နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ဗြဟ္မဝိဟာရစေတသိက်များ၏လက္ခဏ-ရသစသည်
ဗြဟ္မဝိဟာရ စေတသိက်များ၏ လက္ခဏ ရသ စသည်
မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာဟု ဗြဟ္မဝိဟာရ စေတသိက် (၄)မျိုး ရှိ၏၊ ဗြဟ္မာတို့ကဲ့သို့ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာတို့နှင့် ယှဉ်သော မွန်မြတ်သော စိတ်ဓာတ်ဖြင့် နေထိုင်ခြင်းကို ဗြဟ္မဝိဟာရ - ဟု ဆိုလိုသည်။ ဗြဟ္မစိုရ်တရား လေးပါးဟူ၍လည်း ခေါ်ဆို၏၊ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာစျာန်တို့ကို ဝင်စားကာ နေထိုင်ခြင်းကို မြတ်သောအကျင့်ကို ကျင့်လျက် နေထိုင်ခြင်းဟု ဆိုလိုသည်။ အပ္ပမညာတရား လေးပါးဟူ၍လည်း ခေါ်၏၊ အတိုင်း အတာ ပမာဏ မရှိသော သတ္တဝါပညတ်ကို အာရုံယူကာ မေတ္တာစျာန် ကရုဏာစျာန် မုဒိတာစျာန် ဥပေက္ခာစျာန်တို့ကို ဝင်စားနေသောကြောင့် ယင်း မေတ္တာ (= အဒေါသ), ကရုဏာ, မုဒိတာ, ဥပေက္ခာ (= တတြမဇ္ဈတ္တတာ) စေတသိက် တို့ကိုလည်း အပ္ပမညာ (= အတိုင်းအတာပမာဏ မရှိသော) စေတသိက်များဟု ခေါ်သည်။
ယင်းလေးမျိုးတို့တွင် မေတ္တာ၏ တရားကိုယ်မှာ အဒေါသစေတသိက်ပင် ဖြစ်သည်။ သို့သော် အဒေါသတိုင်းကား မေတ္တာ မဟုတ်ပေ။ အဒေါသတိုင်းကား မေတ္တာ မဟုတ်သဖြင့် မေတ္တာအဆင့်သို့ ရောက်နေသော, အထူးသဖြင့် မေတ္တာစျာန်အဆင့်သို့ ရောက်နေသော အဒေါသ၏ လက္ခဏ ရသ စသည်ကို ဆက်လက်၍ တင်ပြအပ်ပါသည်။
မေတ္တာ (= အဒေါသ)
၁။ ဟိတာကာရပဝတ္တိလက္ခဏာ မေတ္တာ၊
၂။ ဟိတူပသံဟာရရသာ၊
၃။ အာဃာတဝိနယပစ္စုပဋ္ဌာနာ၊
၄။ သတ္တာနံ မနာပဘာဝဒဿနပဒဋ္ဌာနာ။
ဗျာပါဒူပသမော ဧတိဿာ သမ္ပတ္တိ၊ သိနေဟသမ္ဘဝေါ ဝိပတ္တိ။[မှတ်စု ၁]
၁။ မေတ္တာသည် –– သတ္တဝါတို့၏ အကျိုးစီးပွားကို ကျင့်သော အခြင်းအရာအားဖြင့် ဖြစ်ခြင်း လက္ခဏာရှိ၏၊ ဝါ။ အကျိုးစီးပွားဟူသော အဖို့အစုကို ဖြစ်စေခြင်း လက္ခဏာ ရှိ၏၊
