စိတ္တဝဂ်

၈။ နန္ဒ နွားကျောင်းသား ဝတ္ထု

ဒိသော ဒိသံအစရှိသော ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ကောသလဇနပုဒ်၌ နန္ဒမည်သော နွားကျောင်းသားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

နန္ဒမည်သော နွားကျောင်းသား ဘုရားအားလိုက်ပို့ပြီး အပြန် အသတ်ခံရခြင်း

သာဝတ္ထိပြည်၌ အနာထပိဏ်သူဌေးကြီး၏ နန္ဒမည်သော နွားကျောင်းသားသည် နွားအပေါင်းကို စောင့်ရှောက် ထိန်းသိမ်းသတတ်။ ထိုနွားကျောင်းသားသည် ကြွယ်ဝချမ်းသာသည်ဖြစ်၍ များစွာသော စည်းစိမ်ဥစ္စာ အသုံးအဆောင်ရှိ၏။

ထိုနန္ဒ နွားကျောင်းသားသည် ရံခါ,ရံခါ ငါးပါးသော နွားနို့ အရသာတို့ကိုယူ၍ အနာထပိဏ်သူဌေးကြီးအထံသို့ သွားပြီးလျှင် ဘုရားရှင်ကိုဖူးမြင်၍ တရားတော်ကိုလည်း နာရ၏။ ထိုနန္ဒ နွားကျောင်းသားသည် မိမိနေရာအရပ်သို့ ကြွလာတော်မူစေခြင်းငှာ ဘုရားရှင်ကို တောင်းပန်၏။ ဘုရားရှင်လည်း ထိုနွားကျောင်းသား၏ ဉာဏ်ရင့်သန်ခြင်းကို ဆိုင်းငံ့တော်မူသဖြင့် ကြွသွားတော်မမူသေးဘဲ ဉာဏ်ရင့်သန်သည့်အဖြစ်သို့ ရောက်သည်ကိုသိမှ တစ်နေ့သ၌ ရဟန်းသံဃာများစွာ ခြံရံလျက် ဒေသစာရီ ကြွချီတော်မူ၍ ခရီးမမှ ဖဲတော်မူပြီးလျှင် ထိုနွားကျောင်းသား၏ နေရာအရပ်အနီး တစ်ခုသောသစ်ပင်ရင်း၌ နေတော်မူလေ၏။ နန္ဒနွားကျောင်းသားသည်လည်း ဘုရားအထံသို့ ချဉ်းကပ်ကာ ရှိခိုး၍ ပဋိသန္ထာရစကား ပြောကြားပြီးလျှင် မြတ်စွာဘုရားကိုဖိတ်၍ ခုနစ်ရက်ပတ်လုံး ရဟန်းသံဃာတော်အပေါင်းအား မွန်မြတ်သော ငါးပါးသောအရသာရှိသော နွားနို့အလှူကို ပေးလှူလေ၏။ ခုနစ်ရက်မြောက်သောနေ့၌ ဘုရားရှင်သည် တရားအနုမောဒနာကို ပြုတော်မူ၍ ဒါနကထာစသော အစဉ်အတိုင်းဖြစ်သော တရားစကားကို ဟောကြားဆုံးမတော်မူ၏။ ဂါထာဒေသနာတော်၏အဆုံး၌ နန္ဒ နွားကျောင်းသားသည် သောတာပတ္တိဖိုလ်၌တည်၍ ဘုရားရှင်၏ သပိတ်တော်ကို ယူကာ လိုက်ပို့သည်ရှိသော် ဝေးသောအရပ်သို့ရောက်လျှင် “ဒါယကာ နေရစ်လော့”ဟု မိန့်တော်မူမှ ဆုတ်နစ်လျက် ဘုရားရှင်ကို ရှိခိုး၍ ပြန်ခဲ့လေ၏။

