နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ထင်ရှားရာ လွယ်ကူရာက စပါ

ထင်ရှားရာ လွယ်ကူရာက စပါ

“လက္ခဏာယာဉ် သုံးချက်တင်၍ ဝိပဿနာရှုပွားသုံးသပ်ထိုက်ကုန်သော လောကီ ရုပ်တရား နာမ်တရားတို့တွင် အကြင် ရုပ်တရား နာမ်တရားတို့သည် အကြင် ယောဂီပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှားကုန်၏၊ ချမ်းချမ်းသာသာ လွယ်လွယ်ကူကူ မပင်မပန်း သိမ်းဆည်း၍ ရနိုင်ကုန်၏၊ ထိုရုပ်တရား နာမ်တရားတို့၌ ထိုယောဂီပုဂ္ဂိုလ်သည် လက္ခဏာယာဉ် သုံးချက်တင်၍ ဝိပဿနာတရား ရှုပွားသုံးသပ်ခြင်း သမ္မသနအမှုကို ကြိုးစားအားထုတ်ပါ။”[မှတ်စု ၁]

(က) “ထင်ရှားရာ ချမ်းချမ်းသာသာ လွယ်လွယ်ကူကူ မပင်မပန်း သိမ်းဆည်း၍ ရနိုင်သည့် ထိုရုပ်တရား နာမ်တရား တို့၌ ထိုယောဂါဝစရပုဂ္ဂိုလ်သည် လက္ခဏာယာဉ် သုံးချက်တင်၍ ဝိပဿနာ ရှုပွားသုံးသပ်ခြင်း သမ္မသနအမှုကို ကြိုးစားအားထုတ်ပါဟူသော ဤစကားကို ထင်ရှားရာကို = ထင်ရှားသည့် ရုပ်တရား နာမ်တရားကို ဝိပဿနာ နှလုံးသွင်းခြင်းသည် ဖြစ်နိုင်၏ဟု နှလုံးပိုက်၍ အဋ္ဌကထာဆရာတော်က မိန့်ဆိုတော်မူခြင်း ဖြစ်သည်။

( ခ ) သို့သော်လည်း နောက်ပိုင်းကာလ၌ကား အသိဉာဏ်၌ မထင်လာ မမြင်လာသေးသော ရုပ်တရား နာမ်တရား တို့ကိုလည်း အကြောင်း ဥပါယ်တံမျဉ်ဖြင့် အသိဉာဏ်၌ ထင်လာ မြင်လာစေ၍ = ထင်လာ မြင်လာအောင် ပြုလုပ်၍ အကြွင်းအကျန်မရှိ ကုန်စင်အောင်သာလျှင် (ရုပ်တရား နာမ်တရား အကြောင်းတရား အကျိုးတရား တို့ကို) လက္ခဏာယာဉ် သုံးချက် တင်၍ ဝိပဿနာရှုပွားသုံးသပ်ပါ။”[မှတ်စု ၂]

ဤအထက်ပါ စကားရပ်များကို အဋ္ဌကထာဆရာတော်က –
၁။ ရူပပရိဂ္ဂဟ = ရုပ်တရားကို သိမ်းဆည်းခြင်း,
၂။ အရူပပရိဂ္ဂဟ = နာမ်တရားကို သိမ်းဆည်းခြင်း,
၃။ ရူပါရူပပရိဂ္ဂဟ = ရုပ်နာမ်ကို သိမ်းဆည်းခြင်း,
၄။ ပစ္စယပရိဂ္ဂဟ = ပစ္စုပ္ပန် ရုပ်နာမ်၏ အကြောင်းတရားတို့ကို သိမ်းဆည်းခြင်း,
၅။ အဒ္ဓါနပရိဂ္ဂဟ = အတိတ် အနာဂတ် ရုပ်နာမ်၏ အကြောင်းတရားတို့ကို သိမ်းဆည်းခြင်း ဟူသော –ဤပရိဂ္ဂဟ (၅)မျိုးတို့ကို ကမ်းတစ်ဖက်သို့ ရောက်အောင် ပေါက်မြောက်ပြီးသော ယောဂါဝစရပုဂ္ဂိုလ်တို့အတွက် သာ ပြောဆိုနေသောစကား ဖြစ်သည်ကိုကား သတိပြုသင့်လှပေသည်။

၁။ ရုပ်တရားကိုလည်း ပရမတ်သို့ဆိုက်အောင် မသိ၊
၂။ နာမ်တရားကိုလည်း ပရမတ်သို့ဆိုက်အောင် မသိ၊
၃။ ရုပ်နာမ်ကိုလည်း ပရမတ်သို့ဆိုက်အောင် မသိ၊
၄။ ပစ္စုပ္ပန် ရုပ်နာမ်၏ အကြောင်းတရားကိုလည်း မသိ၊
၅။ အတိတ် အနာဂတ် ရုပ်နာမ်၏ အကြောင်းတရားကိုလည်း မသိ –

ဤကဲ့သို့သော မသိမှုတွေကို တစ်ပုံကြီး ထမ်းလျက် ကမ္မဋ္ဌာန်းကျောင်းအတွင်းသို့ ရောက်သစ်စဖြစ်သော ဝင်ရောက်တရားထိုင်နေသော ယောဂါဝစရပုဂ္ဂိုလ်အတွက် ထင်ရှားရာ လွယ်ကူရာကိုသာ ပညတ်နှင့် ပရမတ် ခွဲခြား မသိဘဲ ရှုချင်သလိုရှုရန် ညွှန်ကြားနေသော စကားရပ်များ မဟုတ်ကြသည်ကိုကား သတိပြုသင့်လှပေသည်။

သို့သော် ယင်းအထက်ပါ အဋ္ဌကထာဆရာတော်၏ စကားရပ်နှင့် ဋီကာဆရာတော်၏ (က) စကားရပ်တို့ကိုသာ ကြည့်၍ ဝိပဿနာဆိုတာ ထင်ရှားရာကိုသာ ရှုရသည်ဟု ညွှန်ကြားတော်မူကြပြန်သည်။ ဋီကာဆရာတော်၏ (ခ) စကားရပ်ကို ထည့်သွင်း၍ မစဉ်းစားတော့ပေ။ သို့သော် မဟာဋီကာဆရာတော်ကိုယ်တိုင်က မဟာဋီကာ[မှတ်စု ၃]တွင် သံယုတ်ပါဠိတော် သဠာယတနဝဂ္ဂသံယုတ်၌ လာရှိသော အပရိဇာနနသုတ္တန်[မှတ်စု ၄]ကို ကိုးကား၍ အလုံးစုံသော ရုပ်တရား နာမ်တရားတို့ကို ပရိညာပညာ သုံးမျိုးတို့ဖြင့် ကွဲကွဲပြားပြားသိအောင် ရှုပွားသင့်ကြောင်း, အကြွင်းအကျန်မရှိ ကုန်စင်အောင် ဝိပဿနာရှုရမည်ဖြစ်ကြောင်းကို ဆုံးဖြတ်ထားပြီးပင် ဖြစ်ပေသည်။

လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ

အနတ္တလက္ခဏသုတ္တန် စသော ထိုထို တေပရိဝဋ္ဋဓမ္မဒေသနာတော်များနှင့် အဋ္ဌကထာ[မှတ်စု ၅] ဋီကာ[မှတ်စု ၆]တို့၏ ညွှန်ကြားချက်အရ - အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓဖြစ်သည့် ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရား အားလုံးကို ဝိပဿနာရှုရမည်ဖြစ်ရာ မည်သို့သော နည်းစနစ်ဖြင့် မည်သို့သော စည်းကမ်းသတ်မှတ်ချက်ဖြင့် ဝိပဿနာ ရှုရမည်နည်းဟု မေးဖွယ်ရာ ရှိ၏၊ အဋ္ဌသာလိနီအဋ္ဌကထာ[မှတ်စု ၇]တွင်လည်းကောင်း, ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၈]တွင် လည်းကောင်း ဝုဋ္ဌာနဂါမိနိဝိပဿနာ အမျိုးမျိုးကို ရေတွက်ပြသည့်အပိုင်းတွင် ဝိပဿနာရှုရာ၌ လိုက်နာရမည့် စည်းကမ်းများကို ဖွင့်ဆိုထားတော်မူကြ၏၊ ဤတွင် အဋ္ဌသာလိနီအဋ္ဌကထာ၏ ဖွင့်ဆိုချက်ကို ဆက်လက်၍ တင်ပြ အပ်ပါသည်။

လောကုတ္တရအရိယမဂ်သည် ..

၁။ အဇ္ဈတ္တကို (= အဇ္ဈတ္တသင်္ခါရတရားကို) စတင်၍ ဝိပဿနာ နှလုံးသွင်းပြီးလျှင်[မှတ်စု ၉] အဇ္ဈတ္တမှ (= အဇ္ဈတ္တသင်္ခါရ တရားမှ) ထမြောက်သွားသည်လည်း ရှိ၏ = ထမြောက်ကာ အရိယမဂ်သို့ ပြေးသွားသည်လည်း ရှိ၏၊
၂။ အဇ္ဈတ္တကို စတင်၍ ဝိပဿနာ နှလုံးသွင်းပြီးလျှင် ဗဟိဒ္ဓမှ (= ဗဟိဒ္ဓသင်္ခါရတရားမှ) ထမြောက်သွားသည်လည်း ရှိ၏၊
၃။ ဗဟိဒ္ဓကို စတင်၍ ဝိပဿနာ နှလုံးသွင်းပြီးလျင် ဗဟိဒ္ဓမှ ထမြောက်သွားသည်လည်း ရှိ၏၊
၄။ ဗဟိဒ္ဓကို စတင်၍ ဝိပဿနာ နှလုံးသွင်းပြီးလျင် အဇ္ဈတ္တမှ ထမြောက်သွားသည်လည်း ရှိ၏၊
၅။ ရုပ်တရား၌ စတင်၍ ဝိပဿနာ နှလုံးသွင်းပြီးလျှင် ရုပ်တရားမှ ထမြောက်သွားသည်လည်း ရှိ၏၊
၆။ ရုပ်တရား၌ စတင်၍ ဝိပဿနာ နှလုံးသွင်းပြီးလျှင် နာမ်တရားမှ ထမြောက်သွားသည်လည်း ရှိ၏၊
၇။ နာမ်တရား၌ စတင်၍ ဝိပဿနာ နှလုံးသွင်းပြီးလျှင် နာမ်တရားမှ ထမြောက်သွားသည်လည်း ရှိ၏၊
၈။ နာမ်တရား၌ စတင်၍ ဝိပဿနာ နှလုံးသွင်းပြီးလျှင် ရုပ်တရားမှ ထမြောက်သွားသည်လည်း ရှိ၏၊
၉။ တစ်ပြိုင်နက်တည်းပင်လျှင် ခန္ဓာငါးပါးတို့မှ ထမြောက်သွားသည်လည်း ရှိ၏၊

၁။ ဤသာသနာတော်၌ အချို့သော ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးအစ အားထုတ်ခါစ၌ပင်လျှင် အဇ္ဈတ္တ ခန္ဓာငါးပါးတို့၌ စတင်၍ နှလုံးသွင်း ရှုပွား၏၊ နှလုံးသွင်းရှုပွားပြီး၍ ထိုအဇ္ဈတ္တ ခန္ဓာငါးပါးတို့ကို အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်၍ ဝိပဿနာ ရှုပွားသုံးသပ်၏၊ သို့သော် အဇ္ဈတ္တ ခန္ဓာငါးပါး သက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်ကား ဝုဋ္ဌာနဂါမိနိဝိပဿနာ = သင်္ခါရအာရုံမှ ထ၍ နိဗ္ဗာန်ဘက်သို့ တစ်ဟုန်တည်း ထမြောက် ပြေးသွားသော မဂ္ဂဝီထိစိတ်အစဉ်နှင့် တကွသော ဝုဋ္ဌာနဂါမိနိဝိပဿနာသည် ဖြစ်ပေါ်မလာနိုင်သောကြောင့် ဗဟိဒ္ဓ ခန္ဓာငါးပါးတို့ကိုလည်း ဝိပဿနာရှုရမည်သာ ဖြစ်သည်။ ထိုကြောင့် သူတစ်ပါး၏ ခန္ဓာငါးပါးတို့ကိုလည်းကောင်း, သက်မဲ့ အနုပါဒိန္န သင်္ခါရတရားတို့ကိုလည်းကောင်း အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်၍ ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ရှု၏၊ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ရံခါ အဇ္ဈတ္တခန္ဓာငါးပါးကို လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍ ဝိပဿနာ ရှုပွားသုံးသပ်၏၊ ရံခါ ဗဟိဒ္ဓခန္ဓာငါးပါးကို လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍ ဝိပဿနာ ရှုပွားသုံးသပ်၏၊ ထိုသို့ ရှုပွားသုံးသပ်နေသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်သည် အဇ္ဈတ္တ ခန္ဓာငါးပါးကို ဝိပဿနာ ရှုပွားသုံးသပ်ခိုက်၌ အရိယမဂ်ဉာဏ်နှင့် အတူတကွ ဆက်စပ်မိ၏၊ (ဝိပဿနာဉာဏ်၏ အဆုံး၌ အရိယမဂ်ဉာဏ် ပေါ်လာ၏ ဟူလို။) ဤသို့လျှင် အဇ္ဈတ္တသင်္ခါရကို စတင် နှလုံးသွင်းပြီးလျှင် အဇ္ဈတ္တသင်္ခါရမှ ထမြောက်သွားသည် မည်ပေသည်။ (ဝုဋ္ဌာနဂါမိနိဝိပဿနာ ဖြစ်သည် ဟူလို၊၊)[မှတ်စု ၁၀]

