နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ဘာဝနာ (၄၀) ခေါ် တော (၄၀) ရှုကွက်

ဘာဝနာ (၄၀) ခေါ် တော (၄၀) ရှုကွက်

ဤလက္ခဏသမ္မသနဉာဏ်ပိုင်းတွင် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၁]၌ ဘာဝနာ (၄၀) ခေါ် တော (၄၀) ရှုကွက်များကို ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်[မှတ်စု ၂]ကို ကိုးကား၍ ဖော်ပြထား၏၊ မှတ်သားလွယ်ကူစေရန် ရည်သန်၍ မဟာဝိသုဒ္ဓါရာမ ဆရာတော်ဘုရားကြီးက မိမိ၏ ပရမတ္ထသရူပဘေဒနီကျမ်းတွင် ဂါထာများ သီကုံး၍ အနိစ္စလက္ခဏာ (၁၀)ချက်, ဒုက္ခလက္ခဏာ (၂၅)ချက်, အနတ္တလက္ခဏာ (၅)ချက်တို့ကို သီးသန့်ခွဲ၍ ရေးသားတင်ပြထား၏၊ ထိုဂါထာများ၌ လာရှိသည့်အတိုင်း လက္ခဏာရေးသုံးပါးကို သုံးစုခွဲ၍ ရေးသားတင်ပြပေအံ့ ..။

အနိစ္စလက္ခဏာ (၁၀) ချက်

ရူပံ အနိစ္စံ ပလောကံ၊ စလံ ပဘင်္ဂု အဒ္ဓုဝံ။
ဝိပရီဏာမာသာရကံ၊ ဝိဘဝံ မစ္စု သင်္ခတံ။

၁။ အနိစ္စတော

[ရုပ်နာမ်တို့၌ ဖြစ်ခြင်းဟူသော ရှေ့အစွန်း, ပျက်ခြင်းဟူသော နောက်အစွန်းဟု အစွန်း နှစ်ခု ရှိ၏၊ ဥပါဒ်စွန်း ဘင်စွန်းဟု ခေါ်သည်။ ရုပ်နာမ်တို့သည် နောက်အစွန်း ဘင်ကို လွန်နိုင်သော သဿတ မဟုတ်ရကား နောက်အစွန်း ဘင်ကို မလွန်နိုင်သောကြောင့်လည်းကောင်း, ဥပါဒ်စွန်းဟူသော-အစ ဘင်စွန်းဟူသော-အဆုံး ရှိသောကြောင့်လည်းကောင်း အနိစ္စတရားတို့ ဖြစ်ကြ၏၊

ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ဟု ခန္ဓာငါးပါးနည်းဖြင့် ငါးပုံ ပုံ၍ ရှုပါ။ အထက်ပါ အနက်သဘောတရားကို ရုပ်တရား၌ (ဝေဒနာတရား၌, သညာတရား၌, သင်္ခါရတရား၌, ဝိညာဏ်တရား၌) ဝိပဿနာဉာဏ်ဖြင့် မြင်အောင် ကြည့်၍ အနိစ္စဟု ရှုပါ။

ဤ၌ ဥပါဒ်စွန်းကို မလွန်နိုင်ဟူသည် ရုပ်တရား နာမ်တရားတို့သည် ဖြစ်ခြင်းဥပါဒ်သို့ မရောက်မီကလည်း မရှိကြကုန်သေး၊ ဖြစ်ရန်အသင့် ကြိုတင် စောင့်ဆိုင်းနေမှုသဘောမျိုးလည်း မရှိပေ။ တစ်ဖန် ပျက်ခြင်း ဘင်ကာလ၏ နောက်၌လည်း တစ်နေရာ၌ စွန့်ပစ်ထားကြသည့် အလောင်းကောင်များကဲ့သို့ သွားရောက်စုပုံလျက် ထပ်နေမှု သဘောမျိုးလည်း မရှိပေ။ မဖြစ်ခင်က မရှိခြင်း, ဖြစ်ပြီးနောက် မရှိခြင်းဟူသော “မရှိခြင်း” နှစ်ခုတို့၏ အလယ်အကြား၌သာလျှင် ဥပါဒ်-ဌီ-ဘင်အနေအားဖြင့် အခိုက်အတန့်မျှ ပေါ်လာရခြင်း ဖြစ်လာရခြင်းသာ ဖြစ်၏၊ ထိုသို့ ဥပါဒ်စွန်း ဘင်စွန်းကို လွန်၍ တည်နေမှု မရှိသည့်သဘော, ဥပါဒ်စွန်း ဘင်စွန်း ရှိနေခြင်းသဘောကြောင့် ရုပ်နာမ်တို့သည် အနိစ္စဟူသော အမည်ကို ရရှိကြပေသည်။ ထိုကြောင့်]]] ––

အနိစ္စံ = မြဲခြင်းသဘောမရှိ = မမြဲ – ဟု ရှုပါ။[မှတ်စု ၃]

၂။ ပလောကတော

(ဗျာဓိ ဇရာ မရဏ = နာမှု အိုမှု သေမှုတို့ဖြင့် ပြိုကွဲပေါက်ပြဲ ပျက်စီးတတ်ရကား လွန်စွာပျက်စီးခြင်းသဘော ရှိသောကြောင့်) –– ပလောကံ = ပျက်စီးခြင်းသဘော ရှိ၏ – ဟု ရှုပါ။[မှတ်စု ၄]

