နာရဒဇာတ်တော်ကြီး/အခန်း-၀၆
ဤသို့ ရုဇာမင်းသမီးသည် ခမည်းတော်အား ၆-ဂါထာတို့ဖြင့် တရားဟောပြီး၍ လွန်လေပြီးသောအခါ၌ မိမိခံခဲ့ရဖူးသော ဆင်းရဲကိုပြလိုသည်ဖြစ်၍- “အဟံ ဝိဇာတိယော သတ္တ” အစရှိသော ၂၃-ဂါထာတို့ဖြင့် ဆိုပြန်၏။
အဓိပ္ပာယ်ကား-
“အရှင်မင်းကြီး။ အကျွန်ုပ်သည် တာဝတိံသာ၌ သိကြားမင်းအလုပ်အကျွေး နတ်သမီးဖြစ်သောအခါ လွန်လေပြီးသော ၇-ဖြစ်, လာလတ္တံ့သော ၇-ဖြစ်အားဖြင့် ၁၄-ဖြစ်တို့ကို မြင်၏။ အရှင်မင်းကြီး။ ရှေးသံသရာ၌ ကျင်လည်သောအခါ အကျွန်ုပ်သည် ရာဇဂြိုဟ်ပြည်၌ ရွှေပန်းထိမ်သည်၏သား ဖြစ်ဖူး၏။ ထိုရွှေပန်းထိမ်သည်၏ သားဖြစ်သောအခါ မကောင်းသောအဆွေခင်ပွန်းနှင့် ပေါင်းဖော်မိ၍ များစွာသောမကောင်းမှုတို့ကို ပြုမိ၏။ သူတစ်ပါးတို့၏မယားကို အနိုင်အထက်ခိုးယူ၍ မသေဘဲနေရမည်ကဲ့သို့ မိစ္ဆာစာရကို ကျင့်မိ၏။ ထိုမကောင်းမှုသည် အခြားမဲ့သောဘဝ၌ အကျိုးမပေးမူ၍ ပြာဖြင့်ဖုံးလွှမ်းအပ်သော မီးကဲ့သို့ တည်၏။”
“ထိုရွှေပန်းထိမ်သည်၏ သားအဖြစ်မှ စုတေလတ်သော် တစ်ပါးသောကောင်းမှုကြောင့် ဝံသတိုင်း ကောသမ္ဘီပြည်တွင် ကြွယ်ဝလှစွာသောသူဌေးအမျိုး၌ ဖြစ်၏။ ထိုသူဌေးအမျိုး၌ အကျွန်ုပ်တစ်ယောက်တည်းသာ သားရှိသည်ဖြစ်၍ သူခပ်သိမ်းတို့ပူဇော်ရာ ဖြစ်၏။ ထိုကောသမ္ဘီပြည်၌ ကုသိုလ်ကောင်းမှု၌ မွေ့လျော်သော အကြားအမြင်ရှိသော အဆွေခင်ပွန်းကောင်းကို မှီဝဲမိ၍ အကျွန်ုပ်ကို ထိုအဆွေခင်ပွန်းသည် အကျိုးစီးပွားရှိသည်၌သာ ဆောက်တည်စေ၏။ စာတုဒ္ဒသီ ပန္နရသီဥပုသ်နေ့တို့၌ အကြိမ်များစွာ ဥပုသ်သီတင်း ဆောက်တည်ခဲ့ဖူး၏။ ထိုဘဝ၌ပြုအပ်သော ကောင်းမှုသည် ရေလျှင်အဆုံးရှိသောတွင်း၌ မြှုပ်အပ်သောရွှေအိုးကဲ့သို့ အခြားမဲ့သောဘဝ၌ အကျိုးမပေးမူ၍ တည်၏။”
“ထိုသူဌေးအဖြစ်မှ စုတေ့မနေ သေလွန်လတ်သော် ရွှေပန်းထိမ်သည်၏အဖြစ်၌ ပြုအပ်သော မကောင်းမှုသည် အခွင့်ရ၍ ထိုရွှေပန်းထိမ်သည်၏အဖြစ်၌ ပြုအပ်သော ပရဒါရ မကောင်းမှုကြောင့် ရောရုဝငရဲ၌ ကြာမြင့်စွာကာလပတ်လုံး ခံရလေ၏။ ထိုငရဲ၌ခံရသောအဖြစ်ကို အောက်မေ့မိသောအကျွန်ုပ်သည် ပြင်းစွာသော ကြောက်လန့်ခြင်းဖြစ်၍ တစ်ခဏမျှ ချမ်းသာရာကို မရနိုင်။”
“ထိုရောရုဝငရဲ၌ နှစ်လရှည်စွာခံပြီး၍ ငရဲမှစုတေလတ်သော် ဘိန္နာဂတပြည်၌ ဝှေးစေ့ထုတ်သော ဆိတ်ဖြစ်ပြန်၏။ ထိုဆိတ်သည် အားနှင့်ပြည့်စုံသည်ဖြစ်၍ ကျောက်ကုန်းဖြင့်လည်းကောင်း, ရထားဖြင့်လည်းကောင်း လေးစွာသောဝန်ကို ရွက်ဆောင်ရ၏။ ထိုဝှေးစေ့ထုတ်သောဆိတ် ဖြစ်ရခြင်းသည်ကား သူ့မယားကို ပြစ်မှားခဲ့ဖူးသော မကောင်းမှု၏အကျိုးလျှင်တည်း။”