၂။ နောက်တစ်မျိုးကား – အဇ္ဈတ္တခန္ဓာငါးပါးမှ စတင်ကာ ဝိပဿနာဘာဝနာကို အားသစ်လာသော ထိုယောဂါဝစရ ပုဂ္ဂိုလ်သည် အဇ္ဈတ္တကို တစ်လှည့်, ဗဟိဒ္ဓကို တစ်လှည့် ဝိပဿနာ ရှုပွားသုံးသပ်နေရာ အကယ်၍ ဗဟိဒ္ဓကို ဝိပဿနာ ရှုပွားသုံးသပ်ခိုက်၌ ဝိပဿနာဉာဏ်သည် အရိယမဂ်ဉာဏ်နှင့် အတူတကွ ဆက်စပ်မိသည် ဖြစ်ငြားအံ့၊ ဤသို့ ဆက်စပ် မိသော် အဇ္ဈတ္တသင်္ခါရကို စတင် နှလုံးသွင်းပြီးလျှင် ဗဟိဒ္ဓသင်္ခါရမှ ထမြောက်သွားသည် မည်၏၊

၃-၄။ ဗဟိဒ္ဓ ခန္ဓာငါးပါးကို စတင်နှလုံးသွင်း၍ ဗဟိဒ္ဓသင်္ခါရမှလည်းကောင်း, အဇ္ဈတ္တသင်္ခါရမှလည်းကောင်း ထမြောက် သွားရာ၌လည်း ဤနည်းပင်တည်း။

၅။ (အဇ္ဈတ္တ၌လည်း ရုပ်နှင့် နာမ် နှစ်မျိုး, ဗဟိဒ္ဓ၌လည်း ရုပ်နှင့် နာမ် နှစ်မျိုး - ဤသို့ နှစ်မျိုးစီ ရှိနေသဖြင့်) အခြားတစ်ယောက်သော ယောဂါဝစရပုဂ္ဂိုလ်သည် ရှေးဦးအစ အားထုတ်ခါစ၌ပင်လျှင် (ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်း နှစ်မျိုးတို့တွင်) ရုပ်တရား၌ စတင် နှလုံးသွင်း၏၊ (ရုပ်တရားက စတင်၍ သိမ်းဆည်းသည် ဟူလို။) နှလုံးသွင်းပြီး၍ ဘူတရုပ် (= ဓာတ်ကြီးလေးပါး)ကိုလည်းကောင်း, (၂၄)မျိုးသော ဥပါဒါရုပ်ကိုလည်းကောင်း ဉာဏ်ဖြင့် ကွဲကွဲပြားပြား သိအောင် ပိုင်းခြားယူ၍ (လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်ကာ) ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ရှု၏၊ သို့သော် ရုပ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်ကား ဝုဋ္ဌာနဂါမိနိဝိပဿနာသည် မဖြစ်နိုင်သောကြောင့် နာမ်တရားကိုလည်း (လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်၍) ဝိပဿနာ ရှုပွားသုံးသပ်ရမည်သာ ဖြစ်ပေသည်။ ထိုကြောင့် ထိုရုပ်တရား ကို အာရုံပြု၍ ဖြစ်ပေါ်လာသော ဝေဒနာကိုလည်းကောင်း, သညာကိုလည်းကောင်း, စေတသိက်သင်္ခါရတရားစုကိုလည်းကောင်း, ဝိညာဏ်ကိုလည်းကောင်း – “ဤကား နာမ်တရား”ဟု ဉာဏ်ဖြင့် ကွဲကွဲပြားပြား သိအောင် ပိုင်းခြားယူလျက် အနိစ္စ ဒုက္ခ အနတ္တဟု လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်ကာ ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ရှု၏၊

ထိုယောဂါဝစရပုဂ္ဂိုလ်သည် ရံခါ ရုပ်တရားကို လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်၍ ဝိပဿနာ ရှုပွားသုံးသပ်၏၊ ရံခါ နာမ်တရားကို လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်၍ ဝိပဿနာ ရှုပွားသုံးသပ်၏၊ ဤသို့ ရှုပွားသုံးသပ်နေသော ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်သည် ရုပ်တရားကို ရှုပွားသုံးသပ်စဉ် အရိယမဂ်ဉာဏ်နှင့် အတူတကွ ဆက်စပ် မိ၏၊ ဤသို့ ဆက်စပ်မိသော် ရုပ်တရား၌ စတင် နှလုံးသွင်းရှုပွား၍ ရုပ်တရားမှ ထမြောက်သွားသည် မည်၏၊

၆။ အကယ်၍ ထိုယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်သည် နာမ်တရားကို ရှုပွားသုံးသပ်ခိုက်ဝယ် အရိယမဂ် ဉာဏ်နှင့် အတူတကွ ဆက်စပ်မိငြားအံ့၊ ဤသို့ ဆက်စပ်မိသော် ရုပ်တရား၌ စတင် နှလုံးသွင်း၍ နာမ်တရားမှ ထမြောက်သွားသည် မည်၏၊

၇-၈။ နာမ်တရား၌ စတင်နှလုံးသွင်း၍ နာမ်တရားမှလည်းကောင်း, ရုပ်တရားမှလည်းကောင်း ထမြောက်သွားရာ၌ လည်း နည်းတူပင် မှတ်ပါ။

၉။ “ယံကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓဓမ္မံ= ဖြစ်သည့်တရားမှန်က အားလုံးပျက်၏” – ဟု ဤသို့ နှလုံးသွင်း၍ ဝုဋ္ဌာနဂါမိနိဝိပဿနာ ဖြစ်ရာကာလ၌ကား တစ်ပြိုင်နက်တည်းအားဖြင့် ခန္ဓာငါးပါးတို့မှ ထမြောက်သွား၏ဟု သိရှိ ပါလေ။ ဤဝိပဿနာကား ထက်မြက်သော ဝိပဿနာ, ကြီးမားသော ဉာဏ်ပညာရှိသော တိက္ခဝိပဿက မဟာပည ရဟန်းတော်၏ ဝိပဿနာတည်း။[မှတ်စု ၁၁]

ဤအထက်ပါ အဋ္ဌသာလိနီအဋ္ဌကထာ၏ ဆုံးဖြတ်ချက်နှင့် ပုံစံတူ အဓိပ္ပါယ်တူ ဆုံးဖြတ်ချက်တစ်ခု = ဖြတ်ထုံး တစ်ခုကား ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၁၂]၌လည်းကောင်း, နိဒါနဝဂ္ဂသံယုတ်အဋ္ဌကထာ ကဠာရသုတ္တန်အဖွင့်[မှတ်စု ၁၃]၌ လည်းကောင်း လာရှိပေသည်။ စကားလုံး အနည်းငယ်ကွဲသော်လည်း အဓိပ္ပါယ်မှာ လုံးဝ တူညီလျက် ရှိပေသည်။ ဤမျှ တိတိကျကျ ဆုံးဖြတ်ချက် ရေးသားနေသော ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာဆရာတော်သည် အထက်တွင် ဖော်ပြခဲ့သည့် အတိုင်း သမ္မသနဉာဏ်ခန်း၌ ဝိပဿနာဟူသည် (ပညတ်နှင့် ပရမတ် ခွဲခြား မသိဘဲ) ထင်ရှားရာကိုသာ ရှုရသည် ဟူသော အဓိပ္ပါယ်မျိုးဖြင့် ..

“လက္ခဏာယာဉ် သုံးချက်တင်၍ ဝိပဿနာ ရှုပွားသုံးသပ်ထိုက်ကုန်သော လောကီ ရုပ်တရား နာမ်တရားတို့တွင် အကြင် ရုပ်တရား နာမ်တရားတို့သည် အကြင် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှားကုန်၏၊ ချမ်းချမ်းသာသာ လွယ်လွယ်ကူကူ မပင်မပန်း သိမ်းဆည်း၍ ရနိုင်ကုန်၏၊ ထို ရုပ်တရား နာမ်တရားတို့၌ ထိုယောဂါဝစရပုဂ္ဂိုလ်သည် လက္ခဏာယာဉ် သုံးချက်တင်၍ ဝိပဿနာ ရှုပွားသုံးသပ်ခြင်း သမ္မသနအမှုကို ကြိုးစားအားထုတ်ပါ။”[မှတ်စု ၁၄] –ဟု - ရေးသားထားတော်မူသည်ကား မဟုတ်။ ဤစကားရပ်များကို မည်ကဲ့သို့သော အဓိပ္ပါယ်ဖြင့် ရေးသားတင်ပြထားသည်ကို ယောဂီသူတော်ကောင်းကိုယ်တိုင်ပင် ဝေဖန်နှိုင်းချိန် စဉ်းစားလေရာသည်။ အမှန်မှာ – အဋ္ဌကထာ ဆရာတော်သည် ပရိဂ္ဂဟငါးမျိုး တစ်ဖက်ကမ်းခပ်အောင် ပေါက်မြောက်ပြီးသော ဝိပဿနာစခန်း သမ္မသနဉာဏ်ခန်းသို့ ကူးလာစပုဂ္ဂိုလ်အတွက် ဝိပဿနာအားထုတ်စ၌ လွယ်လွယ်ကူကူ သိမ်းဆည်း၍ ရနိုင်ရာ ရုပ်တရား နာမ်တရားက စ၍ ဝိပဿနာ ရှုရန်သာ ပြောကြားခြင်းဖြစ်သည်။ မဟာဋီကာဆရာတော် ရှင်းပြတော်မူသည့်အတိုင်း လွယ်ကူရာ ရုပ်တရား နာမ်တရားတို့ကို သမ္မသနလုပ်ငန်းရပ်ဖြင့် ဝိပဿနာရှုပြီးသောအခါ၌လည်း အသိဉာဏ်၌ လွယ်လွယ်ကူကူ မထင်လာ မမြင်လာသော ရုပ်နာမ်တို့ကိုလည်း အသိဉာဏ်၌ ထင်လာ မြင်လာအောင် အကြောင်းဥပါယ်တံမျဉ်ဖြင့် ပြုလုပ်၍ လက္ခဏာယာဉ် တင်လျက် ဝိပဿနာ ရှုပွားသုံးသပ်ရမည်သာ ဖြစ်ပေသည်။ အကြောင်းမူ ..

၁။ ရုပ်တရား သက်သက်ကို (= ဘူတရုပ် ဥပါဒါရုပ်ကို) ဝိပဿနာ ရှုရုံမျှဖြင့်လည်း အရိယမဂ်သို့ မဆိုက်နိုင်။
၂။ နာမ်တရား သက်သက်ကို (= နာမ်ခန္ဓာလေးပါးကို) ဝိပဿနာ ရှုရုံမျှဖြင့်လည်း အရိယမဂ်သို့ မဆိုက်နိုင်။
၃။ အဇ္ဈတ္တခန္ဓာငါးပါး သက်သက်ကို ဝိပဿနာ ရှုရုံမျှဖြင့်လည်း အရိယမဂ်သို့ မဆိုက်နိုင်။
၄။ ဗဟိဒ္ဓခန္ဓာငါးပါး သက်သက်ကို ဝိပဿနာ ရှုရုံမျှဖြင့်လည်း အရိယမဂ်သို့ မဆိုက်နိုင် –

ဤအကြောင်းတရားများကြောင့်ပင် ဖြစ်ပေသည်။ ထို့ကြောင့် .. အဋ္ဌကထာဆရာတော်ကိုယ်တိုင်က သမ္မသနဉာဏ်ဖြင့် ဝိပဿနာ ရှုပွားသုံးသပ်ရမည့် ဝိပဿနာဉာဏ်၏ အရှုခံအာရုံတရားတို့ကို – ဤကျမ်းစာ[မှတ်စု ၁၅]၌ တင်ပြထားသည့်အတိုင်း (၂၄)မျိုးကုန်သော အုပ်စုတရားတို့ကို ထုတ်ဆောင်ကာ ရှင်းပြထားတော်မူပေသည်။ ထိုမျှ များပြားလှသော တရားတို့တွင် မည်သည့်တရားက စ၍ ဝိပဿနာအလုပ်စခန်းကို စတင် အားသစ်ရမည်နည်းဟု မေးမြန်းစရာရှိရာ ရှုပွားသိမ်းဆည်းလို့ လွယ်ကူရာတရားက စတင်ကာ ဝိပဿနာရှုပွားရန် ညွှန်ကြားတော်မူခြင်းသာ ဖြစ်ပေသည်။ သို့သော် မဟာဋီကာဆရာတော် ရှင်းပြတော်မူသည့်အတိုင်း နောက်ပိုင်းကာလ၌ကား ကြွင်းကျန်သော ပရမတ်တရား အားလုံးတို့ကိုလည်း ဆက်လက်ကာ ကုန်စင်အောင် ဝိပဿနာ ရှုပွားရမည်သာ ဖြစ်ပေသည်ဟု မှတ်ပါ။

လိုရင်းမှတ်သားထားရန်

ဝိပဿနာရှုရာ၌ ..
၁။ ရံခါ အဇ္ဈတ္တ (= အဇ္ဈတ္တခန္ဓာငါးပါး),
၂။ ရံခါ ဗဟိဒ္ဓ (= သက်ရှိ ဗဟိဒ္ဓခန္ဓာငါးပါး + သက်မဲ့ အနုပါဒိန္နရုပ်တရား), ထိုတွင်လည်း .. ၃။ ရံခါ ရုပ်တရား (= ဘူတရုပ် + ဥပါဒါရုပ်),
၄။ ရံခါ နာမ်တရား (= နာမ်ခန္ဓာလေးပါး) တို့ကို –
၅။ ရံခါ အနိစ္စလက္ခဏာ,
၆။ ရံခါ ဒုက္ခလက္ခဏာ,
၇။ ရံခါ အနတ္တလက္ခဏာ – တို့ကို တစ်လှည့်စီ တင်၍ ဝိပဿနာရှုရမည် ဖြစ်သည်။ ပညတ်နှင့် ပရမတ် ခွဲခြား မသိဘဲ ရှုချင်ရာကို ရှုချင်တိုင်း ရှုရသော နည်းစနစ် မဟုတ်ဟု မှတ်သားထားပါ။ ပညတ်ကိုကား ဝိပဿနာ မရှုကောင်း၊ ပရမတ်ကိုသာလျှင် ဝိပဿနာရှုကောင်းသည် ဟူပေ။

