နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ဖောဋ္ဌဗ္ဗာရုံလိုင်း (အကောင်းအုပ်စု) နာမ်တရား

1686နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်းဖောဋ္ဌဗ္ဗာရုံလိုင်း (အကောင်းအုပ်စု) နာမ်တရားဖားအောက်တောရဆရာတော်

ဖောဋ္ဌဗ္ဗာရုံလိုင်း (အကောင်းအုပ်စု) နာမ်တရားတို့ကို သိမ်းဆည်းပုံ

ဖောဋ္ဌဗ္ဗာရုံကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော ကုသိုလ်ဇော စောသည့် ကာယဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားတို့ကို သိမ်းဆည်းရှုပွားလိုသော် ..

၁။ လိုအပ်ပါက ရရှိပြီး သမာဓိကို အဆင့်ဆင့် ပြန်လည်ထူထောင်ပါ။
၂။ ကာယအကြည်ဓာတ် = ကာယဒွါရနှင့် ဘဝင်မနောအကြည်ဓာတ် = မနောဒွါရဟူသော ဒွါရနှစ်ခုကို ပြိုင်တူ ဉာဏ်၌ ထင်အောင် ပူးတွဲသိမ်းဆည်းပါ။
၃။ ရုပ်ကလာပ်အများစု၏ သို့မဟုတ် ရုပ်ကလာပ်တစ်ခု၏ ဖောဋ္ဌဗ္ဗဓာတ်ကို လှမ်းအာရုံယူပါ။ ယင်းဖောဋ္ဌဗ္ဗဓာတ်သည် မိမိသိမ်းဆည်းထားသော ကာယအကြည်ဓာတ် = ကာယဒွါရနှင့် အနီးကပ်ဆုံး ပွတ်ချုပ်ထိခိုက်လျက် တည်နေသော ရုပ်ကလာပ်တို့၏ ဖောဋ္ဌဗ္ဗဓာတ် ဖြစ်ပါစေ၊ ယင်းဖောဋ္ဌဗ္ဗဓာတ်မှာလည်း (၃)မျိုး ရှိသဖြင့် ပထဝီဓာတ်ကိုဖြစ်စေ, တေဇောဓာတ်ကိုဖြစ်စေ, ဝါယောဓာတ်ကိုဖြစ်စေ တစ်ခုခုကို အာရုံ ယူ၍ ရှုပါ။
၄။ ယင်းဖောဋ္ဌဗ္ဗဓာတ်က ကာယဒွါရ မနောဒွါရဟူသော ဒွါရနှစ်ခု၌ ပြိုင်တူရိုက်ခတ်သောအခါ = ယင်းဖောဋ္ဌဗ္ဗာရုံသည် ယင်းဒွါရနှစ်ခုသို့ ရှေးရှုကျရောက်လာသောအခါ = ယင်းဒွါရနှစ်ခု၌ ပြိုင်တူထင်လာသောအခါ –ထိုဖောဋ္ဌဗ္ဗာရုံကို အာရုံပြု၍ ပဉ္စဒွါရာဝဇ္ဇန်း၊ ကာယဝိညာဏ်၊ သမ္ပဋိ စ္ဆိုင်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော (၇)ကြိမ်၊ တဒါရုံ (၂)ကြိမ်၊ (ဘဝင်)၊ မနောဒွါရာဝဇ္ဇန်း၊ ဇော (၇)ကြိမ်၊ တဒါရုံ(၂)ကြိမ် –– ဟူသော ကာယဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားတို့သည် ဝီထိတစ်ခုနှင့် တစ်ခု အကြားတွင် ဘဝင်များ ခြားလျက် ကာယဒွါရဝီထိ တစ်ကြိမ်ဖြစ်က မနောဒွါရဝီထိပေါင်းများစွာ ဖြစ်ပေါ်လာကြပေမည်။

ယင်းကာယဒွါရဝီထိတွင် ပါဝင်သော ပဉ္စဒွါရာဝဇ္ဇန်းနှင့် ဝုဋ္ဌော၊ ပထမ တဒနုဝတ္တက မနောဒွါရဝီထိတွင် ပါဝင်သော မနောဒွါရာဝဇ္ဇန်းက ယင်းဖောဋ္ဌဗ္ဗာရုံကို ––

၁။ ဖောဋ္ဌဗ္ဗာရုံဟု = ပထဝီဓာတ်ဟု (တေဇောဓာတ်ဟု, ဝါယောဓာတ်ဟု) ဆုံးဖြတ်ကြည့်ပါ။ ယင်းဆုံးဖြတ်ချက်မှာ ယောနိသောမနသိကာရဖြစ်၍ ယင်းသို့ ရှုနေသော ကာယဒွါရဝီထိ မနောဒွါရဝီထိတို့၌ ကုသိုလ်ဇော စောမည် ဖြစ်ပေသည်။

