်နေတယ်။ သူဌေးကြီးအိမ်ကို ရဟန်းသံဃာတွေ ကြွလာတဲ့အခါမှာလည်း သူ့နေရာကနေ ခဏခဏ ဖယ်ပေးနေရလို့ အလိုလို ဒေါသထွက်ပြီး စိတ်ဆိုးနေတယ်။

တစ်နေ့မှာတော့ မိစ္ဆာဒိဋ္ဌိနတ်ဟာ စိတ်ဆိုးပြီး သူဌေးကြီးကို ကိုယ်ထင်ပြကာ “သူဌေးကြီး ... သင်ဟာ နောင်ရေးကို မကြည့်ဘဲ ဂေါတမဘုရားရဲ့ သာသနာကိုပဲ အလကားလှူပစ်နေတော့ ပစ္စည်းတွေကုန်ပြီး ဆင်းရဲသွား တာ။ မလှူနဲ့တော့။ ဘာမှအကျိုးမရှိဘူး”လို့ အပြစ်တင်စကား ပြောတယ်။

မိစ္ဆာဒိဋ္ဌိနတ်ဟာ မိစ္ဆာအမြင်နဲ့ အလှူဒါနကို မပြုလုပ်ဖို့ တားတဲ့အခါ သူဌေးကြီးက မိစ္ဆာဒိဋ္ဌိနတ်ကို အိမ်မှာ နေခွင့် မပေးတော့ဘဲ နှင်ထုတ်လိုက်တယ်။ ဒါကြောင့် တံခါးစောင့်နတ်ဟာ ခိုကိုးရာမဲ့ဖြစ်ကာ သိကြားမင်းဆီသွားပြီး သူဌေးကြီး ကျေနပ်တဲ့အထိ တောင်းပန်ဖို့ နည်းလမ်းသွားမေးတယ်။

သိကြားမင်းက “သူဌေးကြီးဟာ အလှူလုပ်ရာမှာ အလွန်ဝါသနာပါသူဖြစ်တဲ့အတွက် တားလို့မရဘူး၊ ဒါပေမဲ့ အခုအချိန်မှာ ပစ္စည်းဥစ္စာတွေ နွမ်းပါးနေတဲ့အတွက် သူဌေးကြီးဆီကနေ ချေးငှားထားသူတွေကို ပြန်ပေးကြဖို့ မင်းက လိုက်ပြီး နှိုးဆော်ပေးရမယ်”လို့ ပြောပြလိုက်တယ်။ မိစ္ဆာဒိဋ္ဌိနတ်ဟာ သိကြားမင်းအကြံပေးတဲ့အတိုင်း ကြွေးယူထား သူတွေကို လိုက်လံဆော်ဩပေးရာ အကြွေးယူသူအားလုံးက ပြန်ဆပ်ကြတဲ့အတွက် သူဌေးကြီးဟာ အရင်လိုပြန်ပြီး ချမ်းသာကြွယ်ဝလာခဲ့တယ်။

မိစ္ဆာဒိဋ္ဌိနတ်ဟာ သူ့အမှားကို ခွင့်လွှတ်ပေးဖို့ သူဌေးကြီးကို တောင်းပန်တယ်။ သူဌေးကြီးက ခွင့်လွှတ်ပေးပြီး မြတ်စွာဘုရားဆီ ခေါ်သွားတယ်။ မြတ်စွာဘုရားက တရားဟောတဲ့အခါ မိစ္ဆာဒိဋ္ဌိနတ်ဟာ အယူမှားတွေ ကင်းစင်ပြီးသောတာပန် ဖြစ်သွားခဲ့ပါတယ်။

မှီငြမ်း။ ။ အနာထပိဏ္ဍိကသေဋ္ဌိဝတ္ထု၊ ဓမ္မပဒဝတ္ထု မြန်မာပြန်၊ တတိယတွဲ၊ ၁၇၉။ ဓမ္မ၊ဋ္ဌ၊၂၊၇။

