နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/နိဒါနကထာ - အကြောင်းပြစာတမ်းလွှာ

နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း


ဖားအောက်တောရဆရာတော်

နိဗ္ဗာနဂါမိနိပဋိပဒါ နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) ကျမ်းစာများကို သဘောတရားရေးရာအပိုင်း တိုက်တွန်းချက်ဥယျောဇဉ်အပိုင်းတို့ဖြင့် ခြံရံတန်ဆာဆင်ထားပါသည်။

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊
ဒါနအားလုံးကို ဓမ္မဒါနက အောင်နိုင်၏၊

သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။
အရသာအားလုံးကို တရားအရသာက အောင်နိုင်၏၊

သဗ္ဗရတိံ ဓမ္မရတိ ဇိနာတိ၊
မွေ့လျော်ဖွယ်အားလုံးကို တရား၌ မွေ့လျော်ခြင်းက အောင်နိုင်၏၊

တဏှက္ခယော သဗ္ဗဒုက္ခံ ဇိနာတိ။
ဒုက္ခအားလုံးကို တဏှာကုန်ခြင်းက အောင်နိုင်၏၊

စိရံ တိဋ္ဌတု သဒ္ဓမ္မော၊ ဓမ္မေ ဟောန္တု သဂါရဝါ။
ဘုရားရှင်၏ အဆုံးအမ သာသနာတော်သည်
အဓွန့်ရှည်စွာ တည်ပါစေသတည်း။
သဒ္ဓမ္မသုံးဖြာ၌ ရိုသေလေးစားခြင်း ရှိကြပါစေကုန်သတည်း။

“ဓမ္မဒါန”

စင်္ကာပူနိုင်ငံရှိ အလှူရှင်များက စင်္ကာပူနိုင်ငံတွင် ပုံနှိပ်လှူဒါန်းကြပါသည်။

ဤကျမ်းစာကို ဓမ္မဒါနအဖြစ် မည်သူမဆို ကူးယူခွင့် ပုံနှိပ်ခွင့် ရှိသည်။

နိဒါနကထာ - အကြောင်းပြစာတမ်းလွှာ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ချစ်သား ရဟန်းတို့...အကြင်ရဟန်းတို့သည် အဓမ္မကို ဓမ္မဟု ထင်ရှားပြကြကုန်၏၊ ချစ်သား ရဟန်းတို့... ထိုရဟန်းတို့သည် လူများအပေါင်း၏ (လူ-နတ်-နိဗ္ဗာန် သုံးတန်သော) အစီးအပွားမဲ့ခြင်းငှာ, လူများအပေါင်း၏ (လူနတ်-နိဗ္ဗာန် သုံးတန်သော) ချမ်းသာမဲ့ခြင်းငှာ, လူများအပေါင်း၏ (လူ-နတ်-နိဗ္ဗာန် သုံးတန်သော) အကျိုးမဲ့ခြင်းငှာ, နတ်လူတို့၏ (လူ-နတ်-နိဗ္ဗာန် သုံးတန်သော) အစီးအပွားမဲ့ခြင်းငှာ ဆင်းရဲခြင်းငှာ ကျင့်သည် မည်ကုန်၏၊ ချစ်သား ရဟန်းတို့... ထိုရဟန်းတို့သည် များစွာသော အကုသိုလ်ကိုလည်း ဖြစ်ပွားစေသည် မည်ကုန်၏၊ ထိုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း ကွယ်ပျောက်စေသည် မည်ကုန်၏၊[မှတ်စု ၁]

ချစ်သား ရဟန်းတို့...အကြင်ရဟန်းတို့သည် ဓမ္မကို အဓမ္မဟု ထင်ရှားပြကြကုန်၏၊ ချစ်သား ရဟန်းတို့... ထိုရဟန်းတို့သည် လူများအပေါင်း၏ (လူ-နတ်-နိဗ္ဗာန် သုံးတန်သော) အစီးအပွားမဲ့ခြင်းငှာ, လူများအပေါင်း၏ (လူနတ်-နိဗ္ဗာန် သုံးတန်သော) ချမ်းသာမဲ့ခြင်းငှာ, လူများအပေါင်း၏ (လူ-နတ်-နိဗ္ဗာန် သုံးတန်သော) အကျိုးမဲ့ခြင်းငှာ, နတ်လူတို့၏ (လူ-နတ်-နိဗ္ဗာန် သုံးတန်သော) အစီးအပွားမဲ့ခြင်းငှာ ဆင်းရဲခြင်းငှာ ကျင့်သည် မည်ကုန်၏၊ ချစ်သား ရဟန်းတို့... ထိုရဟန်းတို့သည် များစွာသော အကုသိုလ်ကိုလည်း ဖြစ်ပွားစေသည် မည်ကုန်၏၊ ထိုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း ကွယ်ပျောက်စေသည် မည်ကုန်၏၊[မှတ်စု ၂]

