နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/နာမ်ဃန (၄) ပါး အကြောင်း

အပိုင်း (၅) - နာမ်ဃနပိုင်း

နာမ်ဃန (၄) ပါး အကြောင်း

ဃနဟူသည် အတုံးအခဲကို ဆိုလိုသည်။ ရုပ်တုံးရုပ်ခဲကို ရုပ်ဃန, နာမ်တုံးနာမ်ခဲကို နာမ်ဃနဟု ခေါ်ဆို၏၊ ရုပ်ဃနသုံးမျိုး ရှိကြောင်းကို ရုပ်ကမ္မဋ္ဌာန်းပိုင်းတွင် ရှင်းပြခဲ့ပြီး ဖြစ်၏၊ ဤတွင် နာမ်ဃန (၄)ပါး အကြောင်းကို တင်ပြအပ်ပါသည်။

နာမ်တရားတို့၌ (၁) သန္တတိဃန (၂) သမူဟဃန (၃) ကိစ္စဃန (၄) အာရမ္မဏဃနဟု ဃန (၄)မျိုးရှိ၏၊သန္တတိဃနာဒီနံ အယံ ဝိသေသော--- ပုရိမပစ္ဆိမာနံ နိရန္တရတာယ ဧကီဘူတာနမိဝ ပဝတ္တိ သန္တတိဃနတာ၊ တထာ ဖဿာဒီနံ ဧကသမူဟဝသေန ဒုဗ္ဗိညေယျကိစ္စဘေဒဝသေန ဧကာရမ္မဏတာဝသေန စ ဧကီဘူတာနမိဝ ပဝတ္တိ သမူဟာဒိဃနတာတိ။ (မူလဋီ၊၁၊၆၀။)
နာနာဓာတုယော ဝိနိဗ္ဘုဇိတွာ ဃနဝိနိဗ္ဘောဂေ ကတေ အနတ္တလက္ခဏံ ယာထာဝသရသတော ဥပဋ္ဌာတိ။ (အဘိ၊ဋ္ဌ၊၂၊၄၇။ ဝိသုဒ္ဓိ၊၂၊၂၇၆။) ၄၆၁
နာနာဓာတုယော တိ နာနာဝိဓာ ပထဝီအာဒိဓာတုယော နာနာဝိဓေ သဘာဝဓမ္မေ။ ဝိနိဗ္ဘုဇိတွာတိ “အညာ ပထဝီဓာတု၊ အညာ အာပေါဓာတူ”တိအာဒိနာ, “အညော ဖေဿာ၊ အညာ ဝေဒနာ”တိအာဒိနာ စ ဝိသုံ ဝိသုံ ကတွာ။ ဃနဝိနိဗ္ဘောဂေ ကတေတိ သမူဟဃနေ, ကိစ္စာရမ္မဏဃနေ စ ပဘေဒိတေ။ ယာ ဟေသာ အညမညူပတ္ထဒ္ဓေသု သမုဒိတေသု ရူပါရူပဓမ္မေသု ဧကတ္တာဘိနိဝေသဝသေန အပရိမဒ္ဒိတသင်္ခါရေဟိ ဂယှမာနာ သမူဟဃနတာ, တထာ တေသံ တေသံ ဓမ္မာနံ ကိစ္စဘေဒဿ သတိပိ ပဋိနိယတဘာဝေ ဧကတော ဂယှမာနာ ကိစ္စဃနတာ, တထာ သာရမ္မဏဓမ္မာနံ သတိပိ အာရမ္မဏကရဏဘေဒေ ဧကတော ဂယှမာနာ အာရမ္မဏဃနတာ စ၊ တာ ဓာတူသု ဉာဏေန ဝိနိဗ္ဘုဇိတွာ ဒိဿမာနာ ဟတ္ထေန ပရိမဇ္ဇိယမာနော ဖေဏပိဏ္ဍော ဝိယ ဝိလယံ ဂစ္ဆန္တိ။ “ယထာပစ္စယံ ပဝတ္တမာနာ သုညာ ဧတေ ဓမ္မာ ဓမ္မမတ္တာ”တိ အနတ္တလက္ခဏံ ပါကဋတရံ ဟောတိ။ တေန ဝုတ္တံ “နာနာ ဓာတုယော။ပ။ ဥပဋ္ဌာတီ”တိ။ (မဟာဋီ၊၂၊၄၃၇။)</ref>

၁။ သန္တတိဃန = နာမ်အစဉ်အတန်း အတုံးအခဲ

စက္ခုဒွါရဝီထိ အစဉ်တစ်ခုကို ပုံစံထုတ်၍ ရှင်းပြလျှင် ကျန်ဝီထိတို့၌လည်း သဘောပေါက်နိုင်ပြီ ဖြစ်ရကား စက္ခုဒွါရဝီထိတစ်ခုကို ပုံစံထုတ်၍ ရှင်းပြပေအံ့ ..။

နာမ်တရားတို့၌ ဝီထိစိတ် ဝီထိမုတ်စိတ်ဟု နှစ်မျိုး ရှိ၏၊ ယင်းနှစ်မျိုးလုံးသော နာမ်တရားတို့သည် နာမ်ကလာပ် ခေါ်သည့် အုပ်စုအလိုက်သာ ဖြစ်ရိုးဓမ္မတာ ရှိကြ၏၊ ဝီထိစိတ်တို့သည်လည်း ဝီထိခေါ်သည့် စိတ္တနိယာမလမ်းကြောင်း = နိယာမ (= မြဲသော ဖြစ်ရိုးဖြစ်စဉ်) ဓမ္မတာလမ်းကြောင်းအတိုင်းသာ ဖြစ်ရိုးဓမ္မတာ ရှိကြ၏၊

ထိုသို့ဖြစ်ရာ၌ စက္ခုဒွါရ မနောဒွါရဟူသော ဒွါရနှစ်ခု၌ အတိမဟန္တာရုံဟူသော အမည်ကို ရထိုက်သော ရူပါရုံ သည် ရှေးရှူရိုက်ခတ်လာသည် ဖြစ်အံ့၊ ပဉ္စဒွါရာဝဇ္ဇန်း၊ စက္ခုဝိညာဏ်၊ သမ္ပဋိ စ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော (၇)ကြိမ်၊ တဒါရုံ (၂)ကြိမ် ဟူသော စက္ခုဒွါရဝီထိ နာမ်တရားစုတို့သည် အစီအစဉ်တကျ အဆက်မပြတ် ဖြစ်ပေါ်လာကြ၏၊ စိတ္တနိယာမတည်း။[မှတ်စု ၁]