လက္ခဏာရေးသုံးတန်

၁။ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် ရှေးဦးစွာ ဝိပဿနာကို စတင်ပွားများအားထုတ်ရာ၌ သင်္ခါရတရားတို့ကို (ဖြစ်ပြီး ပျက်သွားသော သဘောကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍) အနိစ္စဟု ရှုပွားသုံးသပ်၏၊ သို့သော် အနိစ္စဟု ရှုပွားသုံးသပ်ရုံ သက်သက်မျှဖြင့်ကား ဝုဋ္ဌာနဂါမိနိဝိပဿနာသည် မဖြစ်နိုင်။ (ဖြစ်ခြင်းပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက်ခံရမှုသဘောကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍) ဒုက္ခဟုလည်းကောင်း, (မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေသည့် ခိုင်မာသည့် အနှစ်သာရအတ္တ မရှိမှုသဘောကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍) အနတ္တဟုလည်းကောင်း ရှုပွားသုံးသပ်ရမည်သာ ဖြစ်ပေသည်။ ထိုကြောင့် ဒုက္ခဟုလည်းကောင်း, အနတ္တဟုလည်းကောင်း ရှုပွားသုံးသပ်၏၊ ဤသို့ ရှုပွားသုံးသပ်နေသော ကျင့်နေသော ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်၌ သင်္ခါရတရားတို့ကို အနိစ္စဟု ရှုပွားသုံးသပ်ခိုက်၌ ဝုဋ္ဌာနဂါမိနိဝိပဿနာသည် ဖြစ်ပေါ်လာငြားအံ့၊ ဤပုဂ္ဂိုလ်သည် အနိစ္စဟု စတင်နှလုံးသွင်း၍ အနိစ္စအားဖြင့် သင်္ခါရတို့မှ ထမြောက်သွားသည်[မှတ်စု ၁၆] မည်ပေသည်။

၂-၃။ အကယ်၍ ထိုပုဂ္ဂိုလ်၏ သန္တာန်၌ ဒုက္ခဟုလည်းကောင်း, အနတ္တဟုလည်းကောင်း ရှုပွားသုံးသပ်ရာအခါ၌ ဝုဋ္ဌာနဂါမိနိဝိပဿနာသည် ဖြစ်ပေါ်လာငြားအံ့၊ ဤပုဂ္ဂိုလ်သည် အနိစ္စဟု စတင် နှလုံးသွင်း၍ ဒုက္ခအားဖြင့် လည်းကောင်း, အနတ္တအားဖြင့်လည်းကောင်း သင်္ခါရတရားတို့မှ ထမြောက်သွားသည် မည်ပေသည်။

သင်္ခါရတရားတို့ကို ဒုက္ခဟုလည်းကောင်း, အနတ္တဟုလည်းကောင်း စတင်နှလုံးသွင်း၍ ကြွင်းသော သင်္ခါရတရား တို့မှ ထမြောက်သွားခြင်းတို့၌လည်း နည်းတူမှတ်ပါ။[မှတ်စု ၁၇]

ဤအထက်ပါ အဋ္ဌကထာ၏ ဆုံးဖြတ်ချက်အရ ယောဂါဝစရပုဂ္ဂိုလ်သည် သင်္ခါရတရားတို့ကို ..
၁။ ရံခါ အနိစ္စဟု
၂။ ရံခါ ဒုက္ခဟု
၃။ ရံခါ အနတ္တဟု – တစ်လှည့်စီတင်၍ ဝိပဿနာရှုပွားသုံးသပ်ရမည်ဟု မှတ်ပါ။

အနတ္တရောင်ခြည်တော်

အနိစ္စလက္ခဏာ ဒုက္ခလက္ခဏာတို့ကား လောက၌ ဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက်တော်မူကြသည်ပင် ဖြစ်စေ, ဘုရားရှင်တို့ မပွင့်ထွန်း မပေါ်ပေါက်ကြသည်ပင် ဖြစ်စေ ထင်ရှားကြကုန်၏၊ အနတ္တလက္ခဏာကား ဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက်တော်မူကြခြင်းနှင့် ကင်း၍ လောက၌ မထင်ရှားနိုင်။ ဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက်တော်မူရာ အချိန်အခါကာလ၌သာလျှင် ယင်းအနတ္တလက္ခဏာသည် ထင်ရှားပေသည်။ တန်ခိုးအာနုဘော် ကြီးမားကြကုန်သော ရသေ့ပရိဗိုဇ်ဖြစ်ကြကုန်သော အလောင်းတော် သရဘင်္ဂဆရာရသေ့ အစရှိကုန်သော ပညာရှိသူတော်ကောင်းတို့သည် သော်မှလည်း သင်္ခါရတရားတို့ကို အနိစ္စဟု ဒုက္ခဟု ပညတ်တင်၍ ဟောပြခြင်းငှာ စွမ်းနိုင်ကြ၏၊ အနတ္တဟူ၍ကား ပညတ်တင်ကာ ဟောကြားပြသခြင်းငှာ မစွမ်းနိုင်ကြလေကုန်။ အကယ်၍ ထိုသူတော်ကောင်း ပညာရှိကြီးတို့သည် မိမိတို့ထံမှောက်သို့ ဆိုက်ရောက်လာသော ပရိသတ်အား သင်္ခါရတရားတို့ကို အနတ္တဟူ၍ ပညတ်တင်ကာ ဟောကြား ပြသခြင်းငှာ စွမ်းနိုင်ကြကုန်ငြားအံ့၊ မိမိတို့ထံမှောက်သို့ ဆိုက်ရောက်လာသော ပရိသတ်၏ အရိယမဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ထိုးထွင်း၍ သိခြင်းသည် ဖြစ်တန်လေရာ၏၊ မှန်ပေသည် အနတ္တလက္ခဏာကို ပညတ်တင်၍ ဟောကြားတော် မူခြင်းသည်ကား အခြားပုဂ္ဂိုလ်သတ္တဝါ တစ်စုံတစ်ယောက်၏ အရာဌာန မဟုတ်၊ သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့၏ အရာဌာနသာလျှင် ဖြစ်ပေသည်။ ဤသို့လျှင် ဤအနတ္တလက္ခဏာကား မထင်ရှားသော လက္ခဏာ ဖြစ်ပေသည်။ ထိုကြောင့် ဘုရားရှင်သည် အနတ္တလက္ခဏာကို ဟောကြားပြသတော်မူသည် ရှိသော် ..

၁။ အနိစ္စလက္ခဏာဖြင့်သော်လည်းကောင်း,
၂။ ဒုက္ခလက္ခဏာဖြင့်သော်လည်းကောင်း,
၃။ အနိစ္စ-ဒုက္ခ လက္ခဏာနှစ်မျိုးတို့ဖြင့်သော်လည်းကောင်း – ပူးတွဲ၍ ဟောကြားပြသတော်မူလေသည်။[မှတ်စု ၁၈] “အသီးအသီးသော ရုပ်ဓာတ်နာမ်ဓာတ်တို့ကို ပရမတ်သို့ ဆိုက်အောင် တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ဖြိုခွဲ ဖျက်ဆီးလျက် ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲ = ရုပ်ဃန နာမ်ဃနတို့ကို ဖြို ခွဲဖျက်ဆီးနိုင်ခဲ့သော် အနတ္တလက္ခဏာ = အနတ္တရောင်ခြည်တော်နေဝန်းသည် ဟုတ်မှန်တိုင်းသော မိမိ၏ သဘောလက္ခဏာအားဖြင့် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှားစွာ တည်ရှိလာပေသည်။”[မှတ်စု ၁၉]

ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲ ရုပ်ဃန နာမ်ဃန အတုံးအခဲများကို အထူးသဖြင့် ရုပ်ကလာပ် နာမ်ကလာပ်များကို ဉာဏ်ဖြင့် ခွဲခြမ်းစိတ်ဖြာ၍ ပရမတ္ထဓာတ်သား တစ်လုံးစီ တစ်လုံးစီကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်နည်းအားဖြင့် ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်းနိုင်ပါမှ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ပါမှ ရှုနိုင်ပါမှ မြင်နိုင်ပါမှ ရုပ်ဃန နာမ်ဃန = ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲများ ပြိုကြမည် ဖြစ်သည်။ ဃနပြိုပါမှ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်မည်။ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်ပါမှ အနတ္တရောင်ခြည်တော်နေဝန်းသည် တင့်တယ်စွာ ထွန်းလင်းထွက်ပေါ်လာမည် ဖြစ်ပေသည်။ အနိစ္စလက္ခဏာ ဒုက္ခလက္ခဏာ အနတ္တလက္ခဏာဟူသော လက္ခဏာရေးသုံးတန်လုံးကို အသိဉာဏ်၌ ထင်ရှားအောင် ဝိပဿနာဉာဏ်ဖြင့် ရှုနိုင်ပါမှ မြင်နိုင်ပါမှ အရိယမဂ်သို့ ဆိုက်ရောက်နိုင်မည်ဖြစ်ပေသည်။ သို့အတွက် ..

၁။ ရုပ်ကလာပ် နာမ်ကလာပ်များကို မြင်အောင်ရှုဖို့ မလို၊
၂။ ရုပ်ကလာပ် နာမ်ကလာပ်များကို သာဝကများသည် ရှုမရနိုင်၊
၃။ ရုပ်ကလာပ် နာမ်ကလာပ်များကို သာဝကများသည် ဓာတ်မခွဲနိုင်၊
၄။ ဘုရားဟောသည့် ရုပ်ပရမတ် နာမ်ပရမတ်တို့ကို သာဝကများသည် ရှုမရနိုင်၊
၅။ ဘုရားဟောသည့် ရုပ်တရား နာမ်တရားများကို သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တို့သာ သိနိုင်ကြသည်၊ ဘုရားရှင် တို့၏ အရာသာ ဖြစ်သည်။
၆။ ယင်းရုပ်နာမ်များကို ရဟန္တာပုဂ္ဂိုလ်တို့သာ သိနိုင်ကြသည် –

ဤသို့ စသော အဆိုအမိန့်များ အယူအဆများမှာ ဒေသနာမျဉ်းကြောင်းမှ တိမ်းစောင်းချွတ်ချော်နေသော စကားတို့သာ ဖြစ်ကြသည်, ကျမ်းဂန်အထောက်အထား ကင်းမဲ့နေသော စကားတို့သာ ဖြစ်ကြသည်ဟု မှတ်သားပါ။ ရုပ်ကလာပ် နာမ်ကလာပ်များကို ဓာတ်ခွဲနိုင်ပါမှသာလျှင် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်မည်။ နိဗ္ဗာန်ဟူသည် ပရမတ္ထ သစ္စာနယ်မှ သွားနိုင်ပါမှသာလျှင် ရောက်နိုင် ရနိုင်သည့် တရားတော်ဖြစ်သည်။ ပညတ်နယ်မှ သွား၍ ရောက်နိုင် ရနိုင်သော တရားမျိုး မဟုတ်သည်ကို သတိပြုပါလေ။

ကလာပသမ္မသနနှင့် အနုပဒဓမ္မဝိပဿနာ

ဝိပဿနာသည် ကလာပသမ္မသနဟု ခေါ်ဆိုသော နယဝိပဿနာနှင့် အနုပဒဓမ္မဝိပဿနာဟု နှစ်မျိုး ရှိ၏၊ သင်္ခါရတရားတို့ကို ရုပ်နာမ်နှစ်ပါးနည်း၊ ခန္ဓာငါးပါးနည်း၊ အာယတန တစ်ဆယ့်နှစ်ပါးနည်း၊ ဓာတ် တစ်ဆယ့်ရှစ်ပါးနည်း၊ ပဋိစ္စသမုပ္ပါဒ်နည်း စသည်တို့ဖြင့် (၂)ပုံ၊ (၅)ပုံ၊ (၁၂)ပုံ၊ (၁၈)ပုံ၊ (၁၂)ပုံ စသည် ပုံ၍ ရုပ်တရား နာမ်တရားတို့ကို ခြုံငုံ၍ ရှုသော အစုလိုက် အပြုံလိုက် အုပ်စုအလိုက် အာရုံယူ၍ ရှုသောနည်းသည် ကလာပသမ္မသနဟု ခေါ်ဆိုသော နယဝိပဿနာရှုနည်း မည်၏၊ [ဤနည်း၌ (၆)ဒွါရ (၄၂) ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်တရားတို့ကို ခြုံငုံ၍ အာရုံယူကာ လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်၍ ဝိပဿနာရှုရ၏၊ အလားတူပင် အတိတ် ပစ္စုပ္ပန် အနာဂတ် အဇ္ဈတ္တ ဗဟိဒ္ဓ ရုပ်တရားတို့ကိုလည်း ခြုံငုံ၍ တဖြည်းဖြည်း လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်၍ ဝိပဿနာ ရှုရ၏၊ နာမ်တရားတို့တွင်လည်း စိတ္တက္ခဏတစ်ခုအတွင်း၌ တည်ရှိသော နာမ်တရားတို့ကို ခြုံငုံ၍လည်းကောင်း၊ ဝေဒနာတစ်ပုံ, သညာတစ်ပုံ, သင်္ခါရတစ်ပုံ, ဝိညာဏ်တစ်ပုံ ဤသို့ စသည် ပုံ၍လည်းကောင်း ဝိပဿနာရှုရ၏၊ အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ စသည်တို့၌လည်း နည်းတူပင်တည်း။]

