နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ပဌကောဋိဂါမသုတ္တန်

သံသရာ၌ ကျင်လည်နေရခြင်း၏ အကြောင်းရင်း

ပဌမကောဋိဂါမသုတ္တန်

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝဇ္ဇီတိုင်း ကောဋိရွာ၌ သီတင်းသုံးစံနေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ဤသို့ မိန့်ကြားတော်မူ၏ ..။

“ရဟန်းတို့... အရိယသစ္စာလေးပါးတို့ကို (အနုဗောဓဉာဏ်ဖြင့်)[မှတ်စု ၁] လျော်စွာ မသိမမြင်ခြင်းကြောင့် (ပဋိဝေဓ ဉာဏ်ဖြင့်)[မှတ်စု ၂] ထိုးထွင်း၍ မသိမမြင်ခြင်းကြောင့် ငါဘုရားရှင်သည်လည်းကောင်း, သင်ချစ်သားတို့တစ်တွေသည် လည်းကောင်း ဤသို့ကလောက် (ဤမျှလောက်) ရှည်လျားလှစွာသော (သံသရာခရီး) ကာလပတ်လုံး တစ်ခုသောဘဝမှ တစ်ခုသော ဘဝသို့ တပြောင်းပြန်ပြန် ကျင်လည်ကျက်စား ပြေးသွားခဲ့ကြရလေပြီ၊ တစ်ခုသော ဘဝ၌လည်း ထပ်ကာထပ်ကာ ကျင်လည်ကျက်စား ပြေးသွားခဲ့ကြရလေပြီ။ အဘယ်လေးပါးတို့ကို (မသိမမြင်ခြင်းကြောင့်)နည်း?

ရဟန်းတို့ ...

၁။ ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား ‘ဒုက္ခအရိယသစ္စာတရား’ကို (အနုဗောဓဉာဏ်ဖြင့်) လျော်စွာ မသိမမြင်ခြင်းကြောင့် (ပဋိဝေဓဉာဏ်ဖြင့်) ထိုးထွင်း၍ မသိမမြင်ခြင်းကြောင့် ငါဘုရားရှင်သည်လည်းကောင်း, သင်ချစ်သားတို့တစ်တွေသည်လည်းကောင်း ရှည်လျားစွာသော ဤ (သံသရာခရီး) ကာလပတ်လုံး တစ်ခုသော ဘဝမှ တစ်ခုသောဘဝသို့ တပြောင်းပြန်ပြန် ကျင်လည်ကျက်စား ပြေးသွားခဲ့ကြရလေပြီ၊ တစ်ခုသောဘဝ၌လည်း ထပ်ကာထပ်ကာ ကျင်လည်ကျက်စား ပြေးသွားခဲ့ကြရလေပြီ။

၂။ ဒုက္ခဖြစ်ကြောင်းဖြစ်သည့် အရိယာတို့၏ အမှန်တရား ‘ဒုက္ခသမုဒယ အရိယသစ္စာတရား’ကို။ပ။

၃။ ဒုက္ခချုပ်ရာဖြစ်သည့် အရိယာတို့၏ အမှန်တရား ‘ဒုက္ခနိရောဓအရိယသစ္စာတရား’ကို။ပ။

၄။ ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် ‘ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယ သစ္စာ)တရား’ကို (အနုဗောဓဉာဏ်ဖြင့်)လျော်စွာ မသိမမြင်ခြင်းကြောင့် (ပဋိဝေဓဉာဏ်ဖြင့်) ထိုးထွင်း၍ မသိမမြင်ခြင်းကြောင့် ငါဘုရားရှင်သည်လည်းကောင်း၊ သင်ချစ်သားတို့သည်လည်းကောင်း ဤသို့ကလောက် (ဤမျှလောက်) ရှည်လျားလှစွာသော (သံသရာခရီး) ကာလပတ်လုံး တစ်ခုသောဘဝမှ တစ်ခုသောဘဝသို့ တပြောင်းပြန်ပြန် ကျင်လည်ကျက်စား ပြေးသွားခဲ့ကြရလေပြီ၊ တစ်ခုသောဘဝ၌လည်း ထပ်ကာထပ်ကာ ကျင်လည်ကျက်စား ပြေးသွားခဲ့ကြရလေပြီ။