ထိုသို့ ဖြစ်ပေါ်လာရာဝယ် ––- ယင်း ဝီထိစိတ္တက္ခဏတို့၌ ဤကား ပဉ္စဒွါရာဝဇ္ဇန်း၊ ဤကား စက္ခုဝိညာဏ်၊ ဤကား သမ္ပဋိ စ္ဆိုင်း၊ ဤကား သန္တီရဏ၊ ဤကား ဝုဋ္ဌော၊ ဤကား ပထမဇော၊ ဤကား ဒုတိယဇော၊ ဤကား တတိယဇော၊ ဤကား စတုတ္ထဇော၊ ဤကား ပဉ္စမဇော၊ ဤကား ဆဋ္ဌဇော၊ ဤကား သတ္တမဇော၊ ဤကား ပထမတဒါရုံ၊ ဤကား ဒုတိယတဒါရုံဟု တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ မသိလျှင် တစ်ခုတည်းအဖြစ် စွဲယူမိလျှင် သန္တတိဃန = နာမ်အစဉ်အတန်း အတုံးအခဲ ဖုံးနေ၏၊ ဤကား ပဉ္စဒွါရာဝဇ္ဇန်း၊ ဤကား စက္ခုဝိညာဏ်။ ပ။ ဤကား ဒုတိယတဒါရုံ ဤသို့ စသည်ဖြင့် ထိုထိုဝီထိအတွင်း၌ တည်ရှိသော စိတ္တက္ခဏတိုင်းကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင်လျှင် သိမြင်လျှင် သန္တတိဃန = နာမ်အစဉ်အတန်း အတုံးအခဲ ပြိုသွား၏၊ ဝီထိမုတ်စိတ်တို့၌လည်း ဤကား ပဋိသန္ဓေ၊ ဤကား ပထမဘဝင်၊ ဤကား ဒုတိယဘဝင် – ဤသို့ စသည်ဖြင့် ဝီထိ၏ ပြင်ဘက်၌ ရှိသော စိတ္တက္ခဏတို့၌ စိတ္တက္ခဏတစ်လုံးစီ တစ်လုံးစီကို ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရှုနိုင်လျှင် သိမြင်လျှင် သန္တတိဃန = နာမ်အစဉ်အတန်း အတုံးအခဲ ပြိုသွား၏၊ ထိုသို့ သန္တတိဃန ပြိုအောင် ယောဂါဝစရပုဂ္ဂိုလ်သည် နာမ်တရားတို့ကို သိမ်းဆည်း ရှုပွားရမည် ဖြစ်သည်။

၂။ သမူဟဃန = နာမ်အပေါင်းအစု အတုံးအခဲ

စိတ္တနိယာမ လမ်းကြောင်းအတိုင်း ဖြစ်ပေါ်သွားကြသော နာမ်တရားတို့သည် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ နာမ်ကလာပ်ဟူသော အုပ်စုအလိုက်သာ ဖြစ်ရိုးဓမ္မတာ ရှိ ကြ၏၊ တစ်လုံးချင်း ဖြစ်နိုင်သည့် စွမ်းအားကား မရှိပေ။ ယင်းစိတ္တက္ခဏတစ်ခု၏ အတွင်း၌ တည်ရှိသော နာမ်တရားတို့၏ အုပ်စုကို သမ္ပယုတ်တရားဟုလည်းကောင်း နာမ်ကလာပ်ဟုလည်းကောင်း ခေါ်ဆို၏၊ စိတ်စေတသိက်ဟူသော နာမ်တရားတို့သည် စိတ္တက္ခဏတစ်ခု၌ အနည်းဆုံး (၈)မျိုးသော နာမ်တရားတို့ ပေါင်းစုမှ ဖြစ်နိုင်၏၊ ပုံစံဆိုရသော် စက္ခုဝိညာဏ်နှင့် သဗ္ဗစိတ္တသာဓာရဏစေတသိက် (၇)လုံး, ပေါင်း (၈)လုံးတည်း။ ဤ (၈)လုံးအောက် သာလွန်ယုတ်လျော့သော နာမ်တရားအုပ်စုကား မရှိနိုင်တော့ပြီ။ ယင်းစိတ္တက္ခဏတစ်ခု တစ်ခုအတွင်း၌ တည်ရှိသော နာမ်တရားတို့ကို “ဤကား ဖဿ, ဤကား ဝေဒနာ, ဤကား သညာ, ဤကား စေတနာ, ဤကား ဝိညာဏ်” ဤသို့ စသည်ဖြင့် တစ်လုံးစီ တစ်လုံးစီ ခွဲခြား စိတ်ဖြာ၍ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် မသိခဲ့သော် တစ်ခုတည်းအဖြစ် စွဲယူခဲ့သော် သမူဟဃန = နာမ်အပေါင်းအစု အတုံးအခဲ ဖုံးနေသည် မည်၏၊ စိတ္တက္ခဏတစ်ခုတစ်ခု၏ အတွင်း၌ တည်ရှိသော နာမ်တရားတို့ကို “ဤကား ဖဿ, ဤကား ဝေဒနာ, ဤကား သညာ, ဤကား စေတနာ, ဤကား ဝိညာဏ်” –– ဤသို့ စသည်ဖြင့် သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင် မျက်မှောက် ထွင်းဖောက် သိခဲ့သော် မြင်ခဲ့သော် ရှုနိုင်ခဲ့သော် သမူဟဃန = နာမ်အပေါင်းအစု အတုံးအခဲ ပြိုသည် မည်၏၊ ယောဂါဝစရပုဂ္ဂိုလ်သည် ဤသို့လျှင် သမူဟဃနဟူသော နာမ်အပေါင်းအစု အတုံးအခဲကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် နာမ်တရားတို့ကို သိမ်းဆည်း ရှုပွားရမည် ဖြစ်ပေသည်။

၃။ ကိစ္စဃန = နာမ်လုပ်ငန်းကိစ္စ အတုံးအခဲ

ယောဂါဝစရပုဂ္ဂိုလ်သည် သန္တတိဃန သမူဟဃန ပြိုရုံမျှဖြင့် မပြီးသေး၊ ကိစ္စဃနပြိုအောင်လည်း ဆက်လက်၍ နာမ်တရားတို့ကို သိမ်းဆည်းရှုပွားရမည် ဖြစ်ပေသည်။ ကိစ္စဃနဟူသည် စိတ္တက္ခဏ တစ်ခုတစ်ခု၏ အတွင်း၌ အုပ်စုအလိုက် အတူယှဉ်တွဲ၍ ဖြစ်ပေါ်သွားကြသော နာမ်တရားတို့တွင် ––

၁။ ဖဿသည် အာရုံနှင့် အသိစိတ်ကို ပွတ်ချုပ်ထိခိုက်ခြင်း ဆက်စပ်ပေးခြင်း လုပ်ငန်းကိစ္စ ရှိ၏၊ (သင်္ဃဋ္ဋနရသော)
၂။ (သုခ) ဝေဒနာသည် သမ္ပယုတ်တရားတို့ကို လွန်စွာ တိုးပွားစေခြင်း ကိစ္စ ရှိ၏၊ (သမ္ပယုတ္တာနံ ဥပဗြူဟနရသံ)
၃။ သညာသည် အာရုံကို နောက်ထပ်တစ်ဖန် သိအောင် အမှတ်အသားကို ပြုခြင်းကိစ္စ ရှိ၏၊ (ပစ္စာဘိညာဏရသာ)
၄။ စေတနာသည် ကုသိုလ်ရေးလုပ်ငန်းကိစ္စ အကုသိုလ်ရေးလုပ်ငန်းကိစ္စ ပြီးမြောက်ရေးအတွက် ကြောင့်ကြဗျာပါရ ပြုခြင်းကိစ္စ ရှိ၏၊ (အာယူဟနရသာ။)
၅။ ဝိညာဏ်သည် အာရုံကိုရယူမှု = အာရုံကိုသိမှု၌ ပြဓာန်းသော ပဓာန ရှေ့သွားခေါင်းဆောင်ဖြစ်ခြင်း ကိစ္စ ရှိ၏၊ (ပုဗ္ဗင်္ဂမရသံ။)