ချစ်သား ရဟန်းတို့...အကြင်ရဟန်းတို့သည် အဓမ္မကို အဓမ္မဟု ထင်ရှားပြကြကုန်၏၊ ချစ်သား ရဟန်းတို့... ထိုရဟန်းတို့သည် လူများအပေါင်း၏ (လူ-နတ်-နိဗ္ဗာန် သုံးတန်သော) အစီးအပွားဖြစ်ခြင်းငှာ, လူများအပေါင်း၏ (လူနတ်-နိဗ္ဗာန် သုံးတန်သော) ချမ်းသာကို ရရှိခြင်းငှာ, လူများအပေါင်း၏ (လူ-နတ်-နိဗ္ဗာန် သုံးတန်သော) အကျိုးဖြစ်ခြင်းငှာ, နတ်လူတို့၏ (လူ-နတ်-နိဗ္ဗာန် သုံးတန်သော) အစီးအပွားဖြစ်ခြင်းငှာ ချမ်းသာခြင်းငှာ ကျင့်သည် မည်ကုန်၏၊ ချစ်သား ရဟန်းတို့... ထိုရဟန်းတို့သည် များစွာသော ကုသိုလ်တရားကိုလည်း ဖြစ်ပွားစေသည် မည်ကုန်၏၊ ထိုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း အရှည်ခိုင်ခံ့ တည်တံ့စေသည် မည်ကုန်၏၊[မှတ်စု ၃]

ချစ်သား ရဟန်းတို့... အကြင်ရဟန်းတို့သည် ဓမ္မကို ဓမ္မဟု ထင်ရှားပြကြကုန်၏၊ ချစ်သား ရဟန်းတို့... ထိုရဟန်းတို့သည် လူများအပေါင်း၏ (လူ-နတ်-နိဗ္ဗာန် သုံးတန်သော) အစီးအပွားဖြစ်ခြင်းငှာ, လူများအပေါင်း၏ (လူနတ်-နိဗ္ဗာန် သုံးတန်သော) ချမ်းသာကို ရရှိခြင်းငှာ, လူများအပေါင်း၏ (လူ-နတ်-နိဗ္ဗာန် သုံးတန်သော) အကျိုးဖြစ်ခြင်းငှာ, နတ်လူတို့၏ (လူ-နတ်-နိဗ္ဗာန် သုံးတန်သော) အစီးအပွားဖြစ်ခြင်းငှာ ချမ်းသာခြင်းငှာ ကျင့်သည် မည်ကုန်၏၊ ချစ်သား ရဟန်းတို့... ထိုရဟန်းတို့သည် များစွာသော ကုသိုလ်တရားကိုလည်း ဖြစ်ပွားစေသည် မည်ကုန်၏၊ ထိုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း အရှည်ခိုင်ခံ့ တည်တံ့စေသည် မည်ကုန်၏၊[မှတ်စု ၄] 

ဤကဲ့သို့ ဘုရားရှင် ညွှန်ကြားပြသ ဆိုဆုံးမထားတော်မူခဲ့သည့်အတိုင်း ထေရဝါဒပိဋကပါဠိတော်နှင့် အညီ “ဝိပဿနာကျင့်စဉ်ပိုင်းဆိုင်ရာ”၌ “ဓမ္မနှင့် အဓမ္မ”ကို ကွဲကွဲပြားပြား သိရှိကြပါစေဟူသော မွန်မြတ်သော ဦးတည်ချက်ဖြင့် တစ်ချိန်က အမှတ်မထင်သော တစ်နေရာတွင် ဝိပဿနာသင်တန်းတစ်ခုကို ပို့ချပေးခဲ့ဖူး၏၊ ထိုသင်တန်းတွင် သင်တန်းသူ သင်တန်းသားများ လက်စွဲစာစောင်အဖြစ် အသုံးပြုရန် ရည်ရွယ်ကာ ဤစာမူကို စုစည်းခဲ့ပါသည်။ ထိုသို့ စုစည်းရာ၌ အချိန်၏ တိုတောင်းမှုစသည့် အကြောင်းအမျိုးမျိုးကြောင့် သန့်ရှင်းသော စာမူတစ်ခုကား မဖြစ်ခဲ့ပါ။ သို့သော် ထိုစာမူကို ရိုက်နှိပ်လှူဒါန်းပူဇော်လိုသူ အလှူရှင်တို့၏ လျှောက်ထားတောင်းပန်ချက်အရ သန့်ရှင်းသော စာမူတစ်ခု အဖြစ်သို့ ရောက်အောင် ပို့ဆောင်ပေးလိုက်ပါသည်။