ရုပ်ကလာပ် တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ပထဝီ အာပေါ တေဇော ဝါယော စသော ရုပ်တရားများကို တစ်လုံးစီ တစ်လုံးစီ ခွဲ၍ ဝိပဿနာရှုသောနည်း, စျာနသမာပတ္တိဝီထိ တစ်ခုအတွင်း၌ တည်ရှိသော စျာန်စိတ္တက္ခဏ ကဲ့သို့သော စိတ္တက္ခဏ တစ်ခုတစ်ခုအတွင်း၌ တည်ရှိသော ဖဿ ဝေဒနာ သညာ စေတနာ စသော စိတ်+စေတသိက် တရားစုတို့ကိုလည်း တစ်လုံးစီ တစ်လုံးစီ အာရုံယူ၍ ဝိပဿနာရှုသောနည်းကား အနုပဒဓမ္မဝိပဿနာနည်း မည်၏၊၊[မှတ်စု ၂၀]

ယင်း ဝိပဿနာရှုနည်း နှစ်နည်းတို့တွင် .. ဝိပဿနာတရားကို အားသစ်စ ယောဂါဝစရပုဂ္ဂိုလ်သည် ကလာပသမ္မသနဟု ခေါ်ဆိုအပ်သော နယဝိပဿနာနည်းက စ၍ အားထုတ်ရန် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၂၁]တွင် ညွှန်ကြားထားပေသည်။

ပဋိ စ္စသမုပ္ပါဒ် အင်္ဂါရပ်

ဝိပဿနာဉာဏ်၏ အရှုခံအာရုံစာရင်းတွင် ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်တို့လည်း ပါဝင်ကြောင်းကို ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၂၂]တွင် ဒွါဒသ ပဋိစ္စသမုပ္ပါဒင်္ဂါနိ – စသည်ဖြင့် ဖွင့်ဆိုထားတော်မူ၏၊

မူလပဏ္ဏာသအဋ္ဌကထာ[မှတ်စု ၂၃]ကလည်း အကြောင်းတရားနှင့် တကွသော နာမ်ရုပ်ကို လက္ခဏာယာဉ်တင်၍ ဝိပဿနာဉာဏ်စဉ်အတိုင်း ဝိပဿနာရှုပွားသုံးသပ်ရန် ညွှန်ကြားထားတော်မူ၏၊

ဤညွှန်ကြားချက်များနှင့် အညီ ပဋိ စ္စသမုပ္ပါဒ်အင်္ဂါရပ်တို့၏ အချင်းချင်း ကြောင်း-ကျိုး-ဆက်နွယ်မှုသဘောတရား ကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ ..

၁။ ရံခါ အကြောင်းတရား
၂။ ရံခါ အကျိုးတရားတို့၏ –

ရံခါ အနိစ္စသဘောကို, ရံခါ ဒုက္ခသဘောကို, ရံခါ အနတ္တသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနိစ္စဟု လည်းကောင်း, ဒုက္ခဟုလည်းကောင်း, အနတ္တဟုလည်းကောင်း တစ်လှည့်စီ ရှုရမည် ဖြစ်ပေသည်။

ဤအထက်ပါ ညွှန်ကြားချက် အရပ်ရပ်တို့ကို ခြုံလိုက်သော် ယောဂါဝစရပုဂ္ဂိုလ်သည် ဝိပဿနာရှုရာ၌ ..

၁။ ရံခါ အဇ္ဈတ္တ (= ခန္ဓာငါးပါး)ကို,
၂။ ရံခါ ဗဟိဒ္ဓ (= ခန္ဓာငါးပါး)ကို, ထိုတွင်လည်း ..
၃။ ရံခါ ရုပ်တရားကို,
၄။ ရံခါ နာမ်တရားကို,
၅။ ရံခါ အကြောင်းတရားကို,
၆။ ရံခါ အကျိုးတရားကို –
၇။ ရံခါ အနိစ္စဟု
၈။ ရံခါ ဒုက္ခဟု
၉။ ရံခါ အနတ္တဟု
၁၀။ ရံခါ အသုဘဟု – လက္ခဏာယာဉ် တစ်လှည့်စီတင်၍ ဝိပဿနာရှုရမည် ဖြစ်သည်။ တစ်ဖန် ..

မေဃိယသုတ္တန်[မှတ်စု ၂၄]၌ ရာဂကို ပယ်ရှားရန်အတွက် အသုဘဘာဝနာကို ပွားများအားထုတ်ရန်ကိုလည်းကောင်း၊ အလားတူပင် ဝိဇယသုတ္တန်[မှတ်စု ၂၅]၌လည်း ရာဂကို အကြွင်းမဲ့ ဖြတ်တောက်ရန်အတွက် အသုဘဘာဝနာကို ပွားများ အားထုတ်ရန်ကိုလည်းကောင်း ဘုရားရှင်သည် ညွှန်ကြားထားတော်မူပေသည်။ ယင်းအသုဘဘာဝနာကား လက္ခဏာရေး သုံးတန်တွင် ဒုက္ခာနုပဿနာ၏ အခြံအရံတည်း။ ဤကား ပစ္စုပ္ပန် ခန္ဓာငါးပါး၌ ရှုရမည့် ဝိပဿနာရှုကွက်တည်း။

တစ်ဖန် အနတ္တလက္ခဏသုတ္တန်[မှတ်စု ၂၆]စသော ထိုထို တေပရိဝဋ္ဋဓမ္မဒေသနာတော်တို့၌ –– ‘ယံ ကိဉ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ’ – စသည်ဖြင့် အတိတ်ခန္ဓာငါးပါး အနာဂတ်ခန္ဓာငါးပါးတို့ကိုလည်း ဝိပဿနာရှုရန် ဘုရားရှင်သည် ညွှန်ကြားထားတော်မူ၏၊ ဤညွှန်ကြားချက်များနှင့် အညီ အတိတ်ခန္ဓာ အနာဂတ်ခန္ဓာတို့၌လည်း ပစ္စုပ္ပန်ခန္ဓာတို့၌ ဝိပဿနာရှုသည့် နည်းစနစ်အတိုင်းပင် ဝိပဿနာရှုရမည်ဟုလည်း မှတ်သားပါ။ ထိုကြောင့် အားလုံး ပေါင်းသော် ..

၁၁။ ရံခါ အတိတ် ခန္ဓာငါးပါး
၁၂။ ရံခါ အနာဂတ် ခန္ဓာငါးပါး – ဤတရားတို့ကိုလည်း ဝိပဿနာရှုရမည်ဟု မှတ်သားပါ။

ဤသည်တို့ကား ဝိပဿနာအလုပ်စခန်းနှင့် ဆက်စပ်၍ ယောဂါဝစရပုဂ္ဂိုလ်တို့ အရေးတကြီး ကြိုတင် သိထားသင့်သော အချက်အလက် အကြောင်းအရာများပင် ဖြစ်ကြသည်။ တစ်ဖန် ယင်းရုပ်တရား နာမ်တရားတို့ကို (၅)ပုံ ပုံ၍ ခန္ဓာငါးပါးနည်း, (၁၂)ပုံ ပုံ၍ အာယတန (၁၂)ပါးနည်း, (၁၈)ပုံ ပုံ၍ ဓာတ် (၁၈)ပါးနည်း, အင်္ဂါ (၁၂)ရပ် ပုံ၍ ပဋိစ္စသမုပ္ပါဒ်နည်း – ဤသို့ စသည့် နည်းအရပ်ရပ်တို့ဖြင့်လည်း ဝိပဿနာရှုနိုင်သည်သာ ဖြစ်သည်။ ဤကျမ်း၌ကား ရုပ်နာမ်နှစ်ပါးနည်းဖြင့် ရုပ်တစ်စု နာမ်တစ်စု စုထား၍ ဝိပဿနာရှုသောနည်းကိုလည်းကောင်း, ခန္ဓာငါးပါးနည်း ဝိပဿနာရှုကွက်ကိုလည်းကောင်း ပဓာနထား၍ ရေးသားတင်ပြထားပါသည်။

အရေးကြီးသော သော့ချက်တစ်ခု

ဘုရားရှင်သည် .. ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် ခဇ္ဇနီယသုတ္တန်[မှတ်စု ၂၇]တွင် အတိတ် ဥပါဒါနက္ခန္ဓာငါးပါးတို့ကို ဝိပဿနာဉာဏ်ဖြင့်လည်း ရှုပွားသုံးသပ်နိုင်ကြောင်းကို ဟောကြားထားတော်မူခဲ့၏၊

အတိတ်ခန္ဓာငါးပါးတို့ကို ဉာဏ်ဖြင့် အစဉ်လျှောက်၍ အောက်မေ့နိုင်ခြင်းသည် သိမ်းဆည်းနိုင်ခြင်းသည် အတိတ် အကြောင်းတရားတို့ကို သိမ်းဆည်းရာ၌ အထူးအရေးပါသော လုပ်ငန်းခွင် တစ်ခု ဖြစ်၏၊ အတိတ်ခန္ဓာငါးပါးတို့ကို မသိမ်းဆည်းတတ်သေးပါက အတိတ်ခန္ဓာငါးပါးတွင် အကျုံးဝင်သော အတိတ်ခန္ဓာငါးပါးတို့၏ အစိတ်အပိုင်း တစ်ခု ဖြစ်သော အတိတ်အကြောင်းတရားတို့ကို မည်သည့်နည်းနှင့်မျှ သိမ်းဆည်း၍ မရနိုင်။ အလားတူပင် ဆိုင်ရာဆိုင်ရာ အတိတ်အကြောင်းတရားများကြောင့် ဆိုင်ရာဆိုင်ရာ အတိတ်အကျိုးတရားများ ဖြစ်ကြပုံကိုလည်းကောင်း ဆိုင်ရာ ဆိုင်ရာ အတိတ်အကြောင်းတရားများကြောင့် ပစ္စုပ္ပန်အကျိုးတရားများ ဖြစ်ကြပုံကိုလည်းကောင်း မည်သည့်နည်းနှင့်မျှ သိမ်းဆည်း၍ ရရှိနိုင်မည်လည်း မဟုတ်ပေ။ အလားတူပင် အနာဂတ်ခန္ဓာငါးပါးတို့ကို မသိမ်းဆည်းနိုင်ပါကလည်း ပစ္စုပ္ပန်အကြောင်းတရားများကြောင့် (သို့မဟုတ် ဆိုင်ရာ အတိတ်အကြောင်းတရားများကြောင့်) အနာဂတ်အကျိုးတရားများ ဖြစ်ကြပုံကိုလည်းကောင်း, ဆိုင်ရာ အနာဂတ်အကြောင်းတရားများကြောင့် ဆိုင်ရာဆိုင်ရာ အနာဂတ်အကျိုးတရားများ ဖြစ်ကြပုံကိုလည်းကောင်း မည်သည့်နည်းနှင့်မျှ သိမ်းဆည်း၍ ရရှိနိုင်မည်လည်း မဟုတ်ပေ။ အနာဂတ်အကျိုးတရား အနာဂတ်အကြောင်းတရားဟူသည်မှာလည်း အနာဂတ်ခန္ဓာငါးပါးတို့၏ အစိတ်အပိုင်း တစ်ခုသာ ဖြစ်သောကြောင့် တည်း။

အတိတ် အကြောင်းတရား အကျိုးတရား, အနာဂတ် အကြောင်းတရား အကျိုးတရားတို့ကို ရှာဖွေရာ၌ အရေးကြီးသော သော့ချက်တစ်ခုကား အတိတ်ဘဝဝယ် သေခါနီး မရဏာသန္နအခါ ထင်လာသော ကံ-ကမ္မနိမိတ်ဂတိနိမိတ်ဟူသော နိမိတ်သုံးမျိုးတို့တွင် တစ်မျိုးမျိုးသော နိမိတ်ကို သိမ်းဆည်းနိုင်ခြင်းပင်တည်း။ ထိုနိမိတ်သည် အကျိုးပေးတော့မည့် ကံ၏ အစွမ်းသတ္တိကြောင့် ထင်လာမြင်လာရသည်ဖြစ်ရာ အကျိုးပေးတော့မည့်ကံကို သို့မဟုတ် အကျိုးပေးခဲ့သည့်ကံကို သို့မဟုတ် အကျိုးပေးဆဲ ကံကို ရှာဖွေရာ၌ အရေးကြီးလှသော ဗဟိုသော့ချက်ပင် ဖြစ်သည်။ ယင်းနိမိတ်ကား ဆိုင်ရာဆိုင်ရာ ထိုထိုဘဝ သေခါနီး မရဏာသန္နအခါတွင် ဒွါရ (၆)ပါးဝယ် ထိုက်သလို ထင်လာသော နိမိတ်တည်း၊ အထူးသဖြင့် သေခါနီးကာလ ဘဝင်မနောအကြည်ဓာတ် = မနောဒွါရဝယ် ထင်လာသော နိမိတ်တည်း။ ယင်းဒွါရ (၆)ပါးကို အထူးသဖြင့် မနောဒွါရကို သိမ်းဆည်းနိုင်ပါမှ ယင်းထိုက်သည့်ဒွါရတို့၌ ထင်လာသော အာရုံနိမိတ်ကို တစ်ဆင့်တက်၍ သိမ်းဆည်းနိုင်မည်ဖြစ်သည်။ ယင်းနိမိတ်ကို သိမ်းဆည်းနိုင်ပါမှ အကျိုးပေးသည့် ကံကိုလည်းကောင်း, ထိုကံကို ခြံရံထားသည့် အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ကိုလည်းကောင်း သိမ်းဆည်း၍ ရရှိနိုင်မည် ဖြစ်ပေသည်။