ဤသို့ စသည်ဖြင့် စိတ္တက္ခဏတစ်ခု တစ်ခုအတွင်း၌ တည်ရှိကြသော နာမ်တရားတိုင်း၌ ကိုယ်ပိုင်လုပ်ငန်းကိစ္စ အသီးအသီး ရှိကြ၏၊ ထိုလုပ်ငန်းကိစ္စများကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် တစ်ခုစီ တစ်ခုစီ ခွဲခြားစိတ်ဖြာ၍ မမြင်ဘဲ ကိစ္စတစ်ခုတည်းအဖြစ် စွဲယူခဲ့သော် ကိစ္စဃန = နာမ်လုပ်ငန်းကိစ္စ အတုံးအခဲ မပြိုပေ။ ကိစ္စတစ်ခုတည်းအဖြစ် မမြင်ဘဲ “ဤကား ဖဿ၏ လုပ်ငန်းကိစ္စ, ဤကား ဝေဒနာ၏ လုပ်ငန်းကိစ္စ, ဤကား သညာ၏ လုပ်ငန်းကိစ္စ, ဤကား စေတနာ၏ လုပ်ငန်းကိစ္စ, ဤကား ဝိညာဏ်၏ လုပ်ငန်းကိစ္စ” ဤသို့ စသည်ဖြင့် စိတ္တက္ခဏတစ်ခု တစ်ခု၏ အတွင်း၌ တည်ရှိသော နာမ်တရားတိုင်း နာမ်တရားတိုင်း၏ လုပ်ငန်းကိစ္စရပ် အသီးအသီးကို ဉာဏ်ဖြင့် ခွဲခြား စိတ်ဖြာ၍ မြင်ခဲ့သော် ကိစ္စဃနဟူသော နာမ်လုပ်ငန်းကိစ္စ အတုံးအခဲ ပြိုသွားပြီ ဖြစ်၏၊ ယောဂါဝစရပုဂ္ဂိုလ်သည် နာမ်တရားတို့ကို သိမ်းဆည်းရှုပွားရာ၌ ထိုကဲ့သို့ ကိစ္စဃန = နာမ်လုပ်ငန်းကိစ္စ အတုံးအခဲ ပြိုအောင်လည်း သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ခွဲခြားစိတ်ဖြာ၍ သိမ်းဆည်းရှုပွားရမည်သာ ဖြစ်ပေသည်။

ဤစက္ခုဒွါရဝီထိအတွင်း၌ တည်ရှိသော နာမ်တရားတို့ကား ရူပါရုံကိုသာ အာရုံပြုကြ၏၊ ရူပါရုံကို အာရုံပြု၍သာ ဖြစ်ပေါ်လာနိုင်သော နာမ်တရားစုတို့သာ ဖြစ်ကြ၏၊ ထိုကြောင့် ယင်းစက္ခုဒွါရဝီထိ နာမ်တရားစုတို့မှာ အာရုံ ယူတတ်သော သာရမ္မဏတရားတို့သာ ဧကန်ဖြစ်ကြ၏၊ ထိုသာရမ္မဏဓမ္မဖြစ်ကြသည့် စက္ခုဒွါရဝီထိနာမ်တရားတို့၌ သန္တတိဃန, သမူဟဃန, ကိစ္စဃနဟု ဃနသုံးပါး ရှိကြောင်းကို ရှင်းပြပြီး ဖြစ်၏၊

နောက်ထပ် နာမ်ပိုင်းတွင် အာရမ္မဏဃနဟု ဃနတစ်မျိုး ရှိနေပြန်၏၊ ယင်းအာရမ္မဏဃနနှင့် ပတ်သက်၍ ဤကျမ်း၏ ရှင်းလင်းချက်မှာ အောက်ပါအတိုင်း ဖြစ်၏၊

၄။ အာရမ္မဏဃန = အာရုံယူတတ်သည့် နာမ်တရား အတုံးအခဲ

ဝိပဿနာနယ်၌ အရှုခံနာမ်တရားနှင့် ရှုတတ်သည့် ဝိပဿနာဉာဏ် ဦးဆောင်သည့် နာမ်တရားဟု နှစ်မျိုးရှိ၏၊ ဝိပဿနာအရာဝယ် အထူးသဖြင့် ရှုတတ်သည့် ဝိပဿနာဉာဏ် ဦးဆောင်သည့် နာမ်တရားတို့မှာ အာရုံယူတတ်သည့် သာရမ္မဏတရားများပင် ဖြစ်ကြ၏၊ အရှုခံ နာမ်တရားဘက်၌လည်း သန္တတိဃန, သမူဟဃန, ကိစ္စဃန ဟူသော ဃနသုံးမျိုးလုံး ပြိုရမည် ဖြစ်၏၊ ရှုတတ်သည့်ဉာဏ် ဦးဆောင်ပြဓာန်းသည့် ဝိပဿနာနာမ်တရားဘက်၌လည်း သန္တတိဃန, သမူဟဃန, ကိစ္စဃနဟူသော ဃနသုံးမျိုးလုံး ပြိုရမည် ဖြစ်၏၊ အကြောင်းမူ အရူပသတ္တကရှုနည်းများ၌ လည်းကောင်း[မှတ်စု ၂], ဘင်္ဂဉာဏ် စသည့် အထက်ဝိပဿနာပိုင်း[မှတ်စု ၃]တို့၌လည်းကောင်း -

၁။ ဉာတ - –– အမည်ရသည့် ဝိပဿနာဉာဏ်ဖြင့် ထိုးထွင်းသိရမည့် ဥပါဒါနက္ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့ကို လည်းကောင်း, အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသည့် သမုဒယသစ္စာတရားတို့ကိုလည်းကောင်း,

၂။ ဉာဏ - –– အမည်ရသည့် ရှုနေသည့် ဝိပဿနာဉာဏ် ဦးဆောင်သည့် နာမ်တရားစုတို့ကိုလည်းကောင်း ––ဤဉာတ-ဉာဏ နှစ်မျိုးလုံးကိုပင် လက္ခဏာရေးသုံးတန်သို့ တင်၍ ဝိပဿနာ ရှုပွားသုံးသပ်ရန် ညွှန်ကြားထားတော်မူသောကြောင့် ဖြစ်၏၊ ယင်းဉာဏ အမည်ရသော ရှုတတ်သော ဝိပဿနာဉာဏ် ဦးဆောင်သည့် နာမ်တရားတို့မှာ ပုထုဇန်နှင့် သေက္ခပုဂ္ဂိုလ်များအဖို့ မဟာကုသိုလ် မနောဒွါရိကဇောဝီထိ စိတ်အစဉ်များပင် ဖြစ်ကြ၏၊ မနောဒွါရာဝဇ္ဇန်း၌ နာမ်တရား (၁၂)လုံး၊ ဇော (၇)ကြိမ်ဝယ် တစ်ကြိမ် တစ်ကြိမ်၌ နာမ်တရား (၃၄-၃၃-၃၃-၃၂) ထိုက်သလို အသီးအသီး ရှိမည် ဖြစ်၏၊ နုနယ်သော တရုဏဝိပဿနာပိုင်းတွင် တဒါရုံကျခွင့်ရှိ၍ ဘင်္ဂဉာဏ်စသည့် အားကောင်းသည့် ဗလဝဝိပဿနာပိုင်းတွင် တဒါရုံကျခွင့် မရှိပေ။ ဤ၌ ရံခါ ဉာဏဝိပ္ပယုတ် ဝိပဿနာဇောများလည်း ရှိတတ်၍ (၃၃)ဟု ဖော်ပြထား၏၊ ရံခါ ပီတိ မပါသည်လည်း ရှိတတ်၍ (၃၃-၃၂)ဟု ဖော်ပြထား၏၊

ယင်း ရှုတတ်သည့် ဝိပဿနာဉာဏ် ဦးဆောင်သည့် မနောဒွါရိကဇောဝီထိစိတ်အစဉ် နာမ်တရားဘက်၌လည်း

၁။ ဤကား မနောဒွါရာဝဇ္ဇန်း၊ ဤကား ပထမဇော၊ ဤကား ဒုတိယဇော စသည်ဖြင့် နာမ်သန္တတိအစဉ်အတန်းကို ခွဲခြားစိတ်ဖြာ၍ သိသော် သန္တတိဃန ပြိုသည် မည်၏၊