ဝိပဿနာကျင့်စဉ်ပိုင်းဆိုင်ရာ၌ ဘုရားရှင်သည် မဟာသတိပဋ္ဌာနသုတ္တန်နိဒါန်းတွင် ဤသို့ မိန့်ကြားထားတော် မူခဲ့၏ ..။

"ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ဝိသုဒ္ဓိယာ, သောကပရိဒေဝါနံ သမတိက္ကမာယ, ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ, ဉာယဿ အဓိဂမာယ, နိဗ္ဗာနဿ သစ္ဆိကိရိယာယ၊ ယဒိဒံ စတ္တာရော သတိပဋ္ဌာနာ။[မှတ်စု ၅]

“ရဟန်းတို့ ... ဤခရီးလမ်းသည် .. သတ္တဝါတို့၏ စိတ်ဓာတ် သန့်ရှင်းစင်ကြယ်ရန်, စိုးရိမ်ပူပန်ခြင်း ငိုကြွေးခြင်းတို့ကို ကျော်လွှားလွန်မြောက်ရန်, ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းတို့ ချုပ်ငြိမ်းရန်, အရိယမဂ်ကို ရရှိရန်, နိဗ္ဗာန်ကို မျက်မှောက်ပြုရန် တစ်ကြောင်းတည်းသော ခရီးလမ်း .. ဖြစ်ပေ၏၊ ယင်းသည့်ခရီးလမ်းသည်ကား ဤသတိပဋ္ဌာန်တရား လေးပါးတို့ပင်တည်း။”[မှတ်စု ၆]

ဤသို့ မိန့်ကြားတော်မူချက်နှင့် ဆက်စပ်၍ “နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း”သာ ရှိသည်ကို နားလည်သဘောပေါက်စေရန်ဟူသော ဦးတည်ချက်ဖြင့်လည်း ဤစာမူကို စုစည်းခဲ့ခြင်း ဖြစ်ပါသည်။

ဤအရာတွင် အဘယ်အကြောင်းကြောင့် ယောဂီသူတော်စင်တို့အား “ဝိပဿနာကျင့်စဉ်ပိုင်းဆိုင်ရာ”၌ “ ဓမ္မနှင့် အဓမ္မ”ကို ကွဲကွဲပြားပြား သိစေလိုပါသနည်း? “နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း”သာ ရှိသည်ကို နားလည်သဘောပေါက်စေလိုပါသနည်း?ဟု မေးရန် ရှိ၏၊ အဖြေမှာ ဤသို့ ဖြစ်၏ ..။

သမဏရဟန်းနှင့် ဗြာဟ္မဏရဟန်း

သမဏရဟန်း –– သမိတပါပတ္တာ သမဏော ..ဟူသော ပါဠိတော်[မှတ်စု ၇]နှင့် အညီ ..ပါးလျှပ်သော ကိလေသာ, ထူထပ်သော ကိလေသာဟူသည့် မကောင်းမှု အကုသိုလ်တရား အားလုံးတို့ကို အကြွင်းအကျန်မရှိ အကုန်အစင် ငြိမ်းအေးအောင် ငြှိမ်းသတ်တတ်သောကြောင့် သမဏရဟန်း မည်ပေသည်။

