ပိယဝဂ်

၉။ နန္ဒိယဝတ္ထု

စိရပ္ပဝါသိံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဣသိပတနအရပ်၌ သီတင်သုံးနေတော်မူစဉ် နန္ဒိယ အမည်ရှိသော သတို့သားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အသွင်တူမှ အိမ်သူဖြစ်ခြင်း

ဗာရာဏသီပြည်၌ သဒ္ဓါတရားနှင့်ပြည့်စုံသော အမျိုးကောင်းတစ်ဦးအား နန္ဒိယအမည်ရှိသော သားသည် ရှိသတတ်။ ထိုနန္ဒိယ သတို့သားသည် မိခင်ဖခင်တို့နှင့် လျောက်ပတ်သင့်တော်သော သတို့သား ဖြစ်၏။ ရတနာသုံးပါး၌ ကြည်ညိုခြင်း သဒ္ဓါတရားနှင့်လည်း ပြည့်စုံ၏။ သံဃာအား လုပ်ကျွေး ခစားတတ်သောသူသည်လည်း ဖြစ်လေ၏။ ထိုအခါ မိခင်ဖခင်တို့သည် နန္ဒိယသတို့သား၏ အရွယ်သို့ ရောက်လတ်သောကာလ၌ မျက်မှောက်ဖြစ်သော မျက်နှာချင်းဆိုင်အိမ်မှ ဦးရီး၏သမီး ရေဝတီအမည်ရှိသော သူငယ်မကို ယူဆောင်ခြင်းငှာ အလိုရှိကြကုန်၏။ ထိုရေဝတီသည်ကား ရတနာသုံးပါး၌ ကြည်ညိုယုံကြည်ခြင်း မရှိ၊ ပေးကမ်းလှူဒါန်းခြင်း အလေ့လည်းမရှိ၊ နန္ဒိယသတို့သားသည် ထိုရေဝတီကို အလိုမရှိ၊ ထိုအခါ နန္ဒိယသတို့သား၏မိခင်သည် ရေဝတီကို “ချစ်သမီးရေဝတီ- သင်သည် ဤငါတို့အိမ်၌ ရဟန်းသံဃာ၏ နေရာအရပ်ကို နံ့သာစသည်တို့ဖြင့် လိမ်းကျံ၍ နေရာတို့ကို ခင်းပါလေလော့၊ သပိတ်ခြေတို့ကို ထားပါလေလော့၊ ရဟန်းတို့ ကြွလာသောအခါ သပိတ်ကို လှမ်းယူစေ၍ နေထိုင်စေသဖြင့် ဓမ္မကရိုဏ်ဖြင့် သောက်ရေကို စစ်ပေးပြီးလျှင် ဆွမ်းစားပြီးသောအခါ၌ သပိတ်တို့ကို ဆေးပါလော့၊ ဤအမှုကြီးငယ်ကို ရွက်ဆောင်သည်ရှိသော် ငါ၏သားအား နှစ်သိမ့်စေတတ်သောသူ ဖြစ်ပေလတ္တံ့”ဟု သွန်သင်စကား ပြောကြားလေ၏။ ထိုရေဝတီသည် နန္ဒိယသတို့သား၏ မိခင်ဆိုတိုင်း ပြုလုပ်လေ၏။

ထိုအခါ “ရေဝတီကို ဆုံးမခြင်းငှာ ခံ့ပေသည် ချစ်သား”ဟု သားအား ပြောကြားလတ်သည်ရှိသော် “ထိုသို့ဖြစ်မူ ကောင်းပါပြီ”ဟု ဝန်ခံလေ၏။ နေ့ရက်ကို ပိုင်းခြားမှတ်သားစေ၍ ထိမ်းမြားခြင်း မင်္ဂလာကိုပြုလုပ်ကြလေကုန်၏။ ထိုအခါ ရေဝတီကို နန္ဒိယ သတို့သားသည် “ရဟန်းသံဃာကိုလည်းကောင်း၊ ငါ၏မိဘတို့ကိုလည်းကောင်း အကယ်၍ သင်လုပ်ကျွေး ပြုစုနိုင်သည်ဖြစ်အံ့၊ ထိုသို့ လုပ်ကျွေးပြုစုနိုင်သည်ရှိသော် ဤအိမ်၌နေခြင်းငှာ ရလတ္တံ့၊ မမေ့မလျော့သောသူ ဖြစ်ဘိလော့”ဟု ဆိုလေ၏။ ရေဝတီသည်လည်း “ကောင်းပါပြီ”ဟု ဝန်ခံ၍ နှစ်ရက်,သုံးရက်တို့ပတ်လုံး ကြည်ညိုသော သဒ္ဓါတရားရှိသော သူကဲ့သို့ဖြစ်၍ လင်ယောက်ျားကို လုပ်ကျွေးပြုစုကာ နေထိုင်စဉ် သားနှစ်ယောက်တို့ကို ဖွားမြင်လေ၏။ နန္ဒိယလုလင်၏ မိဘတို့သည်လည်း စုတေမနေ ကွယ်လွန်ကြလေကုန်၏။ အိမ်၌ အလုံးစုံသော စည်းစိမ်ချမ်းသာသည် ထိုရေဝတီအားသာလျှင်ဖြစ်လေ၏။

