ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု
by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၂၃၀။ ဒုတိယပလာယိတဇာတ် (၂-၈-၁၀)
1472ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု — ၂၃၀။ ဒုတိယပလာယိတဇာတ် (၂-၈-၁၀)မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်

ဒုကနိပါတ်-ကာသာဝဝဂ်

၁၀။ ဒုတိယပလာယိတဇာတ်

စစ်ပြိုင် မင်းနှစ်ပါး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည်ဓဇမပရိမိတံအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဒုတိယပလာယိတဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် တယောက်သော ပြေးသော ပရိဗိုဇ်ကိုပင်လျှင် အကြောင်းပြု၍ ဟောတော်မူ၏။ ဤဝတ္ထု၌ကား ထိုပရိဗိုဇ်သည် ဇေတဝန်ကျောင်းတော်သို့ ဝင်၏။ ထိုခဏ၌ မြတ်စွာဘုရားသည် လူများဖြင့် ခြံရံအပ်သည်ဖြစ်၍ တန်ဆာဆင်အပ်သော တရားဟောနေရာတော်၌ နေတော်မူလျက် ဆေးဒန်း မြင်းသီလာအပြင်၌ ခြင်္သေ့သံကို ကြွေးကြော်သော ခြင်္သေ့ပျိုကဲ့သို့။ တရားကို ဟောတော်မူ၏။ ပရိဗိုဇ်သည် အားဆယ်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၏ ဗြဟ္မာမင်း၏ ကိုယ်နှင့်တူသော ကိုယ်တော်ကို၎င်း လပြည့်ဝန်းကဲ့သို့ တင့်တယ်ခြင်းရှိသော မျက်နှာတော်ကို၎င်း ရွှေပြားနှင့်တူသော နဖူးတော်ကို၎င်း မြင်၍ ဤသို့သဘောရှိသော ယောက်ျားမြတ်ကို အောင်အံ့သောငှါ အဘယ်သူ တတ်နိုင်ချေအံ့နည်းဟုပြန်၍ ပရိသတ်အတွင်းသို့မဝင်မူ၍ ပြေးလေ၏။

လူများသည် ထိုပရိဗိုဇ်ကိုလိုက်၍ ပြန်၍ မြတ်စွာဘုရားအား ထိုအကြောင်းကို လျှောက်၏။ မြတ်စွာဘုရားသည် ဒါယကာတို့ ထိုပရိဗိုဇ်သည် ယခုအခါ၌သာလျှင် ငါ၏ ရွှေအဆင်းနှင့်တူသော အဆင်းရှိသော မျက်နှာကို မြင်၍ ပြေးသည် မဟုတ်သေး၊ ရှေး၌လည်း ငါ၏ ရွှေအဆင်းနှင့်တူသော အဆင်းရှိသော မျက်နှာကိုမြင်၍ ပြေးဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ဒါယကာတို့ လွန်လေပြီးသောအခါ ဘုရားလောင်းသည် ဗာရာဏသီပြည်၌ မင်းပြု၏။ တက္ကသိုလ်ပြည်၌ တယောက်သော ဂန္ဓာရမင်းသည် မင်းပြု၏။ ထိုဂန္ဓာရမင်းသည် ဗာရာဏသီပြည်ကို ယူအံ့ဟူ၍ အင်္ဂါလေးပါးရှိသော စစ်သည်ဖြင့် လာလတ်၍ မြို့ကိုဝန်းရံ၍ မြို့တံခါး၏ အနီး၌ တည်လျက် မိမိ၏ ဗိုလ်ပါစစ်သည်ကိုကြည့်၍ ဤမျှအတိုင်းအရှည်ရှိသော စစ်သည်အပေါင်းကို အောင်အံ့သောငှါ အဘယ်သူ စွမ်းနိုင်လတ္တံ့နည်းဟု မိမိ၏ စစ်သည်ကို ချီးမွမ်းလို၍-

၁၅၉။ ဓဇမပရိမိတံ အနန္တပါရံ၊ ဒုပ္ပသဟံ ဓင်္ကေဟိ သာဂရံဝ။
ဂိရိမိဝ အနိလေန ဒုပ္ပသယှော၊ ဒုပ္ပသဟော အဟမဇ္ဇ တာဒိသေန။