အထူးသဖြင့် အတိတ်ဘဝဝယ် သေခါနီး မရဏာသန္နအခါ၌ တည်ရှိခဲ့သော ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကိုလည်းကောင်း, မသေမီ ရှေ့ပိုင်းကာလဝယ် ဤပစ္စုပ္ပန်လူ့ဘဝသို့ ရောက်ကြောင်းဖြစ်သည့် ကုသိုလ်သင်္ခါရ ကံတို့ကို ပြုစုပျိုးထောင်ခဲ့စဉ်က တည်ရှိခဲ့သော ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကိုလည်းကောင်း သိမ်းဆည်း နိုင်ပါမှ ယင်းဘဝင်မနောအကြည်ဓာတ် = မနောဒွါရတို့၏ အကြားအကြား၌ ဖြစ်ပေါ်သွားကြသော ဝီထိစိတ်အစဉ်တို့ကို သိမ်းဆည်း၍ ရရှိနိုင်မည် ဖြစ်သည်။ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံဟူသော အကြောင်းတရားတို့ကား ယင်း ဝီထိစိတ်အစဉ်တို့တွင် အကျုံးဝင်ကြသော တရားဓမ္မတို့သာ ဖြစ်ကြ၏၊ ယင်းဝီထိစိတ်တို့၏ အစိတ်အပိုင်းတို့သာ ဖြစ်ကြ၏၊

အတိတ်အကြောင်းတရားများကို ရှာဖွေရာ၌ အတိတ် မရဏာသန္နဇော၏ အာရုံကို သိမ်းဆည်းတတ်ဖို့ကား အလွန် အရေးကြီးလှ၏၊ ယင်း မရဏာသန္နဇော၏ အာရုံကို သိမ်းဆည်းနိုင်ရေးမှာလည်း ယင်းအတိတ်ဘဝ မရဏာသန္န အခါ၌ တည်ရှိသော ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကို သိမ်းဆည်းနိုင်ဖို့ရန် အလွန်အရေးကြီးလှ၏၊ ယင်း ကံ-ကမ္မနိမိတ်-ဂတိနိမိတ် ဟူသော အာရုံသုံးမျိုးတို့တွင် တစ်မျိုးမျိုးသော အာရုံမှာ ယင်းအတိတ်ဘဝ မရဏာသန္နအခါ၌ တည်ရှိသော ဘဝင်မနောအကြည်ဓာတ် = မနောဒွါရ၌ ထင်နေသောကြောင့် ဖြစ်၏၊ တစ်ဖန် - ယင်းအာရုံကို သိမ်းဆည်းနိုင်သောအခါ ယင်းအတိတ်ဘဝဝယ် မရဏာသန္နအခါ၌ တည်ရှိခဲ့သော ဘဝင်မနောအကြည်ဓာတ် = မနောဒွါရဝယ် ထင်လာအောင် ပြုလုပ်ပေးသည့် အကြောင်းရင်း သင်္ခါရ ကံကို တစ်ဆင့်တက်ကာ ရှာဖွေရမည်ဖြစ်သည်။ ထိုသို့ ရှာဖွေရာ၌ ယင်းအတိတ်ဘဝဝယ် တည်ရှိသော ဘဝင်မနောအကြည်ဓာတ် = မနောဒွါရမှ စ၍ ယင်းသင်္ခါရ ကံကို တကယ်တမ်း ပြုစုပျိုးထောင်ခဲ့သည့် အချိန်ကာလသို့ တိုင်အောင် အတိတ်ဘဝဝယ် တည်ရှိခဲ့သော ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကိုလည်း သိမ်းဆည်းနိုင်ဖို့ လိုအပ်ပါသည်။ ယင်းသို့ သိမ်းဆည်းနိုင်ပါမှသာလျှင် –

၁။ ယင်းအတိတ်ဘဝဝယ် မရဏာသန္နအခါ၌ တည်ရှိခဲ့သော ဘဝင်မနောအကြည်ဓာတ် = မနောဒွါရတွင် ထင်လာသော မရဏာသန္နဇော၏ အာရုံကိုလည်းကောင်း,
၂။ ယင်းအဆက်ဆက်သော ဘဝင်မနောအကြည်ဓာတ် = မနောဒွါရတို့၏ အကြားအကြား၌ ဖြစ်ပေါ်သွားကြသော မရဏာသန္နဇောဝီထိအဝင်အပါ ဝီထိစိတ်အစဉ်တို့ကိုလည်းကောင်း,
၃။ ယင်းအာရုံကို ထင်လာစေသော အကြောင်းရင်းကံကိုလည်းကောင်း,
၄။ ယင်းကံကို ဖြစ်စေသော အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ကိုလည်းကောင်း ––
သိမ်းဆည်း၍ ရရှိနိုင်မည် ဖြစ်ပေသည်။

ယင်းသို့ သိမ်းဆည်းနိုင်ရေးအတွက် ယင်းအတိတ်ဘဝဝယ် တည်ရှိခဲ့သည့် ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို ရှေးဦးစွာ သိမ်းဆည်းရှုပွားထားပြီးဖြစ်ဖို့ လိုအပ်ပေသည်။ အလားတူပင် အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးအတွက် အနာဂတ်ဘဝသည် ထင်ရှားရှိနေသေးလျှင် ဤပစ္စုပ္ပန်ဘဝ သေခါနီးကာလ မရဏာသန္နအခါ၌ ထင်လာသော မရဏာသန္နဇော၏ အာရုံကို သိမ်းဆည်းနိုင်ရမည် ဖြစ်ပေသည်။ ထိုသို့ သိမ်းဆည်းနိုင်ရေးအတွက် မရဏာသန္နအခါ ဖြစ်ပေါ်နေသော ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကို ရှေးဦးစွာ သိမ်းဆည်းတတ်ရမည် ဖြစ်ပေသည်။ ထိုသို့ သိမ်းဆည်းနိုင်ပါမှ ယင်းမနောဒွါရ၌ ထင်လာသော မရဏာသန္နဇော၏ အာရုံကိုလည်းကောင်း, ယင်းအာရုံကို ထင်လာ စေသော အကျိုးပေးတော့မည့် ကံကိုလည်းကောင်း, ယင်းကံ၏ အကြောင်းအထောက်အပံ့ဖြစ်သော အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ကိုလည်းကောင်း သိမ်းဆည်း၍ ရရှိနိုင်မည် ဖြစ်ပေသည်။

အလားတူပင် အနာဂတ်သံသရာခရီး ရှိနေသေးသော ယောဂါဝစရပုဂ္ဂိုလ်အဖို့ အနာဂတ်အဆက်ဆက်၌ ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို ရှာဖွေရာ၌လည်း ယင်းအနာဂတ်စုတိ၏ အနီး၌ တည်ရှိသော မနောဒွါရ၌ ထင်လာသော မရဏာသန္နဇော၏ အာရုံကိုပင် သိမ်းဆည်းနိုင်ရမည် ဖြစ်သည်။ ထိုနိမိတ်သည်လည်း နောက်ထပ် အနာဂတ်ဘဝသစ်တစ်ခုကို ဖြစ်စေမည့်ကံကြောင့်ပင် ထင်လာသော နိမိတ်ဖြစ်ရကား ယင်းနိမိတ်ကို ထင်လာစေသော ကံမှာ နောက်ထပ် ဒုတိယအနာဂတ် စသည့် အနာဂတ်ခန္ဓာအတွက် အကြောင်းရင်း တစ်ရပ်ပင် ဖြစ်သည်။ ထိုနိမိတ်တို့သည် အပရာပရိယ အမည်ရသော အတိတ်ကံကြောင့်လည်း ထင်လာနိုင်၏၊ ယခုပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်လိုက်သော ကံကြောင့်လည်း ထင်နိုင်၏၊ ယင်းအနာဂတ်စုတိ မတိုင်မီအတွင်း ပြုစုပျိုးထောင်သော ကံတို့တွင် အကျုံးဝင်သော အကျိုးပေးတော့မည့် အနာဂတ်ကံကြောင့်လည်း ထင်နိုင်၏၊ ထိုနိမိတ်ကို အခြေခံ၍ ထိုကံကို ရှာဖွေပါက လွယ်လင့်တကူ တွေ့ရှိမည် ဖြစ်သည်။ ထိုကံကို အားပေးထောက်ပံ့လျက်ရှိသော အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ကိုလည်း တွေ့ရှိနိုင်မည် ဖြစ်သည်။ ထိုသို့ သိမ်းဆည်းနိုင်ရေးအတွက် မရဏာသန္နအခါ ဒွါရ (၆)ပါးတို့ကို အထူးသဖြင့် ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကို သိမ်းဆည်းနိုင်ဖို့ အထူးလိုအပ်ပေသည်။ ယင်းသို့ သိမ်းဆည်း နိုင်ရေးအတွက်လည်း ယခုလက်ရှိ ဝိပဿနာရှုနေဆဲ အချိန်အခါ၌ တည်ရှိသော ပစ္စုပ္ပန် ခန္ဓာငါးပါး = ရုပ်နာမ်တရား တို့မှ စ၍ သေသည့်တိုင်အောင်သော = စုတိသို့တိုင်အောင်သော ပစ္စုပ္ပန်ဘဝ၏ အနာဂတ် ခန္ဓာငါးပါး = ရုပ်နာမ်တရား တို့ကိုလည်းကောင်း, ပရိနိဗ္ဗာနစုတိသို့တိုင်အောင်သော အဆက်ဆက်သော အနာဂတ် ခန္ဓာငါးပါး = ရုပ်နာမ်တရားတို့ကို လည်းကောင်း သိမ်းဆည်းထားပြီးဖြစ်ဖို့ လိုအပ်ပေသည်။

ထိုကြောင့် အတိတ် အနာဂတ် ခန္ဓာတို့ကို သိမ်းဆည်းနိုင်ခြင်းသည် အတိတ် အနာဂတ် ခန္ဓာတို့ကို ဝိပဿနာ ရှုနိုင်ရေးအတွက်သာ အရေးတကြီး လိုအပ်သည် မဟုတ်၊ ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို သိမ်းဆည်းနိုင်ရေး ပဋိ စ္စသမုပ္ပါဒ်အင်္ဂါရပ်တို့ကို ဝိပဿနာရှုနိုင်ရေးအတွက်လည်း အရေးတကြီး အထူးလိုအပ်ချက်တစ်ခုပင် ဖြစ်ပေသည်။

သိမ်းဆည်း၍ လွယ်ကူရာက စ၍ ဝိပဿနာရှုပါ

ဝိပဿနာ စ၍ ရှုရာ၌ သိမ်းဆည်း၍ လွယ်ကူရာ အသိဉာဏ်၌ ထင်လွယ်မြင်လွယ်ရာ ရုပ်တရား နာမ်တရားက စ၍ ဝိပဿနာရှုနိုင်သည် ဟူသော စည်းကမ်းသတ်မှတ်ချက်အရ ဤကျမ်း၌ ယခုလက်ရှိ ပစ္စုပ္ပန်ရုပ်နာမ်က စ၍ ဝိပဿနာရှုပုံကို ရှေးဦးစွာ ရေးသားတင်ပြပေအံ့ ..။

ယောဂီသူတော်ကောင်းသည် ရှေးဦးစွာ မိမိရရှိထားပြီးသည့် သမာဓိကို အမြင့်ဆုံးအဆင့်သို့ တိုင်အောင် အဆင့်ဆင့် ထူထောင်ပါ။ စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် သမာဓိကို ထူထောင်နိုင်ပါက ယင်းစတုတ္ထစျာန် သမာဓိကို တစ်ဖန်ပြန်လည်၍ တရားထိုင်တိုင်း ထိုင်တိုင်း ထူထောင်ပါ။ သုဒ္ဓဝိပဿနာယာနိကပုဂ္ဂိုလ်ဖြစ်၍ ဓာတ်ကမ္မဋ္ဌာန်းကိုသာ အားထုတ်ထားပါလျှင်လည်း ဓာတ်ကြီးလေးပါးကို အာရုံယူ၍ လင်းရောင်ခြည် စွမ်းအင်များ အားကောင်းလာသည့်တိုင်အောင် သမာဓိကို ထူထောင်ပါ။

ရုပ်ကမ္မဋ္ဌာန်းက စ၍ ဤကျမ်းတွင် ရေးသားတင်ပြထားသဖြင့် ရုပ်တရားကပင် စတင်၍ ဝိပဿနာသို့ ကူးပါက ပို၍ လွယ်ကူဖွယ်ရာ ရှိသဖြင့် ရုပ်တရားက စ၍ ဝိပဿနာရှုပါ။

ရှေးဦးစွာ ဒွါရ (၆)ပါး, (၄၂) ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်အစစ်တို့ကို ..
(က) ဒွါရတစ်ခုစီ၌ တည်ရှိသော (၆၃/၅၃)မျိုးသော ရုပ်တရားတို့ကို ခြုံငုံ၍လည်းကောင်း၊
( ခ ) ကောဋ္ဌာသတစ်ခုစီ၌ တည်ရှိသော (၅၃)မျိုးသော ရုပ်တရား စသည့် ရုပ်တရားတို့ကို ခြုံငုံ၍လည်းကောင်း,
( ဂ ) (၆)ဒွါရ, (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်တရားအားလုံးတို့ကို ခြုံငုံ၍လည်းကောင်း –

၁။ ယင်းရုပ်တရားတို့၏ ဖြစ်ပြီးလျှင် ပျက်သွားသည့် သဘောကို အာရုံယူ၍ ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနိစ္စဟု ကြိမ်ဖန်များစွာ ရှုပါ။ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။ ထိုသို့ ရှုရာ၌ ဗဟိဒ္ဓဝယ် အနီးမှသည် အဝေးသို့တိုင်အောင် အနန္တစကြဝဠာသို့ တိုင်အောင် တစ်စတစ်စ တိုးချဲ့၍ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။

၂။ ထိုရုပ်တရားတို့၏ ဖြစ်ခြင်း-ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက်ခံရသည့် သဘောကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ ဒုက္ခဟု ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ တစ်လှည့်စီ အနီးမှသည် အဝေးသို့တိုင်အောင် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။ အနန္တစကြဝဠာသို့တိုင်အောင် ဉာဏ်ကို ဖြန့်ကြက်၍ရှုပါ။

