နာရဒဇာတ်တော်ကြီး/အခန်း-၀၉
ရုဇာမင်းသမီးသည် မင်းကြီးကို မိစ္ဆာအယူမှထွက်စေခြင်းငှာ မတတ်နိုင်သော်လည်း ပြုအပ်သောလုံ့လ မလျှော့မူ၍ တစ်စုံတစ်ခုသောအကြောင်းဖြင့် “ယနေ့ ငါ့ခမည်းတော်၏ချမ်းသာကို ဆောင်အံ့”ဟုကြံလျက် ဦးခေါင်းထက်၌ လက်အုပ်ချီမြှောက်၍ အရပ်မျက်နှာတို့ကိုရှိခိုးပြီးသော် ဤသို့တောင်းပန်၏။
“လောက၌ လူတို့၏တည်ရာကို ဖြစ်စေတတ်ကုန်သော တရားစောင့်ကုန်သော ရဟန်း, ပုဏ္ဏားတို့သည်လည်းကောင်း၊ လူအပေါင်းတို့ကို စောင့်ကုန်သော နတ်မင်း, ဗြဟ္မာမင်းတို့သည်လည်းကောင်း ရှိကုန်၏။ ထိုရဟန်း, ပုဏ္ဏား, နတ်, ဗြဟ္မာတို့သည် ဤအရပ်သို့ လာတော်မူလတ်ကုန်၍ မိမိတို့အစွမ်းဖြင့် အကျွန်ုပ်၏ ခမည်းတော်မင်းကြီးအား မိစ္ဆာဒိဋ္ဌိအယူကို လွတ်စိမ့်သောငှာ အကျွန်ုပ်ခမည်းတော်၏ ဂုဏ်ကျေးဇူးမရှိသော်လည်း အကျွန်ုပ်၏ သီလကျေးဇူးဖြင့်လည်းကောင်း၊ ဟုတ်မှန်စွာဆိုသော အကျွန်ုပ်၏ သစ္စာစကားဖြင့်လည်းကောင်း လာတော်မူလတ်၍ ခမည်းတော်၏ မိစ္ဆာအယူကို လွတ်စေလျက် ခပ်သိမ်းသောပြည်သူတို့၏ ချမ်းသာကို ဆောင်စေကုန်သတည်း”ဟု အဓိဋ္ဌာန်ပြု၍ ရှိခိုး၏။