ထိုအခါ ထိုနန္ဒ နွားကျောင်းသားကို မုဆိုးတစ်ယောက်သည် ပစ်ခတ်၍ သတ်လေ၏။ နောက်မှလိုက်လာသော ရဟန်းတို့သည် ထိုနန္ဒ နွားကျောင်းသား သေနေသည်ကိုမြင်လျှင်သွား၍ ဘုရားရှင်ကို လျှောက်ထားကြကုန်၏။ “မြတ်စွာဘုရား- နန္ဒ နွားကျောင်းသားသည် မြတ်စွာဘုရားတို့၏ ဤအရပ်သို့ ကြွတော်မူလာခြင်းကြောင့် အလှူကြီးကိုပေးလှူ၍ လိုက်ပို့ရာမှ ပြန်လေသည်ရှိသော် သေရရှာလေပြီ။ မြတ်စွာဘုရားတို့သည် အကယ်၍ မကြွလာကုန်သည်ဖြစ်အံ့၊ နန္ဒ နွားကျောင်းသားအား သေရခြင်းသည် မဖြစ်တန်ရာ”ဟု လျှောက်ထားကြလေကုန်၏။ ဘုရားရှင်သည် “ချစ်သားရဟန်းတို့- ဤနန္ဒ နွားကျောင်းသားကား ငါဘုရား ကြွလာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ တူရူအရပ်လေးမျက်နှာ အထောင့်အရပ်လေးမျက်နှာတို့ကို သွားငြားသော်လည်း ထိုနန္ဒ နွားကျောင်းသားအား သေခြင်းမှ လွတ်အံ့သောအကြောင်းမည်သည် မရှိ၊ အကြင် သတ်ဖြတ် ဖျက်ဆီးခြင်းအမှုကို ခိုးသူတို့သည်လည်းကောင်း၊ ရန်သူတို့သည်လည်းကောင်း မပြုနိုင်ကြ၊ ဤသတ္တဝါတို့၏ ကိုယ်တွင်း၌ဖြစ်သော မှားသောအားဖြင့် ကျင့်သုံး ဆောက်တည် နှလုံးသွင်းအပ်သော စိတ်သည်သာလျှင် ပြု၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ဒေသနာတော်

[၄၂] ဒိသော ဒိသံ ယံ တံ ကယိရာ၊ ဝေရီ ဝါ ပန ဝေရိနံ။
မိစ္ဆာပဏိဟိတံ စိတ္တံ၊ ပါပိယော နံ တတော ကရေ။

ဒိသော၊ ခိုးသူတစ်ယောက်သည်။ ဒိသံ၊ ရန်ဘက်ဖြစ်သော ခိုးသူတစ်ယောက်ကို။ ဒိသွာ၊ မြင်သည်ရှိသော်။ ဝေရီ ဝါ ပန၊ ရန်သူတစ်ယောက်သည်လည်း။ ဝေရိနံ၊ ရန်သူတစ်ယောက်ကို။ ဒိသွာ၊ မြင်သည်ရှိသော်။ ယံတံ၊ အကြင်အကျိုးမဲ့ ပျက်စီးခြင်းကို။ ကယိရာ၊ ဤဘဝ၌သာ ပြုနိုင်ရာ၏။ တတော၊ ထိုခိုးသူ,ရန်သူပြုသော အကျိုးမဲ့ပျက်စီးခြင်းထက်။ မိစ္ဆာပဏိဟိတံ၊ မှားသောအားဖြင့် ဆောက်တည်အပ်သော။ စိတ္တံ၊ စိတ်ယုတ်မာသည်။ နံ၊ ထိုစိတ်ယုတ်မာ ဆောက်တည်သူကို။ ပါပိယော၊ အလွန် ယုတ်မာလေအောင်။ ဝါ၊ အလွန် အကျိုးမဲ့ ပျက်စီးလေအောင်။ ကရေ၊ ပြုနိုင်ရာ၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။ လူများအပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

(နန္ဒ နွားကျောင်းသား ဥပါသကာသည် လွန်လေပြီးသော ဘဝတစ်ပါး၌ ပြုခဲ့သော အကုသိုလ်ကံကို ရဟန်းတို့ မမေးမလျှောက်သောကြောင့် ဘုရားရှင်ဟောပြတော်မမူ။)

နန္ဒ နွားကျောင်းသားဝတ္ထု ပြီး၏။