1542ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး၁၁။ ဓမ္မိကဥပါသကဝတ္ထု (ဂါထာတော်သို့)အရှင်ဓမ္မဿာမီဘိဝံသ

ယမကဝဂ်

၁၁။ ဓမ္မိကဥပါသကာ ဝတ္ထု

ဣဓ မောဒတိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ဓမ္မိကဥပါသကာကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဓမ္မိကဥပါသကာအိမ်သားတို့ ကုသိုလ်ပြုပုံ

သာဝတ္ထိပြည်၌ တရားစောင့်သော ဓမ္မိကအမည်ရှိသော ငါးရာကုန်သော ဥပါသကာတို့သည် ရှိကုန်သတတ်။ ထိုငါးရာသော ဥပါသကာတို့တွင် တစ်ယောက်, တစ်ယောက်သော ဥပါသကာအား ငါးရာ, ငါးရာသော ဥပါသကာတို့သည် ခြံရံကြကုန်၏။ ထိုဥပါသကာ အားလုံးတို့၏အပေါ်၌ အကြီးဆုံး ဥက္ကဋ္ဌဖြစ်သော မဟာဓမ္မိကမည်သော အကြင် ဥပါသကာသည် ရှိ၏။ ထိုဥပါသကာကြီးအား သားယောက်ျား ခုနစ်ယောက်၊ သမီးမိန်းမ ခုနစ်ယောက်တို့သည် ရှိကုန်၏။ ထိုသားသမီးတို့တွင် တစ်ယောက် တစ်ယောက်၏ (ဝါ၊ သားသမီးတိုင်း) တစ်ခုတစ်ခုသော စာရေးတံ ယာဂုကိုလည်းကောင်း၊ စာရေးတံ ဆွမ်းကိုလည်းကောင်း၊ လဆန်းပက္ခ လဆုတ်ပက္ခ၌ လှူအပ်သော ဆွမ်းကိုလည်းကောင်း၊ ပင့်ဖိတ်၍ လှူအပ်သောဆွမ်းကိုလည်းကောင်း၊ ဥပုသ်နေ့၌ လှူအပ်သော ဆွမ်းကိုလည်းကောင်း၊ သံဃာအား လှူအပ်သော ဆွမ်းကိုလည်းကောင်း၊ ဝါဆိုသင်္ကန်းကိုလည်းကောင်း ပေးလှူကြခြင်းတို့ဖြင့် ထိုသားသမီး အားလုံးတို့ပင် မိဘတို့သို့ အတုလိုက်၍ဖြစ်သော အနုဇာတ သားသမီးတို့မည်သည် ဖြစ်ကုန်၏။

(၁။ မိကောင်းဖခင် ကျင့်စဉ်မလိုက်ဘဲ ယုတ်ညံ့စွာသော အဝဇာတသား၊ ၂။ မိကောင်းဖခင် ကျင့်စဉ်လိုက်သဖြင့် လျော်စွာသော အနုဇာတသား၊ ၃- မိကောင်းဖခင် ကျင့်စဉ်ထက် သာလွန်သဖြင့် လွန်ကဲစွာဖြစ်သော အတိဇာတသား၊ ဤသားသုံးယောက်တို့တွင် အဝဇာတသားကို အလိုမရှိအပ်၊ သားယုတ်မာ ဖြစ်သည်။)

ဤသို့လျှင် တစ်ကျိပ်လေးယောက်သော သားသမီးတို့၏လည်းကောင်း၊ မယား၏လည်းကောင်း၊ ဓမ္မိကဥပါသကာကြီး၏လည်းကောင်း ပေါင်း-တစ်ဆယ့်ခြောက်ခုသော စာရေးတံ ဆွမ်းယာဂု စသည်တို့သည် ဖြစ်ကုန်၏။ ယင်းသို့ သားမယားနှင့်တကွဖြစ်သော ထိုဓမ္မိက ဥပါသကာကြီးသည် စောင့်ထိန်းအပ်သော သီလရှိသဖြင့် ကောင်းသော အကျင့်တရားရှိသည်ဖြစ်၍ ဝေဖန်ပေးကမ်း လှူဒါန်းခြင်း၌ ပျော်မွေ့သောသူ ဖြစ်လေ၏။