၃။ စလတော

(ချစ်ခြင်း မုန်းခြင်းတရားတို့သည် လာဘ်ရခြင်း လာဘ်မရခြင်း စသော လောကဓံတရားတို့လျှင် အခြေခံ အကြောင်းရင်း ရှိကြကုန်၏၊ ယင်းလောကဓံတို့ကြောင့် ချစ်ခြင်း မုန်းခြင်း စသည့် စိတ်ဓာတ်တုန်လှုပ်ချောက်ချားမှု တို့သည် ဖြစ်ပေါ်လာကြရ၏၊ ဗျာဓိ ဇရာ မရဏ = နာမှု အိုမှု သေမှုတို့ကြောင့်လည်းကောင်း, လာဘ်ရခြင်း လာဘ်မရခြင်း စသော လောကဓံတို့ကြောင့်လည်းကောင်း ရုပ်နာမ်တို့သည် မတည်ကြည် မတံ့စား အပြားအားဖြင့် တုန်လှုပ်တတ်သည်၏ အဖြစ်ကြောင့်) - စလံ = မတည်ကြည် မတံ့စား ရွေ့ရှားတုန်လှုပ်တတ်၏ – ဟု ရှုပါ။[မှတ်စု ၅]

၄။ ပဘင်္ဂုတော

(မိမိ၏ လုံ့လပယောဂ, သူတစ်ပါး၏ လုံ့လပယောဂဖြင့်လည်းကောင်း, မိမိ ပင်ကိုသဘောအားဖြင့်လည်းကောင်း ဖရိုဖရဲ ပြိုကွဲပျက်စီးခြင်းသို့ ရောက်လေ့ရှိသည်၏ အဖြစ်ကြောင့်) –– ပဘင်္ဂု = ဖရိုဖရဲ ပြိုကွဲပျက်စီးခြင်းသဘော ရှိ၏၊[မှတ်စု ၆]

၅။ အဒ္ဓုဝတော

(အလွန်နုသော ကာလမှ စ၍ တချွေချွေ ကြွေကျသော သစ်သီးကဲ့သို့ ငယ်ရွယ်နုနယ်သော အရွယ်, ပျော်ရွှင် မြူးတူး ကစားသော အရွယ် စသော အလုံးစုံသော အသက်အရွယ် အခိုက်အတန့် အမျိုးမျိုးတို့၌ ကြွေကျခြင်းသဘော ရှိသည်၏အဖြစ်ကြောင့်လည်းကောင်း, မကြွေကျသော်လည်း ခပ်သိမ်းသော အခြင်းအရာအားဖြင့် အနှစ်မဲ့သည်ဖြစ်၍ မြဲမြံခိုင်ခံ့သော အဖြစ်၏ မရှိသည်၏အဖြစ်ကြောင့်လည်းကောင်း) - အဒ္ဓုဝံ = ခိုင်မာခြင်းသဘော မရှိ။[မှတ်စု ၇]

၆။ ဝိပရိဏာမဓမ္မတော

(အိုခြင်း ဇရာဖြင့်။ ဝါ။ တည်ခြင်း = ဌီကာလဖြင့်လည်းကောင်း, သေခြင်း မရဏဖြင့်။ ဝါ။ ပျက်ခြင်း = ဘင်ကာလဖြင့်လည်းကောင်း နှစ်မျိုးသော အခြင်းအရာအားဖြင့် ဖောက်ပြန်ခြင်း = ပြောင်းလဲခြင်းသဘော ရှိသည်၏ အဖြစ်ကြောင့်) ဝိပရိဏာမံ = ဖောက်ပြန်ခြင်းသဘော ရှိ၏၊ (ဥပါဒ်သဘောမှ ဌီသဘော ဇရာ, ဘင်သဘော မရဏသို့ ပြောင်းခြင်းသဘောကို ဆိုလို၏၊)[မှတ်စု ၈]

၇။ အသာရကတော

(အလိုလိုပင် ပျက်စီးတတ်၍ အားနည်းသည်၏အဖြစ်ကြောင့်လည်းကောင်း, အကာကဲ့သို့ ပျက်စီးလွယ်သည်၏ အဖြစ်ကြောင့်လည်းကောင်း) အသာရကံ = ခိုင်မာသည့် အနှစ်သာရ မရှိ။[မှတ်စု ၉]

၈။ ဝိဘဝတော

(ဖြစ်ပြီးလျှင် ပျက်သွားတတ် ကုန်သွားတတ်ရကား ကြီးပွားခြင်း တိုးပွားခြင်း ပွားစီးခြင်း ကင်းသည်၏ အဖြစ်ကြောင့်လည်းကောင်း, ပျက်စီးဆုံးရှုံးခြင်းသဘောရှိသော ဘဝကင်းပြတ်မှု၌ တွယ်တာမက်မောသည့် ဝိဘဝတဏှာ ဘဝကင်းပြတ်မှု၌ ယုံကြည်နေသည့် ဝိဘဝဒိဋ္ဌိတို့ကို အကြောင်းခံ၍ ဖြစ်ပေါ်လာသည်၏အဖြစ်ကြောင့်လည်းကောင်း, တဏှာ-ဒိဋ္ဌိတည်းဟူသော အကြောင်းရင်း ဖခင်နှင့် တူစွာ) - ဝိဘဝံ = ဆုံးရှုံးခြင်းသဘော ရှိ၏၊[မှတ်စု ၁၀]