“ဆိတ်အဖြစ်မှ စုတေမနေ သေလွန်ပြန်လတ်သော် တောကြီးစွာ၌ မျောက်အမျိုး၌ ပဋိသန္ဓေ နေရ၏။ ထိုမျောက်အမျိုး၌ ဖွားစကပင်လျှင် အမိမျောက်မသည် အဖဖြစ်သောမျောက်မင်းအား သားကိုပြပေ၏။ ထိုမျောက်မင်းသည် “ငါ့သားကို ဆောင်ခဲ့”ဆို၍ ပြင်းစွာဖက်ပြီးလျှင် မြည်တမ်းစဉ်ပင် မျောက်၏ဝှေးစေ့ကို သွားဖြင့်ကိုက်၍ ထုတ်ဘိ၏။ ထိုသို့ခံရခြင်းသည်ကား ရွှေပန်းထိမ်သည်သား ဖြစ်သောအခါ၌ သူတစ်ပါးမယားကို ပြစ်မှားခဲ့ဖူးသော မကောင်းမှုအကျိုးဆက်တည်း။”
“အရှင်မင်းကြီး။ အကျွန်ုပ်သည် ထိုမျောက်အဖြစ်မှ စုတေမနေ သေလွန်လတ်သော် ဒဿနတိုင်း၌ ဝှေးစေ့ထုတ်အပ်သော နွားလား ဖြစ်ပြန်၏။ ထိုနွားလားဖြစ်ခြင်းသည်လည်း သူတစ်ပါးတို့၏မယားကို ပြစ်မှားခဲ့ဖူးသော မကောင်းမှုအကျိုးဆက်တည်း။”
“အရှင်မင်းကြီး။ အကျွန်ုပ်သည် ထိုနွားလားအဖြစ်မှ စုတေမနေ သေလွန်လတ်သော် ဝဇ္ဇီတိုင်းတွင် ရွာသူကြီးအမျိုး၌ ဖြစ်ပြန်၏။ ထိုအမျိုး၌ ရခဲလှစွာသော လူ၏အဖြစ်ကို ရပါသော်လည်း မိန်းမလည်းမဟုတ် ယောက်ျားလည်းမဟုတ် နပုန်းပဏ္ဍုက် ဖြစ်လာ၏။ ထိုသို့ နပုန်းပဏ္ဍုက် ဖြစ်လာရခြင်းသည်ကား သူတစ်ပါးမယားကို ပြစ်မှားခဲ့ဖူးသော မကောင်းမှုအကျိုးဆက်တည်း။”
“အရှင်မင်းကြီး။ အကျွန်ုပ်သည် ထိုနပုန်းပဏ္ဍုက်အဖြစ်မှ စုတေမနေ သေလွန်လတ်သော် တာဝတိံသာနတ်ပြည် နန္ဒဝန်ဥယျာဉ်၌ နှစ်သက်ဖွယ်သောအဆင်းနှင့် ပြည့်စုံစွာ ဆန်းကြယ်လှစွာသော အဝတ်တန်ဆာ ပတ္တမြားနားတောင်း ရွှေစည်ပေါင်းတို့ဖြင့် တန်ဆာဆင်လျက် ကခြင်း,သီခြင်း၌ လိမ္မာစွာသော သိကြားမင်း၏အလုပ်အကျွေး နတ်သမီး ဖြစ်လာ၏။ ထို နတ်သမီးအဖြစ်၌တည်သော အကျွန်ုပ်တို့သည် သေလွန်လေပြီးသော ၇-ဖြစ်ကိုလည်းကောင်း, လာလတ္တံ့သော ၇-ဖြစ်ကိုလည်းကောင်း ကြံအောက်မေ့သဖြင့် မြင်၏။ အရှင်မင်းကြီး။ ထိုနတ်သမီးအဖြစ်နှင့်တကွသော နောက် ၇-ဖြစ်တို့သည်ကား များစွာသောချမ်းသာနှင့် ပြည့်စုံ၏။ မိန်းမအဖြစ်ကား ၆-ဖြစ်တိုင်အောင် ဖြစ်လတ္တံ့။ ၇-ဖြစ်မြောက်ကား တန်ခိုးကြီးသောနတ်သား ဖြစ်ရလတ္တံ့။ အရှင်မင်းကြီး။ နန္ဒဝန်ဥယျာဉ်၌ အကျွန်ုပ်၏ အလုပ်အကျွေးဖြစ်သော နတ်သမီးတို့သည် ယနေ့တိုင်အောင်လည်း အစဉ်သဖြင့် ပန်းကို ကုံးသီကုန်၏။ ဇဝနမည်သောနတ်သားသည် အကျွန်ုပ်ချသောပန်းကို ခံလင့်၏။ အရှင်မင်းကြီး အကျွန်ုပ်၏ ယခုကိုယ်အဖြစ်သည်ကား ၁၆-နှစ်သာ ရှိသေး၏။ ထို၁၆-နှစ်မျှကာလသည် နတ်တို့၌ တစ်ခဏသာတည်း။ လူတို့၏အရေအတွက်အားဖြင့် အနှစ် ၁၀၀-သည် တာဝတိံသာနတ်တို့၏ နေ့အားဖြင့် တစ်နေ့သာတည်း။ အရှင်မင်းကြီး။ ဤသို့ဆိုခဲ့ပြီးသောနည်းဖြင့် ကောင်းမှုသည် လည်းကောင်း, မကောင်းမှုသည်လည်းကောင်း ပျောက်သည်မရှိ။ အရိပ်သဖွယ်ကဲ့သို့ လိုက်ကုန်၏ဟု မှတ်တော်မူပါလော့”ဟုဆို၏။