၂။ ယင်းနာမ်သန္တတိအစဉ်အတွင်း၌ တည်ရှိသော စိတ္တက္ခဏတိုင်း၌ ပါဝင်သော နာမ်တရားတို့ကို ဤကား ဖဿ၊ ဤကား ဝေဒနာ၊ ဤကား သညာ၊ ဤကား စေတနာ၊ ဤကား ဝိညာဏ် စသည်ဖြင့် ခွဲခြားစိတ်ဖြာ၍ ဉာဏ်ဖြင့် မြင်ခဲ့သော် သမူဟဃန ပြိုသည် မည်၏၊

၃။ ယင်းစိတ္တက္ခဏတိုင်း၌ တည်ရှိသော နာမ်တရားအသီးအသီးတို့၏ ကိစ္စအထူးကို ခွဲခြားစိတ်ဖြာ၍ ဉာဏ်ဖြင့် မြင်ခဲ့သော် ကိစ္စဃန ပြိုပြီ ဖြစ်၏၊

ဤသို့လျှင် အရှုခံ နာမ်တရားဘက်၌လည်း ဃနသုံးပါး, ရှုတတ်သည့် ဉာဏ်ဘက်၌လည်း ဃနသုံးပါး အသီးအသီး ရှိ၏၊ အရှုခံ နာမ်တရားဘက်၌ ဃနသုံးပါးကို သန္တတိဃန သမူဟဃန ကိစ္စဃနဟု အသီးအသီး ခေါ်ဆို၍ ရှုတတ်သည့် ဉာဏ်ဘက်၌ တည်ရှိသော ဃနသုံးပါးကို အာရမ္မဏဃနဟု အမည်တစ်မျိုးတည်းဖြင့် ခေါ်ဆိုသည်ဟု မှတ်ပါ။

အာရုံကို ယူမှု၌ ကွဲပြားမှုရှိပါလျက် တစ်ခုတည်းအဖြစ် စွဲယူခဲ့သော် အာရမ္မဏဃန ဖုံးနေသည် မည်၏၊ အာရုံယူတတ်သော တရားတို့၏ အာရုံကိုယူရာ၌ ဤကား မနောဒွါရာဝဇ္ဇန်း၊ ဤကား ပထမဇော။ပ။ ဤကား သတ္တမဇော –– ဤသို့ စသည်ဖြင့်လည်းကောင်း, ဤကား ဖဿ ဤကား ဝေဒနာ ဤကား သညာ ဤကား စေတနာ ဤကား ဝိညာဏ် စသည်ဖြင့်လည်းကောင်း, ဤကား ဖဿ၏ လုပ်ငန်းကိစ္စ, ဤကား ဝေဒနာ၏ လုပ်ငန်းကိစ္စ, ဤကား သညာ၏ လုပ်ငန်းကိစ္စ, ဤကား စေတနာ၏ လုပ်ငန်းကိစ္စ, ဤကား ဝိညာဏ်၏ လုပ်ငန်းကိစ္စ စသည်ဖြင့် လည်းကောင်း ဤသို့ ခွဲခြားစိတ်ဖြာ၍ သိခဲ့သော် ကွဲပြားမှုရှိသည်ကို သိခဲ့သော် အာရမ္မဏဃနအတုံးအခဲ ပြိုပြီဖြစ်၏၊

ယောဂါဝစရပုဂ္ဂိုလ်သည် ဤရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲတည်းဟူသော ရုပ်ဃန နာမ်ဃနတို့ကို ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးလျက် ရုပ်နာမ်တို့ကို သိမ်းဆည်းနိုင်ပါမှ ဉာဏ်ဖြင့် ပိုင်းခြားယူနိုင်ပါမှ ဝိပဿနာ ရှုပွားသုံးသပ်နိုင်ပါမှ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်မည်၊ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်ပါမှ အနတ္တသို့ ဉာဏ်အမြင် ဆိုက်မည်။ အနတ္တသို့ ဉာဏ်အမြင် ဆိုက်ပါမှလည်း မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်သို့ ဆိုက်ရောက်နိုင်မည် ဖြစ်ပေသည်။ ထိုကြောင့် အဋ္ဌကထာကြီးများ[မှတ်စု ၄]က အောက်ပါအတိုင်း ဖွင့်ဆိုထားတော်မူကြခြင်း ဖြစ်၏၊

“အသီးအသီးသော ရုပ်ဓာတ် နာမ်ဓာတ်တို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲတည်းဟူသော ရုပ်ဃန နာမ်ဃနကို တစ်ခုစီ တစ်ခုစီ တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ဖြိုခွဲဖျက်ဆီးခြင်းကို ပြုလုပ်နိုင်ခဲ့သည်ရှိသော် အနတ္တလက္ခဏာ = အနတ္တရောင်ခြည်တော် နေဝန်းသည်ဟုတ်မှန်တိုင်းသော မိမိ၏ သဘောလက္ခဏာအားဖြင့် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်ရှားစွာ တည်ရှိလာပေ၏၊”

ဉာတ ဉာဏ အမည်ရသည့် သင်္ခါရတရားတို့ကို လက္ခဏာရေး သုံးတန်သို့ တင်၍ ရှုပွားသုံးသပ်နိုင်ပါမှ အနိစ္စာနုပဿနာဉာဏ် ဒုက္ခာနုပဿနာဉာဏ် အနတ္တာနုပဿနာဉာဏ် သုံးပါးလုံး ရင့်ကျက်ပါမှ အရိယမဂ်သို့ ဆိုက်ရောက်နိုင်မည် ဖြစ်ကြောင်းကိုလည်း ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၅]တွင် ဖွင့်ဆိုလျက် ရှိပေသည်။ ဃနပြိုပါမှ အနတ္တသို့ ဉာဏ်အမြင် ဆိုက်ရောက်နိုင်မည် ဖြစ်သဖြင့် ယောဂါဝစရပုဂ္ဂိုလ်သည် ဃနပြိုရေးအတွက် ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် နည်းအားဖြင့် ထပ်မံ၍ သိမ်းဆည်းရဦးမည်ဟု မှတ်သားထားပါလေ။ (လက္ခဏာဒိစတုက္ကပိုင်း[မှတ်စု ၆]တွင် ရှုပုံ ထင်ရှားလတ္တံ့။)

ဤသို့လျှင် ယောဂါဝစရပုဂ္ဂိုလ်သည် ရုပ်တရားကို သိမ်းဆည်းခြင်း, နာမ်တရားကို သိမ်းဆည်းခြင်း, ရုပ်နာမ်ကို ပူးတွဲသိမ်းဆည်းခြင်း, နာမ်ရုပ်ကို ပိုင်းခြားမှတ်သားခြင်း ဟူသည့် လုပ်ငန်းခွင်ကြီး (၄)ဆင့်ကို ပိုင်ပိုင်နိုင်နိုင် သိမ်းဆည်း ရှုပွားနိုင်သောအခါ ထိုထို ဣရိယာပထအခိုက် သမ္ပဇညအခိုက်တို့၌လည်း –

၁။ ရူပ ပရိဂ္ဂဟ = ရုပ်တရားကို သိမ်းဆည်းခြင်း,
၂။ အရူပ ပရိဂ္ဂဟ = နာမ်တရားကို သိမ်းဆည်းခြင်း,
၃။ ရူပါရူပ ပရိဂ္ဂဟ = ရုပ်နာမ်ကို ပူးတွဲသိမ်းဆည်းခြင်း,
၄။ နာမရူပ ဝဝတ္ထာန = နာမ်ရုပ်ကို ပိုင်းခြားမှတ်သားခြင်း –

