နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/တေဇောကသိုဏ်း = မီးကသိုဏ်း

တေဇောကသိုဏ်း = မီးကသိုဏ်း

ရှေးရှေးဘဝထိုထိုက ပြုအပ် ဆည်းပူးအပ်ခဲ့ဖူးသော တေဇောကသိုဏ်း ဘာဝနာလုပ်ငန်း၌ ဘာဝနာကုသိုလ် ပုညသမ္ဘာရ ရှိခဲ့ဖူးသော ပုဂ္ဂိုလ်အား ကသိုဏ်းဝန်းအဖြစ် မပြုပြင်အပ်သေးသော မီး၌ တေဇောကသိုဏ်းနိမိတ်ကို ယူခဲ့သော် ရရှိနိုင်သည်သာ ဖြစ်၏၊

၁။ ဆီမီးတောက် ဆီမီးလျှံ၌လည်းကောင်း,
၂။ ချက်ပြုတ်ရာ မီးဖို၌လည်းကောင်း,
၃။ သပိတ်ဖုတ်ရာဌာန၌ တည်ရှိသော မီးပုံ၌လည်းကောင်း,
၄။ တောမီးလောင်ရာ မီးတောက်မီးလျှံ၌လည်းကောင်း –

အမှတ်မရှိ တစ်ခုခုသော မီးတောက်လောင်ရာအရပ်၌ မီးလျှံကို ကြည့်ရှုစဉ် ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ် ဖြစ်ပေါ်လာနိုင်၏၊

အတိတ်ဘဝထိုထိုက တေဇောကသိုဏ်းကို စီးဖြန်းမှု ပါရမီ ပုညသမ္ဘာရ မရှိသော ယောဂါဝစရပုဂ္ဂိုလ်သည်ကား တေဇောကသိုဏ်းဝန်းကို ပြုလုပ်ထိုက်၏၊ ပြုလုပ်ပုံ အစီအရင်ကား – အနှစ်အဆီရှိ၍ ခြောက်သွေ့နေသော ထင်းခွဲခြမ်းတို့ကို သင့်တော်ရာ တစ်နေရာ၌ သပိတ်ဖုတ်သည့် ပုံစံအနေအထားအားဖြင့် အစုအပုံလိုက် မီးတောက်မီးလျှံ ထွက်ပေါ်လာသည့်တိုင်အောင် မီးရှို့ပါ။

သင်ဖြူးဖျာ, သားရေပိုင်း, ပုဆိုးကြမ်း, သစ်သားပျဉ်ချပ်စသည့် တစ်ခုခုတွင် အချင်းတစ်ထွာခန့်လောက် အတိုင်းအရှည် ပမာဏရှိသော ဝန်းဝိုင်းသော အပေါက်ကို ဖောက်၍ ထိုအပေါက်ဖောက်ထားသော အရာဝတ္ထုကို မိမိ၏ ရှေ့၌ ထား၍ ထိုင်ပြီးလျှင် –

၁။ မီးပုံအောက်၌ လောင်နေသော မြက်ထင်းကိုလည်းကောင်း,
၂။ အထက်သို့ တက်နေသော မီးခိုးညွန့်ကိုလည်းကောင်း –

နှလုံးမသွင်းမူ၍ အလယ်၌ မချဲမူ၍ တစ်ခဲနက် တစ်လုံးတည်းအားဖြင့် တောက်လောင်နေသော မီးတောက် မီးလျှံ၌ ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ်ကို ယူပါလေ။[မှတ်စု ၁]

အရောင်နှင့် လက္ခဏာကို နှလုံးမသွင်းပါနှင့်

ထိုသို့ တေဇောကသိုဏ်းနိမိတ်ကို ယူရာ၌ ထိုမီးတောက်မီးလျှံ၏ အညို အဝါ အနီ စသည်အားဖြင့် ကွဲပြားသော အရောင်ကို နှလုံးမသွင်းပါနှင့်။ အရောင်ကို နှလုံးသွင်းခဲ့သော် ဝဏ္ဏကသိုဏ်းဘက်သို့ ကူးသွားမည် ဖြစ်၏၊ ထို မီးတောက်မီးလျှံ၏ ပူသောလက္ခဏာကိုလည်း နှလုံးမသွင်းပါနှင့်။[မှတ်စု ၂] ပူသော လက္ခဏာကို နှလုံးသွင်းပါက ဓာတ်ကမ္မဋ္ဌာန်းလမ်းဘက်သို့ ပြောင်းသွားမည် ဖြစ်၏၊

တစ်ဆင့်စကား ကြားဖူးသည်မှာ – ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် တေဇောကသိုဏ်းဘာဝနာကို ပွားများ အားထုတ်ရာ၌ သမာဓိအားကောင်းလာသောအခါ မီးတောက်မီးလျှံ၏ ပူလောင်သော သဘောကို အာရုံယူမိသဖြင့် သမာဓိအရှိန်အဝါ အားကောင်း၍ ကသိုဏ်းဝန်းလည်း အရပ်ဆယ်မျက်နှာသို့ ပြန့်သွားသောအခါ မူလ နှလုံး သွင်းမိသော ပူသော သဘောမှာ အလွန် ထင်ရှားလာ၍ ထိုအပူရှိန်၏ ဒဏ်ချက်ကို မခံနိုင်သဖြင့် ထွက်ပြေးရဖူး၏၊ မီးတောက်မီးလျှံတွေက ထိုယောဂီ၏ ခန္ဓာကိုယ်ကို ဝိုင်း၍ လောင်နေကြသော ဟူ၏၊