၉။ မရဏဓမ္မတော = မစ္စု

(သေခြင်း = ပျက်ခြင်း မရဏသဘောရှိသည်၏ အဖြစ်ကြောင့်) - မရဏဓမ္မံ = မစ္စု = သေခြင်းသဘော ရှိ၏ (= ပျက်ခြင်းသဘော ရှိ၏၊)[မှတ်စု ၁၁]

၁၀။ သင်္ခတတော

(တိုက်ရိုက်ဖြစ်စေတတ်သော ဟေတုအကြောင်းတရား = ဇနကအကြောင်းတရား, အားပေးထောက်ပံ့တတ် သော ဥပတ္တမ္ဘကအကြောင်းတရား = ပစ္စယအကြောင်းတရားတို့သည် ပေါင်းစု၍ ပြုပြင်အပ်သည်၏ အဖြစ်ကြောင့်) သင်္ခတံ = အကြောင်းတရားတို့သည် အဖန်ဖန် အထပ်ထပ် ပြုပြင်အပ်သောသဘော ရှိ၏၊[မှတ်စု ၁၂]

ရုပ်တရားများကို တိုက်ရိုက်ဖြစ်စေတတ်သော အကြောင်းတရားတို့ကား ကံဖြစ်ကြ၏၊ ဇနကအကြောင်းတရား ဟေတုအကြောင်းတရားတည်း။ အဝိဇ္ဇာ တဏှာ ဥပါဒါန်ဟူသော ကိလေသဝဋ်အကြောင်းတရားတို့ကား - ထိုအတိတ် ကံကို အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘကအကြောင်းတရားတို့တည်း။ သို့သော် ထိုကိလေသဝဋ်တို့သည် ကုသိုလ်ကံအား ဥပနိဿယစသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေး၏၊ အကုသိုလ်ကံအားမူ ဥပနိဿယစသော ပစ္စယသတ္တိတို့ဖြင့်လည်းကောင်း, သဟဇာတစသော အကြောင်းတရားတို့ဖြင့်လည်းကောင်း ကျေးဇူးပြုပေး၏၊

တစ်ဖန် စိတ် ဥတု အာဟာရတို့သည်လည်း ရုပ်တရားတို့ကို အားပေးထောက်ပံ့တတ်သော ဥပတ္ထမ္ဘကအကြောင်း တရားတို့ပင်တည်း။ သို့သော် စိတ် ဥတု အာဟာရတို့သည် အချို့သော စိတ္တဇ ဥတုဇ အာဟာရဇရုပ်တို့အား တိုက်ရိုက် ဖြစ်စေတတ်၍ အချို့တို့အား အားပေးထောက်ပံ့တတ်သော်လည်း ကမ္မသတ္တိက ကမ္မဇရုပ်အား ဖြစ်စေပုံနှင့် မတူဘဲ ရှိကြ၏၊ သဟဇာတ စသော သတ္တိတို့ဖြင့် စိတ်က စိတ္တဇရုပ်တို့အား ကျေးဇူးပြုပေး၏၊ ဥတုက ဥတုဇရုပ်တို့အား ဥပနိဿယ စသော သတ္တိတို့ဖြင့်, အာဟာရက အာဟာရဇရုပ်တို့အား အာဟာရပစ္စယ စသော သတ္တိတို့ဖြင့် ကျေးဇူးပြု ပေး၏၊ သို့အတွက် ကမ္မသတ္တိ မဟုတ်သဖြင့် ဇနကအကြောင်းဟု မဆိုဘဲ ဥပတ္ထမ္ဘကအကြောင်းဟု ဆိုသည် မှတ်ပါ။

ဝိပါက်နာမ်တရားများ၏ ဟေတုအကြောင်း ဇနကအကြောင်းမှာ ကံဖြစ်၏၊ အဝိဇ္ဇာ တဏှာ ဥပါဒါန် ဟူသော ကိလေသဝဋ်အကြောင်းတရားတို့ကို ရုပ်၌ ဆိုခဲ့သည့်နည်းတူ မှတ်ပါ။ ကုသိုလ် အကုသိုလ် အဗျာကတ နာမ်တရား အားလုံးတို့၏ ပစ္စုပ္ပန်အကြောင်းတရား ဖြစ်ကုန်သော ဝတ္ထု အာရုံ ဖဿ စသော အကြောင်းတရားတို့သည်ကား ဥပတ္ထမ္ဘကအကြောင်းတရားတို့ ဖြစ်ကုန်သည်ဟု မှတ်ပါ။