ဥပါသကာကြီး မကျန်းမာသဖြင့် တရားနာခြင်း

ထိုမှ နောက်အဖို့၌ ထိုဓမ္မိက ဥပါသကာအား အနာရောဂါဖြစ်၍ အားအင်ယုတ်လျော့လေ၏။ ထိုဓမ္မိက ဥပါသကာသည် တရားတော်ကို နာလိုသည်ဖြစ်၍ “ရဟန်းရှစ်ပါးတို့ကို ဖြစ်စေ၊ တစ်ဆယ့်ခြောက်ပါးတို့ကိုဖြစ်စေ၊ ဘုရားတပည့်တော်ထံသို့ စေလွှတ်တော်မူကြပါဘုရား”ဟု မြတ်စွာဘုရားအထံသို့ ပင့်လျှောက်စေ၏။ မြတ်စွာဘုရားသည် ရဟန်းတို့ကို စေလွှတ်တော်မူ၏။ ထိုရဟန်းတို့သည် ကြွသွားကြကုန်၍ ဓမ္မိကဥပါသကာ၏ အိပ်ရာညောင်စောင်းကို ဝန်းရံခင်းထားသည့် နေရာများ၌ နေကြကုန်၏။ ထိုအခါ “အရှင်ဘုရားတို့- အရှင်ဘုရားတို့အား တပည့်တော်၏ ဖူးမြင်ရခြင်းသည် ရခဲတော့မည် ဖြစ်ပါလတ္တံ့၊ တပည့်တော်သည် အားနည်းခဲ့ပါပြီ၊ တပည့်တော်၏ အကျိုးငှာ သုတ္တန်တစ်ခု ချီးမြှောက် သရဇ္ဈာယ်တော်မူကြပါဘုရား”ဟု လျှောက်သည်ရှိသော် “ဥပါသကာကြီး- အဘယ်သုတ္တန်တရားကို နာလိုသနည်း”ဟု မေးကြကုန်၏။ “အလုံးစုံသော ဘုရားရှင်တို့ မစွန့်လွှတ်အပ်သော သတိပဋ္ဌာန်သုတ်တရားကို နာချင်ပါ၏”ဟု လျှောက်သည်ရှိသော် “ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ဝိသုဒ္ဓိယာ” အစရှိသော သုတ္တန်တရားတော်ကို သရဇ္ဈာယ်တော်မူကြကုန်၏။

နတ်တို့နှင့် စကားပြောခြင်း

ထိုခဏ၌ နတ်ပြည်ခြောက်ထပ်တို့မှ ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်ယင်အပ်ကုန်သော သိန္ဓောမြင်း တစ်ထောင်တို့ဖြင့် က,အပ်ကုန်သော အပြန့်အကျယ် ယူဇနာ ငါးရာ, ငါးရာရှိကုန်သော ရထားခြောက်စင်းတို့သည် ရောက်လာကြကုန်၏။ ထိုခြောက်စင်းသော ရထားတို့၌ တည်နေပါရှိကုန်သော နတ်သားတို့သည် “ငါတို့၏ နတ်ပြည်သို့ ဆောင်ယူကုန်အံ့၊ ငါတို့၏ နတ်ပြည်သို့ဆောင်ယူကုန်အံ့”ဟု ပြောဆိုကြပြီးလျှင် “အိုအချင်း ဓမ္မိက ဥပါသကာကြီး- မြေအိုးကိုခွဲ၍ ရွှေအိုးကို ယူဘိသကဲ့သို့ အကျွန်ုပ်တို့၏ နတ်ပြည်၌ မွေ့လျော်အံ့သောငှာ ဤရထားထက်၌ ဖြစ်လာပါလော့၊ အကျွန်ုပ်တို့၏ နတ်ပြည်၌ မွေ့လျော်အံ့သောငှာ ဤရထားထက်၌ ဖြစ်လာပါလော့”ဟု တောင်းပန်ခယ ပြောဆိုကြကုန်၏။ ဓမ္မိကဥပါသကာသည် တရားနာခြင်း၏ အနှောင့်အရှက် ဖြစ်မည်ကို အလိုမရှိရကား “ဆိုင်းငံ့ကြပါကုန်ဦးလော့၊ ဆိုင်းငံ့ကြပါကုန်ဦးလော့”ဟု ဆိုလေ၏။ သုတ္တန်တရား သရဇ္ဈာယ်ကြကုန်သော ရဟန်းတို့သည် ငါတို့ကို တားမြစ်သည် မှတ်ထင်ကြ၍ ဆိတ်ဆိတ်နေကြလေကုန်၏။