၂။ သတ္တဝါတို့၏ အကျိုးစီးပွားကို ကပ်၍ ဆောင်ခြင်း (ကိစ္စရသ) ရှိ၏၊ ဝါ။
သတ္တဝါတို့၏ အကျိုးစီးပွားကို ကပ်၍ ဆောင်ခြင်းဟူသော ပြည့်စုံသောဂုဏ် (သမ္ပတ္တိရသ) ရှိ၏၊
၃။ ရန်ငြိုးဖွဲ့ခြင်း (= အာဃာတ)ကို ပယ်ဖျောက်တတ်သော သဘောတရားဟု ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်အား ရှေးရှုထင်တတ်၏၊ (ဥပဋ္ဌာနာကာရပစ္စုပဋ္ဌာန်)။ ဝါ။ ရန်ငြိုးကင်းပျောက်ခြင်း = ရန်ငြိုးကို ပယ်ဖျောက်ခြင်းဟူသော အကျိုးကို ဖြစ်စေတတ်၏၊ (ဖလပစ္စုပဋ္ဌာန်)
၄။ သတ္တဝါတို့၏ မြတ်နိုးဖွယ်ရာ မနာပကိုသာ ရှုမြင်တတ်သော ယောနိသောမနသိကာရလျှင် နီးစွာသော အကြောင်း ပဒဋ္ဌာန် ရှိ၏၊
သတ္တဝါတို့အား ဖျက်ဆီးလိုသော ပျက်စီးစေလိုသော ဗျာပါဒ = ဒေါသ၏ ဝိက္ခမ္ဘနပဟာန်အားဖြင့် ငြိမ်းခြင်းသည် ထိုမေတ္တာ၏ ပြည့်စုံခြင်းမည်၏၊ ကောင်းစွာ ကိစ္စပြီးခြင်း မည်၏၊ တွယ်တာမက်မောခြင်း တဏှာသိနေဟ၏ ဖြစ်ခြင်းသည် ထိုမေတ္တာ၏ ပျက်စီးခြင်း မည်၏၊
မေတ္တာမုခေန ဟိ ရာဂေါ ဝေဉ္ဇတိ = မေတ္တာကို ရှေ့ထား၍ ရာဂသည် လှည့်ပတ်တတ်၏၊ ရာဂက မေတ္တာ အယောင်ဆောင်၍ လှည့်ပတ်တတ်၏၊ မေတ္တာပွားရင်း ရာဂဖြစ်လာခဲ့သော် .. မေတ္တာဘာဝနာ ပျက်စီးတော့၏ ဟူလိုသည်။
ကရုဏာ
၁။ ဒုက္ခာပနယနာကာရပ္ပဝတ္တိလက္ခဏာ ကရုဏာ၊
၂။ ပရဒုက္ခာသဟနရသာ၊
၃။ အဝိဟိံသာပစ္စုပဋ္ဌာနာ၊
၄။ ဒုက္ခာဘိဘူတာနံ အနာထဘာဝဒဿနပဒဋ္ဌာနာ။ ဝိဟိံသူပသမော တဿာ သမ္ပတ္တိ၊ သောကသမ္ဘဝေါ ဝိပတ္တိ။[မှတ်စု ၂]
၁။ ကရုဏာသည် ––- သတ္တဝါတို့၏ ဆင်းရဲဒုက္ခကို ပယ်ရှားလိုသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော လက္ခဏာ ရှိ၏၊
၂။ သူတစ်ပါးတို့၏ ဆင်းရဲဒုက္ခကို ပယ်ရှားလိုသည်၏အဖြစ်ဖြင့် သူတစ်ပါးတို့၏ ဆင်းရဲဒုက္ခကို သည်းမခံနိုင်ခြင်း (= မရှုရက်နိုင်ခြင်း) ကိစ္စ ရှိ၏၊ (ကိစ္စရသ)
၃။ သတ္တဝါတို့ကို မညှဉ်းဆဲခြင်းကို ရှေးရှု ဖြစ်စေတတ်၏၊ (ဖလပစ္စုပဋ္ဌာန်)။ ဝါ။