အထက်ပါ သဘောတရားများကို မိမိရှုပွားမည့် ရုပ်တရား (ဝေဒနာတရား၊ သညာတရား၊ သင်္ခါရတရား၊ ဝိညာဏ်တရား)တို့၌ ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အနိစ္စဟုလည်းကောင်း, ပလောကဟုလည်းကောင်း – ဤသို့ စသည်ဖြင့် ရှုပါ။ ဤတွင် အနိစ္စလက္ခဏာ (၁၀)ချက် ပြီး၏၊

ဒုက္ခလက္ခဏာ (၂၅) ချက်

ဒုက္ခဉ္စ ရောဂါဃံ ဂဏ္ဍံ၊ သလ္လာ ဗာဓံ ဥပဒ္ဒဝံ။
ဘယီတျူပသဂ္ဂါ တာဏံ၊ အလေဏာသရဏံ ဝဓံ။
အဃမူလံ အာဒီနဝံ၊ သာသဝံ မာရအာမိသံ။
ဇာတိဇ္ဇရံ ဗျာဓိသောကံ၊ ပရိဒေဝမုပါယာသံ။
သံကိလေသသဘာဝကံ။

၁။ ဒုက္ခတော

[ရုပ်နာမ်တို့သည် ထိုရုပ်နာမ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို ဖြစ်ခြင်း-ဒဏ်ချက်ဖြင့်လည်းကောင်း, ပျက်ခြင်း ဒဏ်ချက်ဖြင့်လည်းကောင်း ခဏတိုင်း ခဏတိုင်း၌ ညှဉ်းပန်းနှိပ်စက်တတ်သည်၏ အဖြစ်ကြောင့်လည်းကောင်း, တစ်နည်း –– မိမိရုပ်နာမ်ကိုယ်တိုင် ထိုဖြစ်ခြင်း-ပျက်ခြင်း ဒဏ်ချက်တို့သည် ညှဉ်းပန်းနှိပ်စက်အပ်ကုန်သည်၏ အဖြစ်ကြောင့်လည်းကောင်း = ရုပ်နာမ်တို့သည် ဖြစ်ခြင်း-ပျက်ခြင်း ဒဏ်ချက်တို့ဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက် ခံရကုန်သည်၏ အဖြစ်ကြောင့်လည်းကောင်း –

(က) ဒုက္ခဝေဒနာဟူသော ဒုက္ခဒုက္ခ,
( ခ ) သုခဝေဒနာဟူသော ဝိပရိဏာမဒုက္ခ, (တည်ခိုက် သုခ, ပျက်က ဒုက္ခ ဟူလို)
( ဂ ) ဥပေက္ခာဝေဒနာနှင့် ဝေဒနာမှ ကြွင်းသော ရုပ်နာမ်ဟူသော သင်္ခါရဒုက္ခ –

ဤ ဒုက္ခသုံးပါးအပေါင်း၏, တစ်နည်း သံသရာဝဋ်ဆင်းရဲဒုက္ခ၏ တည်ရာ ဝတ္ထု၏ အဖြစ်ကြောင့်လည်းကောင်း] ဒုက္ခံ = ယုတ်မာညစ်ဆိုး ဆင်းရဲသည့် ဒုက္ခမျိုးသာတည်း။[မှတ်စု ၁၃]

သင်္ခါရဒုက္ခ – ဘုံသုံးပါးအတွင်း၌ တည်ရှိကြသော သင်္ခါရတရား မှန်သမျှသည် သင်္ခါရဒုက္ခဟူသော အမည်ကို ရရှိနိုင်သည်ချည်းသာတည်း။ သို့သော် ဒုက္ခဝေဒနာနှင့် သုခဝေဒနာတို့မှာ ဒုက္ခဒုက္ခ ဝိပရိဏာမဒုက္ခ ဟူသော အမည်သီးခြား ရရှိပြီးဖြစ်၍ ဤ၌ ဥပေက္ခာဝေဒနာနှင့် ဝေဒနာမှကြွင်းသော ဘုံသုံးပါးအတွင်း၌ တည်ရှိသော တေဘူမက သင်္ခါရတရားမှန်သမျှကို သင်္ခါရဒုက္ခဟု ဆိုထားသည်။ ယင်းတေဘူမက ရုပ်နာမ်ဓမ္မ သင်္ခါရတရား မှန်သမျှ တို့သည် ယင်းတို့ကို ဖြစ်ပေါ်လာအောင် ပြုပြင်ပေးရသည့် သင်္ခတဒုက္ခ တင်းလင်းရှိသောကြောင့်လည်းကောင်း, ဖြစ်ခြင်း-ပျက်ခြင်း ဒဏ်ချက်ဖြင့် အမြဲမပြတ် အညှဉ်းပန်း အနှိပ်စက်ခံရသည်၏ အဖြစ်ကြောင့်လည်းကောင်း သင်္ခါရဒုက္ခဟူသော အမည်ကို ရရှိကြသည်။[မှတ်စု ၁၄]