ဟူသော ရှေးဦးစွာသောဤဂါထာကို ဆို၏။

၁၅၉။ ရထေသု၊ ရထားတို့၌။ မောရစ္ဆဒေ၊ ဒေါင်းတောင်တို့ကို။ ထပေတွာ၊ စိုက်၍။ ဓဇံ-ဓဇမေဝ၊ ထောင်အပ်သော တံခွန်သည်ပင်လျှင်။ အပရိမိတံ၊ မနှိုင်းယှဉ်နိုင်များ၏။ အနန္တပါရံ၊ ဆင်ကားဤမျှမြင်းဤမျှဟု ရေတွက်ခြင်း၏ အပိုင်းအခြားကို လွန်သည်ဖြစ်၍ အဆုံးမရှိသော ကမ်းရှိ၏။ ဓင်္ကေဟိ၊ ကျီးတို့သည်။ သာဂရံ၊ သမုဒ္ဒရာကို။ ဒုပ္ပသဟံ ဣဝ၊ လွှမ်းမိုးခြင်းငှါ မစွမ်းနိုင်ဘိသကဲ့သို့။ မေ၊ ငါ၏။ အယံ ဗလကာယော၊ ဤဗိုလ်ပါအပေါင်းကို။ ဒုပ္ပသဟော၊ ဆန့်ကျင်ဘက်ဖြစ်ကုန်သော ရန်သူတို့သည် နှိပ်စက်လွှမ်းမိုးခြင်းငှါ မစွမ်းနိုင်။ အနိလေန၊ လေသည်။ ဂိရိံ၊ တောင်ကို။ ဒုပ္ပသယှောဣဝ စ၊ တုန်လှုပ်စိမ့်သောငှါ မစွမ်းနိုင်ဘိသကဲ့သို့လည်း။ အဟံ၊ ဤဗိုလ်ပါအပေါင်းနှင့် ပြည့်စုံသော ငါ့ကို။ အဇ္ဇ၊ ယခု။ တာဒိသေန၊ ထိုသို့သဘောရှိသော ဗိုလ်ပါအပေါင်းသည်။ ဒုပ္ပသဟော၊ လွှမ်းမိုးခြင်းငှါ မစွမ်းနိုင်။

ထိုအခါ၌ ထိုဂန္ဓာရမင်းအား ထိုဘုရားလောင်းသည် လပြည့်ဝန်းကဲ့သို့ အသရေရှိသော မိမိ၏မျက်နှာကိုပြ၍ ဟယ်... ငမိုက် သင်သည် မယောင်ယမ်း မမြည်တမ်းလင့်၊ ယခုအခါ၌ အမုန်ယစ်သော ဆင်ပြောင်သည် ကျူးတောကို နင်းဘိသကဲ့သို့ ထို့အတူ သင်၏စစ်သည်အပေါင်းကို ဖျက်ဆီးလိုက်အံ့ဟု ခြိမ်းချောက်၍-

၁၆၀။ မာ ဗာလိယံ ဝိလေပိ န ဟိဿ တာဒိသံ၊
ဝိဍယှသေ န ဟိ လဘသေ နိသေဓကံ။
အာသဇ္ဇသိ ဂဇမိဝ ဧကစာရိနံ၊
ယော တံ ပါဒါ နဠမိဝ ပေါထယိဿတိ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၁၆၀။ ဟရေ ဗာလ၊ ဟယ်... ငမိုက်။ တွံ၊ သင်သည်။ အတ္တနော၊ မိမိ၏။ ဗာလိယံ၊ မိုက်သည်၏အဖြစ်ကို။ မာ ဝိလပိ၊ မမြည်တမ်းလင့်။ ဟိ-သစ္စံ၊ ထိုစကားသည် မှန်၏။ တဝ၊ သင်၏။ ဗလကာယော၊ ဗိုလ်ပါအပေါင်းသည်။ တာဒိသံ-တာဒိသော၊ ထိုသို့ သင်ကြံသောအတိုင်း သဘောရှိသည်။ န ဟိဿ၊ မဖြစ်သလျှင်ကတည်း။ တွံ၊ သင့်ကို။ ကေဝလံ၊ စင်စစ်။ ဝိဍယှသေ၊ ရာဂဒေါသ အစရှိသောအပူသည် လောင်အပ်၏။ တွံ၊ သင်သည်။ နိသေဓကံ၊ ငါကဲ့သို့သဘောရှိသော နှိပ်စက်လွှမ်းမိုး၍ တားမြစ်တတ်သော သူကို။ န ဟိ လဘသေ၊ မရသလျှင်ကတည်း။ အာသဇ္ဇသိ၊ ချဉ်းခဲ့လော့။ ဧကစာရိနံ-ဧကစာရီ၊ တစီးတည်းသာ သွားလေ့ရှိသော။ ဂဇံ-၈ဇော၊ ဆင်ပြောင်ကြီးသည်။ နဠံ၊ ကျူတာကို။ ပါဒါ၊ ခြေတို့ဖြင့်။ ပေါထယိ ဣဝ၊ နင်းချိုးသကဲ့သို့။ ဧဝံ-တထာ၊ ထို အတူ။ ယော ရာဇာ၊ အကြင်ဗာရာဏသီမင်းသည်။ တံ၊ သင့်ကို။ ပေါထယိဿတိ၊ နင်းနှိပ်လတ္တံ့။

ဤသို့ခြိမ်းချောက်သော ထိုဘုရားလောင်း၏စကားကို ကြား၍ ဂန္ဓာရမင်းသည် ကြည့်မျှော်လေသည်ရှိသော် ရွှေပြားနှင့်တူသော မြတ်သော နဖူးကိုမြင်၍ မိမိကိုဖမ်းအံ့သည်မှ ကြောက်ရကား ပြန်၍ပြေးလျက် မိမိမြို့သို့သာလျှင်သွား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ဒါယကာတို့ ယခုအခါ ပြေးသော ပရဗိုဇ်သည် ထိုအခါ ဂန္ဓာရမင်း ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဘူးပြီဟုဇာတ်ကို ပေါင်းတော်မူ၏။

ငါနဖူးပြင်၊ မြင်ခဲ့ကျင်၊ ခြေလျှင်ပြေးသည်သာ

ဆယ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဒုတိယပလာယိတဇာတ်သည် ပြီး၏။

*****