သတ္တဝါတို့ကို ညှဉ်းပန်းနှိပ်စက်ခြင်း ဝိဟိံသာ၏ ဆန့်ကျင်ဘက်အဖြစ်ဖြင့် ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်အား ရှေးရှုထင်လာတတ်၏၊ (ဥပဋ္ဌာနာကာရပစ္စုပဋ္ဌာန်)
၄။ ဆင်းရဲဒုက္ခဖြင့် အညှဉ်းပန်း အနှိပ်စက်ခံနေကြရကုန်သော သတ္တဝါတို့၏ ကိုယ်းကွယ်အားထားရာ မရှိသည်၏ အဖြစ်ကို ရှုတတ်သော ယောနိသောမနသိကာရလျှင် နီးစွာသော အကြောင်း ပဒဋ္ဌာန် ရှိ၏၊
သတ္တဝါတို့အပေါ်၌ ညှဉ်းပန်းနှိပ်စက်တတ်သော ဒေါသ၏ ဝိက္ခမ္ဘနပဟာန်အားဖြင့် = ကရုဏာစျာန် သမာပတ်ဖြင့် ခပ်ကြာကြာ ခွာထားနိုင်သောအားဖြင့် ငြိမ်းအေးခြင်းသည် ထိုကရုဏာ၏ ပြည့်စုံခြင်း သမ္ပတ္တိ မည်၏၊ ကောင်းစွာ ကိစ္စပြီးစီးခြင်း မည်၏၊ သတ္တဝါတို့၏ ဆင်းရဲဒုက္ခဖြင့် အလွှမ်းမိုး အဖိစီးခံရခြင်းကြောင့် (ယင်းဒုက္ခကို မြင်သိရသဖြင့်) သောက၏ ဖြစ်ခြင်းသည် ကရုဏာ၏ ပျက်စီးခြင်း ဝိပတ္တိ မည်၏၊
ကရုဏာမုခေန သောကော ဝေဉ္ဇတိ= ကရုဏာကို ရှေ့ထားလျက် သောကသည် လှည့်စားတတ်၏၊ သောကသည် ကရုဏာယောင်ဆောင်၍ လှည့်စားတတ်၏၊ ကရုဏာလိုလိုနှင့် သောကဖြစ်နေတတ်သည်ဟု ဆိုလိုသည်။
မုဒိတာ
၁။ ပမောဒနလက္ခဏာ မုဒိတာ၊
၂။ အနိဿာယနရသာ၊
၃။ အရတိဝိဃာတပစ္စုပဋ္ဌာနာ၊
၄။ သတ္တာနံ သမ္ပတ္တိဒဿနပဒဋ္ဌာနာ။
အရတိဝူပသမော တဿာ သမ္ပတ္တိ၊ ပဟာသသမ္ဘဝေါ ဝိပတ္တိ။[မှတ်စု ၃]
၁။ မုဒိတာသည်–– သုခိတသတ္တဝါတို့၏ စည်းစိမ်ဥစ္စာ ကုံလုံပြည့်စုံသည်ကို ကြည်ရွှင်ဝမ်းမြောက်ခြင်းသဘော လက္ခဏာ ရှိ၏၊
၂။ သုခိတသတ္တဝါတို့၏ စည်းစိမ်ဥစ္စာ ကုံလုံပြည့်စုံသည်ကို မငြူစူခြင်း ကိစ္စ ရှိ၏၊ ဝါ။
ငြူစူခြင်း၏ ဆန့်ကျင်ဘက် ဖြစ်၍ ထိုဣဿာကို ပယ်ဖျက်ခြင်း ကိစ္စ ရှိ၏၊
၃။ သုခိတသတ္တဝါတို့၏ ဥစ္စာစည်းစိမ်ဂုဏ်သိရ်တို့၌ မမွေ့လျော် မနှစ်သက်ခြင်း အရတိကို ပယ်ဖျောက်သော အခြင်းအရာအားဖြင့် ဖြစ်သော သဘောတရား။ (ဥပဋ္ဌာနာကာရပစ္စုပဋ္ဌာန်)