၂။ ရောဂတော

(ဆိုင်ရာ အကြောင်းတရားတို့က အနိုင်နိုင် ကျေးဇူးပြုပေးပါမှ အကျိုး ရုပ်နာမ်တို့၏ ရပ်တည်နိုင်ခွင့် ရနိုင် ရှိနိုင်ရကား ထိုက်သည့်အားလျော်စွာ အကြောင်းတရားတို့ဖြင့် မျှစေအပ် တည်စေအပ်သည်၏ အဖြစ်ကြောင့်, တစ်နည်း ထိုက်သင့်သော ဆိုင်ရာအကြောင်းတရားတို့ဖြင့် မျှစေအပ် တည်စေအပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း, အစဉ်လိုက်သော နာတာရှည် အနာရောဂါတို့၏ အကြောင်းဖြစ်သော ယာပျအနာရောဂါနှင့် တူသည်၏ အဖြစ်ကြောင့် လည်းကောင်း) - ရောဂံ = ကျင်နာညစ်ဆိုး ရောဂါမျိုးသာတည်း။[မှတ်စု ၁၅]

[ရုပ်နာမ်တို့သည် ခပ်သိမ်းသော ကာယိကရောဂါ စေတသိကရောဂါ အမျိုးမျိုးတို့၏ တည်ရာဖြစ်သောကြောင့် ယာပျနာ = ယာပျရောဂါနှင့် တူသည် ဟူ၏၊“

၃။ အဃတော

(အကုသိုလ်တရားတို့ကဲ့သို့ ဘုရားအရိယာတို့သည် ကဲ့ရဲ့အပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း, သတ္တဝါ အများတို့၏ အကျိုးစီးပွားမဲ့ကို လွန်စွာ ဆောင်တတ်သည်၏ အဖြစ်ကြောင့်လည်းကောင်း, အဃဟု ခေါ်ဆိုအပ်သော အကုသိုလ်ထိုထို၏ တည်ရာဖြစ်သောကြောင့်လည်းကောင်း) - အဃံ = အကျိုးယုတ် အကျိုးမဲ့မျိုးသာတည်း။[မှတ်စု ၁၆]

၄။ ဂဏ္ဍတော

(ဒုက္ခဒုက္ခ, ဝိပရိဏာမဒုက္ခ, သင်္ခါရဒုက္ခ ဟူသော သုံးပါးအပြားရှိသော ဒုက္ခတာဟု ဆိုအပ်သော ထိုးကျင့် ကိုက်ခဲခြင်းနှင့် ယှဉ်သည်၏ အဖြစ်ကြောင့်လည်းကောင်း, ထိုက်သည့်အားလျော်စွာ အာရုံအားဖြင့်လည်းကောင်း အတူယှဉ်တွဲဖြစ်ခြင်းဟူသော သမ္ပယုတ်အားဖြင့်လည်းကောင်း မစင်မကြယ် ရွံရှာစက်ဆုပ်ဖွယ်ရာ ရာဂစသည့် ကိလေသာ အညစ်အကြေးတို့ကို တစီစီ တစစ်စစ် ယိုစီးကျစေတတ်သည်၏ အဖြစ်ကြောင့်လည်းကောင်း, ရှေးက မရှိမူ၍ ယခုမှ ရုတ်ခြည်း ဖြစ်ပေါ်လာသော ဥပါဒ်သဘောဖြင့် ဖူးဖူးရောင်တက်ခြင်း, တည်မှု ဌီသဘောဖြင့် ရင့်ကျက် မှည့်ရော်ခြင်း, ပျက်ခြင်း ဘင်သဘောဖြင့် ဖရိုဖရဲ ပေါက်ပြဲကွဲအက် ပျက်စီးခြင်းသဘောရှိသောကြောင့်လည်းကောင်း) ဂဏ္ဍံ = မဖွယ်ရုပ်ဆင်း ထွတ်မြင်း အနာမျိုးသာတည်း။[မှတ်စု ၁၇]

ကိလေသာသုစိပဂ္ဃရဏတာယ – ရှေးရှေး ရာဂစသည်ကို အာရုံပြု၍ နောက်နောက် ရာဂစသည် ဖြစ်ခြင်းကို လည်းကောင်း, ရာဂဖြစ်လောက်သည့် ကိလေသာဖြစ်လောက်သည့် အာရုံတစ်ခုခုကို အာရုံပြု၍ ဖြစ်ပေါ်လာသော စိတ်စေတသိက်တို့နှင့် အတူယှဉ်တွဲ၍ ရာဂစသည့် ကိလေသာတို့ ဖြစ်ခြင်းကိုလည်းကောင်း ရည်ညွှန်း၍ “ထိုက်သည့်အားလျော်စွာ အာရုံအားဖြင့်လည်းကောင်း, အတူယှဉ်တွဲဖြစ်ခြင်းဟူသော သမ္ပယုတ်အားဖြင့်လည်းကောင်း မစင်မကြယ် ရွံရှာစက်ဆုပ်ဖွယ်ရာ ရာဂစသည့် ကိလေသာ အညစ်အကြေးတို့ကို တစီစီ တစစ်စစ် ယိုစီးကျစေတတ်သည်”ဟု ဆိုသည်။ ရုပ်နာမ်တို့မှ ယိုစီးကျလာသော အပုပ်ရည်တို့တည်း။ ပကတိသော ထွတ်မြင်း အိုင်းအမာနာမှ အပုပ်ရည်များ ယိုစီးကျသကဲ့သို့ မှတ်ပါ။