ရဟန်းတို့ ...ငါဘုရားရှင်သည် ထိုဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား ‘ဒုက္ခအရိယသစ္စာတရား’ကို (အနုဗောဓဉာဏ်ဖြင့်) လျော်စွာ သိမြင်ပြီ၊ (ပဋိဝေဓဉာဏ်ဖြင့်) ထိုးထွင်း၍ သိမြင်ပြီ ..။ ဒုက္ခဖြစ်ကြောင်းဖြစ်သည့် အရိယာတို့၏ အမှန်တရား ‘ဒုက္ခသမုဒယ အရိယသစ္စာတရား’ကို (အနုဗောဓဉာဏ်ဖြင့်)လျော်စွာ သိမြင်ပြီ၊ (ပဋိဝေဓ ဉာဏ်ဖြင့်) ထိုးထွင်း၍ သိမြင်ပြီ..။ ဒုက္ခချုပ်ရာဖြစ်သည့် အရိယာတို့၏ အမှန်တရား ‘ဒုက္ခနိရောဓအရိယသစ္စာ တရား’ကို (အနုဗောဓဉာဏ်ဖြင့်) လျော်စွာ သိမြင်ပြီ၊ (ပဋိဝေဓဉာဏ်ဖြင့်) ထိုးထွင်း၍ သိမြင်ပြီ..။ ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်းအကျင့်ဖြစ်သည့် ‘ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)တရား’ကို (အနုဗောဓဉာဏ်ဖြင့်) လျော်စွာ သိမြင်ပြီ၊ (ပဋိဝေဓဉာဏ်ဖြင့်) ထိုးထွင်း၍ သိမြင်ပြီ..။ ဘဝတို့၌ တပ်မက်ခြင်း ‘ဘဝတဏှာ’ကို အကြွင်းမဲ့ ဖြတ်ပြီးပြီ၊ ဘဝသစ်သို့ ဆွဲဆောင်တတ်သော ကြိုးနှင့် တူသော ဘဝတဏှာသည် ကုန်ဆုံးခဲ့လေပြီ၊ ယခုအခါ တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်း အလျှင်းမရှိတော့ပြီ”ဟု မိန့်ကြားတော်မူလိုက်၏၊

မြတ်စွာဘုရားသည် ဤတရားစကားတော်ကို ဟောကြားတော်မူလိုက်၏၊ ဤတရားစကားတော်ကို ဟောကြား တော်မူပြီးနောက် ဤဂါထာဒေသနာတော်တို့ကို ဆက်လက်ကာ မိန့်ကြားတော်မူပြန်၏ ..။

“အရိယသစ္စာလေးပါးတို့ကို ဟုတ်မှန်သည့်အတိုင်း မသိမမြင်ခြင်းကြောင့် ထိုထိုဘဝတို့၌ ရှည်လျားစွာသော (သံသရာခရီး) ကာလပတ်လုံး ကျင်လည်ကျက်စား ပြေးသွားခဲ့ရလေပြီ။ ထိုအရိယသစ္စာတို့ကို (ငါဘုရားရှင်သည်) (အနုဗောဓဉာဏ် + ပဋိဝေဓဉာဏ်ဖြင့်) ထိုးထွင်း၍ သိမြင်ပြီးပေပြီ၊ ဘဝသစ်သို့ ဆွဲဆောင်တတ်သော ကြိုးနှင့်တူသော ဘဝတဏှာကို ကောင်းစွာ နုတ်ပယ်ပြီးပေပြီ၊ ဆင်းရဲ၏ အရင်းအမြစ် (တဏှာ)ကို အကြွင်းမဲ့ ဖြတ်တောက်ပြီးပေပြီ၊ ယခုအခါ တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်း အလျှင်းမရှိတော့ပြီ”ဟု မိန့်ကြားတော်မူ၏၊[မှတ်စု ၃]