၃။ ထိုရုပ်တရားတို့၏ မပျက်စီးဘဲ အကျိတ်အခဲအခိုင်အမာ အနှစ်သာရအားဖြင့် တည်နေသည့် အတ္တဟူသည့် အနှစ်သာရ မရှိမှုသဘောကို အာရုံယူ၍ ဉာဏ်ဖြင့်မြင်အောင်ကြည့်၍ အနတ္တဟု ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ တစ်လှည့်စီ ရှုပါ။ အနီးမှသည် အဝေး အနန္တစကြဝဠာသို့တိုင်အောင် တဖြည်းဖြည်း တစ်စတစ်စ တိုးချဲ့၍ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ရှုပါ။[မှတ်စု ၂၈]

ဤကဲ့သို့ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးတို့၌ လက္ခဏာယာဉ်သုံးချက် တင်၍ အပြန်ပြန် အလှန်လှန် တွင်တွင်ကြီး ဝိပဿနာရှုရာ၌ ဖြစ်မှု-ပျက်မှုသဘောကို အလွန် လျင်လျင်မြန်မြန် ထင်ထင်ရှားရှား မြင်အောင်ရှုပါ။ အနိစ္စဟု ရှုမှု, ဒုက္ခဟု ရှုမှု, အနတ္တဟု ရှုမှုကိုကား ခပ်ဖြည်းဖြည်းပင် ရှုပါ။ ဖြစ်မှု-ပျက်မှုကို မြန်နိုင်သမျှ မြန်အောင် ဉာဏ်ဖြင့် မြင်အောင်ရှုပါ၊ လက္ခဏာယာဉ်တင်မှုကိုကား ခပ်ဖြည်းဖြည်းသာ တင်ပါ။

ရုပ်ကလာပ်အမှုန်များ ဖြစ်ပျက်နေသည်ကို အာရုံယူ၍ ကြည့်၍ လက္ခဏာယာဉ် မတင်ပါနှင့်၊ ရုပ်ကလာပ်များကို ဓာတ်ခွဲလျက် ရုပ်ပရမတ်သဘောတရားသက်သက်တို့သာ ဖြစ်-ပျက်နေသည်ကို ဉာဏ်ဖြင့် မြင်အောင် ကြည့်ပါ။ မြင်သောအခါမှ လက္ခဏာယာဉ်တင်၍ ဝိပဿနာရှုပါ။

ရုပ်ချုပ်-နာမ်ချုပ် ဝါဒ

ရုပ်ကလာပ်များမှာ သမူဟပညတ် စသည့် ပညတ် မကွာသေးသည့် အသေးဆုံး အတုံးအခဲ အဖွဲ့အစည်း ပညတ်များသာ ဖြစ်ကြ၏၊ ပညတ်ဟူသည် တကယ်ထင်ရှား မရှိရကား ကြာကြာ အကြည့်မခံပေ။ ယောဂါဝစရပုဂ္ဂိုလ် တစ်ဦးသည် တရားဘာဝနာတစ်ခုခုကို ပွားများအားထုတ်လိုက်သည့်အခါ ပါရမီအားလျော်စွာ ရုပ်ကလာပ်များကို တွေ့ရှိတတ်၏၊ ထိုအခါ ရုပ်ကလာပ်တစ်ခုတစ်ခု၏ အတွင်း၌ ပါဝင်တည်ရှိကြသော – ပထဝီ-အာပေါ-တေဇောဝါယော-ဝဏ္ဏ-ဂန္ဓ-ရသ-ဩဇာ-စသော ပရမတ်သဘောတရားများကို မသိမ်းဆည်းနိုင်ဘဲ, မသိမ်းဆည်းနိုင်သည့် အတွက် ပရမတ်သို့ ဉာဏ်အမြင် မဆိုက်ဘဲ ယင်းရုပ်ကလာပ်တို့၏ ဖြစ်မှု-ပျက်မှုကို ကြည့်၍ လက္ခဏာယာဉ်တင်ကာ အနိစ္စဟု သို့မဟုတ် ဒုက္ခဟု သို့မဟုတ် အနတ္တဟု ရှုနေပါက ပညတ်တို့မည်သည် ဉာဏ်ဖြင့် ကြိတ်ခြေလိုက်ပါက ကြာကြာ အကြိတ်အခြေ မခံနိုင်သဖြင့် = ကြာကြာအကြည့်မခံနိုင်သဖြင့် မကြာမီ အချိန်ကာလအတွင်းမှာပင် ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်ကလာပ်များကို မတွေ့မြင်တော့ဘဲ ရှိနေတတ်သည်။ ထိုသို့ ရုပ်ကလာပ်များကို မတွေ့မြင်သော အခါ, ဘာဝနာသမာဓိအရှိန်အဝါကလည်း အလွန်ကြီး မလျော့သွားသေးသဖြင့် အဖြူတုံး အဖြူ ပြင်ကိုသော်လည်းကောင်း, အကြည်တုံး အကြည်ပြင်ကိုသော်လည်းကောင်း အတုံးလိုက် အခဲလိုက် အပြင်လိုက်ကြီး မြင်နေတတ်သည်။ ထိုအကြည်ပြင်ကား ဓာတ်ကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းလင်းတင်ပြခဲ့သည့်အတိုင်း ရုပ်တုံးရုပ်ခဲ ရုပ်ဃန မပြိုကွဲသေးသည့် ပသာဒရုပ်တို့၏ အတုံးအခဲပင်တည်း။ တစ်ဖန် သမာဓိက ထပ်မံကာ အနည်းငယ် လျှောကျသွားသောအခါ အကြည် ပြင်ကို မတွေ့တော့ဘဲ အဖြူပြင်ကို သွားတွေ့တတ်၏၊ သမာဓိလျှောကျသွားသောအခါ တွေ့မြင်ရသည့် အကြည်တုံး အကြည်ပြင်မှ ပြောင်းလဲလာသော အဖြူပြင်ပင် ဖြစ်သည်။ ထိုအကြည်ပြင် သို့မဟုတ် အဖြူ ပြင်၌ စိတ်ကို ငြိမ်ဝပ်စွာ ကပ်တည်နေအောင် စိုက်ရှုနေလိုက်ပါကလည်း စိတ်သည် ယင်းအာရုံ၌ ငြိမ်ဝပ်စွာ ကပ်၍ တည်နေတတ်ပေသည်။ ယင်းကဲ့သို့သော အခြေအနေကို အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့က ရုပ်ချုပ်သည် – ဟု အဆိုရှိကြပြန်၏၊ တစ်ဖန် ယင်းအာရုံ၌ ငြိမ်ဝပ်စွာ ကပ်၍ တည်နေသော စိတ်ကို အနည်းငယ် လျှော့ချလိုက်ပါကလည်း ဘဝင်သို့ သက်သွားတတ် ပြန်သည်။ ထိုသို့ ဘဝင်ကျနေမှုကိုပင် (ပစ္စုပ္ပန်ရှုပွားနေသည့် အာရုံကို မသိသည့်အတွက်ကြောင့် ဘာမျှ မသိတော့ဟု အယူရှိကာ) နာမ်ချုပ်သည် - ဟု အဆိုရှိကြပြန်သည်။ ယင်းကဲ့သို့သော သဘောတရားကိုပင် ဉာဏ်ဖြင့် တွေ့မြင်သည်ဟု အယူရှိတတ်ကြ၏၊ သတိရှိစေ။

အထက်တွင် ရေးသားတင်ပြခဲ့သည့် ..
၁။ အဇ္ဈတ္တခန္ဓာငါးပါးသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်,
၂။ ဗဟိဒ္ဓခန္ဓာငါးပါးသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်, ထိုတွင်လည်း ..
၃။ ရုပ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့်,
၄။ နာမ်တရားသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့် – အရိယမဂ်သို့ မဆိုက်နိုင်ဟူသော ..အဆိုအမိန့်များကို လည်းကောင်း,[မှတ်စု ၂၉]၅။ ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားများကို ပရိညာပညာ သုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား မသိက သံသရာမှ မလွတ်မြောက်နိုင် = အရိယမဂ်သို့ မဆိုက်နိုင်ဟူသော အဆိုအမိန့်များကိုလည်းကောင်း,[မှတ်စု ၃၀]၆။ အလုံးစုံသော ဥပါဒါနက္ခန္ဓာငါးပါး = ရုပ်တရား နာမ်တရားတို့ကို ပရိညာပညာ သုံးမျိုးတို့ဖြင့် ပိုင်းပိုင်းခြားခြား မသိက သံသရာဝဋ်ဆင်းရဲဒုက္ခမှ မလွတ်မြောက်နိုင်ဟူသော အဆိုအမိန့်များကိုလည်းကောင်း[မှတ်စု ၃၁]
ဤအရပ်ရပ်သော ပါဠိတော် အဋ္ဌကထာ ဋီကာ အဆိုအမိန့်များကို အထူးသတိပြုပါလေ။

တစ်ဖန် ထိုအကြည်ပြင်၌ တည်ရှိသော ဓာတ်ကြီးလေးပါးကိုလည်းကောင်း, အာကာသဓာတ်ကိုလည်းကောင်း ပြန်၍ သိမ်းဆည်းနိုင်ပါက ရုပ်ကလာပ်အမှုန်များကို မကြာမီ ပြန်လည်တွေ့ရှိနိုင်သည်သာ ဖြစ်သည်ဟူသော အချက်ကိုလည်း သတိပြုပါလေ။[မှတ်စု ၃၂]

နာမ်တရားများကို ဝိပဿနာရှုပုံ

ရုပ်တရားများကို ဝိပဿနာရှုပြီး၍ ကျေနပ်မှု အသင့်အတင့် ရရှိပါက နာမ်တရားများကို ပြောင်း၍ တစ်ဖန် ဝိပဿနာရှုပါ။ ရုပ်တရားများကို သွက်သွက်လက်လက် ပြောင်းရွှေ့ပြန်လှန်၍ ဝိပဿနာရှုနိုင်ပါမှ နာမ်တရားကို ပြောင်း၍ ဝိပဿနာရှုလျှင် ပို၍ကောင်းပေသည်။

နာမ်တရားများကို သိမ်းဆည်းခဲ့စဉ်က အာယတနဒွါရအလိုက် နာမ်တရားများကို သိမ်းဆည်းခဲ့သဖြင့် ဝိပဿနာ ရှုရာ၌လည်း နာမ်တရားတို့ကို အာယတနဒွါရအလိုက်ပင် စတင်၍ ရှုပါ။ ယင်းအာယတနဒွါရအလိုက် သိမ်းဆည်းပုံ နည်းစနစ်ကို ဖော်ပြထားသည့် နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများကို ပြန်ကြည့်ပါ။ ယင်းဇယားများအတွင်း၌ တည်ရှိ ကြကုန်သော ယှဉ်ဖက်သမ္ပယုတ်တရားတို့နှင့် အတူတကွသော ဝီထိစိတ္တက္ခဏတို့၏လည်းကောင်း, ဝီထိတစ်ခုနှင့် တစ်ခု အကြားအကြား၌ တည်ရှိကြကုန်သော ဘဝင်စိတ္တက္ခဏတို့၏လည်းကောင်း စိတ္တက္ခဏ တစ်ခုပြီးတစ်ခု ခဏတိုင်း ခဏတိုင်း၌ ဖြစ်ပြီးလျှင် ပျက်နေမှုသဘောကို အာရုံယူ၍ အနိစ္စ အနိစ္စဟု ရှုပါ။ ထိုသို့ ရှုရာ၌ စက္ခုဒွါရဝီထိ တစ်ခု ဖြစ်ပြီးပါက ဘဝင်များခြားကာ ရူပါရုံကိုပင် ဆက်လက် အာရုံယူနေကြသည့် မနောဒွါရဝီထိများသည် ဝီထိတစ်ခုတစ်ခု အကြားတွင် ဘဝင်များခြားလျက် ဝီထိပေါင်းများစွာ အကြိမ်ပေါင်းများစွာ ဆက်ကာ ဆက်ကာ ဖြစ်နေသည်တို့ကိုလည်း ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ကြည့်ကာ ယင်းနာမ်တရားစုတို့၏ ဖြစ်ပြီး ပျက်နေသည့်သဘောကို အာရုံယူကာ အနိစ္စ အနိစ္စဟု ရှုပါ။ စက္ခုဒွါရဝီထိစသော ထိုထိုဝီထိစိတ်တို့၌ ကုသိုလ်ဇောဝီထိ အကုသိုလ်ဇောဝီထိ အသီးသီးကို ကုန်စင်အောင် ရှုပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးလုံးတို့၌ ရှုပါ။ ရှေးဦးစွာ အနီးမှ စတင်၍ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ကြိမ်ဖန်များစွာ ရှုပါ။ အရှိန်ရလာသောအခါ တစ်စတစ်စ တိုးချဲ့၍ (၃၁)ဘုံကို ခြုံငုံ၍လည်းကောင်း အနန္တစကြဝဠာသို့တိုင်အောင် ခြုံငုံ၍လည်းကောင်း အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ ရှုပါ။

အနိစ္စလက္ခဏာ၌ အားရကျေနပ်မှုကို ရရှိသောအခါ – ယင်းနာမ်တရားတို့၏ ဖြစ်ခြင်း-ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက်ခံရသော သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ဒုက္ခ ဒုက္ခဟု အလားတူပင် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။ တစ်ဖန် ယင်း ဒုက္ခလက္ခဏာ၌ အားရကျေနပ်မှု အတော်အသင့် ရရှိသောအခါ နာမ်တရားတို့၌ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာ အနှစ်သာရအားဖြင့် တည်နေသည့် ခိုင်မာသည့် အနှစ်သာရ အတ္တ မရှိမှုသဘောကို အာရုံယူ၍ အနတ္တ အနတ္တဟု ရှုပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်မျိုးလုံး၌ ရူပါရုံလိုင်း စသည့် (၆)လိုင်းလုံးဝယ် – ကုသိုလ်ဇော စောသည့် အကောင်းအုပ်စု, အကုသိုလ်ဇော စောသည့် မကောင်းအုပ်စုတို့ကို ကုန်စင်အောင် ရှုပါ။ နာမ်တရားတို့ကို ယင်းသို့ ရှုရာ၌ ..

