ဓနုရာသီ နတ်တော်လဘွဲ့ လူးတား

1508ဓနုရာသီ နတ်တော်လဘွဲ့ လူးတား1781ဦးယာ

စက်နေသင်္ချာ၊ ရာသီဓနု၊
တွက်စုငါးသောင်း၊ သိန်းပေါင်းနှစ်လီ၊
ရာသီသည်တွင်[]၊ ဆင်ရာတိမ်ခိုး၊
ရွာရိုးမက ချမ်းစလေ။ ။

တေဇော ဓာတ်ခန်း၊ ရာသီနန်းဝယ်၊
နှင်းဖျန်းရွှန်းစို၊ မြိုင်လုံးညိုသား၊
ခေါ်ဆိုမည်ရ၊ ဒွေးဒေဟဟု၊
သည်လရတု၊ ဓနုခေါ်တွင်၊
ရာသီခွင်၌၊ နေ့လျှင်နာရီ၊
ဆဒွေးစီ၍၊ တလီညဉ့်ရေး၊
သုံးဆဲ့လေးတည်း၊ ချမ်းအေး နှင်းဖျော်[]
လနတ္တော်ကို၊ တိမ်ပေါ်မိုးယံ၊
ငွေသားကျံ၍၊ ရောင်လျှံ ကြွားကြွား၊
ပတ္တမြားပြသာဒ်၊ လှည့်ပတ်အညီ၊
မိဂသီနှင့်၊ ယှဉ်မှီထွန်းလှာ၊
တာရာရွှင်လန်း၊ ဟင်္သာနန်းတို့၊
ရစ်သန်းတူကွ၊ ရောင်တောက်ပလျက်၊
သိင်္ဂရွှေစင်၊ ဖလ်စက်ရှင်လည်း၊
ထွက်ဝင်အတူ၊ နေ့မူတဖန်၊
ပြုဗ္ဗာသန်နှင့်၊ လျှင်မြန်လှည့်ထွန်း၊
မွန်းတည့်ရကား၊ ငါးဘဝါးဟု၊
ကစားပျော်ရာ၊ သည်အခါတွင်၊
မဟာဗိန္နဲ၊ နတ်ပွဲခင်းကျင်း[]
စုံမြိုင်ရင်းမှာ၊ ကြိုင်သင်းတောလုံး၊
ရနံ့ ဖုံးသား၊ ပတ်ကုံးဝန်းကျင်၊
မြေတွင်မရောက်၊ ပင်ပေါ်ပေါက်၍၊
နှင်းသောက်ရွှင်ရွှင်၊ ဖူးတံဆင်သည်၊
သဇင်ရွှေပွင့်၊ လျှပ်ရောင်ဝင့်သို့၊
လှတင့်စိမ်းတွေး[]၊ နတ်ပန်းမွှေးကို၊
မနှေးလျှင်မြန်၊ မိန့်တော်ပြန်လျက်၊
မျက်မှန်ကျောက်စုံ၊ ရွှေနန်းဘုံသို့၊
ဖူးငုံပေါ်စ၊ တင်ဆက်သသည်၊
နောက်မှပြည်သူ၊ သုံးယူပန်ဆင်၊
ရှုချင်မဝ၊ ပေါက်ပြလဲ့စိမ်း၊
ညွှမ်းတိမ်းကြော့ရွှန်း၊ ပြစ်မစွန်းသား[]
မြှော့ဝန်းလုံးညီ၊ နာရနီသို့၊
လည်ဆီရစ်ဆွဲ၊ ယုယတွဲလျက်၊
ပုလဲငုံကင်း၊ ပြာလဲ့ဝင်းနှင့်၊
သံညှင်းပြေပြေ၊ စက်လယ်ဗွေတွင်၊
နှင်းဝေရံစိုက်၊ ပွေ့ပိုက်တူစုံ၊
ရင်ငွေ့လှုံ၍၊ ခန်းဘုံသာထဲ၊
ရွှေလည်နွှဲ၍၊ ဆကဲကြင်နာ၊
မေတ္တာသက်မျှ[]၊ ပါချင်လှ၍၊
မြွက်ဟသံခြေ၊ ဆယ်မီးနေကြောင့်[]
လွမ်းလေအောင်သာ၊ လျှပ်ရောင်ဖြာသည်။ ။

မိလ္လာနုရွှန်းရွှန်းတည့်လေ။ ။
သဇင်တည့်ဂမုန်း ချိန်ပွင့်တုန်း။ ။
မိုဃ်းချုန်း ဆင်ရာတိမ်။ ။
ကြိမ်ကြိမ်တည့်အုံ့မှိုင်း ရှစ်ရပ်ဆိုင်း။ ။
ပင်တိုင်း လမ်းစီစီ၊
တိမ်နီတည့်တိမ်ပန်း တိမ်ခရမ်း။ ။

မှတ်ချက်

ပြင်ဆင်ရန်
  1. ရာသီရွှင်ရွှင် (မ) (ဟ)
  2. ချမ်းဧနှစ်ဘော် (မ) (ဟ)
  3. နတ်ပွဲဝင်ခြင်း (မ) (ဟ)
  4. လှတင့်စိန်သွေး (မ) (ဟ)
  5. လွတ်တိမ်းကျောက်ရွှန်း၊ ပြင်ပစွန်းက (မ)။ ညွတ်တိမ်းကောက်ယွန်း၊ ပြင်ပစွန်းကား (ဟ)။
  6. မေတ္တာတူမျှ (မ) (ဟ)
  7. ဆယ်မီးရွှေကြောင့် (မ)


  • မူရင်း - ရေနံချောင်း တွင်းစားကြီးဦးဘိုးဂုဏ် လက်ရေးမူ
  • [ဟ] - ဟံသာဝတီပုံနှိပ်တိုက်၊ ရန်ကုန်မြို့၊ ၁၉၀၇-ခုနှစ်ထုတ် စာအုပ်မူ
  • [မ] - မြန်မာစာညွန့်ပေါင်းကျမ်း၊ တတိယတွဲမူ
  • [ဘ] - ဘားနတ်ပိဋကတ်တိုက်ပေမူ၊ ရန်ကုန်မြို့
  ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။