ထိုကြောင့် တေဇောကသိုဏ်းကို ပွားများအားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်သည် မီးတောက်မီးလျှံ၌ရှိသော အရောင်အဆင်း၏တည်ရာ မီးကို အဆင်းနှင့်တကွသာလျှင် ပြု၍ တေဇောဓာတ် များပြားထူပြောသည်၏ အစွမ်းဖြင့် တေဇော = မီးဟူသော လောကဝေါဟာရပညတ်၌ စိတ်ကိုထား၍ တေဇော - တေဇော - တေဇော = မီး - မီး မီး -- ဟု နှလုံးသွင်း ပွားများပါ။ ဤသို့ ပွားများအားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်အား ဥဂ္ဂဟနိမိတ်, ပဋိဘာဂနိမိတ် တို့သည် အစဉ်အတိုင်း ဖြစ်ပေါ်လာကြမည် ဖြစ်ပေသည်။[မှတ်စု ၃]

ဤညွှန်ကြားချက်များနှင့် အညီ တေဇောကသိုဏ်းကို ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည် မိမိ ရရှိထားပြီးသော စတုတ္ထစျာန်သမာဓိတစ်ခုခုကို တစ်ဖန် ပြန်၍ သမာဓိထူထောင်ပါ။ ရှေ့ဦးစွာ ထမင်း ဟင်းချက်ရာ မီးဖို၌ တည်ရှိသော မီးတောက်မီးလျှံ၌ အောက်ပိုင်းထင်းစ အပေါ်ပိုင်း မီးညွန့်တို့ကို မကြည့်ဘဲ အလယ် မီးတောက်ကိုသာ ကြည့်၍ တေဇောကသိုဏ်းနိမိတ်ကို ယူကြည့်ပါ။ မအောင်မြင်ခဲ့သော် ဆယ်လက်မခန့် အပေါက်ရှိသော ဇလုံပေါက် တစ်ခုကို မိမိ၏ ရှေ့က ခံထား၍ ထိုဇလုံပေါက်၏ ရှေ့၌ တည်ရှိသော မီးတောက်မီးလျှံ၌ တေဇောကသိုဏ်းနိမိတ်ကို ယူကြည့်ပါ၊ အောင်မြင်တတ်ပါသည်။ နိမိတ် သုံးမျိုး, ဘာဝနာ သုံးမျိုး, သမာဓိ သုံးမျိုးတို့ကို အစဉ်အတိုင်း ရရှိအောင် ကြိုးစားအားထုတ်ပါ။

ရှေးယခင်က အိမ်ကို မီးလောင်ခြင်း, မြို့ရွာကို မီးလောင်ခြင်း, တောမီးလောင်ခြင်း စသည်တို့ကို မြင်ခဲ့ဖူးလျှင် လည်း မိမိ ရရှိထားပြီးသည့် စတုတ္ထစျာန်သမာဓိ တစ်ခုခုကို ထူထောင်ပြီးနောက် ယင်း မြင်ဖူးထားသည့် မီးတောက် မီးလျှံ၏ အလယ်သားကို တစ်ဖန်အာရုံယူ၍လည်း တေဇောကသိုဏ်းဘာဝနာကို ပွားများအားထုတ်နိုင်ပေသည်။

ဥဂ္ဂဟနိမိတ် - ပဋိဘာဂနိမိတ်

ထိုသို့ တေဇောကသိုဏ်းဘာဝနာကို ပွားများအားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ ဖြစ်ပါ်လာသော ဥဂ္ဂဟနိမိတ် ပဋိဘာဂနိမိတ် နှစ်မျိုးတို့တွင် ဥဂ္ဂဟနိမိတ်ကား မီးတောက်မီးလျှံသည် ပြတ်၍ပြတ်၍ ကျသည်နှင့်တူသည် ဖြစ်၍ ထင်လာ၏၊ ကသိုဏ်းဝန်းအဖြစ် မပြုပြင်အပ်သော မီးပုံ၌ တေဇောကသိုဏ်းနိမိတ်ကိုယူသော ပုဂ္ဂိုလ်အားကား ကသိုဏ်း၏ အပြစ်ဒေါသသည် ထင်ရှား၏၊ မီးအပိုင်းအစ = မီးထင်းစသည်လည်းကောင်း, မီးကျီးစု မီးကျီးခဲပုံသည် လည်းကောင်း, ပြာသည်လည်းကောင်း, မီးခိုးသည်လည်းကောင်း ထင်နေတတ်၏၊ ပဋိဘာဂနိမိတ်သည်ကား မတုန်လှုပ်သည်ဖြစ်၍ ကောင်းကင်၌ ဖြန့်ခင်းထားအပ်သော ကမ္ဗလာပိုင်းကဲ့သို့လည်းကောင်း, ရွှေယပ်ဝန်းကဲ့သို့လည်းကောင်း, ရွှေသည်တိုင်ကဲ့သို့လည်းကောင်း ထင်လာ၏၊ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ထိုပဋိဘာဂနိမိတ်၏ ထင်သည်နှင့် အတူတကွ သာလျှင် ဥပစာရစျာန်သို့လည်းကောင်း အပ္ပနာစျာန်သို့လည်းကောင်း ရောက်ရှိနိုင်ပေသည်။[မှတ်စု ၄]

  1. (ဝိသုဒ္ဓိ၊၁၊၁၆၆။)
  2. ဝဏ္ဏော န ပစ္စဝေက္ခိတဗ္ဗော၊ ဥဏှတ္တဝသေန လက္ခဏံ န မနသိကာတဗ္ဗံ။ (ဝိသုဒ္ဓိ၊၁၊၁၆၆။)
  3. (ဝိသုဒ္ဓိ၊၁၊၁၆၆။)
  4. (ဝိသုဒ္ဓိ၊၁၊၁၆၆။)