ပရိနိဗ္ဗာန်စံလွန်တော်မူမည့်ညဉ့်တွင် သုဘဒ္ဒါပရိဗိုဇ်အား ဘုရားရှင်က ဤသို့ မိန့်ကြားသွားတော်မူ၏ ..။ “သုဘဒ္ဒ...ဤငါဘုရားရှင်၏ အဆုံးအမသာသနာတော်တွင်း၌သာလျှင် မဂ္ဂင် (၈)ပါးကျင့်စဉ်တရားသည် ထင်ရှား တည်ရှိ၏၊ ယင်းမဂ္ဂင် (၈)ပါးကျင့်စဉ်တရားတို့ကို အောင်အောင်မြင်မြင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြသဖြင့် ဤငါဘုရားရှင်၏ အဆုံးအမသာသနာတော်တွင်း၌သာလျှင် ပထမရဟန်း (= သောတာပန်) သည်လည်း ထင်ရှား တည်ရှိ၏၊ ဒုတိယရဟန်း (= သကဒါဂါမ်) သည်လည်း ထင်ရှားတည်ရှိ၏၊ တတိယရဟန်း (= အနာဂါမ်) သည်လည်း ထင်ရှားတည်ရှိ၏၊ စတုတ္ထရဟန်း (= ရဟန္တာ) သည်လည်း ထင်ရှားတည်ရှိ၏၊ သို့သော် ငါဘုရားရှင်၏ အဆုံးအမ သာသနာတော်မှတစ်ပါး အခြားအခြားသော အယူဝါဒတို့၌ကား မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားသည်လည်း ထင်ရှား မတည်ရှိ၊ မဂ္ဂင် (၈)ပါးကျင့်စဉ်တရားကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြသည့်သူတို့လည်း ထင်ရှားမရှိကြကုန်။ သို့အတွက် ယင်းအယူဝါဒတို့၌ ပထမရဟန်း (= သောတာပန်) မှလည်း ဆိတ်သုဉ်း၏၊ ဒုတိယရဟန်း (= သကဒါဂါမ်) မှလည်း ဆိတ်သုဉ်း၏၊ တတိယရဟန်း (= အနာဂါမ်) မှလည်း ဆိတ်သုဉ်း၏၊ စတုတ္ထရဟန်း (= ရဟန္တာ) မှလည်း ဆိတ်သုဉ်း၏၊

သုဘဒ္ဒ...ဤငါဘုရားရှင်၏ အဆုံးအမ သာသနာတော်တွင်း၌ ယင်းရဟန်းတော်တို့သည် ဤမဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတို့ကို မိမိတို့ ကိုယ်တိုင်လည်း ကောင်းစွာ ကျင့်ကြကုန်လျက် သူတစ်ပါးတို့ကိုလည်း ကောင်းစွာ ကျင့်စေကြကုန်လျက် ကောင်းမွန်စွာ နေထိုင်သွားကြကုန်သည် ဖြစ်ငြားအံ့၊ ဤလောကကြီးသည် ရဟန္တာပုဂ္ဂိုလ်တို့ဖြင့် မဆတ်သုဉ်းနိုင်လေရာ”ဟု မိန့်ကြားသွားတော်မူ၏၊[မှတ်စု ၈]

သမ္မာဝိဟရေယျုံ = ကောင်းမွန်စွာ နေထိုင်ပုံစနစ်–– ရဟန်းတော်တို့သည် ဤဘုရားရှင်၏ သာသနာတော်တွင်း၌ မဂ္ဂင် (၈)ပါးကျင့်စဉ်တရားတို့ကို မိမိတို့ကိုယ်တိုင်လည်း ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြကုန်လျက် နေထိုင်ကြရာဝယ် ရဟန်းတော်တစ်ပါးက မိမိကိုယ်တိုင် သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်ပြီးသည့်အခါ အခြားရဟန်းတော်တစ်ပါးကိုလည်း အလားတူပင် သောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်အောင်၊ တစ်ဖန် မိမိက သကဒါဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်ပြီးသည့်အခါ အခြားရဟန်းတော်တစ်ပါးကိုလည်း သကဒါဂါမိ မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်အောင်၊ တစ်ဖန် မိမိက အနာဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်ပြီးသည့်အခါ အခြားရဟန်းတော်တစ်ပါးကိုလည်း အနာဂါမိမဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်အောင်၊ တစ်ဖန် မိမိက အရဟတ္တ မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်ပြီးသည့်အခါ အခြားရဟန်းတော်တစ်ပါးကိုလည်း အရဟတ္တမဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ဆိုက်ရောက်အောင် မဂ္ဂင် (၈)ပါးကျင့်စဉ်တရားတို့ကို လက်ဆင့်ကမ်းကာ သင်ကြားပြသလျက် နေထိုင်သွားကြမည်ဆိုပါက ဤကဲ့သို့သော နေထိုင်နည်းမျိုးကို ဤသာသနာတော်၌ ကောင်းမွန်စွာ နေထိုင်နည်းဟု ဆိုလိုကြောင်းကို အဋ္ဌကထာ[မှတ်စု ၉]က ရှင်းလင်းတင်ပြထား၏၊ ရဟန်းတော်တို့သည် ဤသာသနာတော်မြတ်အတွင်း၌ .. ဤကဲ့သို့ .. ကောင်းမွန်စွာ နေထိုင်သွားကြပါက ဤလောကကြီးသည် ရဟန္တာပုဂ္ဂိုလ်တို့မှ မဆိတ်သုဉ်းနိုင်ဟု ဆိုလိုပေသည်။