ကောင်းမှုရှင်မသေမီ နတ်ဗိမာန်ပေါ်ပေါက်ခြင်း

နန္ဒိယ သတို့သားသည်လည်း မိခင်ဖခင်တို့၏ စုတေမနေ ကွယ်လွန်လေသောအခါမှစ၍ မြတ်သော အလှူရှင်ကြီးတစ်ယောက်ဖြစ်လျက် ရဟန်းသံဃာအား အလှူကို ဖြစ်စေလေ၏။ အထီးကျန်သောသူ ခရီးသွားသောသူတို့အားလည်း အိမ်တံခါး၌ ပြကတေ့ ပေးလှူမြဲဖြစ်သောဝတ်ကို ဖြစ်စေလေ၏။ ထိုနန္ဒိယသတို့သားသည် နောက်အဖို့၌ မြတ်စွာဘုရား၏ တရားဒေသနာတော်ကို ကြားနာရသဖြင့် ကျောင်းလှူခြင်း၌ရအပ်သော အကျိုးကို မှတ်သားလျက် ဣသိပတန မဟာဝိဟာရ ကျောင်းတိုက်ကြီး၌ တိုက်ခန်းလေးသွယ်တို့ဖြင့် တန်ဆာဆင်အပ်သော မုခ်ထွတ်လေးခုရှိသောကျောင်းကို ဆောက်လုပ်စေပြီးလျှင် ညောင်စောင်း အင်းပျဉ် စသည်တို့ကို ခင်းစေသဖြင့် ထိုကျောင်းကို ပြီးစေလျက် ဘုရားအမှူးရှိသော ရဟန်းသံဃာအပေါင်းအား အလှူကိုပေးလှူ၍ မြတ်စွာဘုရားအား မြတ်သော အလှူရေစက်ကို သွန်းချလှူဒါန်း ပူဇော်လေ၏။ မြတ်စွာဘုရား၏လက်တော်၌ မြတ်သော အလှူရေစက် ကျရောက်တည်ရှိသည်နှင့် တစ်ပြိုင်နက်သာလျှင် တာဝတိံသာနတ်ပြည်ဝယ် အလုံးစုံသော အရပ်မျက်နှာတို့၌ တစ်ဆယ့်နှစ်ယူဇနာရှိသော အထက်သို့ ယူဇနာတစ်ရာ အစောက်မြင့်သော ရတနာခုနစ်ပါးဖြင့် ပြီးသည်ဖြစ်၍ နတ်သမီးအပေါင်းနှင့်ပြည့်စုံသော နတ်၏ ပြာသာဒ်သည် ပေါ်ပေါက်နှင့်လေ၏။ ထိုအခါ တစ်နေ့သ၌ ရှင်မဟာမောဂ္ဂလာန်မထေရ်သည် ဒေသစာရီ ကြွချီတော်မူလတ်သည်ရှိသော် ထိုပြာသာဒ်၏အနီး၌ ရပ်လျက် မိမိထံမှောက်သို့ ရောက်လာကုန်သော နတ်သားတို့ကို “နတ်သားတို့- နတ်သမီးအပေါင်း ခြံရံလျက်ရှိသော အဘယ်သူအား ဤနတ်ပြာသာဒ်သည် ပေါ်ပေါက်နေသနည်း”ဟု မေးမြန်းတော်မူလေ၏။ ထိုအခါ ရှင်မောဂ္ဂလာန်အား နတ်သားတို့သည် ဗိမာန်ရှင်ကို ကြားလိုကုန်သည်ဖြစ်၍ “အရှင်ဘုရား- နန္ဒိယအမည်ရှိသော အကြင်သူကြွယ်သည် ဣသိပတနအရပ်၌ မြတ်စွာဘုရားအား ကျောင်းကို ဆောက်လုပ်၍ လှူဒါန်းပါသည်။ ထိုနန္ဒိယသူကြွယ်၏ အလို့ငှာ ဤဗိမာန်သည် ပေါ်ပေါက်နှင့်ပါသည်ဘုရား”ဟု လျှောက်ကြားကြလေကုန်၏။

