နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ကရုဏာဘာဝနာ

ကရုဏာဘာဝနာ

ကရုဏာဘာဝနာကို ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးစွာ မိမိနှင့် နီးစပ်ရာ လိင်တူ အသက်ရှင်နေဆဲ ဒုက္ခိတသတ္တဝါ တစ်ဦးကို ရွေးချယ်ပါ။ ထိုသတ္တဝါ၏ ဆင်းရဲဒုက္ခများကို ဆင်ခြင်ပါ။ ကရုဏာတရား ထင်ရှားဖြစ်ပွားလာအောင် နှလုံးသွင်းပါ။

ထိုနောင် ဩဒါတကသိုဏ်း သို့မဟုတ် အာလောကကသိုဏ်း စတုတ္ထစျာန်သမာဓိကို ပြန်လည်ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင်များ အားကောင်းလာသောအခါ မိမိရွေးချယ်ထားသော ယင်းဒုက္ခိတသတ္တဝါကို လင်းရောင်ခြည် စွမ်းအင် အကူအညီဖြင့် မြင်အောင်ကြည့်ပါ။ ဉာဏ်ထဲ၌ ထင်ထင်ရှားရှား တွေ့မြင်သောအခါ ထိုဒုက္ခိတသတ္တဝါကို အာရုံပြု၍ မေတ္တာစျာန်ကို ဝင်စားလိုက ဝင်စားပါ။ အကယ်၍ မေတ္တာစျာန်ကို ဝင်စားခဲ့သော် ယင်း မေတ္တာစျာန်မှ ထ၍ ကရုဏာဘာဝနာကို ပွားပါ။ အကယ်၍ (မေတ္တာစျာန်ကို မဝင်စားလိုပါက ကရုဏာဘာဝနာကို တိုက်ရိုက် ပွားလိုကလည်း ပွားပါ။) ကရုဏာဘာဝနာကို ပွားများလိုပါက ထိုဒုက္ခိတသတ္တဝါကိုပင် အာရုံပြု၍ –

အယံ သပ္ပုရိသော ဒုက္ခာ မုစ္စတု ...= ဤသူတော်ကောင်းသည် ဆင်းရဲဒုက္ခမှ လွတ်ပါစေ ...

ဤသို့ ကြိမ်ဖန်များစွာ ကရုဏာဘာဝနာကို ပွားများပါ။ တတိယစျာန်သို့ ဆိုက်သည်တိုင်အောင် စျာန်တိုင်း စျာန်တိုင်း၌ ဝသီဘော်ငါးတန် နိုင်နင်းအောင် ပွားများပါ။ ဆက်လက်၍ အလားတူပင် ဒုက္ခိတ လိင်တူသတ္တဝါ လေး, ငါး, ဆယ်ဦးလောက်ကို တစ်ယောက်ပြီးတစ်ယောက် အာရုံယူကာ ပုံစံတူပင် ကရုဏာဘာဝနာကို တတိယစျာန်သို့ ဆိုက်သည်တိုင်အောင် ပွားများပါ။ ထိုနောင် မေတ္တာကမ္မဋ္ဌာန်း၌ ရေးသားတင်ပြခဲ့သည့်အတိုင်း ပိယပုဂ္ဂိုလ်၌, ထိုနောင် မဇ္ဈတ္တပုဂ္ဂိုလ်၌, ထိုနောင် ဝေရီပုဂ္ဂိုလ်၌ အစဉ်အတိုင်း ကရုဏာဘာဝနာကို တတိယစျာန်သို့ ဆိုက်သည်တိုင်အောင် ပွားများပါ။

ပုထုဇန်မှန်သမျှ အပါယ်ဘေးဆိုးကြီးမှ မလွတ်သေးသဖြင့် သနားစရာ သတ္တဝါချည်းသာတည်း။ သံသရာ အဆက်ဆက်မှသည် ယနေ့သို့တိုင်အောင် မှားခဲ့မိသော ဒုစရိုက်တို့ကြောင့် အပါယ်ဝဋ်ဆင်းရဲဒုက္ခကြီးကို အပါယ်သံသရာဘေးမှ မလွတ်မြောက်သေးသမျှကာလပတ်လုံး တစ်နေ့တွင် ခံစားကြရဦးမည်သာ ဖြစ်ကြသဖြင့် ပုထုဇန် မှန်သမျှသည် သနားစရာသတ္တဝါချည်းသာတည်း။ ပုထုဇန် အရိယာမဟူ သတ္တဝါတိုင်း သတ္တဝါတိုင်းသည် အိုဘေးဆိုးကြီး, နာဘေးဆိုးကြီး, သေဘေးဆိုးကြီးမှ မလွတ်မြောက်ကြသေးသဖြင့် သနားစရာသတ္တဝါချည်းသာတည်း။ ယင်းကဲ့သို့သော သနားစရာသတ္တဝါဖြစ်နေပုံသဘောကို ဉာဏ်ဖြင့်ဆင်ခြင်ကာ အာရုံယူ၍ သုခိတသတ္တဝါတို့၌လည်း ကရုဏာဘာဝနာကို ပွားများအားထုတ်နိုင်ပေသည်။

အောင်မြင်မှုကို ရရှိပါက မေတ္တာစျာန်၌ ရေးသားတင်ပြခဲ့သည့်အတိုင်း အတ္တ, ပိယ, မဇ္ဈတ္တ, ဝေရီဟူသော ပုဂ္ဂိုလ်လေးမျိုးတို့၌ ပုဂ္ဂိုလ်အပိုင်းအခြား ကင်းအောင် သီမာသမ္ဘေဒကို ပြု၍ သီမာသမ္ဘေဒပြုပြီးသော ထိုသတ္တဝါ ပညတ်နိမိတ်ကို မှီဝဲခြင်း, ပွားများခြင်း, အကြိမ်များစွာ ပြုခြင်းဖြင့် ပထမစျာန်, ဒုတိယစျာန်, တတိယစျာန်သို့ ဆိုက်သည်တိုင်အောင် ကရုဏာ အပ္ပနာစျာန်ကို တိုးပွားအောင် ပြုလုပ်ပါ။ ထိုနောင် အနောဓိသောဖရဏာ ကရုဏာ, ဩဓိသောဖရဏာ ကရုဏာ, ဒိသာဖရဏာ ကရုဏာဘာဝနာတို့ကို ဆက်လက်ပွားများပါ။

အနန္တစကြဝဠာသို့တိုင်အောင် သတ္တဝါအားလုံးတို့အပေါ်၌ ဖြန့်ကြက်၍ ပွားများထားအပ်သော –
၁။ အနောဓိသောဖရဏာ ကရုဏာဘာဝနာ (၅) မျိုး
၂။ ဩဓိသောဖရဏာ ကရုဏာဘာဝနာ (၇) မျိုး
၃။ ဒိသာဖရဏာ ကရုဏာဘာဝနာ (၁၀x၁၂ = ၁၂၀) မျိုး
အားလုံးပေါင်းသော် ကရုဏာဘာဝနာ (၁၃၂) မျိုးတည်း။