၅။ သလ္လတော

[(က) ဖြစ်ခြင်း-ပျက်ခြင်းတို့ဖြင့် ညှဉ်းပန်းနှိပ်စက်ခြင်းကို ဖြစ်စေတတ်သည်၏ အဖြစ်ကြောင့်လည်းကောင်း,

( ခ ) ဒုက္ခဝေဒနာ စသည်တို့သည် ကိုယ်အတွင်းသို့ ထိုးကျင့်စူးဝင်တတ်သကဲ့သို့ ဤသင်္ခါရတရားသည်လည်း အတ္တဘောတည်းဟူသော ခန္ဓာအိမ်အတွင်း၌ ကျရောက်လာသော် ဖြစ်ခြင်း-ပျက်ခြင်းဖြင့် ထိုးကျင့်စူးဝင်တတ်သောကြောင့်လည်းကောင်း,

( ဂ ) ထို ရုပ်နာမ် သင်္ခါရဒုက္ခဟူသော မြားငြောင့်ကို အရိယမဂ်တည်းဟူသော မွေးညှပ်နှင့် ကင်း၍ နုတ်ပယ်ခြင်းငှာ တတ်နိုင်ခဲသည်၏ အဖြစ်ကြောင့်လည်းကောင်း] –– သလ္လံ = စူးဝင်ညစ်ဆိုး မြားငြောင့်မျိုးသာတည်း။[မှတ်စု ၁၈]

၆။ အာဗာဓတော

[(၁) အသည်းအသန် မကျန်းမာသူ လူနာသည် ဣရိယာပုထ်လေးပါးလုံး၌ ကိုယ့်စွမ်းအားဖြင့် မတတ်နိုင်၊ သူတစ်ပါးတို့သည် လုပ်ကျွေးပြုစုခြင်း ထူပေးခြင်း လှည့်ပေးခြင်း စသည်ဖြင့် သူတစ်ပါးတို့နှင့် စပ်သော ကိုယ်၏ဖြစ်ခြင်း ရှိသကဲ့သို့ ခန္ဓာတို့သည်လည်း မိမိ၏ စွမ်းအားဖြင့် မဖြစ်နိုင်ကြဘဲ အကြောင်းတရားတည်းဟူသော သူတစ်ပါးနှင့် ဆက်စပ်ခြင်း ရှိသည်၏အဖြစ်ကို ဖြစ်စေတတ်သောကြောင့်လည်းကောင်း, (၂) အသည်းအသန် လွန်စွာ နှိပ်စက် တတ်သော အနာရောဂါဟူသမျှ၏ အကြောင်းဖြစ်သောကြောင့်လည်းကောင်း] –– အာဗာဓံ = နှိပ်စက်လွှမ်းမိုး အနာမျိုးသာတည်း။[မှတ်စု ၁၉]

၇။ ဥပဒ္ဒဝတော

[(၁) ဥထဲကြက်ငယ် ပေါက်ဝယ်ကျေးသို့ တွေးဆ၍သိခြင်းငှာ မတတ်အားသည်သာလျှင် ဖြစ်ကုန်သော ပြန့်ပြော ပေါများကုန်သော မင်းဘေး မင်းဒဏ် အိုဘေး နာဘေး သေဘေး အပါယ်ဘေး စသော အကျိုးမဲ့တို့ကို ရွက်ဆောင် တတ်သောကြောင့်လည်းကောင်း, (၂) အလုံးစုံကပ်၍ နှိပ်စက်တတ်သော ဥပဒ္ဒဝေါ၏ တည်ရာဝတ္ထု ယာခင်း ဖြစ်သည်၏ အဖြစ်ကြောင့်လည်းကောင်း] –– ဥပဒ္ဒဝံ = လွန်စွာကပ်ရပ် နှိပ်စက်တတ်သော ဥပါဒ်မျိုးသာတည်း။[မှတ်စု ၂၀]

၈။ ဘယတော

[(၁) ခန္ဓာတို့သည် မျက်မြင်လောက ပစ္စုပ္ပန်ဘဝ၌ ရောက်သောဘေး, တမလွန်လောက၌ ရောက်သောဘေးဟု ဆိုအပ်ကုန်သော အလုံးစုံသောဘေးတို့၏ တည်ရာ ဘေးတွင်းသဖွယ် ဖြစ်သောကြောင့်လည်းကောင်း, (၂) ဒုက္ခခပ်သိမ်း ငြိမ်းအေးချမ်းမြေ့ရာဟု ဆိုအပ်သော လွန်စွာ သက်သာရာ နိဗ္ဗာန်တရားတော်မြတ်၏ ဆန့်ကျင်ဘက် ဖြစ်သောကြောင့် လည်းကောင်း] –– ဘယံ = ချမ်းသာစသည်နှင့် မရော ပြန့်ပြောများပြား ကြီးမားသော ဘေးမျိုးသာတည်း။ ဝါ။ ကြောက်ဖွယ်ညစ်ဆိုး ဘေးရန်မျိုးသာတည်း။[မှတ်စု ၂၁]