ရဟန်းသံဃာများ ပြန်ကြွသွားပြီးနောက် တုသိတာနတ်ရထား ပန်းကုံးစွပ်ခြင်း

ထိုအခါ ဓမ္မိကဥပါသကာ၏ သားသမီးတို့သည် “ငါတို့ အဘသည် ရှေးရှေးအခါ၌ တရားနာခြင်းဖြင့် မရောင့်ရဲနိုင်ပြီ၊ ယခုမှာမူကား ရဟန်းတို့ကိုပင့်ခိုင်း၍ ရွတ်ဖတ်သရဇ္ဈာယ်စေပါလျက် မိမိကိုယ်တိုင်ပင် တားမြစ်မြန်၏။ သေဘေးကို မကြောက်သောသူမည်သည် မရှိပြီ”ဟု ငိုကြွေး မြည်တမ်းကြလေကုန်၏။ ရဟန်းတို့သည် ယခုအခါ၌ ရွတ်ဖတ်သရဇ္ဈာယ်နေရန် အခွင့်အခါ မဟုတ်ပြီဟု အောက်မေ့ကာ နေရာမှထ၍ ဖဲသွားကြလေကုန်၏။ ဥပါသကာကြီးသည် အနည်းငယ် တစ်ခဏမျှကို လွန်စေပြီးလျှင် သတိရသဖြင့် သားသမီးတို့ကို “သင်တို့သည် အဘယ့်ကြောင့် ငိုကြွေးကြကုန်ဘိသနည်း”ဟု မေးလေ၏။ “ဖခင်- သင်ဖခင်တို့သည် ရဟန်းတော်တို့ကို အပင့်ခိုင်း၍ တရားနာနေကြကုန်စဉ် ကိုယ်တိုင်ပင် တားမြစ်ကုန်၏၊ ထိုသို့ တားမြစ်ခြင်းကြောင့် သေခြင်းကို မကြောက်သောသူမည်သည် မရှိဟု အောက်မေ့ကာ အကျွန်ုပ်တို့ ငိုကြွေးကြပါကုန်၏”ဟု ဖြေဆိုကြလေ၏။ “အရှင်ကောင်းတို့သည်ကား အဘယ်မှာနည်း”ဟု မေးလတ်သော် “ဖခင်- အရှင်ကောင်းတို့သည် ရွတ်ဖတ် သရဇ္ဈာယ်နေရန် အခွင့်အခါမဟုတ်ပြီဟု အောက်မေ့ကာ နေရာမှထ၍ ဖဲသွားကြကုန်ပြီ”ဟု ပြောကြားကြသဖြင့် “ငါသည် အရှင်ကောင်းတို့နှင့် စကားပြောဆိုသည် မဟုတ်”ဟု ဆိုလေသော် “ထိုသို့ မဟုတ်လျှင် ဖခင်တို့သည် အဘယ်သူနှင့် ပြောဆိုကြပါသနည်း”ဟု မေးကြကုန်၏။ “နတ်ပြည်ခြောက်ထပ်တို့မှ နတ်သားတို့သည် ရထားခြောက်စင်းတို့ကို တန်ဆာဆင်ကာ ယူလာပြီးလျှင် ကောင်းကင်၌တည်၍ အကျွန်ုပ်တို့၏နတ်ပြည်၌ မွေ့လျော်လှည့်ပါ၊ အကျွန်ုပ်တို့၏နတ်ပြည်၌ မွေ့လျော်လှည့်ပါဟု အသံပြုကြကုန်၏၊ ထိုနတ်သားတို့နှင့်သာ ငါစကား ပြောဆို၏”ဟု ပြောကြားဖြေဆိုလေ၏။