ဗြာဟ္မဏရဟန်း–– ဤအရာတွင် ဇာတိဗြာဟ္မဏ ဝိသုဒ္ဓိဗြာဟ္မဏဟု ဗြာဟ္မဏ နှစ်မျိုး ရှိနေပေ၏၊[မှတ်စု ၁၀]အမျိုးဇာတ် အားဖြင့် ဗြာဟ္မဏအမည်ရသည့် ပုဏ္ဏားတို့ကို ဇာတိဗြာဟ္မဏဟု ခေါ်ဆို၏၊ ယင်းတို့ကို သာသနာတော်၌ကား ဗြာဟ္မဏဟု မဆိုလိုပါ။ သာသနာတော်၌ကား – ဗာဟိတပါပေါတိ ဗြာဟ္မဏော[မှတ်စု ၁၁] ..ဟု ဘုရားရှင် ဟောကြားထားတော်မူသည်နှင့် အညီ ပါးလျှပ်သော ကိလေသာ, ထူထပ်သော ကိလေသာဟူသည့် မကောင်းမှု အကုသိုလ်တရား အားလုံးတို့မှ အပ ပြုအပ်ပြီးသည့် အဖြစ်ကြောင့် အရိယာသူတော်ကောင်းတို့ကို ဗြာဟ္မဏဟု ခေါ်ဆိုပေသည်။

ဘုရားရှင်၏ အသိအမှတ်ပြုခြင်းကို ခံယူရသော သမဏရဟန်းနှင့် ဗြာဟ္မဏရဟန်း

ဣတိဝုတ်ပါဠိတော်[မှတ်စု ၁၂]တွင် ဘုရားရှင်သည် မည်သည့်ပုဂ္ဂိုလ်များကို သမဏဟုလည်းကောင်း ဗြာဟ္မဏဟု လည်းကောင်း ခေါ်ဆိုကြောင်းကို ဤသို့ မိန့်ကြားသွားတော်မူ၏ ..။

“ချစ်သား ရဟန်းတို့ ...ခပ်သိမ်းကုန်သော အကြင် သမဏဗြာဟ္မဏတို့သည် ..

၁။ ‘ဤကား ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား ဒုက္ခအရိယသစ္စာတရားတည်း’ဟု ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်ကြကုန်၊

ယေ စ ခေါ ကေစိ ဘိက္ခဝေ သမဏာ ဝါ ဗြာဟ္မဏာ ဝါ ‘ဣဒံ ဒုက္ခ’န္တိ ယထာဘူတံ ပဇာနန္တိ၊ ‘အယံ ဒုက္ခသမုဒယော’တိ ယထာဘူတံ ပဇာနန္တိ၊ ‘အယံ ဒုက္ခနိရောဓော’တိ ယထာဘူတံ ပဇာနန္တိ၊ ‘အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ’တိ ယထာဘူတံ ပဇာနန္တိ၊ တေ ခေါ မေ ဘိက္ခဝေ သမဏာ ဝါ ဗြာဟ္မဏာ ဝါ သမဏေသု စေဝ သမဏသမ္မတာ ဗြာဟ္မဏေသု စ ဗြာဟ္မဏသမ္မတာ, တေ စ ပနာယသ္မန္တော သာမညတ္ထဉ္စ ဗြာဟ္မညတ္ထဉ္စ ဝါ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရန္တီ”တိ။ (ဣတိဝုတ္တက၊ ခု၊၁၊၂၆၆၊ စာပိုဒ်၊၁၀၃။ သမဏဗြာဟ္မဏသုတ္တန်။)

၂။ ‘ဤကား ဒုက္ခဖြစ်ကြောင်း ဖြစ်သည့် အရိယာတို့၏ အမှန်တရား ဒုက္ခသမုဒယအရိယသစ္စာတရားတည်း’ဟု ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်ကြကုန်၊ ၃။ ‘ဤကား ဒုက္ခချုပ်ရာ ဖြစ်သည့် အရိယာတို့၏ အမှန်တရား ဒုက္ခနိရောဓအရိယသစ္စာတရားတည်း’ဟု ဟုတ်တိုင်း မှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်ကြကုန်၊

၄။ ‘ဤကား ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)တရားတည်း’ဟု ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်ကြကုန်။