ခက်ဆစ်အဖွင့်

မိစ္ဆာဒိဋ္ဌိ = မှားယွင်းသောအယူရှိခြင်း၊ (ကံ၊ ကံ၏အကျိုးကို မယုံကြည်ခြင်း)

֍ အောက်ပါမေးခွန်းများကို မေးပါ။

-ဇာတ်လမ်းထဲမှာပါတဲ့ သူဌေးကြီးနာမည်က ဘယ်လိုခေါ်သလဲ။
-သူဌေးကြီးက ဘယ်လို လှူဒါန်းလဲ။ ဘယ်လောက် လှူဒါန်းသလဲ။
-သူဌေးကြီး အဲဒီလို လှူဒါန်းနေတာကို သဘောမကျနိုင် ဖြစ်နေတဲ့သူက ဘယ်သူလဲ။ ဘာကြောင့် သဘော မကျတာလဲ။
-မိစ္ဆာဒိဋ္ဌိနတ်ဟာ သူဌေးကြီးကို ဘယ်လို ပြောသလဲ။
-ဒီဇာတ်လမ်းကို လေ့လာကြည့်ခြင်းအားဖြင့် မိစ္ဆာဒိဋ္ဌိအယူရှိတဲ့ ပုဂ္ဂိုလ်ဆိုတာကို သားတို့သမီးတို့အနေနဲ့ ဘယ်လို နားလည်လိုက်သလဲ။

֍ ထို့နောက် အောက်ပါအချက်များ ပါဝင်စေလျက် စာသင်ချိန်ကို အဆုံးသတ်ပါ။

“မိစ္ဆာဒိဋ္ဌိအယူရှိတဲ့သူဟာ ဘုရားကိုလည်း မယုံကြည်ဘူး၊ တရားကိုလည်း မယုံကြည်ဘူး၊ သံဃာကိုလည်း မယုံ ကြည်ဘူး။ ပြီးတော့ ဘုရား၊ တရား၊ သံဃာကို ယုံကြည်ဆည်းကပ်နေတဲ့သူတွေ၊ လှူဒါန်းနေတဲ့သူတွေကို ပြစ်တင်ပြောဆိုတတ်တဲ့သူ ဖြစ်တယ်”

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ ကတ်ပြားများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ အောက်ပါ ကတ်ပြားများကို သင်ပုန်းပေါ်တွင် ချိတ်ဆွဲပြထား၍ စာသင်ချိန်ကို စတင်ပါ။

သူတစ်ပါးအသက်ကို သတ်ဖြတ်ခြင်း ပါဏာတိပါတ
သူတစ်ပါး၏ ပစ္စည်းဥစ္စာများကို ခိုးယူခြင်း အဒိန္နာဒါန
သူတစ်ပါး၏ သားမယားကို လွန်ကျူးပြစ်မှားခြင်း ကာမေသု မိစ္ဆာစာရ
စကားကို လိမ်ညာပြောဆိုခြင်း မုသာဝါဒ
ကုန်းတိုက်စကား ပြောဆိုခြင်း ပိသုဏဝါစာ
ကြမ်းတမ်းသောစကားကို ပြောဆိုခြင်း ဖရုသဝါစာ
အကျိုးမရှိသော စကားကို ပြောဆိုခြင်း သမ္ဖပ္ပလာပ
သူတစ်ပါး၏ ပစ္စည်းဥစ္စာများကို ကိုယ့်ပစ္စည်းဖြစ်ရင် အဘိဇ္ဈာ
သူတစ်ပါးကို သေကျေပျက်စီးရင် ကောင်းမှာပဲဟု ကြံစည်ခြင်း ဗျာပါဒ
အယူမှားခြင်း။ ကံ၊ ကံ၏အကျိုးကို မယုံကြည်ခြင်း မိစ္ဆာဒိဋ္ဌိ