၉။ ဤတိတော

(ခန္ဓာတို့သည် အထွေထွေ အပြားပြား များစွာသော ပျက်စီးခြင်းကို ဆောင်တတ်သောကြောင့်) –– ဤတိ = ထိတ်လန့်စဖွယ် အန္တရာယ်မျိုးသာတည်း။[မှတ်စု ၂၂]

၁၀။ ဥပသဂ္ဂတော

[(၁) ဗဟိဒ္ဓ၌ ဆွေမျိုးပျက်စီးခြင်း စသည်, အဇ္ဈတ္တ၌ အနာရောဂါ စသည် အပြားရှိကုန်သော များစွာသော အကျိုးမဲ့တို့သည် အစဉ်တစိုက်လိုက်၍ ဖွဲ့စပ်အပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း, (၂) အာရုံအားဖြင့်လည်းကောင်း သမ္ပယုတ်အားဖြင့်လည်ကောင်း ရာဂ အစရှိသော အပြစ်ဒေါသတို့နှင့် ကပ်ငြိယှက်တွယ်သည်၏ အဖြစ်ကြောင့်လည်းကောင်း, (၃) ဘီလူး ဥပါ ယုတ်မာသော နတ်ဆိုးတို့သည် ဆောင်အပ် ဖြစ်စေအပ်သော ရောဂါဗျာဓိ အစရှိသော အကျိုးမဲ့ကဲ့သို့ သည်းခံနိုင်ခဲသည်၏ အဖြစ်ကြောင့်လည်းကောင်း] –
ဥပသဂ္ဂံ = တွယ်တာစွဲကပ် နှိပ်စက်တတ်သော ဥပါဒ်မျိုးသာတည်း။[မှတ်စု ၂၃]

၁၁။ အတာဏတော

[(၁) ခန္ဓာတို့ကား ဖြစ်ပြီးက ပျက်မြဲဓမ္မတာတည်း၊ ဖြစ်ပြီးက မပျက်အောင် စောင့်ရှောက်ခြင်းငှာ မစွမ်းနိုင်သည်၏ အဖြစ်ကြောင့်လည်းကောင်း, (၂) စောင့်ရှောက်စေလိုသော အာသာဆန္ဒဖြင့် ခန္ဓာတို့ကို ဆည်းကပ်ပါသော်လည်း မရအပ် မရနိုင်သော ဘေးကင်းခြင်း ရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း = ဘေးကင်းမှုကို မရအပ်နိုင်သောကြောင့် လည်းကောင်း] –– အတာဏံ = စောင့်ရှောက်မဲ့လျှင်း ဘေး၏ အသင်းသာတည်း။[မှတ်စု ၂၄]

၁၂။ အလေဏတော

[(၁) ဆင်းရဲဒုက္ခမှ ကြောက်သည်ဖြစ်၍ ခိုမှီကပ်ရပ်လိုသော အာသာဆန္ဒဖြင့် ခန္ဓာတို့ကို ကပ်ရပ်မှီခိုခြင်းငှာ မထိုက်တန်သည်၏ အဖြစ်ကြောင့်လည်းကောင်း, (၂) ဆင်းရဲဒုက္ခမှ ကြောက်သည်ဖြစ်၍ ခိုမှီကပ်ရပ်လိုသော အာသာဆန္ဒဖြင့် ခန္ဓာကိုယ်ကို (= ခန္ဓာတို့ကို) ကပ်ရပ်မှီခိုကြကုန်သော သူတို့၏လည်း ဆင်းရဲဒုက္ခကို ပျောက်ကွယ် နစ်မြုပ် စေခြင်းဟူသော ပုန်းအောင်းရာကိစ္စကို မပြုတတ်သည်၏ အဖြစ်ကြောင့်လည်းကောင်း] –– အလေဏံ = ကွယ်ရာမဲ့လျှင်း ဘေး၏ အသင်းသာတည်း။[မှတ်စု ၂၅]

၁၃။ အသရဏတော

(ဇာတိ-ဇရာ-ဗျာဓိ-မရဏ စသော ဘေးဒုက္ခကို ကြောက်၍ မှီခိုကပ်ရပ်ကုန်သော သူတို့၏ ဇာတိ-ဇရာဗျာဓိ-မရဏ စသော ဘေးဒုက္ခကို ညှဉ်းဆဲဖျောက်ပယ်တတ်သောသဘော၏ မရှိခြင်းကြောင့်) –– အသရဏံ = ကိုးကွယ်ရာမဲ့လျှင်း ဘေး၏ အသင်းသာတည်း။[မှတ်စု ၂၆]

၁၄။ ဝဓကတော

(မိတ်ဆွေမျက်နှာကဲ့သို့ ပြုံးချိုသော မျက်နှာရှိသော ရန်သူကဲ့သို့ အကျွမ်းဝင်သောသူကို သတ်တတ်သောကြောင့်) ဝဓံ= ဝဓကံ= သမ္မုတိသစ္စာ လျော်စွာပညတ် ခေါ်ဝေါ်အပ်သည့် လူနတ်ဗြာဟ္မာ သတ္တဝါကို သုံးဖြာခဏ ဘင်သို့ ကျအောင် ကာလမရှည် သန္တာန်စည်၍ နာရီမလပ် အတွင်သတ်သည့် လူသတ်မျိုးရိုးသာတည်း။[မှတ်စု ၂၇]