ဤသို့ ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်ကြသည့် ထိုသမဏဗြာဟ္မဏတို့ကို သမဏတို့၌လည်း သမဏဟု ငါဘုရား မသမုတ်အပ်ကုန်၊ ဗြာဟ္မဏတို့၌လည်း ဗြာဟ္မဏဟု ငါဘုရား မသမုတ်အပ်ကုန်၊ ထိုအရှင်တို့သည် သမဏဖြစ်ရခြင်း၏အကျိုးကိုလည်းကောင်း, ဗြာဟ္မဏဖြစ်ရခြင်း၏ အကျိုးကိုလည်းကောင်း မျက်မှောက်သောဘဝ၌ပင် မိမိတို့ကိုယ်တိုင် သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ထွင်းဖောက်သိမြင်လျက် မျက်မှောက်ပြုကာ ရောက်၍ မနေကြရကုန်။

ချစ်သား ရဟန်းတို့ ...အကြင် သမဏဗြာဟ္မဏတို့သည်ကား ..

၁။ ‘ဤကား ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား ဒုက္ခအရိယသစ္စာတရားတည်း’ဟု ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ကြကုန်၏၊

၂။ ‘ဤကား ဒုက္ခဖြစ်ကြောင်း ဖြစ်သည့် အရိယာတို့၏ အမှန်တရား ဒုက္ခသမုဒယအရိယသစ္စာတရားတည်း’ဟု ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ကြကုန်၏၊ ၃။ ‘ဤကား ဒုက္ခချုပ်ရာ ဖြစ်သည့် အရိယာတို့၏ အမှန်တရား ဒုက္ခနိရောဓအရိယသစ္စာတရားတည်း’ဟု ဟုတ်တိုင်း မှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ကြကုန်၏၊

၄။ ‘ဤကား ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)တရားတည်း’ဟု ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ကြကုန်၏၊

ဤသို့ ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ကြသည့် သမဏ ဗြာဟ္မဏတို့ကို သမဏတို့၌လည်း သမဏဟု ငါဘုရား သမုတ်အပ်ကုန်၏၊ ဗြာဟ္မဏတို့၌လည်း ဗြာဟ္မဏဟု ငါဘုရား သမုတ်အပ်ကုန်၏၊ ထိုအရှင်တို့သည် သမဏဖြစ်ရခြင်း၏အကျိုးကိုလည်းကောင်း, ဗြာဟ္မဏဖြစ်ရခြင်း၏ အကျိုးကို လည်းကောင်း မျက်မှောက်သောဘဝ၌ပင် မိမိတို့ကိုယ်တိုင် သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ထွင်းဖောက်သိမြင်လျက် မျက်မှောက် ပြုကာ ရောက်၍ နေကြရကုန်၏၊”[မှတ်စု ၁၃]

ဤအထက်ပါဒေသနာတော်နှင့် အညီ ဘုရားရှင်ကိုယ်တော်တိုင်က အရိယသစ္စာလေးရပ် တရားမြတ်တို့ကို ဟုတ်တိုင်းမှန်စွာ သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်သိမြင်သူတို့ကိုသာ သမဏရဟန်းအဖြစ် ဗြာဟ္မဏရဟန်းအဖြစ် အသိအမှတ် ပြုထားတော်မူပေသည်။ အရိယသစ္စာလေးရပ် တရားမြတ်တို့ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်သူတို့ကိုကား သမဏရဟန်းအဖြစ် ဗြာဟ္မဏရဟန်းအဖြစ် ဘုရားရှင်က အသိအမှတ်ပြုတော်မမူ။[မှတ်စု ၁၄]ဤဘုရားရှင်၏ သာသနာတော်တွင်း၌ပင် ဘုရားရှင်ကိုယ်တော်တိုင်၏ သမဏ ရဟန်းအဖြစ် ဗြာဟ္မဏရဟန်းအဖြစ် အသိအမှတ်ပြုခြင်းကို ခံယူလိုသည့် သူတော်ကောင်းတိုင်း သူတော်ကောင်းတိုင်းသည် တစ်နည်းဆိုရသော် သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာဟူသည့် အရိယာအဆင့်သို့ ရောက်ရှိ တက်လှမ်းလိုသည့် သူတော်ကောင်းတိုင်း သူတော်ကောင်းတိုင်းသည် အရိယသစ္စာလေးရပ် တရားမြတ်တို့ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်အောင် ကြိုးပမ်းရတော့မည်သာ ဖြစ်၏၊ ထိုသို့ ကြိုးပမ်းရာ၌ ယောဂါဝစရပုဂ္ဂိုလ်သည် ..