တစ်နည်း – အရတိကို ပျောက်ငြိမ်းခြင်း အကျိုးကို ရှေးရှူ ဖြစ်စေတတ်၏၊ (ဖလပစ္စုပဋ္ဌာန်)
၄။ သုခိတသတ္တဝါတို့၏ စည်းစိမ်ဥစ္စာ ကုံလုံပြည့်စုံသည်ကို အသင့်ရှုနိုင်သော ယောနိသောမနသိကာရလျှင် နီးစွာသော အကြောင်း ပဒဋ္ဌာန် ရှိ၏၊
အရတိ၏ မုဒိတာစျာန်၏ စွမ်းအားကြောင့် ခပ်ကြာကြာ ခွာထားနိုင်သော ဝိက္ခမ္ဘနပဟာန်အားဖြင့် အရတိ၏ ပျောက်ငြိမ်းခြင်းသည် ထိုမုဒိတာ၏ ပြည့်စုံခြင်း သမ္ပတ္တိတည်း၊ ကောင်းစွာ ကိစ္စပြီးစီးခြင်းတည်း။ ဂေဟသိတပီတိ = ကာမဂုဏ်အိမ်ကို မှီ၍ ဖြစ်သော ပီတိ၏ အစွမ်းဖြင့် ပျော်ရွှင်ခြင်း၏ ဖြစ်ခြင်းသည် ပျက်စီးခြင်း ဝိပတ္တိတည်း။
ဥစ္စာစည်းစိမ် ဂုဏ်သိရ်တို့နှင့် ကုံလုံပြည့်စုံသော သတ္တဝါတို့ကိုလည်းကောင်း, ထိုသတ္တဝါတို့၏ ဥစ္စာစည်းစိမ် ဂုဏ်သိရ်ကိုလည်းကောင်း တွေ့မြင်သောအခါ ယောနိသောမနသိကာရ မဖြစ်ဘဲ တစ်ခါတစ်ရံ အယောနိသော မနသိကာရ ဖြစ်တတ်၍ ထိုသတ္တဝါနှင့် ယင်း၏ ဥစ္စာစည်းစိမ် ဂုဏ်သိရ်တို့အပေါ်၌ တပ်မက်မှု တဏှာလောဘ အရင်းခံလျက် ကြည် ရွှင် ဝမ်းမြောက်မှု ပီတိလည်း ဖြစ်တတ်၏၊ ယင်းပီတိကား တဏှာလောဘ စသည့် ကိလေသာတို့၏ စံအိမ်ဖြစ်သော ကာမဂုဏ်အိမ်ကို မှီ၍ ဖြစ်ပေါ်လာသော ဂေဟသိတပီတိတည်း။ ယင်းဂေဟသိတပီတိ၏ အစွမ်းဖြင့် ရွှင်လန်းဝမ်းမြောက်မှု စိတ်တက်ကြွမှုသည် ပဟာသ မည်၏၊ တရားကိုယ်အားဖြင့် လောဘပြဓာန်းသော လောဘမူ သောမနဿသဟဂုတ် စိတ္တုပ္ပါဒ်များတည်း။ ယင်းပဟာသ ဖြစ်ပေါ်ခဲ့သော် မုဒိတာသည် ပျက်စီးလေပြီ။ ပဟာသကား မုဒိတာအတုတည်း၊ ယင်းပဟာသသည် မုဒိတာယောင်ဆောင်၍ လှည့်ပတ်တတ်၏ဟု ဆိုလိုသည်။[မှတ်စု ၄]
ဥပေက္ခာဗြဟ္မဝိဟာရ (= တတြမဇ္ဈတ္တတာ)
၁။ သတ္တေသု မဇ္ဈတ္တာကာရပ္ပဝတ္တိလက္ခဏာ ဥပေက္ခာ၊
၂။ သတ္တေသု သမဘာဝဒဿနရသာ၊
၃။ ပဋိဃာနုနယဝူပသမပစ္စုပဋ္ဌာနာ၊