“ဖခင်- ရထားတို့သည် အဘယ်မှာနည်၊ အကျွန်ုပ်တို့ မမြင်ပါကုန်”ဟု ဆိုသည်ရှိသော် “ငါ့အလို့ငှာ ကုံးထားသော ပန်းကုံးတို့သည် ရှိကြကုန်သလော”ဟု မေးသဖြင့် “ဖခင် - ရှိပါကုန်၏”ဟု ဆိုကြကုန်သော် “အဘယ် နတ်ပြည်သည် မွေ့လျော်ဖွယ် ရှိသနည်း”ဟု မေးပြန်သဖြင့် “ဖခင်- ခပ်သိမ်းသော ဘုရားလောင်းတို့၏လည်းကောင်း၊ ဘုရားမယ်တော်၊ ခမည်းတော်တို့၏လည်းကောင်း ပျော်မွေ့နေထိုင်ရာ တုသိတာနတ်ပြည်သည် မွေ့လျော်ဖွယ်ရှိ၏”ဟု ပြောဆိုကြကုန်၏။ “ထိုသို့ဖြစ်မူ “တုသိတာနတ်ပြည်မှလာသော ရထားဦး၌ ငြိကပ် ချိတ်စွပ်စေသတည်း”ဟု ဓိဋ္ဌာန်၍ ပန်းကုံးကို ပစ်ကုန်လော့”ဟု ဆိုလေ၏။ ထိုသားသမီးတို့သည် ဖခင်ဆိုတိုင်း ပစ်ကြကုန်သည်ရှိသော် ထိုပန်းကုံးသည် ရထားဦး၌ ငြိကပ်ချိတ်စွပ်၍ ကောင်းကင်၌ တွဲရရွဲဆွဲလျက် တည်နေလေရာ များစွာသောလူတို့သည် ထိုပန်းကုံးကိုသာလျှင် မြင်ကြကုန်၏။ ရထားကိုကား မမြင်ကြလေကုန်။

ဓမ္မိကဥပါသကာသည် ”ဤပန်းကုံးကို မြင်ကြကုန်သလော”ဟု မေး၍ “ဪ- မြင်ကြပါကုန်၏”ဟု ဆိုကုန်လတ်သော် “ဤပန်းကုံးသည် တုသိတာနတ်ပြည်မှ ရောက်လာသော ရထား၌ တွဲရရွဲဆွဲလျက် ငြိကပ်ချိတ်စွပ်ကာနေပြီ”ဟု ပြောဆိုလေ၏။

သေခါနီး နောက်ဆုံးမှာကြားသော စကား

ထိုသို့ ပြောဆိုပြီးလျှင် “ငါသည် တုသိတာနတ်ပြည်သို့ သွားပေအံ့၊ သင်တို့သည် မစိုးရိမ် မပင်ပန်းကြကုန်လင့်၊ ငါ၏အထံ၌ ဖြစ်လိုကြမူကား ငါပြုသောနည်းဖြင့်သာလျှင် ကုသိုလ်ကောင်းမှုတို့ကို ပြုရစ်ကြကုန်လော့”ဟု အဆုံးသတ် မှာထားပြီးလျှင် သေခြင်းကို ပြုလတ်သည်ရှိသော် တုသိတာနတ်ရထား၌သာလျှင် တက်စီးမသွေ တည်နေခဲ့လေ၏။ ထိုဓမ္မိကဥပါသကာ နတ်သားကြီးအား ထိုခဏ၌ပင် လှည်းအစီးခြောက်ဆယ် တင်လောက်သော ဝန်ရှိသော တန်ဆာဖြင့် တန်ဆာဆင်အပ်သော သုံးဂါဝုတ် အတိုင်းအရှည်ရှိသော ခန္ဓာကိုယ် အတ္တဘောသည် ဖြစ်လာလေ၏။ နတ်သမီးတစ်ထောင် ခြံရံလေ၏။ နှစ်ဆယ့်ငါးယူဇနာရှိသော ရွှေဗိမာန်သည် ထင်ရှားစွာ ဖြစ်ပေါ်လာလေ၏။