ဤသမဏဗြာဟ္မဏသုတ္တန်၌ကား ဗြာဟ္မဏအရ အရိယာသူတော်ကောင်းအားလုံးတို့ကိုပင် ဗြာဟ္မဏဟု ဆိုလိုပေသည်။

၁။ ဒုက္ခအရိယသစ္စာတရားဟူသည် အဘယ်နည်း။
၂။ ဒုက္ခဖြစ်ကြောင်း ဒုက္ခသမုဒယအရိယသစ္စာတရားဟူသည် အဘယ်နည်း။
၃။ ဒုက္ခချုပ်ရာ ဒုက္ခနိရောဓအရိယသစ္စာတရားဟူသည် အဘယ်နည်း။
၄။ ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း ကျင့်စဉ်ဖြစ်သည့် ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အမည်ရသည့် မဂ္ဂအရိယ သစ္စာတရားဟူသည် အဘယ်နည်း ....။

ဤကဲ့သို့သော မေးခွန်းတို့၏ အဖြေတို့ကိုလည်း ကြိုတင်ကာ သိထားသင့်ပေသည်။ ထိုသို့ သိရှိနိုင်ရန်အတွက် သဘောတရားရေးရာအပိုင်းကိုလည်း ရေးသားတင်ပြထားပါသည်။

တစ်ဖန် အရိယသစ္စာလေးရပ် တရားမြတ်တို့ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်ရေးအတွက် ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အမည်ရသည့် မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတို့ကို ကျင့်ရမည်ဖြစ်ရာ ယင်းမဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတို့ကို မည်သို့မည်ပုံ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ရမည်နည်း၊ နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်းဖြစ်သည့် သတိပဋ္ဌာန်တရား (၄)ပါးတို့ကို မည်သို့မည်ပုံ ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ရမည်နည်း ... ဤသို့စသော မေးခွန်းများ၏ အဖြေများကို ဖြေကြားသောအနေဖြင့် လုပ်ငန်းခွင်အပိုင်းတွင် ကျင့်စဉ်အရပ်ရပ်တို့ကို အကျဉ်းချုပ်ကာ ရေးသားတင်ပြထားပေသည်။

တစ်ဖန် ယောဂီသူတော်စင်တို့ သစ္စာလေးရပ် တရားမြတ်တို့ကို သမ္မာဒိဋ္ဌိ ဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် မသိမမြင်ပါက ရရှိနိုင်သည့် အကျိုးအပြစ်တို့ကို ညွှန်ကြားပြသလျက် တိုက်တွန်းဟောကြားထားတော်မူသည့် သုတ္တန်အရပ်ရပ်တို့ကို စုပေါင်းကာ တိုက်တွန်းချက် ဥယျောဇဉ်အပိုင်းဟူသော အမည်ဖြင့် အပိုင်းကဏ္ဍ တစ်ရပ်ကိုလည်း ဆက်လက်ကာ ရေးသားတင်ပြထားပါသည်။ ဤကဲ့သို့သော ကျမ်းစာငယ်တစ်ခုအတွင်း၌ ကျင့်စဉ်အကျဉ်းချုပ် လိုရင်းကိုသာ တင်ပြထားနိုင်သည်ဖြစ်ရာ ကျင့်စဉ်အရပ်ရပ် အပြည့်အစုံကို မဖော်ပြနိုင်ခြင်းကိုကား နားလည်သဘောပေါက်ကာ ခွင့်လွှတ်နိုင်လိမ့်မည်ဟု မျှော်လင့်အပ်ပါသည်။

ယောဂီသူတော်စင်အပေါင်းတို့သည်လည်း ယခုမျက်မှောက်ဘဝမှာပင် ဘုရားရှင်နှစ်ခြိုက်တော်မူသည့် ဘုရားရှင်၏ အသိအမှတ်ပြုခြင်းကို ခံယူရသည့် သမဏရဟန်းအစစ် ဗြာဟ္မဏရဟန်းအစစ်ဘဝသို့ ရောက်ရှိကြကာ သံသရာဝဋ်ဆင်းရဲ ဒုက္ခအားလုံးတို့၏ အဆုံးအပိုင်းအခြား ဖြစ်သည့် မဟာအသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန် တရားတော်မြတ်ကြီး၏ အငြိမ်းဓာတ် အရသာထူးကြီးကို အရိယမဂ်ဉာဏ် အရိယဖိုလ်ဉာဏ်တို့ဖြင့် မျက်မှောက်ပြုကာ သုံးဆောင်ခံစားလျက် နေထိုင်နိုင်ကြပါစေဟူသော မွန်မြတ်သော ဦးတည်ချက်ကို ရှေ့သွားပြုလျက် .....