ဤကောဋိဂါမသုတ္တန်ဒေသနာတော်၌ လာရှိသည့်အတိုင်း သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ဆုံးရာ နိဗ္ဗာန်သို့ ဆိုက်ရောက်ရေးအတွက် သစ္စာလေးပါးကိုကား အနုဗောဓဉာဏ် ပဋိဝေဓဉာဏ်တို့ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်အောင် ကြိုးပမ်းရတော့မည်သာ ဖြစ်၏၊ ထိုကဲ့သို့ မကြိုးပမ်းနိုင်ပါကလည်း သံသရာဝဋ်ဆင်းရဲဒုက္ခ ကုန်ဆုံးရာ နိဗ္ဗာန်သို့ မရောက်ရှိနိုင်ကြောင်းကို အထွတ်တပ်သော ပြသာဒ်ဆောင်ပေါက်သော အဆောက်အအုံတစ်ခုကို စံနမူနာထားကာ ကူဋာဂါရသုတ္တန်တွင် ဤသို့ ထပ်မံကာ မိန့်ကြားထားတော်မူပြန်၏ ..။

  1. အနုဗောဓဉာဏ် = နာမရူပပရိစ္ဆေဒဉာဏ်မှ စ၍ ဝိပဿနာဉာဏ်အားလုံးကို ဆိုလိုသည်။
  2. ပဋိဝေဓဉာဏ် = အရိယမဂ်ဉာဏ်ကို ဆိုလိုသည်။ (သံ၊ဋီ၊၂၊၅၄၃။)
  3. ဧကံ သမယံ ဘဂဝါ ဝဇ္ဇီသု ဝိဟရတိ ကောဋိဂါမေ။ တတြ ခေါ ဘဂဝါ ဘိက္ခူ အာမန္တေသိ---- “စတုန္နံ ဘိက္ခဝေ အရိယသစ္စာနံ အနနုဗောဓာ အပ္ပဋိဝေဓာ ဧဝမိဒံ ဒီဃမဒ္ဓါနံ သန္ဓာဝိတံ သံသရိတံ မမဉ္စေဝ တုမှာကဉ္စ။”
    “ကတေမေသံ စတုန္နံ? ဒုက္ခဿ ဘိက္ခဝေ အရိယသစ္စဿ အနနုဗောဓာ အပ္ပဋိဝေဓာ ဧဝမိဒံ ဒီဃမဒ္ဓါနံ သန္ဓာဝိတံ သံသရိတံ မမဉ္စေဝ တုမှာကဉ္စ။ ဒုက္ခသမုဒယဿ အရိယသစ္စဿ။ပ။ ဒုက္ခနိရောဓဿ အရိယသစ္စဿ။ပ။ ဒုက္ခနိရောဓဂါမိနိယာ ပဋိပဒါယ အရိယသစ္စဿ အနနုဗောဓာ အပ္ပဋိဝေဓာ ဧဝမိဒံ ဒီဃမဒ္ဓါနံ သန္ဓာဝိတံ သံသရိတံ မမဉ္စေဝ တုမှာကဉ္စ။ တယိဒံ ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ အနုဗုဒ္ဓံ ပဋိဝိဒ္ဓံ၊ ဒုက္ခသမုဒယံ အရိယသစ္စံ အနုဗုဒ္ဓံ ပဋိဝိဒ္ဓံ၊ ဒုက္ခနိရောဓံ အရိယသစ္စံ အနုဗုဒ္ဓံ ပဋိဝိဒ္ဓံ၊ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ အနုဗုဒ္ဓံ ပဋိဝိဒ္ဓံ။ ဥစ္ဆိန္နာ ဘဝတဏှာ၊ ခီဏာ ဘဝနေတ္တိ၊ နတ္ထိဒါနိ ပုနဗ္ဘဝေါ"တိ။
    ဣဒမဝေါစ ဘဂဝါ။ ဣဒံ ဝတွာန သုဂတော အထာပရံ ဧတဒဝေါစ သတ္ထာ –
    ‘‘စတုန္နံ အရိယသစ္စာနံ, ယထာဘူတံ အဒဿနာ၊
    ‘‘တာနိ ဧတာနိ ဒိဋ္ဌာနိ, ဘဝနေတ္တိ သမူဟတာ၊
    သံသိတံ ဒီဃမဒ္ဓါနံ, တာသု တာသွေဝ ဇာတိသု။
    ဥစ္ဆိန္နံ မူလံ ဒုက္ခဿ, နတ္ထိဒါနိ ပုနဗ္ဘဝေါ’’တိ။ (သံ၊၃၊၃၇၇၊ စာပိုဒ်၊၁၀၉၁။ ပဌမကောဋိဂါမသုတ္တန်။)