ကောင်းမှုရှင်ထံ နတ်သမီးတို့ မှာကြားပုံ

နတ်သမီးအပေါင်းသည်လည်း ထိုရှင်မောဂ္ဂလာန်ကို မြင်ရလျှင် ပြာသာဒ်ထက်မှ သက်ဆင်းတဲ့၍ “အရှင်ဘုရား- တပည့်တော်မတို့ကား နန္ဒိယသတို့သား၏ ခြေရင်းအလုပ်အကျွေးတို့ ဖြစ်ကြပါကုန်အံ့ဟု ဤပြာသာဒ်၌ ဖြစ်နှင့်ရပါကုန်၏။ ထိုဗိမာန်ရှင် နန္ဒိယသတို့သားကို မမြင်ရပါသောကြောင့် အလွန်လျှင် ပျင်းရိ ငြီးငွေ့လှပါပြီဘုရား၊ လူ့စည်းစိမ်ကိုစွန့်၍ နတ်စည်းစိမ်ကို ယူရခြင်းသည် မြေခွက်ကိုခွဲ၍ ရွှေခွက်ကို ယူရခြင်းနှင့် တူပါသည်ဘုရား၊ ဤနတ်ပြည်သို့ လာရောက်ခြင်းအကျိုးငှာ ထိုနန္ဒိယ သတို့သားကို အမိန့်ရှိတော်မူပါဘုရား”ဟု လျှောက်ကြားကြလေကုန်၏။ ရှင်မောဂ္ဂလာန်မထေရ်သည်လည်း ထိုတာဝတိံသာနတ်ပြည်မှ ပြန်လာ၍ မြတ်စွာဘုရားသို့ ချဉ်းကပ်ပြီးလျှင် “မြတ်စွာဘုရား- လူ့ပြည်၌ တည်နေကြကုန်သည်သာလျှင် ဖြစ်ကုန်သော ပြုအပ်သော ကောင်းမှုရှိသော သူတို့အလို့ငှာ နတ်ပြည်၌ စည်းစိမ်သည် ဖြစ်နှင့်ကောင်းပါသလောဘုရား”ဟု မေးလျှောက်လေ၏။ “ချစ်သားမောဂ္ဂလာန်- နတ်ပြည်၌ နန္ဒိယသူကြွယ်၏အလို့ငှာဖြစ်သော နတ်စည်းစိမ်ကို သင်ကိုယ်တိုင် မြင်ခဲ့ပြီမဟုတ်လော၊ အဘယ့်ကြောင့် ငါဘုရားကို မေးမြန်းဘိသနည်း”ဟု မိန့်တော်မူလျှင် “မြတ်စွာဘုရား ဤအတိုင်း ဖြစ်ပါသည်ဘုရား”ဟု လျှောက်လေ၏။ ထိုအခါ မြတ်စွာဘုရားသည် ရှင်မောဂ္ဂလာန်မထေရ်ကို “ချစ်သား မောဂ္ဂလာန်- အဘယ့်ကြောင့် ဤစကားကို သင်ဆိုဘိသနည်း၊ ကြာမြင့်စွာ ကွေကွင်းခြင်းရှိသော သားသမီးကိုလည်းကောင်း၊ ညီအစ်ကိုကိုလည်းကောင်း၊ ကွေကွင်းရာအရပ်မှ ရောက်လာသောသူကိုလည်းကောင်း၊ ရွာတံခါး၌တည်သော တစ်စုံတစ်ယောက်သောသူသည် မြင်ရလျှင် လျင်မြန်စွာ အိမ်သို့သွား၍ ဤမည်သောသူသည် ရောက်လာပြီဟု ပြောကြားရာ၏။ ထိုအခါ ထိုသူ၏ အဆွေအမျိုးတို့သည် အလွန် ရွှင်လန်းဝမ်းမြောက်ကြကုန်သည်ဖြစ်၍ လျင်မြန်စွာ ထွက်လာခဲ့ပြီးလျှင် ချစ်သား- လာရောက်ခဲ့ပြီလား၊ ချစ်သား- အနာရောဂါကင်း၍ ကျန်းကျန်းမာမာရှိပါ၏လား စသည်ဖြင့် နှုတ်ဆက်ခြင်းကိုပြုလျက် ထိုကွေကွင်းနေသောသူကို အလွန်နှစ်သက် ဝမ်းမြောက်ကုန်သကဲ့သို့ ဤအတူသာလျှင် ဤလူ့ပြည်၌ ပြုအပ်သော ကောင်းမှုရှိသော မိန်းမကိုလည်းကောင်း၊ ယောက်ျားကိုလည်းကောင်း ဤလောကကိုစွန့်၍ တမလွန်ဘဝသို့ သွားသည်ရှိသော် ဆယ်ပါး အပြားရှိသော နတ်၏ လက်ဆောင်ကိုယူ၍ ငါရှေးဦးစွာ ငါရှေးဦးစွာဟု ခရီးဦးကြိုဆိုလျက် နတ်တို့သည် လွန်စွာ ဝမ်းမြောက်ကြကုန်၏”ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