֍ ကလေးများအား သင်ပုန်းပေါ်ရှိ ကတ်ပြားပါ စာသားများကို ဖတ်စေကာ မှတ်သားထားကြပါစေ။

֍ ပြီးနောက် ထိုကတ်ပြားများအား ကလေးတစ်ဦးလျှင် တစ်ကတ်စီ ဝေပေးပါ။ ကလေးအရေအတွက်နှင့် ကိုက်ညီ အောင် ဆရာက ကတ်ပြားများကို စီစဉ်ထားပါ။

֍ အထက်ပါ ကတ်ပြားများ စီစဉ်ထားပုံအတိုင်းဖြစ်စေရန် ကလေးအချင်းချင်း မိမိအတွဲကို လိုက်လံရှာဖွေကြပါစေ။ ထို့နောက် မိမိရရှိသော အတွဲအလိုက် နေကြပါစေ။

֍ တစ်တွဲစီက၎င်းတို့ ရရှိထားသော စာကြောင်းများကို ဖတ်ပြကြပါစေ။

֍ ထို့နောက် ဆရာက ကာယဒုစရိုက်သုံးပါးဟု “အော်”လျှင် ကာယဒုစရိုက်သုံးပါးဆိုင်ရာ ကတ်ပြားများ ရရှိထားသော ကလေးများက အတွဲလိုက်စု၍ ရပ်နေပြီး မိမိတို့ အတွဲလိုက်ရထားသော အကြောင်းအရာကို ဖတ်ပြပါစေ။

ဤနည်းအတိုင်း ဝစီဒုစရိုက်လေးပါး၊ မနောဒုစရိုက်သုံးပါးကိုလည်း ပြုလုပ်ပါစေ။ နောက်ဆုံးတွင် ဆရာက “ဒီဒုစရိုက်ဆယ်ပါးဟာ ကလေးတို့ ရှောင်ကြဉ်ရမယ့် ဒုစရိုက်တရားတွေ ဖြစ်တယ်”ဟု ပြောပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကလေးများအား အုပ်စု (၃) စု ဖွဲ့ပြီး အုပ်စု (၁)၊ အုပ်စု (၂)၊ အုပ်စု (၃) ဟူ၍ အမည်အသီးသီး ပေးထားပါ။

֍ အုပ်စု (၁) အား ကာယဒုစရိုက်သုံးပါးကိုသော်လည်းကောင်း၊ အုပ်စု (၂) အား ဝစီဒုစရိုက်လေးပါးကိုသော်လည်းကောင်း၊ အုပ်စု (၃) အား မနောဒုစရိုက်သုံးပါးကိုသော်လည်းကောင်း ရှောင်ကြဉ်ခြင်းအားဖြင့် မည်ကဲ့သို့ အကျိုးကျေးဇူးများ ရရှိနိုင်မည်ဆိုသည်ကို အုပ်စုလိုက် စဉ်းစားဆွေးနွေးကြပါစေ။ ထို့နောက် ဆွေးနွေးချက်များကို စာရွက်လွတ်တွင် ရေးသားစေပြီး အုပ်စုကိုယ်စားလှယ် တစ်ဦးစီက တင်ပြပါစေ။

(မှတ်ချက်။ ။ ကောင်းတာလုပ်ရင် ကောင်းတာ ဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်။)

֍ အုပ်စုတစ်စုစီက တင်ပြနေချိန်တွင် ဆရာနှင့်ကျန်သောအုပ်စုများက သေချာစွာ နားထောင်ပြီး အရေးကြီးသော အချက်များမပါလျှင် ဆရာက ဖြည့်စွက်ဆွေးနွေး၍ “ဒုစရိုက်ဆယ်ပါးကို ရှောင်ကြဉ်ပြီး ကောင်းတဲ့ အပြုအမူ၊ ကောင်းတဲ့ အပြောအဆို၊ ကောင်းတဲ့ စိတ်ထား၊ ကောင်းတဲ့ အကြံအစည်တွေကိုသာ ဆောင်ရွက်တတ်တဲ့ လိမ္မာတဲ့ ကလေးတွေ ဖြစ်ကြပါစေ”ဟု ဆို၍ သင်ခန်းစာကို အဆုံးသတ်ပါ။