ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဘိက္ခုဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၁၀။ နင်္ဂလကုလတ္ထေရဝတ္ထု
1552ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဘိက္ခုဝဂ် — ၁၀။ နင်္ဂလကုလတ္ထေရဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ


၁၀။ နင်္ဂလမထေရ်ဝတ္ထု

အတ္တနာ စောဒယတ္တာနံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် နင်္ဂလမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ရဟန္တာလောင်းအား အဝတ်စုတ် နှိပ်စက်ခြင်း

သူဆင်းရဲတစ်ယောက်သည် သူတစ်ပါးတို့၏အထံ၌ အခစားအမှုကိုပြု၍ အသက်မွေးရသတတ်၊ ထိုဆင်းရဲသူကို ရဟန်းတစ်ပါးသည် ပုဆိုးနွမ်းပိုင်းကိုဝတ်လျက် ထွန်တုံးကိုထမ်း၍ သွားသည်ကိုမြင်ရလျှင် “သင့်အား ဤသို့ အသက်မွေးမြူခြင်းထက် ရဟန်းပြုခြင်းငှာ သင်သည်မဟုတ်လော”ဟု မိန့်မြွက်တော်မူလေ၏။ “အရှင်ဘုရား- ဤသို့ ဆင်းရဲငြိုငြင်စွာ အသက်မွေးခြင်းရှိသော တပည့်တော်ကို အဘယ်သူ ရဟန်းပြုပေးလိုပါအံ့နည်းဘုရား”ဟု လျှောက်လတ်သော် “သင်- အကယ်၍ ရဟန်းပြုလိုသည် ဖြစ်အံ့၊ သင့်ကို ငါ-ရဟန်းပြုပေးပေအံ့”ဟု ဆိုလေ၏။ “အရှင်ဘုရား- ကောင်းပါပြီ၊ တပည့်တော်ကို ရဟန်းပြုပေးကြသည်ဖြစ်ပါမူ ရဟန်းပြုပါတော့မည်ဘုရား”ဟု လျှောက်ကြားလတ်သော် ထိုအခါ သူဆင်းရဲကို ထိုမထေရ်သည် ဇေတဝန်ကျောင်းတော်သို့ ခေါ်ဆောင်သွား၍ မိမိလက်ဖြင့် ရေချိုးပေးသဖြင့် သိမ်အပြင်၌၊ ဝါ-တန်ဆောင်း၌ထား၍ ရှင်ပြုစေပြီးလျှင် ဝတ်လာသော ပုဆိုးနွမ်း အပိုင်းနှင့်တကွ ထွန်တုံးကို တန်ဆောင်းအပြင်၌သာလျှင် သစ်ခက်ပေါ်၌ တင်ထားစေလေ၏။ ထိုသူဆင်းရဲသည် ပဉ္စင်းဖြစ်ပြီးသော ကာလ၌လည်း နင်္ဂလမထေရ်ဟူ၍သာလျှင် ထင်ရှားလေ၏။ ထိုနင်္ဂလမထေရ်သည် မြတ်စွာဘုရားအားဖြစ်သော လာဘ်ပူဇော်သက္ကာရကိုမှီ၍ အသက်မွေးရသည်ရှိသော် ငြီးငွေ့ပျင်းရိစိတ်ဝင်ပြီးလျှင် ငြီးငွေ့ပျင်းရိခြင်းကို ပယ်ဖျောက်ခြင်းငှာ မတတ်နိုင်ရကား “ယခုအခါ၌ သဒ္ဓါ၍ လှူအပ်ကုန်သော သင်္ကန်းတို့ကို ဝတ်ဆင်လျက် မသွားပေတော့အံ့ (လူထွက်တော့အံ့)”ဟု ထိုသစ်ပင်ရင်းသို့ သွားပြီးလျှင် မိမိသည်ပင်လျှင် မိမိကိုယ်ကို “အရှက်မရှိသောသူ၊ အရှက်ကင်းသောသူ၊ ဤပုဆိုးနွမ်းအပိုင်းကို ဝတ်ဆင်၍ လူထွက်ပြီးလျှင် အခစားအမှု ပြုလုပ်ကာ အသက်မွေးလိုသောသူ ဖြစ်ဘိ၏”ဟု ဆုံးမလေ၏။ ထိုနင်္ဂလရဟန်းသည် ဤသို့ မိမိကိုယ်ကို ဆုံးမစဉ်သာလျှင် စိတ်သည် ခေါင်းပါးသည်အဖြစ်သို့ ရောက်လေ၏။ ထိုနင်္ဂလရဟန်းသည် ပြန်လည်လာ၍ တစ်ဖန် နှစ်ရက်,သုံးရက် လွန်ပြန်သောအခါ ငြီးငွေ့ပျင်းရိလာသဖြင့် ရှေးအတူသာလျှင် မိမိကိုယ်ကို ဆုံးမ၏။ တစ်ဖန် ထိုရဟန်း၏စိတ်သည် ပြန်လည်ဆုတ်နစ်လေ၏။ ဤသို့သောနည်းဖြင့်သာလျှင် ထိုရဟန်းသည် ငြီးငွေ့ပျင်းရိစိတ် ဝင်တိုင်း,ဝင်တိုင်းသောအခါ၌ ထိုပုဆိုးနွမ်းပိုင်းနှင့် ထွန်တုံးကို တင်ထားရာ သစ်ပင်သို့သွား၍ မိမိကိုယ်ကို ဆုံးမလေ၏။