(နတ်၌ဖြစ်သော အသက်, အဆင်း, ချမ်းသာ, အခြွေအရံ, အစိုးရခြင်း, နတ်၌ဖြစ်သော ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံ။ ဤဆယ်ပါးကား နတ်ပြည်လက်ဆောင်မည်၏ဟူလို။)

ဒေသနာတော်

[၂၁၉] စိရပ္ပဝါသိံ ပုရိသံ၊ ဒူရတော သောတ္ထိမာဂတံ။
ဉာတိမိတ္တာ သုဟဇ္ဇာ စ၊ အဘိနန္ဒန္တိ အာဂတံ။

[၂၂၀] တထေဝ ကတပုညမ္ပိ၊ အသ္မာ လောကာ ပရံ ဂတံ။
ပုညာနိ ပဋိဂ္ဂဏှန္တိ၊ ပိယဉာတီဝ အာဂတံ။

စိရပ္ပဝါသိံ၊ ကြာမြင့်စွာ ကွေကွင်းခြင်းရှိသော။ သောတ္ထိံ၊ ရအပ်သော စည်းစိမ်ချမ်းသာရှိသည်ဖြစ်၍။ ဒူရတော၊ ဝေးစွာသောအရပ်မှ။ အာဂတံ၊ ချမ်းသာစွာရောက်လာသော။ ပုရိသံ၊ ယောက်ျားကို။ ဉာတိစ၊ မိမျိုးဖမျိုးဖြစ်သော သူတို့သည်လည်းကောင်း။ မိတ္တာစ၊ အဆွေခင်ပွန်းတို့သည် လည်းကောင်း။ သုဟဇ္ဇာစ၊ နှလုံးအကျွမ်းဝင်သူတို့သည်လည်းကောင်း။ အာဂတံ၊ ရောက်လာပြီတကား ဟူ၍။ အဘိနန္ဒန္တိ၊ အလွန်နှစ်သက် ဝမ်းမြောက်ကြကုန်၏။

တထေဝ-တေန ကာရဏေန၊ ထိုအကြောင်းဖြင့်သာလျှင်။ ကတပုညမ္ပိ၊ ပြုအပ်ပြီးသော ကောင်းမှုရှိသောပုဂ္ဂိုလ်ကိုလည်း။ အသ္မာ လောကာ၊ ဤလောကမှ။ ပရံ လောကံ၊ တမလွန်ဘဝသို့။ ဂတံ၊ ရောက်သွားသည်ရှိသော်။ ပုညာနိ၊ ကောင်းမှုတို့သည်။ ပိယဉာတီ၊ ချစ်ခင်သော အဆွေအမျိုးတို့သည်။ ပိယဉာတိံ၊ ချစ်ခင်အပ်သော အဆွေအမျိုးကို။ ပဋိဂ္ဂဏှန္တိ ဣဝ၊ ဝမ်းမြောက်စွာ ကြိုဆိုကြကုန်သကဲ့သို့။ အာဂတံ၊ ရောက်လာပြီတကားဟူ၍။ ပဋိဂ္ဂဏှန္တိ၊ အာယု,ဝဏ္ဏစသော သမ္ပတ္တိကို ပေးသောအားဖြင့် ဝမ်းမြောက်စွာ ကြိုဆိုကြကုန်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်သို့ ရောက်ကြလေကုန်၏။

နန္ဒိယဝတ္ထုပြီး၏။