တစ်ဖန် သုဒ္ဓမနောဒွါရဝီထိတို့၌ ပါဝင်တည်ရှိသော မနောဒွါရာဝဇ္ဇန်းက ယင်းဖောဋ္ဌဗ္ဗာရုံကို ––
၂။ ရုပ်တရားဟုလည်းကောင်း
၃။ အနိစ္စဟုလည်းကောင်း
၄။ ဒုက္ခဟုလည်းကောင်း
၅။ အနတ္တဟုလည်းကောင်း
၆။ အသုဘဟုလည်းကောင်း ––

ဤသို့ အသီးအသီး ရှုကြည့်ပါ။ ယင်းဆုံးဖြတ်ချက်မှာလည်း ယောနိသောမနသိကာရဖြစ်၍ ယင်းသို့ ရှုနေသော သိနေသော မနောဒွါရဝီထိတို့၌ ကုသိုလ်ဇော စောမည် ဖြစ်ပေသည်။ ယင်းသို့ ရှုရာဝယ် ယင်းဖောဋ္ဌဗ္ဗာရုံကို အနိစ္စဟု ရှုရာ၌ ဉာဏ်-ပီတိ ယှဉ် မယှဉ်သို့ လိုက်၍ (၄)ကြိမ် (၄)ခါပင် ရှုပါ။ ဒုက္ခဟု ရှုရာစသည်တို့၌လည်း နည်းတူပင် သဘောပေါက်ပါ။

သို့သော် ဤဖောဋ္ဌဗ္ဗာရုံ၌ ပထဝီဓာတ် တေဇောဓာတ် ဝါယောဓာတ်ဟု ဖောဋ္ဌဗ္ဗဓာတ် သုံးမျိုး ရှိသည်ဟု ဆိုသော်လည်း တကယ်လက်တွေ့ရှုရာ၌ကား ပထဝီဓာတ်၌ –– မာ-ကျန်း-လေး-ပျော့-ချော-ပေါ့-ဟု သဘောတရား (၆)မျိုး ရှိနေသဖြင့် မာမှုသဘောကို အာရုံယူ၍ (၆)ကြိမ်, ကျန်းမှုသဘောကို အာရုံယူ၍ (၆)ကြိမ်, လေးမှုသဘောကို အာရုံယူ၍ (၆)ကြိမ်, ပျော့မှုသဘောကို အာရုံယူ၍ (၆)ကြိမ်, ချောမှုသဘောကို အာရုံယူ၍ (၆)ကြိမ်, ပေါ့မှုသဘောကို အာရုံယူ၍ (၆)ကြိမ် ဤသို့လျှင် ပထဝီဓာတ် တစ်ခုတည်း၌ပင်လျှင် (၆ ဍ္ဍ ၆ = ၃၆)ကြိမ် ခွဲရှုပါက ပို၍ အသိဉာဏ် သန့်ရှင်းပါသည်။

အလားတူပင် တေဇောဓာတ်၌ ပူမှုသဘော အေးမှုသဘောဟု သဘောတရား (၂)မျိုး ရှိနေသဖြင့် ပူမှုသဘောကို အာရုံယူ၍ (၆)ကြိမ်, အေးမှုသဘောကို အာရုံယူ၍ (၆)ကြိမ် ဤသို့လျှင် တေဇောဓာတ်၌ (၆ ဍ္ဍ ၂ = ၁၂)ကြိမ် ခွဲရှုပါက ပို၍ အသိဉာဏ် သန့်ရှင်းပါသည်။

အလားတူပင် ဝါယောဓာတ်၌ ထောက်ကန်မှုသဘော တွန်းကန်မှုသဘောဟု သဘောတရား (၂)မျိုး ရှိနေသဖြင့် ထောက်ကန်မှုသဘောကို အာရုံယူ၍ (၆)ကြိမ်, တွန်းကန်မှုသဘောကို အာရုံယူ၍ (၆)ကြိမ် ဤသို့လျှင် ဝါယောဓာတ်၌ (၆ ဍ္ဍ ၂ = ၁၂)ကြိမ် ခွဲရှုပါက ပို၍ အသိဉာဏ် သန့်ရှင်းပါသည်။

ဤသို့ အသီးအသီး (၆)ကြိမ်စီ ခွဲရှုပါက ပထဝီဓာတ်၌ (၃၆)ကြိမ်၊ တေဇောဓာတ်၌ (၁၂)ကြိမ်၊ ဝါယောဓာတ်၌ (၁၂)ကြိမ် ဖြစ်သဖြင့် အားလုံးပေါင်းသော် အကြိမ်ပေါင်း (၆၀) ဖြစ်သည်။ တစ်ဖန် တစ်ကြိမ် တစ်ကြိမ်၌ ဉာဏ် ပီတိ ယှဉ်-မယှဉ်သို့ လိုက်၍ (၄)ချက်စီ ခွဲရှုပါက (၆၀ ဍ္ဍ ၄ = ၂၄၀)ကြိမ် ဖြစ်သည်။