နင်္ဂလမထေရ် ရဟန္တာဖြစ်ခြင်း

ထိုအခါ မင်္ဂလမထေရ်ကို ရဟန်းတို့သည် ထိုအရပ်သို့ မပြတ်သွားသည်ကို မြင်လတ်၍ “ငါ့ရှင်နင်္ဂလမထေရ်- အဘယ့်ကြောင့် ဤအရပ်သို့ သွားဘိသနည်း”ဟု မေးကြလေကုန်၏။ နင်္ဂလမထေရ်သည် “အရှင်ဘုရားတို့- ဆရာ၏အထံသို့ သွားရပါသည်ဘုရား”ဟု လျှောက်ဆိုသဖြင့် နှစ်ရက်သုံးရက်ဖြင့်သာလျှင် အရဟတ္တဖိုလ်သို့ ရောက်လေ၏။ ရဟန်းတို့သည် ထိုနင်္ဂလမထေရ်နှင့် အတူတကွ ပြက်ရယ်ကျီစယ်မှု ပြုကြကုန်လျက် “ငါ့ရှင်နင်္ဂလမထေရ်- သင်၏ သွားရာ, လှည့်လည်ရာဖြစ်သော လမ်းခရီးသည် မသုံးဆောင်တော့သကဲ့သို့ ဖြစ်ဘိ၏။ ဆရာ၏အထံသို့ မသွားယောင်တကား”ဟု ဆိုလေကုန်၏။ “အရှင်ဘုရား- မသွားသည်ကား မှန်ပါသည်။ တပည့်တော်တို့သည် ဆက်ဆံခြင်းရှိစဉ်က သွားမိကြပါကုန်၏။ ယခုမူကား တပည့်တော်တို့အား ဆက်ဆံခြင်းသည် ပြတ်ကင်းပါပြီ။ ထို့ကြောင့် မသွားတော့ပါဘုရား”ဟု လျှောက်ဆိုလတ်သော် ထိုစကားကိုကြားရလျှင် ရဟန်းတို့သည် “ဤနင်္ဂလရဟန်းသည် မဟုတ်မမှန်သောစကားကို ဆို၍ အရဟတ္တဖိုလ်ကို ပြောကြားဘိ၏”ဟု မြတ်စွာဘုရားအား ထိုအကြောင်းကို လျှောက်ကြားကြလေကုန်၏။ ဘုရားရှင်သည် “ချစ်သားရဟန်းတို့- ဟုတ်မှန်ပေ၏။ ငါ့သားတော် နင်္ဂလသည် မိမိကိုယ်တိုင်သာလျှင် မိမိကိုယ်ကို အပြစ်တင်ခြင်းကြောင့် ရဟန်းကိစ္စ၏အပြီးဆုံးသို့ ရောက်လေပြီ”ဟု မိန့်တော်မူ၍ တရားဟောလိုရကား ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၃၇၉] အတ္တနာ စောဒယတ္တာနံ၊ ပဋိမံသေထ အတ္တနာ။
သော အတ္တဂုတ္တော သတိမာ၊ သုခံ ဘိက္ခု ဝိဟာဟိသိ။

[၃၈၀] အတ္တာ ဟိ အတ္တနော နာထော၊ ကော ဟိ နာထော ပရော သိယာ။
အတ္တာ ဟိ အတ္တနော ဂတိ၊ တသ္မာ သံယမမတ္တာနံ။
အဿံ ဘဒြံဝ ဝါဏိဇော။

အတ္တနာ၊ မိမိသည်ပင်။ အတ္တာနံ၊ မိမိကိုယ်ကို။ စောဒယ၊ ပြစ်တင်စောကြော အောက်မေ့စေလော့။ အတ္တနာ၊ မိမိသည်။ အတ္တာနံ၊ မိမိကိုယ်ကို။ ပဋိမံသေထ၊ စုံစမ်းရာ၏။ ဘိက္ခု၊ ချစ်သားရဟန်း။ ဧဝံ၊ ဤသို့ပြုသည်ရှိသော်။ သော တွံ၊ ထိုသင်သည်။ အတ္တဂုတ္တော၊ မိမိကိုယ်တိုင် လုံခြုံစေအပ်သည်ဖြစ်၍။ သတိမာ၊ ထင်သော သတိရှိသည်ဖြစ်၍။ သုခံ၊ ချမ်းသာစွာ။ ဝိဟာဟိသိ၊ နေရလတ္တံ့။

အတ္တာ ဟိ၊ မိမိသည်သာလျှင်။ အတ္တနော၊ မိမိ၏။ နာထော၊ မှီရာ,တည်ရာ ကိုးကွယ်ရာသည်။ ဟောတိ၊ ဖြစ်၏။ ကော ဟိ၊ အဘယ်မည်သော။ ပရော၊ သူတစ်ပါးသည်။ အတ္တနော၊ မိမိ၏။ နာထော၊ ကိုးကွယ်ရာသည်။ သိယာ၊ ဖြစ်နိုင်ရာအံ့နည်း။ အတ္တာဟိ၊ မိမိသည်လျှင်။ အတ္တနော၊ မိမိ၏။ ဂတိ၊ လားရာ,တည်ရာ အားကိုးရာဖြစ်၏။ တသ္မာ၊ ထို့ကြောင့်။ ဝါဏိဇော၊ မြင်းကုန်သည်သည်။ ဘဒြံ၊ ကောင်းသော။ အဿံ၊ အာဇာနည်မြင်းကို။ သံယမတိ ဣဝ၊ ကောင်းစွာ စောင့်ရှောက်သကဲ့သို့။ ဧဝံ၊ ဤအတူ။ အတ္တာနံ၊ မိမိကိုယ်ကို။ သံယမ၊ အကုသိုလ်၏ ဖြစ်ခွင့်ကို မပေးမူ၍ ကောင်းစွာ စောင့်ရှောက်လော့။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

နင်္ဂလမထေရ်ဝတ္ထု ပြီး၏။