၁။ ရူပါရုံကို အာရုံယူသည့် စက္ခုဒွါရဝီထိ မနောဒွါရဝီထိ,
၂။ သဒ္ဒါရုံကို အာရုံယူသည့် သောတဒွါရဝီထိ မနောဒွါရဝီထိ,
၃။ ဂန္ဓာရုံကို အာရုံယူသည့် ဃာနဒွါရဝီထိ မနောဒွါရဝီထိ,
၄။ ရသာရုံကို အာရုံယူသည့် ဇိဝှါဒွါရဝီထိ မနောဒွါရဝီထိ,
၅။ ဖောဋ္ဌဗ္ဗာရုံကို အာရုံယူသည့် ကာယဒွါရဝီထိ မနောဒွါရဝီထိ,
၆။ ဓမ္မာရုံကို အာရုံယူသည့် မနောဒွါရဝီထိ –

ဤ ဝီထိများကို (နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် တင်ပြထားသည့်အတိုင်း) အစဉ်အတိုင်း ကုန်စင်အောင်ရှုပါ။ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။ ထိုသို့ ရှုရာ၌ ပဉ္စဒွါရဝီထိ အသီးအသီး၏ နောင်ဝယ် ဘဝင်များခြားကာ ယင်းပဉ္စဒွါရဝီထိ အသီးအသီး၏ ဆိုင်ရာဆိုင်ရာ အာရုံကိုပင် အာရုံယူကာ မနောဒွါရဝီထိများ အကြိမ်များစွာ ဝီထိ တစ်ခုနှင့် တစ်ခုအကြားတွင် ဘဝင်များ ခြားလျက် အဆက်မပြတ် ထပ်ကာထပ်ကာ ဆက်တိုက်ဖြစ်နေသည်တို့ကိုလည်း ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ကြည့်ကာ လက္ခဏာရေးသုံးတန်သို့ တစ်လှည့်စီ တင်ကာ ဆက်လက်ပြီး ဝိပဿနာရှုပါ။

သမထယာနိကပုဂ္ဂိုလ်ဖြစ်မူ

အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် သမထယာနိကပုဂ္ဂိုလ်ဖြစ်မူ မိမိ ရရှိထားသည့် စျာနသမာပတ္တိဝီထိ၏ အတွင်း၌ တည်ရှိကြသော နာမ်တရားတို့က စတင်၍ ဝိပဿနာရှုသော် ပို၍ ကောင်းပေသည်။ ဥပမာ – ပထမစျာန်ကို ဝင်စားပါ။ ယင်းပထမစျာန်မှ ထ၍ ပထမစျာနသမာပတ္တိဝီထိ အတွင်း၌ တည်ရှိ ကြသော နာမ်တရားတို့ကို စတင်၍ လက္ခဏာရေးသုံးတန် တစ်လှည့်စီတင်၍ ဝိပဿနာရှုပါ။ ယင်းစျာန်ကို ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဝင်စား၍ စျာန်မှ ထတိုင်း ထတိုင်း ယင်းစျာနသမာပတ္တိဝီထိအတွင်း၌ တည်ရှိကြသော စျာန်နာမ်တရား အဝင်အပါ နာမ်တရား အားလုံးတို့ကို လက္ခဏာရေးသုံးတန်သို့ တစ်လှည့်စီတင်ကာ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုဖို့ကား လိုအပ်ပေသည်။

ဒုတိယစျာနသမာပတ္တိဝီထိ စသည့် ထိုထိုဝီထိတို့၏ အတွင်း၌ တည်ရှိကြသော နာမ်တရားတို့၌လည်း နည်းတူပင် ဝိပဿနာရှုပါ။ မိမိရရှိထားသော စျာနသမာပတ္တိဝီထိအတွင်း၌ တည်ရှိကြသော နာမ်တရားများကို ကုန်စင်အောင် ဝိပဿနာရှုပါ။ ထိုကဲ့သို့ စျာန်နာမ်တရားတို့ကို ဝိပဿနာရှုရာ၌ ယင်းစျာနသမာပတ္တိဝီထိ တစ်ခုတစ်ခု၏ အတွင်းဝယ် စျာန်ဇောများမှာ အကြိမ်ပေါင်း သိန်း-သန်း-ကုဋေမက အဆက်မပြတ် အထပ်ထပ် ဖြစ်နေမှု ပျက်နေမှုတို့ကို ဉာဏ်ဖြင့် မြင်အောင် ကြည့်ကာ လက္ခဏာရေးသုံးတန်သို့ တစ်လှည့်စီ တင်လျက် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။ အားရကျေနပ်မှု ရရှိသောအခါ ရူပါရုံကို အာရုံပြုသည့် စက္ခုဒွါရဝီထိ မနောဒွါရဝီထိ စသည့် (၆)လိုင်းလုံးအတွင်း၌ တည်ရှိကြသော နာမ်တရားတို့ကိုလည်း လိုင်းအစဉ်အတိုင်း လက္ခဏာရေးသုံးတန် တစ်လှည့်စီ တင်၍ ဝိပဿနာရှုပါ။

ကြိုက်နှစ်သက်ရာ လက္ခဏာကို ဦးစားပေး ရှုပါ။

ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန် အကွက်စေ့အောင် အရှိန်အားကောင်း အောင်ကား ဝိပဿနာ ရှုပွားသုံးသပ်ရမည်သာ ဖြစ်သည်။ ထိုသို့ ရှုပွားသုံးသပ်ရာ၌ အနုပဿနာဉာဏ် တစ်ပါးကို ကျန်အနုပဿနာဉာဏ် နှစ်ပါးတို့က အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးပါမှသာလျှင် ထိုအနုပဿနာဉာဏ်သည် ထက်မြက်လာ၏ ရဲရင့်လာ၏ သန့်ရှင်းလာ၏၊ ထို ထက်မြက် စူးရှ ရဲရင့် သန့်ရှင်းလာသော အနုပဿနာဉာဏ်ကသာလျှင် ကိလေသာကို ဖြိုခွဲနိုင်ပေသည်။

အနိစ္စာနုပဿနာဉာဏ် ဒုက္ခာနုပဿနာဉာဏ် နှစ်ပါးတို့က အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါသတ္တိ ထူးကြီးကို ဆက်ခံလာရသော အနတ္တာနုပဿနာဉာဏ်သည် ထက်မြက်စူးရှလာ၏ ရဲရင့်လာ၏ သန့်ရှင်းလာ၏၊ ထိုကြောင့် သင်္ခါရတရားတို့ကို အနိစ္စာနုပဿနာဉာဏ် ဒုက္ခာနုပဿနာဉာဏ်တို့ဖြင့် ကြိမ်ဖန်များစွာ ကြိတ်ခြေပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းသင်္ခါရတရားကို အနတ္တာနုပဿနာဉာဏ်ဖြင့် ထပ်မံ၍ ကြိမ်ဖန်များစွာ ကြိတ်ခြေပေးပါ၊ အနတ္တာနုပဿနာကို ဦးစားပေး၍ ရှုပါ။ ထိုအခါ အနတ္တာနုပဿနာဉာဏ်သည် ရင့်ကျက်လာတတ်၏ ထက်မြက်စူးရှလာတတ်၏ ရဲရင့်လာတတ်၏ သန့်ရှင်းလာတတ်၏၊ ယင်းသို့ ရင့်ကျက်လာသော ထက်မြက်စူးရှလာသော ရဲရင့်လာသော သန့်ရှင်းလာသော အနတ္တာနုပဿနာဉာဏ်က ယင်းသင်္ခါရတရားတို့အပေါ်၌ အစွဲကြီး စွဲနေသော ဒိဋ္ဌိစွဲကို ပယ်ခွာနိုင်မည် ဖြစ်ပေသည်။ ခပ်သိမ်းကုန်သော မိစ္ဆာဒိဋ္ဌိမှန်သမျှတို့သည် အတ္တဒိဋ္ဌိ၌ အခြေစိုက်လျက် ရှိကြ၏၊ အတ္တဒိဋ္ဌိလျှင် အခြေခံအကြောင်းရင်း ရှိကြကုန်၏၊ အနတ္တာနုပဿနာဉာဏ်သည်လည်း အတ္တဒိဋ္ဌိနှင့် ဖြောင့်ဖြောင့်ဆန့်ကျင်ဘက် ဖြစ်၏၊ ထိုကြောင့် အနတ္တာနုပဿနာက ဒိဋ္ဌိစွဲကို ပယ်ခွာနိုင်ခြင်းဖြစ်သည်။

တစ်ဖန် ဒုက္ခာနုပဿနာဉာဏ် အနတ္တာနုပဿနာဉာဏ် နှစ်ပါးတို့က အားကြီးသော မှီရာ ဥပနိဿယပစ္စယ သတ္တိဖြင့် ကျေးဇူးပြုပေးမှုအရှိန်အဝါ သတ္တိထူးကြီးကို ဆက်ခံလာရသော အနိစ္စာနုပဿနာဉာဏ်သည် ထက်မြက်စူးရှ လာ၏ ရဲရင့်လာ၏ သန့်ရှင်းလာ၏၊ ထိုကြောင့် သင်္ခါရတရားတို့ကို ဒုက္ခာနုပဿနာဉာဏ် အနတ္တာနုပဿနာဉာဏ်တို့ဖြင့် ကြိမ်ဖန်များစွာ ကြိတ်ခြေပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းသင်္ခါရတရားတို့ကို အနိစ္စာနုပဿနာဉာဏ်ဖြင့် ထပ်မံ၍ ကြိမ်ဖန်များစွာ ကြိတ်ခြေပေးပါ၊ အနိစ္စာနုပဿနာကို ဦးစားပေး၍ ရှုပါ။ ထိုအခါ အနိစ္စာနုပဿနာဉာဏ်သည် ရင့်ကျက်လာတတ်၏ ထက်မြက်စူးရှလာတတ်၏ ရဲရင့်လာတတ်၏ သန့်ရှင်းလာတတ်၏၊ ယင်းသို့ ရင့်ကျက်လာသော ထက်မြက်စူးရှလာသော ရဲရင့်လာသော သန့်ရှင်းလာသော အနိစ္စာနုပဿနာဉာဏ်က ယင်းသင်္ခါရတရားတို့အပေါ်၌ အစွဲကြီး စွဲနေသော “ငါ ငါ”ဟု ထောင်လွှားတက်ကြွတတ်သည့် မာနစွဲကို ပယ်ခွာနိုင်မည် ဖြစ်ပေသည်။ သင်္ခါရတရားတို့ အပေါ်၌ နိစ္စဟု စွဲယူမှု = နိစ္စဂါဟသည် ထင်ရှားရှိခဲ့သော် “ဣဒံ နိစ္စံ၊ ဣဒံ ဓုဝံ = ဤကား မြဲသည့် နိစ္စ၊ ဤကား ခိုင်ခံ့သည့် ဓုဝ” – ဤသို့ စသည်ဖြင့် ဗကဗြဟ္မာကဲ့သို့ မာနဖြင့် ထောင်လွှားခြင်းသည် ဖြစ်နိုင်ပေသည်။ သင်္ခါရတရား တို့၏ ဖြစ်ပြီး ပျက်နေသည့် သဘာဝကို အနိစ္စာနုပဿနာဉာဏ်က ရှင်းရှင်းလင်းလင်း တွေ့မြင်သိရှိနေသည့်အခါ မပျက်စီးဘဲ အမြဲတည်နေသည့် “ငါ”ကို ရှာဖွေမတွေ့ရှိတော့သဖြင့် “ငါ”ကို ရှာလို့မရနိုင်ရကား ယင်းအနိစ္စာနုပဿနာ ဉာဏ်က “ငါ”ဟု ထောင်လွှားတတ်သည့် မာနစွဲကို ပယ်ခွာနိုင်ခြင်း ဖြစ်ပေသည်။

တစ်ဖန် အနိစ္စာနုပဿနာဉာဏ် အနတ္တာနုပဿနာဉာဏ် နှစ်ပါးတို့က အားကြီးသော မှီရာ ဥပနိဿယပစ္စယ သတ္တိဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါ သတ္တိထူးကြီးကို ဆက်ခံလာရသော ဒုက္ခာနုပဿနာဉာဏ်သည် ထက်မြက်စူးရှ လာ၏ ရဲရင့်လာ၏ သန့်ရှင်းလာ၏၊ ထိုကြောင့် သင်္ခါရတရားတို့ကို အနိစ္စာနုပဿနာဉာဏ် အနတ္တာနုပဿနာဉာဏ် တို့ဖြင့် ကြိမ်ဖန်များစွာ ကြိတ်ခြေပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ယင်းသင်္ခါရတရားတို့ကို ဒုက္ခာနုပဿနာဉာဏ်ဖြင့် ထပ်မံ၍ ကြိမ်ဖန်များစွာ ကြိတ်ခြေပေးပါ၊ ဒုက္ခာနုပဿနာကို ဦးစားပေး၍ ရှုပါ၊ အကြင်အခါ၌ ယင်းဒုက္ခာနုပဿနာ ဉာဏ်သည် ရင့်ကျက်လာ၏ ထက်မြက်စူးရှလာ၏ ရဲရင့်လာ၏ သန့်ရှင်းလာ၏၊ ထိုအခါ၌ ယင်းသို့ ရင့်ကျက်လာသော ထက်မြက်စူးရှလာသော ရဲရင့်လာသော သန့်ရှင်းလာသော ဒုက္ခာနုပဿနာဉာဏ်က ယင်းသင်္ခါရတရားတို့အပေါ်၌ “ငါ့ဟာ ငါ့ဟာ”ဟု အစွဲကြီးစွဲနေသော တဏှာစွဲကို = တဏှာနိကန္တိကို ကုန်ခန်းစေနိုင်၏၊[မှတ်စု ၃၃] သင်္ခါရတရားတို့အပေါ်၌ သုခသညာ = ချမ်းသာ၏ဟူသော အမှတ်သညာသည် ထင်ရှားရှိသော်သာလျှင် ယင်းသင်္ခါရတရားတို့ကို “ငါ့ဟာ ငါ့ဟာ”ဟု စွဲယူတတ်သော တဏှာဂါဟ = တဏှာစွဲသည် ထင်ရှားဖြစ်ပေါ်လာနိုင်၏၊ ဒုက္ခာနုပဿနာဉာဏ်သည်လည်း ယင်းတဏှာစွဲ နိကန္တိ၏ ထိပ်တိုက်ဆန့်ကျင်ဘက် ဖြစ်၏၊ ထိုကြောင့် ဒုက္ခာနုပဿနာဉာဏ်က တဏှာစွဲကို ကုန်ခန်း စေနိုင်ခြင်း ဖြစ်သည်။[မှတ်စု ၃၄]