ဖားအောက်တောရဆရာတော်
၁၃၇၃-ခု၊ ကဆုန်လပြည့် ဗုဒ္ဓနေ့၊
၂၀၁၁-ခု၊ မေလ (၁၇) ရက်၊


  1. (အံ၊၁၊၁၈၊၁၉။)
  2. (အံ၊၁၊၁၈၊၁၉။)
  3. (အံ၊၁၊၁၈၊၁၉။)
  4. (အံ၊၁၊၁၈၊၁၉။)
  5. (ဒီ၊၂၊၂၃၀။ မ၊၁၊၇၀။)
  6. (ဒီ၊၂၊၂၃၀။ မ၊၁၊၇၀။)
  7. (ဓမ္မပဒ၊ ဂါထာ-၂၆၅။)
  8. (ဒီ၊၂၊၁၂၅၊ စာပိုဒ်၊၂၁၄။ မဟာပရိနိဗ္ဗာနသုတ္တန်။)
  9. (ဒီ၊ဋ္ဌ၊၂၊၁၈၁။)
  10. (ဝိ၊ဋ္ဌ၊၁၊၈၃။ သာရတ္ထ၊ဋီ၊၁၊၂၁၃၊ စာပိုဒ်၊၁၈။ ဒီ၊ဋီ၊၂၊၂၀၈၊၂၅၅။)
  11. (ဓမ္မပဒ၊ ဂါထာ-၃၈၈)
  12. “ယေ ဟိ ကေစိ ဘိက္ခဝေ သမဏာ ဝါ ဗြာဟ္မဏာ ဝါ ‘ဣဒံ ဒုက္ခ’န္တိ ယထာဘူတံ နပ္ပဇာနန္တိ၊ ‘အယံ ဒုက္ခသမုဒယော’တိ ယထာဘူတံ နပ္ပဇာနန္တိ၊ ‘အယံ ဒုက္ခနိရောဓော’တိ ယထာဘူတံ နပ္ပဇာနန္တိ၊ ‘အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ’တိ ယထာဘူတံ နပ္ပဇာနန္တိ၊ န မေ တေ ဘိက္ခဝေ သမဏာ ဝါ ဗြာဟ္မဏာ ဝါ သမဏေသု ဝါ သမဏသမ္မတာ ဗြာဟ္မဏေသု ဝါ ဗြာဟ္မဏသမ္မတာ, န စ ပနေတေ အာယသ္မန္တော သာမညတ္ထံ ဝါ ဗြာဟ္မညတ္ထံ ဝါ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရန္တိ။
  13. “ယေ ဟိ ကေစိ ဘိက္ခဝေ သမဏာ ဝါ ဗြာဟ္မဏာ ဝါ ‘ဣဒံ ဒုက္ခ’န္တိ ယထာဘူတံ နပ္ပဇာနန္တိ၊ ‘အယံ ဒုက္ခသမုဒယော’တိ ယထာဘူတံ နပ္ပဇာနန္တိ၊ ‘အယံ ဒုက္ခနိရောဓော’တိ ယထာဘူတံ နပ္ပဇာနန္တိ၊ ‘အယံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ’တိ ယထာဘူတံ နပ္ပဇာနန္တိ၊ န မေ တေ ဘိက္ခဝေ သမဏာ ဝါ ဗြာဟ္မဏာ ဝါ သမဏေသု ဝါ သမဏသမ္မတာ ဗြာဟ္မဏေသု ဝါ ဗြာဟ္မဏသမ္မတာ, န စ ပနေတေ အာယသ္မန္တော သာမညတ္ထံ ဝါ ဗြာဟ္မညတ္ထံ ဝါ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရန္တိ။
  14. သို့သော် မောရသုတ်၌ကား ဘုရားအလောင်းတော် ဥဒေါင်းမင်းက ပရိနိဗ္ဗာန် စံလွန်တော်မူပြီးကြသည့် သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့ကို ရည်ညွှန်းကာ ရှိခိုးနေသည့်အတွက်ကြောင့် ယင်းမောရသုတ်၌ ဗြာဟ္မဏ-အရ သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့ကို ဆိုလိုကြောင်းကို အဋ္ဌကထာဆရာတော်က ဖွင့်ဆိုထားတော်မူပေ၏၊ (ဇာတက၊ဋ္ဌ၊၂၊၃၀၊ စာပိုဒ်၊၁၈။)