ဤ လုပ်ငန်းခွင်ကြီး (၄)ရပ်ကို ဆက်လက်၍ ပြုကျင့်ပါ။ ထိုသို့ သိမ်းဆည်း ရှုပွားနိုင်သောအခါ လိုက်နာ ပြုကျင့်နိုင်သောအခါ ရှေ့သို့တစ်ဆင့် တက်၍ လိုက်နာပြုကျင့်ရမည့် လုပ်ငန်းစဉ်ကို ဘုရားရှင်ကိုယ်တော်တိုင်ပင်လျှင် မဟာသတိပဋ္ဌာနသုတ္တန်၌ ဤသို့ မိန့်ကြားထားတော်မူ၏ ..။

ဝိပဿနာပိုင်း - ပထမအဆင့်

ဘုရားရှင်သည် မဟာသတိပဋ္ဌာနသုတ္တန်ပါဠိတော်များ[မှတ်စု ၇]၌ ဝိပဿနာပိုင်း ပထမအဆင့်အနေဖြင့် ကာယ ဝေဒနာ စိတ္တ ဓမ္မ ဟူသော ခန္ဓာငါးပါး (= ရုပ်တရား နာမ်တရား) တို့ကို ..

၁။ အဇ္ဈတ္တ၌လည်းကောင်း,
၂။ ဗဟိဒ္ဓ၌လည်းကောင်း,
၃။ အဇ္ဈတ္တ ဗဟိဒ္ဓ၌လည်းကောင်း –

ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ သိမ်းဆည်းရှုပွားရန် ဘုရားရှင်သည် ညွှန်ကြားထားတော်မူပေသည်။ တစ်ဖန် အဋ္ဌကထာတို့[မှတ်စု ၈]ကလည်း “မြဲရာ၌ သံပတ်, တင်းရာ၌ သပ်ပင်း” ဟူ၏သို့ ဘုရားဟော ဒေသနာတော်ကြီးများကို ခိုင်ခံ့သည်ထက် ပို၍ ခိုင်ခံ့အောင် ဤသို့ ညွှန်ကြားထားတော်မူပြန်၏၊

“အဇ္ဈတ္တခန္ဓာငါးပါး သက်သက်ကို ဝိပဿနာရှုနေရုံ သက်သက်မျှဖြင့်ကား ဝုဋ္ဌာနဂါမိနိ အမည်ရသော ဝိပဿနာဉာဏ်[မှတ်စု ၉] အရိယမဂ်ဉာဏ်၏ ထမြောက် ဖြစ်ပေါ်ခြင်းသည် မဖြစ်နိုင်။ ထိုကြောင့် ဗဟိဒ္ဓကိုလည်း ဝိပဿနာ ရှုရမည်သာ ဖြစ်ပေသည်။ ထိုကြောင့် သူတစ်ပါးဟု ခေါ်ဆိုအပ်သော ဗဟိဒ္ဓ သက်ရှိသတ္တဝါတို့၏ ခန္ဓာငါးပါးတို့ကို လည်းကောင်း, သက်မဲ့ အနုပါဒိဏ္ဏသင်္ခါရတရားတို့ကိုလည်းကောင်း အနိစ္စဟုလည်းကောင်း, ဒုက္ခဟုလည်းကောင်း, အနတ္တဟုလည်းကောင်း ရှုပါ။”

တစ်ဖန် အနုပဒသုတ္တန်ဋီကာ[မှတ်စု ၁၀]၏ သတ်မှတ် ညွှန်ကြားတော်မူချက်နှင့် အညီ “သာဝကပါရမီဉာဏ် အရာဝယ် ဗဟိဒ္ဓကို ရှုရာ၌ ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ ဦးဖြူ ဦးနီ စသည်ဖြင့် ခွဲခြားဝေဖန်မှုကို မပြုဘဲ ဗဟိဒ္ဓချင်း တူညီ၍ သာမန်ပေါင်းစုခြုံငုံ၍သာ သက်ရှိခန္ဓာငါးပါးတို့ကိုလည်းကောင်း, အနုပါဒိဏ္ဏသင်္ခါရ အမည်ရသည့် သက်မဲ့ ဥတုဇရုပ်တို့ကိုလည်းကောင်း ဝိပဿနာရှုပွားသုံးသပ်ရ၏၊ တစ်ယောက်ချင်း ခွဲ၍ ရှုဖို့ မလို” ဟု သိရှိပါလေ။

ဗဟိဒ္ဓ၌ ရှုပုံစနစ် အမြွက်

ယောဂီသူတော်ကောင်းသည် အဇ္ဈတ္တ၌ ခန္ဓာငါးပါး = ရုပ်နာမ်တရားတို့ကို ပရမတ်သို့ ဉာဏ်အမြင်ဆိုက်အောင် သိမ်းဆည်းရှုပွားပြီးသောအခါ ဗဟိဒ္ဓ၌လည်း ခန္ဓာငါးပါး = ရုပ်နာမ်တရားတို့ကို စတင်၍ သိမ်းဆည်းရှုပွားနိုင်ပေပြီ။ အဇ္ဈတ္တ၌ ခန္ဓာငါးပါးကို ရှုပြီးမှ ဗဟိဒ္ဓခန္ဓာငါးပါးကို ရှုရမည်ဟု ဤသို့ကား အယူအဆ မမှားစေလိုပါ။ ဤစာမူ၌ အဇ္ဈတ္တဝယ် ခန္ဓာငါးပါးကို သိမ်းဆည်း ရှုပွားပုံကို ဖော်ပြပြီးမှ ဗဟိဒ္ဓ၌ ခန္ဓာငါးပါးကို သိမ်းဆည်းပုံကို ဖော်ပြ နေသောကြောင့်သာ ဤသို့ ပြောဆိုခြင်း ဖြစ်သည်။

ခန္ဓာငါးပါးကို သိမ်းဆည်းရာ၌ အဇ္ဈတ္တက စ၍ သိမ်းဆည်းသော ယောဂါဝစရပုဂ္ဂိုလ်လည်း ရှိ၏၊ ဗဟိဒ္ဓက စ၍ သိမ်းဆည်းသော ယောဂါဝစရပုဂ္ဂိုလ်လည်း ရှိ၏၊ အဇ္ဈတ္တက စ၍ ခန္ဓာငါးပါးကို သိမ်းဆည်းသော ယောဂါဝစရ ပုဂ္ဂိုလ်သည်လည်း အဇ္ဈတ္တခန္ဓာငါးပါးသက်သက်ကို ဝိပဿနာရှုရုံမျှဖြင့် အရိယမဂ်သို့ မဆိုက်ရောက်နိုင်သောကြောင့် ဗဟိဒ္ဓခန္ဓာငါးပါးနှင့် အနုပါဒိဏ္ဏသင်္ခါရတရားတို့ကိုလည်း ဆက်လက်၍ သိမ်းဆည်းရှုပွားရမည်သာ ဖြစ်သည်။ အလားတူပင် ဗဟိဒ္ဓက စ၍ ခန္ဓာငါးပါးတို့ကို (ခန္ဓာငါးပါးနှင့် အနုပါဒိဏ္ဏသင်္ခါရတရားတို့ကို) စတင်၍ သိမ်းဆည်းသော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း ဗဟိဒ္ဓခန္ဓာငါးပါးသက်သက်ကို ဝိပဿနာရှုနေရုံမျှဖြင့် အရိယမဂ်သို့ မဆိုက်ရောက်နိုင်ခြင်းကြောင့် အဇ္ဈတ္တခန္ဓာငါးပါးကိုလည်း ဆက်လက်၍ သိမ်းဆည်း ရှုပွားရမည်သာ ဖြစ်ပေသည်။[မှတ်စု ၁၁]