ထိုကြောင့် လက္ခဏာရေးသုံးတန်ကို အကွက်စေ့အောင် ရှုပွားပြီးသောအခါ .. မိမိနှစ်ခြိုက်ရာ လက္ခဏာ တစ်ပါးပါးကို ဦးစားပေး၍ အချိန် ခပ်ကြာကြာ ရှုပေးပါ။ ယင်းအနုပဿနာဉာဏ်မှာ အရှိန်အဝါ အားမကောင်းပါက

ကျန်လက္ခဏာ နှစ်ပါးတို့ကိုလည်း တစ်ဖန် ထပ်မံ၍ ရှုပေးပါ။ သို့သော် .. ဝိပဿနာဉာဏ်က ကိလေသာကို ပယ်ခွာနိုင်ခြင်းမှာ တဒင်္ဂအားဖြင့်သာ ပယ်ခွာနိုင်ခြင်းဖြစ်၏၊ အရိယမဂ်ဉာဏ်ကသာလျှင် သမုစ္ဆေဒအားဖြင့် အကြွင်းမဲ့ ပယ်သတ်နိုင်မည်ဖြစ်သည်။ သို့သော် လောကီမဂ္ဂအရိယသစ္စာကို ပွားများပါမှ လောကုတ္တရာအရိယမဂ္ဂသစ္စာသည် ထင်ရှားဖြစ်ပေါ်လာနိုင်သည် ဖြစ်ရကား အရိယမဂ်သို့ ဆိုက်ရောက်ရေးအတွက် လောကီမဂ္ဂအရိယသစ္စာဖြစ်သည့် ဝိပဿနာဉာဏ်များကို ရင့်ကျက်အောင် ကြိုးပမ်းရမည် ဖြစ်ပေသည်။

အဒ္ဓါပစ္စုပ္ပန်

ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင် ဘဝတစ်လျှောက်အတွင်း၌ ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတ္တံ့ ဖြစ်ကြကုန်သော ရုပ်တရား နာမ်တရားတို့တွင် ..

၁။ ရုပ်သက်သက်ကို လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်၍,
၂။ နာမ်သက်သက်ကို လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်၍ –

ခပ်စိပ်စိပ် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဝိပဿနာ ရှုပေးပါ။ အခေါက်ပေါင်းများစွာ အနုပဿနာတိုင်း၌ ရှုဖို့ လိုအပ်ပေသည်။ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် အနိစ္စတစ်လှည့် ဒုက္ခတစ်လှည့် အနတ္တတစ်လှည့် ကြိမ်ဖန် များစွာ ထပ်ကာထပ်ကာ ရှုပါ။

  1. ယေပိ စ သမ္မသနုပဂါ၊ တေသု ယေ ယဿ ပါကဋာ ဟောန္တိ သုခေန ပရိဂ္ဂဟံ ဂစ္ဆန္တိ၊ တေသု တေန သမ္မသနံ အာရဘိတဗ။ (ဝိသုဒ္ဓိ၊၂၊၂၄၄။)
  2. ယေ ရူပါရူပဓမ္မာ။ ယဿာတိ ယောဂိနော။ တေသု တေန သမ္မသနံ အာရဘိတဗ္ဗံ ယထာပါကဋံ ဝိပဿနာဘိနိဝေသောတိ ကတွာ။ ပစ္ဆာ ပန အနုပဋ္ဌဟန္တေပိ ဥပါယေန ဥပဋ္ဌဟာပေတွာ အနဝသေသတောဝ သမ္မသိတဗ္ဗာ။ (မဟာဋီ၊၂၊၃၉၁။)
  3. (မဟာဋီ၊၂၊၃၅၈။)
  4. (သံ၊၂၊၂၄၉-၂၅၀။)
  5. (ဝိသုဒ္ဓိ၊၂၊၂၄၃-၂၄၄။)
  6. (မဟာဋီ၊၂၊၈၄-၈၅၊၊၃၉၁။)
  7. (အဘိ၊ဋ္ဌ၊၁၊၂၇၀-၂၇၁။)
  8. (ဝိသုဒ္ဓိ၊၂၊၃၀၀-၃၀၁။)
  9. အဘိနိဝေသ = ဝိပဿနာနှလုံးသွင်းခြင်း---- ဟူသည် ဝိပဿနာ၏ ရှေ့အဖို့၌ ပြုသင့်ပြုထိုက်သော ပြုကျင့်အပ်သော နာမ်ရုပ်ကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း နာမရူပပရိစ္ဆေဒဉာဏ်ကို ဆိုလိုသည်ဟု သိရှိပါလေ။ ထိုကြောင့် ရှေးဦးစွာ ရုပ်တရားကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း သိမ်းဆည်းခြင်းကို ရူပေ အဘိနိဝေသ = ရုပ်တရား၌ စတင်၍ ဝိပဿနာနှလုံးသွင်းခြင်းဟု သိရှိပါလေ။ ကြွင်းကုန်သော အဘိနိဝေသတို့၌လည်း ဤနည်းပင်တည်း။ (မဟာဋီ၊၂၊၄၇၀။) ဝိပဿနာဉာဏ်၏ အရှုခံ အာရုံ ဖြစ်ကြကုန်သော ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် သင်္ခါရတရားတို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းကိုပင် အဘိနိဝေသဟု ဆိုသည်။
  10. ဝုဋ္ဌာနဂါမိနိဝိပဿနာ---- ဝိပဿနာစိတ်အစဉ်သည် သင်္ခါရအာရုံမှ ထမြောက်၍ သင်္ခါရလွတ်ရာ နိဗ္ဗာန်သို့ တစ်ဟုန်တည်း ပြေးသွား၏၊ သင်္ခါရအာရုံမှ ထမြောက်၍ သင်္ခါရလွတ်ရာ နိဗ္ဗာန်သို့ တစ်ဟုန်တည်း ပြေးသွားသော အထွတ်အထိပ်သို့ ရောက်နေ သော သိခါပတ္တာဝိပဿနာ အမည်ရသော သင်္ခါရုပေက္ခာဉာဏ် အနုလောမဉာဏ် ဂေါတြဘုဉာဏ်ဟု ခေါ်ဆိုသမုတ်အပ်သော ဉာဏ်သုံးပါးအပေါင်း၏ အမည်ဖြစ်သည်။ (ဝိသုဒ္ဓိ၊၂၊၂၉၉။ မဟာဋီ၊၂၊၄၆၉။)
  11. (အဘိ၊ဋ္ဌ၊၁၊၂၇၀-၂၇၁။)
  12. (ဝိသုဒ္ဓိ၊၂၊၃၀၀။)
  13. (သံ၊ဋ္ဌ၊၂၊၅၉။)
  14. ယေပိ စ သမ္မသနုပဂါ၊ တေသု ယေ ယဿ ပါကဋာ ဟောန္တိ သုခေန ပရိဂ္ဂဟံ ဂစ္ဆန္တိ၊ တေသု တေန သမ္မသနံ အာရဘိတဗ။ (ဝိသုဒ္ဓိ၊၂၊၂၄၄။)
  15. (စာမျက်နှာ၊၇၃၂။)
  16. သင်္ခါရအာရုံမှ ထမြောက်ကာ နိဗ္ဗာန်အာရုံဘက်သို့ တဟုန်တည်း ပြေးသွားသော ဝုဋ္ဌာနဂါမိနိဝိပဿနာကိုပင် “သင်္ခါရတရားတို့မှ ထမြောက်သွားသည်”ဟု ဆိုလိုသည်။
  17. ဧကော အာဒိတောဝ အနိစ္စတော သင်္ခါရေ သမ္မသတိ။ ယသ္မာ ပန န အနိစ္စတော သမ္မသနမတ္တေနေဝ ဝုဋ္ဌာနံ ဟောတိ၊ ဒုက္ခတောပိ အနတ္တတောပိ သမ္မသိတဗ္ဗမေဝ၊ တသ္မာ ဒုက္ခတောပိ အနတ္တတောပိ သမ္မသတိ။ တေဿဝံ ပဋိပန္နဿ အနိစ္စတော သမ္မသနကာလေ ဝုဋ္ဌာနံ ဟောတိ၊ အယံ အနိစ္စတော အဘိနိဝိသိတွာ အနိစ္စတော ဝုဋ္ဌာတိ နာမ။ သစေ ပနဿ ဒုက္ခတော အနတ္တတော သမ္မသနကာလေ ဝုဋ္ဌာနံ ဟောတိ၊ အယံ အနိစ္စတော အဘိနိဝိသိတွာ ဒုက္ခတော အနတ္တတော ဝုဋ္ဌာတိ နာမ။ ဧသ နယော ဒုက္ခတော အနတ္တတော အဘိနိဝိသိတွာ သေသဝုဋ္ဌာနေသုပိ။ (ဝိသုဒ္ဓိ၊၂၊၃၀၁၊၊)
  18. (အဘိ၊ဋ္ဌ၊၂၊၄၆-၄၇။)
  19. (အဘိ၊ဋ္ဌ၊၂၊၄၇။) ၄၆၄
  20. သမူဟဂဟဏဝသေန ပဝတ္တံ ကလာပသမ္မသနံ။ ဖဿာဒိဧကေကဓမ္မဂဟဏဝသေန ပဝတ္တာ အနုပဒဓမ္မဝိပဿနာ။ (မူလဋီ၊၁၊၁၀၉။)
  21. (ဝိသုဒ္ဓိ၊၂၊၂၄၁။)
  22. (ဝိသုဒ္ဓိ၊၂၊၂၄၃။)
  23. သပ္ပစ္စယနာမရူပဝသေန တိလက္ခဏံ အာရောပေတွာ ဝိပဿနာပဋိပါဋိယာ “အနိစ္စံ ဒုက္ခံ အနတ္တာ”တိ သမ္မသန္တော ဝိစရတိ။ (မ၊ဋ္ဌ၊၁၊၂၈၁။)
  24. အသုဘာ ဘာဝေတဗ္ဗာ ရာဂဿ ပဟာနာယ။ (ဥဒါနပါဠိ။ ခု၊၁၊၁၂၀။)
  25. (ခု၊၁၊၃၀၈။)
  26. (သံ၊၂၊၅၅-၅၆။ ဝိနည်းမဟာဝါ၊၁၈-၂၀။)
  27. (သံ၊၂၊၇၁။)
  28. မှတ်ချက်---- ရု ပ် အ တု များကား လက္ခဏာယာဉ် သုံးချက်တင်၍ ဝိပဿနာ မရှုကောင်းသော ရုပ်တရားများ ဖြစ်ကြသဖြင့် ယင်းရုပ်အတုများကိုကား ဝိပဿနာမရှုပါနှင့်။
  29. (အဘိ၊ဋ္ဌ၊၁၊၂၇၀-၂၇၁။)
  30. မာ ဟေဝံ အာနန္ဒ အဝစ၊ မာ ဟေဝံ အာနန္ဒ အဝစ။ ဂမ္ဘီရော စာယံ အာနန္ဒ ပဋိစ္စသမုပ္ပါဒေါ ဂမ္ဘီရာဝဘာသော စ၊ ဧတဿ အာနန္ဒ ဓမ္မဿ အနနုဗောဓာ အပ္ပဋိဝေဓာ ဧဝမယံ ပဇာ တန္တာကုလကဇာတာ ကုလဂဏ္ဌိကဇာတာ မုဉ္စပဗ္ဗဇဘူတာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ သံသာရံ နာတိဝတ္တတိ။ (ဒီ၊၂၊၄၇။)
    အနနုဗောဓာတိ ဉာတပရိညာဝသေန အနနုဗုဇ္ဈနာ။ အပ္ပဋိဝေဓာတိ တီရဏပ္ပဟာနပရိညာဝသေန အပ္ပဋိဝိဇ္ဈနာ။ (ဒီ၊ဋ္ဌ၊၂၊၈၅၊၊)
  31. (သံ၊၂၊၂၄၉-၂၅၀။ ပဌမအပရိဇာနနသုတ္တန်။)
  32. မှတ်ချက်---- ရုပ်တရားတို့ကို ဝိပဿနာရှုရာ၌ အနုပါဒိဏ္ဏသင်္ခါရဟူသည့် သက်မဲ့ရုပ်တရားတို့ကိုပါ ထည့်သွင်း၍ ဝိပဿနာရှုပါ။
  33. ဧဝံ သင်္ခါရေ အနတ္တတော ပဿန္တဿ ဒိဋ္ဌိသမုဂ္ဃါဋနံ နာမ ဟောတိ။ အနိစ္စတော ပဿန္တဿ မာနသမုဂ္ဃါဋနံ နာမ ဟောတိ။ ဒုက္ခတော ပဿန္တဿ နိကန္တိပရိယာဒါနံ နာမ ဟောတိ။ ဣတိ အယံ ဝိပဿနာ အတ္တနော အတ္တနော ဌာနေယေဝ တိဋ္ဌတီတိ။ (ဝိသုဒ္ဓိ၊၂၊၂၆၄။)
  34. (ဝိသုဒ္ဓိ၊၂၊၂၆၄။ မဟာဋီ၊၂၊၄၁၅-၄၁၆။)