၄။ “ကမ္မဿကာ သတ္တာ၊ တေ ကဿ ရုစိယာ သုခိတာ ဝါ ဘဝိဿန္တိ၊ ဒုက္ခတော ဝါ မုစ္စိဿန္တိ၊ ပတ္တသမ္ပတ္တိတော ဝါ န ပရိဟာယိဿန္တီ”တိ ဧဝံ ပဝတ္တကမ္မဿကတာဒဿနပဒဋ္ဌာနာ။
ပဋိဃာနုနယဝူပသမော တဿာ သမ္ပတ္တိ၊ ဂေဟသိတာယ အညာဏုပေက္ခာယ သမ္ဘဝေါ ဝိပတ္တိ။[မှတ်စု ၅]
၁။ ဥပေက္ခာသည်–– သတ္တဝါတို့၌ အလယ်အလတ်သဘောရှိသော လျစ်လျူရှုခြင်းဟူသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသဘော လက္ခဏာ ရှိ၏၊
၂။ သတ္တဝါတို့၌ ဥဒါသိန်အားဖြင့် (= လျစ်လျူမူသောအားဖြင့်) ဖြစ်ခြင်းကြောင့် မုန်းခြင်း ချစ်ခြင်းသို့ မကျရောက်ဘဲ ညီမျှသည်၏ အဖြစ်ကိုသာ ရှုခြင်း ကိစ္စ ရှိ၏၊
၃။ သတ္တဝါတို့၌ မုန်းခြင်း ချစ်ခြင်းတို့ကို ငြိမ်းစေခြင်းကို ဖြစ်စေတတ်၏၊ (ဖလပစ္စုပဋ္ဌာန်)
၄။ “သတ္တဝါတို့သည် မိမိတို့ ပြုထားအပ်သော ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏၊ ထိုသတ္တဝါတို့သည် အဘယ်သူ၏ အလိုအားဖြင့် ချမ်းသာပါစေဟု မေတ္တာပို့သသည့်အတိုင်း ချမ်းသာခြင်းသို့ ရောက်ကုန်သည်မူလည်း ဖြစ်ကုန်လတ္တံ့နည်း။ ဆင်းရဲဒုက္ခမှ လွတ်ပါစေဟု ကရုဏာဘာဝနာကို ပွားသည့်အတိုင်း ဆင်းရဲဒုက္ခမှမူလည်း လွတ်ကုန်လတ္တံ့နည်း။ ရပြီး စည်းစိမ်ချမ်းသာမှ မရွေ့လျောပါစေသတည်းဟု မုဒိတာဘာဝနာကို ပွားသည့် အတိုင်း ရောက်ရှိအပ်ပြီး ရရှိအပ်ပြီးသည့် စည်းစိမ်ချမ်းသာမှမူလည်း မဆုတ်ယုတ်ဘဲ ရှိကုန်လတ္တံ့နည်း” ဤသို့သော အခြင်းအရာအားဖြင့် ဖြစ်ပေါ်လာသော ကံသာလျှင် မိမိ၏ ကိုယ်ပိုင်ဥစ္စာ ရှိသည်၏ အဖြစ်ကို ရှုတတ်သော ဉာဏ်လျှင် နီးစွာသော အကြောင်း ပဒဋ္ဌာန် ရှိ၏၊
မုန်းခြင်း ချစ်ခြင်းတို့ကို ငြိမ်းစေခြင်းသည် = မုန်းခြင်း ချစ်ခြင်းတို့၏ ငြိမ်းခြင်းသည် (= မုန်းတတ်သော ဒေါသ ချစ်တတ်သောလောဘ၏ ငြိမ်းအေးခြင်းသည်) ထိုဥပေက္ခာဗြဟ္မဝိဟာရ၏ ပြည့်စုံခြင်း ကောင်းစွာ ပြီးစီးခြင်း သမ္ပတ္တိ မည်၏၊ ကာမဂုဏ်ကို မှီသော ဉာဏ်ကင်းသော မောဟနှင့် ယှဉ်သော ဥပေက္ခာ၏ ဖြစ်ခြင်းသည် ထိုဥပေက္ခာ ဗြဟ္မဝိဟာရ၏ ပျက်စီးခြင်း ဝိပတ္တိ မည်၏၊