၁။ လိုအပ်ပါက ရှေးဦးစွာ သမာဓိကို ပြန်လည်၍ ထူထောင်ပါ။
၂။ လင်းရောင်ခြည်စွမ်းအင် အားကောင်းလာသောအခါ အဇ္ဈတ္တ၌ ရုပ်တရားတို့ကို တစ်ဖန် ပြန်၍ သိမ်းဆည်းပါ။
၃။ ထိုနောင် ယင်းလင်းရောင်ခြည်၏ အကူအညီဖြင့် ဝတ်ထားသော အဝတ်သင်္ကန်း၌ တည်ရှိသော ဓာတ်ကြီး လေးပါးကို သိမ်းဆည်းရှုပွားပါ။

ဤ အချိန်အခါမျိုး၌ အဝတ်သင်္ကန်း၌ တည်ရှိသော ဓာတ်ကြီး (၄)ပါးကို ဉာဏ်ဖြင့်မြင်အောင် ရှုနိုင်လျှင်ပင် လွယ်လွယ်ကူကူနှင့် ရုပ်ကလာပ်အမှုန်များကို တွေ့ရှိမည် ဖြစ်သည်။ အကယ်၍ အောင်မြင်မှု မရရှိပါက အဇ္ဈတ္တ၌ ရုပ်တရားတို့ကို တစ်ဖန် ပြန်သိမ်းဆည်း၍ အဝတ်သင်္ကန်း၌ တည်ရှိသော ဓာတ်ကြီး (၄)ပါးကို ပြန်လည်သိမ်းဆည်းပါ။ ဓာတ်ကြီးလေးပါးကို သိမ်းဆည်းနိုင်၍ ဓာတ်အစုအပုံ အတုံးအခဲကို တွေ့ရှိသောအခါ အာကာသဓာတ်ကို မြင်အောင် လင်းရောင်ခြည် အကူအညီဖြင့် စိုက်ရှုလိုက်ပါက ရုပ်ကလာပ်အမှုန်များကို လွယ်လွယ်ကူကူပင် တွေ့ရှိမည် ဖြစ်သည်။ အဝတ်သင်္ကန်းကို မမြင်တော့ဘဲ ရုပ်ကလာပ်တို့၏ အပေါင်းအစု အနေဖြင့်သာ တွေ့ရှိနေပေလိမ့်မည်။ ယင်း ရုပ်ကလာပ်တို့ကို ဓာတ်ခွဲပါ။ ယင်းရုပ်ကလာပ်တို့မှာ ရုပ်ကလာပ်တစ်ခု တစ်ခု၏ အတွင်း၌ တည်ရှိသော ဥတုခေါ်သည့် တေဇောဓာတ်ကြောင့် ဘုတ်အဆက်ဆက် ရိုက်ခတ်လျက် အထပ်ထပ်ဖြစ်နေသည့် ဥတုဇဩဇဋ္ဌမက ရုပ်တရားတို့ သာတည်း။ ဤနည်းဖြင့် သက်မဲ့လောက တစ်ခုလုံးသို့ ဉာဏ်ကို တဖြည်းဖြည်း ဖြန့်ကြက်၍ သစ်ပင် ရေ မြေ တော တောင် ရွှေ ငွေ စိန် ကျောက် စသည့် သက်မဲ့လောက၌ တည်ရှိသော ဓာတ်ကြီးလေးပါးကို စိုက်၍ ရှုပါ။ ရုပ်ကလာပ်အမှုန်များကိုသာ တွေ့မြင်သောအခါ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်အောင် ယင်းရုပ်ကလာပ်တို့ကို ဓာတ်ခွဲလျက် ပရမတ္ထရုပ်တရားတို့ကို သိမ်းဆည်းပါ။ ယင်းသက်မဲ့လောက၌ တည်ရှိသော ရုပ်တရားတို့မှာ ဥတုဇသုဒ္ဓဋ္ဌကကလာပ်နှင့် အသံပါသော် ဥတုဇ-သဒ္ဒနဝကကလာပ် (၂)မျိုးတို့သာတည်း။

တစ်ဖန် ယောဂီသူတော်ကောင်းသည် အဇ္ဈတ္တ၌ ရှုသည့် ပုံစံအတိုင်းပင် ဗဟိဒ္ဓ သက်ရှိလောကဝယ် (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်အစစ်နှင့် ရုပ်အတုများကို ဆက်လက်၍ သိမ်းဆည်းရှုပွားပါ။ ထိုသို့ရှုရာ၌ ရှေ့ဦးစွာ အနီး၌ တည်ရှိသော သက်ရှိလောကက စ၍ သိမ်းဆည်း ရှုပွားပါ။ ဥပမာ – အဇ္ဈတ္တ မျက်စိ၌ (၆၃)မျိုးသော ရုပ်တရားတို့ကို သိမ်းဆည်းပါ။ ဗဟိဒ္ဓ အနီးဝန်းကျင်၌ တည်ရှိသော သက်ရှိလောက၏ (ယောက်ျား မိန်းမ ဦးဖြူ ဦးနီ စသည်ဖြင့် မခွဲခြားဘဲ သာမန် ပေါင်းစုခြုံငုံ၍) မျက်စိဝယ် တည်ရှိသော (၆၃)မျိုးသော ရုပ်တရားတို့ကို သိမ်းဆည်းပါ။ ထိုနောင် ဘာဝနာစွမ်းအင် ကြီးမားအောင် အရှိန်အဝါ အားကောင်းအောင် အဇ္ဈတ္တ တစ်လှည့် ဗဟိဒ္ဓ တစ်လှည့် သိမ်းဆည်းရှုပွားပါ။ ကြွင်းကျန်သော (၅)ဒွါရနှင့် (၄၂)ကောဋ္ဌာသတို့၌ ပုံစံတူပင် သိမ်းဆည်း ရှုပွားပါ။ ထိုနောင် (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိသော ရုပ်အစစ် ရုပ်အတုအားလုံးကို ခြုံငုံ၍ ‘ရုပ်တရား ရုပ်တရား’ဟု အဇ္ဈတ္တ တစ်လှည့် ဗဟိဒ္ဓတစ်လှည့် သိမ်းဆည်းရှုပွားပါ။ ထိုနောင် တစ်စ တစ်စ တိုးချဲ့၍ ပုံစံတူပင် ရှုပါ။ (၃၁)ဘုံကို ခြုံငုံ၍ စွမ်းနိုင်ပါက အနန္တစကြဝဠာသို့တိုင်အောင် ဖြန့်ကြက်၍ သိမ်းဆည်း ရှုပွားပါ။ အဇ္ဈတ္တ ဗဟိဒ္ဓ တစ်လှည့်စီ သိမ်းဆည်း ရှုပွားပါမှ ဘာဝနာစွမ်းအား ကြီးမားနိုင်သည်ကို သတိပြုပါ။

ထိုနောင် နာမ်တရားများကိုလည်း အဇ္ဈတ္တ၌ သိမ်းဆည်း ရှုပွားသည့် ပုံစံနည်းစနစ်အတိုင်း (၆)လိုင်းလုံး ကုန်စင်အောင် သိမ်းဆည်းရှုပွားပါ။ ပုံစံဆိုရသော် အဇ္ဈတ္တဝယ် ရူပါရုံလိုင်း နာမ်တရားတို့ကို သိမ်းဆည်းရာ၌ .. စက္ခုဒွါရနှင့် မနောဒွါရကို ပူးတွဲသိမ်းဆည်းလျက် ရုပ်ကလာပ်အများစု၏ သို့မဟုတ် ရုပ်ကလာပ်တစ်ခု၏ ရူပါရုံ အရောင်ကို အာရုံယူ၍ ယောနိသောမနသိကာရ အယောနိသောမနသိကာရ အားလျော်စွာ ဖြစ်ပေါ်လာကြသော ကုသိုလ်ဇော စောသည့် စက္ခုဒွါရဝီထိ မနောဒွါရဝီထိ အကောင်းအုပ်စု နာမ်တရား, အကုသိုလ်ဇော စောသည့် စက္ခုဒွါရဝီထိ မနောဒွါရဝီထိ မကောင်းအုပ်စု နာမ်တရားတို့ကို သိမ်းဆည်းရှုပွားသည့် နည်းစနစ်အတိုင်း ..