ကျောင်းတော်သို့ ပြန်ရောက်လာကြကုန်သော ထိုရဟန်းတို့ကိုလည်း မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- သင်တို့သည် ဥပါသကာအား တရားဟောကြားအပ်ခဲ့ပြီလော”ဟု မေးတော်မူ၏။ “မြတ်စွာဘုရား- ဟောကြားခဲ့ပါပြီ၊ ထိုသို့ ဟောသော်လည်း တရားမပြီးဆုံးမီ အကြား၌ပင် ဆိုင်းငံ့ကြပါကုန်လော့ဟု တားမြစ် ပိတ်ပင်ပါသည်၊ ထိုအခါ ဥပါသကာကြီး၏ သားသမီးတို့သည် ငိုကြွေးပါကုန်သည်၊ ဘုရားတပည့်တော်တို့သည် ယခုအခါ ရွတ်ဖတ်သရဇ္ဈာယ်နေရန် အခွင့်အခါ မဟုတ်ပြီဟု နေရာမှထကာ ထွက်ပြန်လာကြပါသည်ဘုရား”ဟု လျှောက်ကြားကြလေကုန်၏။ “ချစ်သားရဟန်းတို့- ထိုဓမ္မိကဥပါသကာကြီးသည် သင်တို့နှင့်တကွ စကားပြောဆိုသည်မဟုတ်၊ နတ်ပြည်ခြောက်ထပ်တို့မှ နတ်သားတို့သည် ရထားခြောက်စင်းတို့ကို တန်ဆာဆင်၍ ဆောင်ယူလာပြီးလျှင် ထိုဓမ္မိက ဥပါသကာကို ဖိတ်ခေါ်ကြကုန်၏၊ ထိုဓမ္မိကဥပါသကာကြီးသည် တရားဟောခြင်း အနှောင့်အယှက် ဖြစ်မည်ကို အလိုမရှိရကား ထိုနတ်တို့နှင့်တကွ စကားဆိုသတည်း”ဟု မိန့်တော်မူလေ၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဤအတိုင်း မှန်ပါသလားဘုရား”ဟု လျှောက်ကြားကြသောအခါ “ချစ်သားတို့- ဤသို့ ဖြစ်ခြင်းပေတည်း”ဟု မိန့်ကြားတော်မူလေ၏။ “ယခုအခါ အဘယ်ဘုံ၌ ဖြစ်ပါသနည်း”ဟု နားတော်လျှောက်ကြပြန်သောအခါ “ချစ်သားရဟန်းတို့- တုသိတာနတ်ဘုံ၌ ဖြစ်ပြီ”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- ယခုအခါ ဤလူ့ပြည်၌ အဆွေအမျိုးတို့အလယ် မွေ့လျော်စွာ ကျင်လည်ပြီးလျှင် ယခုပင် ဘဝတစ်ပါး ပြောင်းသွား၍ တစ်ဖန် မွေ့လျော်ဖွယ်ကောင်းသော အရပ်၌သာလျှင် ဖြစ်ပေသည်”ဟု တုံ့ပြန်လျှောက်ကြားကြသောအခါ “ချစ်သားရဟန်းတို့- ဟုတ်မှန်ပေ၏၊ ကုသိုလ်ကောင်းမှု၌ မမေ့မလျော့ကြကုန်သော လူဖြစ်သော သူသည်လည်းကောင်း၊ ရဟန်းဖြစ်သော သူသည်လည်းကောင်း ခပ်သိမ်းသောအရပ်၌ မွေ့လျော်ကြကုန်သည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ကုသိုလ်ကောင်းမှု၏ သဘော

[၁၆] ဣဓ မောဒတိ ပေစ္စ မောဒတိ၊
ကတပုညော ဥဘယတ္ထ မောဒတိ။
သော မောဒတိ သော ပမောဒတိ၊
ဒိသွာ ကမ္မဝိသုဒ္ဓိမတ္တနော။

ကတပုညော၊ ပြုအပ်ပြီးသော ကုသိုလ်ကောင်းမှုရှိသော သူသည်။ ဣဓ၊ ဤပစ္စုပ္ပန်ဘဝ၌လည်း။ မောဒတိ၊ မွေ့လျော်ရ၏။ ပေစ္စ၊ တမလွန်ဘဝ၌လည်း။ မောဒတိ၊ မွေ့လျော်ရ၏။ ဥဘယတ္ထ၊ ပစ္စုပ္ပန်တမလွန် နှစ်တန်သော ဘဝ၌။ မောဒတိ၊ မွေ့လျော်ရ၏။ အတ္တနော၊ မိမိ၏။ ကမ္မဝိသုဒ္ဓိံ၊ ကောင်းမှုကံ၏ စင်ကြယ်ခြင်းကို။ ဒိသွာ၊ မြင်၍။ သော၊ ထိုသူသည်။ မောဒတိ၊ မွေ့လျော်၏။ သော၊ ထိုသူသည်။ ပမောဒတိ၊ အလွန်မွေ့လျော်၏။

ဒေသနာတော်၏ အကျိုး

ဂါထာ၏အဆုံး၌ များစွာသော သူတို့သည် သောတာပန်စသည်တို့ ဖြစ်ကြကုန်၏။ များစွာသော လူအပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

ဓမ္မိကဥပါသကာဝတ္ထု ပြီး၏။