လောဘမူ ဥပေက္ခာသဟဂုတ်စိတ်လေးခု, မောဟမူ ဒွေ၌ ယှဉ်သော မောဟသည်လည်းကောင်း ဥပေက္ခာ ဝေဒနာသည်လည်းကောင်း အညာဏုပေက္ခာ မည်၏၊[မှတ်စု ၆]
ကိလေသာတို့မှ လွတ်မြောက်မှု
၁။ နိဿရဏေဥှတံ အာဝုသော ဗျာပါဒဿ ယဒိဒံ မေတ္တာ စေတောဝိမုတ္တိ။
၂။ နိဿရဏေဥှတံ အာဝုသော ဝိဟေသာယ ယဒိဒံ ကရုဏာ စေတောဝိမုတ္တိ။
၃။ နိဿရဏေဥှတံ အာဝုသော အရတိယာ ယဒိဒံ မုဒိတာ စေတောဝိမုတ္တိ။
၄။ နိဿရဏေဥှတံ အာဝုသော ရာဂဿ ယဒိဒံ ဥပေက္ခာ စေတောဝိမုတ္တိ။[မှတ်စု ၇]
၁။ “ငါ့သျှင် ... ကိလေသာမှ လွတ်မြောက်သော ယင်းမေတ္တာနှင့်ယှဉ်သော စျာန်စိတ် (= မေတ္တာ စေတောဝိမုတ္တိ) သည် သတ္တဝါတို့ကို ဖျက်ဆီးလိုခြင်း = ဒေါသမှ ထွက်မြောက်ကြောင်းတည်း။
၂။ ငါ့သျှင် ...ကိလေသာမှ လွတ်မြောက်သော ယင်းကရုဏာနှင့်ယှဉ်သော စျာန်စိတ် (= ကရုဏာ စေတောဝိမုတ္တိ) သည် သတ္တဝါတို့ကို ညှဉ်းပန်းနှိပ်စက်လိုခြင်း = ဝိဟေသာတရားမှ ထွက်မြောက်ကြောင်းတည်း။ ၃။ ငါ့သျှင် ... ကိလေသာမှ လွတ်မြောက်သော ယင်းမုဒိတာနှင့်ယှဉ်သော စျာန်စိတ် (= မုဒိတာ စေတောဝိမုတ္တိ) သည် မမွေ့လျော်ခြင်း = အရတိတရားမှ ထွက်မြောက်ကြောင်းတည်း။”
၄။ ငါ့သျှင် ... ကိလေသာမှ လွတ်မြောက်သော ယင်း လျစ်လျူရှုခြင်း = ဥပေက္ခာနှင့် ယှဉ်သော စျာန်စိတ် (= ဥပေက္ခာ စေတောဝိမုတ္တိ) သည် စွဲမက်ခြင်း = ရာဂမှ ထွက်မြောက်ကြောင်းတည်း။
ဤဒေသနာတော်များနှင့် အညီ .. ဤ ဗြဟ္မဝိဟာရစျာန်တရားတို့ကား ဆန့်ကျင်ဘက် ကိလေသာတို့မှ လွတ်မြောက်စေနိုင်သည့် စွမ်းအားရှိသော စျာန်တရားတို့တည်း။ ယင်းသို့ ဆန့်ကျင်ဘက် ကိလေသာတို့မှ လွတ်မြောက်သော စိတ်ဓာတ်ဖြင့် နေထိုင်ခြင်းကိုပင် ဗြဟ္မဝိဟာရ = မွန်မြတ်သော နေထိုင်ခြင်း- ဟု ဆိုအပ်၏၊ ဗြဟ္မာကဲ့သို့ နေထိုင်ခြင်းဟုလည်း ခေါ်ဆိုအပ်ပေ၏၊