ဗဟိဒ္ဓ၌လည်း –– မည်သည့်ပုဂ္ဂိုလ်သတ္တဝါ၏ စက္ခုအကြည် ဘဝင်မနောအကြည် ရူပါရုံ ဤသို့ စသည်ဖြင့် ခွဲခြမ်းဝေဖန်မှု မပြုဘဲ ဗဟိဒ္ဓချင်း တူညီ၍ သာမန်ပေါင်းစု ခြုံငုံလျက် –

၁။ စက္ခုအကြည်ဓာတ် = စက္ခုဒွါရနှင့် ဘဝင်မနောအကြည်ဓာတ် = မနောဒွါရကို ပြိုင်တူထင်အောင် သိမ်းဆည်းလျက်
၂။ ရုပ်ကလာပ်အများစု၏ သို့မဟုတ် ရုပ်ကလာပ်တစ်ခု၏ ရူပါရုံအရောင်ကို အာရုံယူ၍ ..

ယောနိသောမနသိကာရ အယောနိသောမနသိကာရ အားလျော်စွာ ဖြစ်ပေါ်သွားကြသော အကောင်းအုပ်စု မကောင်းအုပ်စု စက္ခုဒွါရဝီထိ-မနောဒွါရဝီထိ နာမ်တရားတို့ကို သိမ်းဆည်းရှုပွားပါ။ သဒ္ဒါရုံလိုင်း စသည်တို့၌လည်း နည်းတူ မှတ်ပါ။ ဤနာမ်တရားတို့ကို သိမ်းဆည်းသည့် အပိုင်း၌လည်း အနီးမှသည် အဝေးသို့ (၃၁)ဘုံကို ခြုံငုံ၍ စွမ်းနိုင်ပါက အနန္တစကြဝဠာသို့ တိုင်အောင် ဉာဏ်ကို ဖြန့်ကြက်၍ သိမ်းဆည်းနိုင်သည့်တိုင်အောင် တစ်စတစ်စ တိုးချဲ့၍ တိုးချဲ့၍ သိမ်းဆည်း ရှုပွားပါ။ ဤနာမ်ပိုင်း၌လည်း အဇ္ဈတ္တ ဗဟိဒ္ဓ တစ်လှည့်စီ အပြန်ပြန် အလှန်လှန် သိမ်းဆည်းရှုပွားပါမှ ဘာဝနာစွမ်းအင် အရှိန်အဝါသည် အားကောင်းလာမည် ဖြစ်ပေသည်။

ထိုသို့ ဗဟိဒ္ဓ၌ တည်ရှိသော ရုပ်နာမ်တို့ကို သိမ်းဆည်း ရှုပွားရာ၌ ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ ဦးဖြူ ဦးနီ စသည်ဖြင့် သန္တာန် ခွဲခြား ဝေဖန်မှု မပြုဘဲ ဗဟိဒ္ဓချင်း တူညီသောအားဖြင့်သာ သာမန်ပေါင်းစုခြုံငုံ၍ ရှုရ၏၊ ဗဟိဒ္ဓ၌ (၃၂)ကောဋ္ဌာသတို့ကို ရှုသည့်အပိုင်း၌ သတ္တဝါ တစ်ဦး၏ သန္တာန်၌ တည်ရှိသော (၃၂)ကောဋ္ဌာသတို့ကို ရှု၍ ရနိုင်သဖြင့် ဗဟိဒ္ဓ ရုပ်တရားတို့ကို သိမ်းဆည်းရှုပွားရာ၌ သတ္တဝါတစ်ဦးချင်း၏ သန္တာန်ဝယ် (၃၂)ကောဋ္ဌာသ၌ တည်ရှိသော ရုပ်တရားအဝင်အပါ ရုပ်အားလုံးကို ခြုံ၍ရှုသော် ရှု၍ ရရှိနိုင်သေး၏၊ နာမ်တရားပိုင်း၌ကား ဝိပဿနာ အရာဝယ် တစ်ဦး၏ စိတ်ကို တစ်ဦးက ဝိပဿနာဉာဏ်ဖြင့် မသိနိုင်။ တစ်ဦး၏ စိတ်ကို တစ်ဦးက အတိအကျ သိရှိနိုင်မှုမှာ သူတစ်ပါး၏ စိတ်ကို သိသော ပရစိတ္တဝိဇာနနအဘိညာဏ်၏ အရာသာဖြစ်သည်၊ ဝိပဿနာဉာဏ်၏ အရာကား မဟုတ်ပေ။ ဝိပဿနာအရာ၌ကား ပုဂ္ဂိုလ်သတ္တဝါ မခွဲဝေဘဲ ခြုံငုံ၍သာ ရှုရသည်။ ဤကား သာဝကတို့၏ သမ္မသနစာရခေတ် = လက္ခဏာရေးသုံးတန် တင်၍ ဝိပဿနာ ရှုပွားသုံးသပ်ထိုက်သော ဝိပဿနာဉာဏ်၏ ကျက်စားရာ နယ်မြေ ဖြစ်သည်။

ယောဂီသူတော်ကောင်းသည် အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌ ရုပ်နာမ်ကို သိမ်းဆည်းခြင်း လုပ်ငန်းရပ်ကြီး အောင်မြင်ပါက အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌ ..

၁။ ရုပ်သက်သက်ကို သိမ်းဆည်းခြင်း (၆-ဒွါရ ၄၂-ကောဋ္ဌာသ)၊
၂။ နာမ်သက်သက်ကို သိမ်းဆည်းခြင်း (၆-လိုင်းလုံး)၊
၃။ ရုပ်နာမ်ကို ပူးတွဲသိမ်းဆည်းခြင်း = ရုပ်နာမ် ခွဲခြင်း (၆-လိုင်းလုံး)၊
၄။ ရုပ်နာမ်ကို ပိုင်းခြားမှတ်သားခြင်း (၆-လိုင်းလုံး) –
ဤလုပ်ငန်းခွင်ကြီး (၄)ရပ်ကို အဆင့်ဆင့် ပြုကျင့်ပါ။

ဝိပဿနာပိုင်း - ဒုတိယအဆင့်

အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန် နှစ်မျိုးလုံးတို့၌ ရုပ်တရားကို သိမ်းဆည်းခြင်း, နာမ်တရားကို သိမ်းဆည်းခြင်း, ရုပ်နာမ်ကို သိမ်းဆည်းခြင်း, ရုပ်နာမ်ကို ပိုင်းခြား မှတ်သားခြင်းဟူသော ဤလုပ်ငန်းခွင်ကြီး (၄)ရပ်ကို ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ပြုကျင့်ပြီးသောအခါ ရှေ့သို့ တစ်ဆင့်တက်၍ လိုက်နာ ပြုကျင့်ရမည့် ကျင့်စဉ်ကို အောက်ပါအတိုင်း ဘုရားရှင်က ညွှန်ကြားထားတော်မူပြန်၏ ..။

သမုဒယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊
ဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ၊
သမုဒယဝယဓမ္မာနုပဿီ ဝါ ကာယသ္မိံ ဝိဟရတိ။
[မှတ်စု ၁၂](ဝေဒနာ-စိတ္တ-ဓမ္မတို့၌လည်း ပုံစံတူပင် ဟောကြားထားတော်မူပေသည်။)

ဤအပိုင်းတွင် ဘုရားရှင်သည် ..
၁။ ပစ္စယတော ဥဒယဗ္ဗယဒဿန၊
၂။ ခဏတော ဥဒယဗ္ဗယဒဿန –

ဤ ဒဿန နှစ်မျိုးသို့ ဆိုက်သည်တိုင်အောင် ဝိပဿနာရှုပွားသုံးသပ်ရန် ညွှန်ကြားထားတော်မူသည်။ ၁။ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ အစရှိသော အကြောင်း သမုဒယသစ္စာတရားများ ထင်ရှား ဖြစ်ခြင်းကြောင့် အကျိုးခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့ ထင်ရှားဖြစ်ပုံကိုလည်းကောင်း (= ပစ္စယတော ဥဒယဒဿနတည်း)၊

၂။ အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကံ – အစရှိသော အကြောင်း သမုဒယသစ္စာတရားတို့၏ အရဟတ္တမဂ်ကြောင့် နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားခြင်းကြောင့် (= အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်း သွားခြင်းကြောင့်) ခန္ဓာငါးပါး အကျိုး ဝိပါကဝဋ် ဒုက္ခသစ္စာတရားတို့၏ ပရိနိဗ္ဗာနစုတိ၏ နောက်ဆွယ်တွင် နောင်တစ်ဖန် မဖြစ်သောအားဖြင့် ချုပ်ငြိမ်းပုံ (= အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းပုံ) ကိုလည်းကောင်း (= ပစ္စယတော ဝယဒဿနတည်း)၊

၃။ အကြောင်း-အကျိုး နှစ်ရပ်လုံးတို့၏ ဖြစ်မှု ဥပါဒ်ကိုလည်းကောင်း (= ခဏတော ဥဒယဒဿနတည်း)၊ ၄။ အကြောင်း-အကျိုး နှစ်ရပ်လုံးတို့၏ ခဏမစဲ တသဲသဲ ပျက်မှု ဘင်ကိုလည်းကောင်း (= ခဏတော ဝယဒဿန တည်း) –

ဤ (၄)မျိုးသော အခြင်းအရာတို့ကို ဉာဏ်ဖြင့် မြင်အောင် သိမ်းဆည်းလျက် ယင်း ကြောင်း-ကျိုး = သင်္ခါရ တရားတို့ကို လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်ရန် ဘုရားရှင်သည် ညွှန်ကြားထားတော် မူပေသည်။ ဤအပိုင်းတွင် ..

၁။ ပစ္စယပရိဂ္ဂဟဉာဏ်
၂။ သမ္မသနဉာဏ်
၃။ ဥဒယဗ္ဗယဉာဏ် -

ဤဉာဏ် (၃)မျိုးတို့ကို တစ်ပေါင်းတစ်စုတည်းပြု၍ ဘုရားရှင်သည် ဟောကြားထားတော်မူပေသည်။ တစ်ဖန် ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်း၌လည်း ပစ္စယပရိဂ္ဂဟ, အဒ္ဓါနပရိဂ္ဂဟဟု ပရိဂ္ဂဟနှစ်မျိုး ပါဝင်လျက်ရှိ၏၊

ပစ္စယပရိ ဂ္ဂဟ - – ဆိုင်ရာ ဆိုင်ရာ အတိတ်က ပြုစုပျိုးထောင်ခဲ့သော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသော အကြောင်း သမုဒယသစ္စာတရားတို့ကြောင့် ဤပစ္စုပ္ပန်တွင် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဟူသော အကျိုး ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့၏ ထင်ရှားဖြစ်ပုံကို ပဓာနထား၍ သိမ်းဆည်းသည့် အပိုင်းသည် ပစ္စယပရိဂ္ဂဟပိုင်းတည်း။

အဒ္ဓါနပရိဂ္ဂဟ - – အတိတ် အနာဂတ် အဆက်ဆက်၌လည်း ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားနှင့် ဆိုင်ရာ ဆိုင်ရာ အကျိုးတရားတို့ကို သိမ်းဆည်းသည့်အပိုင်းသည်ကား အဒ္ဓါနပရိဂ္ဂဟပိုင်းတည်း။ ယင်းပရိဂ္ဂဟ နှစ်မျိုးလုံးကိုပင် တစ်ပေါင်းတည်း ပြု၍ ပစ္စယပရိဂ္ဂဟဉာဏ်ပိုင်းဟူ၍လည်းကောင်း, ကင်္ခါဝိတရဏဝိသုဒ္ဓိပိုင်းဟူ၍လည်းကောင်း ခေါ်ဆိုပေသည်။ ပစ္စယပရိဂ္ဂဟဉာဏ်ကို ရရှိအောင် အားထုတ်ပုံ စနစ်များကို ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်းရှုကွက်ဖြင့် လည်းကောင်း, ပဋိစ္စသမုပ္ပါဒ် ပထမနည်းရှုကွက်ဖြင့်လည်းကောင်း ဆက်လက်၍ ရေးသားတင်ပြမည် ဖြစ်ပါသည်။

  1. (အဘိ၊ဋ္ဌ၊၁၊၃၁၄။)
  2. (ဝိသုဒ္ဓိ၊၂၊၂၆၁-၂၆၂။)
  3. ဉာတဉ္စ ဉာဏဉ္စ ဥဘောပိ ဝိပဿတိ။ (ဝိသုဒ္ဓိ၊၂၊၂၇၈။)
  4. (အဘိ၊ဋ္ဌ၊၂၊၄၇။ ဝိသုဒ္ဓိ၊၂၊၂၇၆။) ၄၆၁ ၆၇၁
  5. (ဝိသုဒ္ဓိ၊၂၊၃၀၁။)
  6. (စာမျက်နှာ၊၆၃၉။)
  7. (မ၊၁၊၇၃၊၇၅၊၇၆၊၇၇ ...။)
  8. (အဘိ၊ဋ္ဌ၊၁၊၂၇၀။ ဝိသုဒ္ဓိ၊၂၊၃၀၀၊၊)၅၆၆
  9. ဝုဋ္ဌာနဂါမိနိဝိပဿနာ---- သင်္ခါရအာရုံမှ ထမြောက်၍ သင်္ခါရတရားတို့၏ ချုပ်ငြိမ်းရာ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်ဘက်သို့ တစ်ဟုန်ထိုး ထမြောက်ပြေးသွားသော မဂ္ဂဝီထိစိတ်အစဉ်နှင့် ထိုမဂ္ဂဝီထိ၏ ရှေး၌ ကပ်လျက်ရှိသော နှစ်ခု သုံးခုသော မနောဒွါရိက ဝိပဿနာဇောဝီထိ စိတ်အစဉ်တို့ကို ဝုဋ္ဌာနဂါမိနိဝိပဿနာဟု ခေါ်ဆိုသည်။
  10. (မ၊ဋီ၊၃၊၂၇၄-၂၇၅။) ၄၅၆
  11. (အဘိ၊ဋ္ဌ၊၁၊၂၇၀-၂၇၁။ ဝိသုဒ္ဓိ၊၂၊၃၀၀- ကြည့်ပါ။) ၅၆၆
  12. (မ၊၁၊၇၃ ...)