“ဤ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တရားတို့သည် ချမ်းသာသုခ၏ အကြောင်းတည်း၊ ဆင်းရဲဒုက္ခ၏ အကြောင်းမဟုတ်” - ဤသို့ ဖြစ်စေအပ်သော အကျွမ်းဝင်ခြင်းရှိသော ပုဂ္ဂိုလ်တို့ကို သတ်လေ့ရှိသည်၏ အဖြစ်ကြောင့် ခန္ဓာတို့သည် ဝိဿာသဃာတိ = အကျွမ်းဝင်သူကို သတ်လေ့ရှိသော လူသတ်သမားတို့ ဖြစ်ကြ၏၊ မှန်ပေသည် ခန္ဓာတို့၌ – ဧတံ မမ = ဤကား ငါ၏ ဥစ္စာတည်း – ဤသို့ စွဲယူသည့် စွမ်းအားကြောင့် သတ္တဝါတို့သည် ပျက်စီးခြင်းသို့ ရောက်ရှိကြရကုန်၏၊ ဒုက္ခသစ္စာ အမည်ရသော ခန္ဓာတို့သည် သမုဒယသစ္စာ အမည်ရသော တဏှာလောဘကြောင့် ဖြစ်သောကြောင့် တစ်နည်း ဒုက္ခသစ္စာ အမည်ရသော ခန္ဓာတို့သည် သမုဒယသစ္စာ အမည်ရသော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ကြောင့် ဖြစ်သောကြောင့် ဟူလို။ တစ်နည်း –– ထိုအကျွမ်းဝင်သူကို သတ်တတ်သောသဘော ရှိသောကြောင့် ခန္ဓာတို့သည် အကျွမ်းဝင်သူကို သတ်တတ်ကုန်၏၊ ထိုကြောင့် ဝိဿာသဃာတိမည်၏ ဟူလိုသည်၊၊[မှတ်စု ၂၈]

၁၅။ အဃမူလတော

(ခန္ဓာရှိခြင်းကြောင့်သာ ခန္ဓာတို့ကို အမှီပြု၍ အစွဲပြု၍ အဝိဇ္ဇာ တဏှာ ဥပါဒါန်ဟူသည့် မကောင်းမှု အကုသိုလ် များထိုထိုတို့ ဖြစ်ပေါ်လာကြရကား ယင်းအဝိဇ္ဇာ တဏှာ ဥပါဒါန်ဟူသည့် မကောင်းမှု အကုသိုလ် များထိုထိုတို့ကို အမှီပြုကာ ထူထောင်ထားသည့် သင်္ခါရ-ကံတို့ကြောင့်လည်း ခန္ဓာတို့သည် တစ်ဖန် ဖြစ်လာကြရကား ယင်းခန္ဓာတို့သည် ကြမ်းကြုတ်ရုန့်ရင်းသော မကောင်းမှု အကုသိုလ် များထိုထိုတို့၏ အကြောင်းရင်း၏အဖြစ်ကြောင့်) - အဃမူလံ = ကျိုးမဲ့ခပင်း ဆင်းရဲခြင်း၏ အရင်းအမြစ်သာတည်း။[မှတ်စု ၂၉]

၁၆။ အာဒီနဝတော

[(၁) ခန္ဓာငါးပါးတို့၏ အနိစ္စ စသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသည် ဘဝပဝတ္တိ = ဘဝဖြစ်ခြင်း မည်၏၊ ထိုသို့ အနိစ္စ စသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းသည်ပင် ခန္ဓာတို့၏အပြစ် အာဒီနဝလည်း မည်၏၊ “ရဟန်းတို့... ဥပါဒါနက္ခန္ဓာငါးပါးတို့သည် အနိစ္စ ဒုက္ခ ဝိပရိဏာမဓမ္မတို့ ဖြစ်ကြ၏၊ ရဟန်းတို့ ... ယင်း အနိစ္စ ဒုက္ခ ဝိပရိဏာမဓမ္မ သဘောတရားသည်ပင် ဥပါဒါနက္ခန္ဓာငါးပါးတို့၌ အပြစ်အာဒီနဝတည်း” – ဤသို့ ဘုရားရှင်သည် ဟောကြား ထားတော်မူသောကြောင့် ဖြစ်၏၊ ထိုကြောင့် ခန္ဓာငါးပါးတို့၏ အနိစ္စ စသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းဟူသော ဘဝပဝတ္တိဝဋ်ဒုက္ခ၏ အဖြစ်ကြောင့်လည်းကောင်း, (၂) ခန္ဓာငါးပါး ဒုက္ခသစ္စာတရား၏ အနိစ္စ ဒုက္ခ ဝိပရိဏာမဓမ္မ ဟူသော အပြစ်ရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း] –– အာဒီနဝံ = ဆိုးဝါးညစ်ကျု အပြစ်စုသာတည်း။

[တစ်နည်းသော်ကား – အလွန် အထီးကျန်သည်ဖြစ်၍ ဆင်းရဲရိရှား ပင်ပန်းလှစွာ ဖြစ်တတ်သောကြောင့် အထီးကျန် သူဆင်းရဲသည် အာဒီနဝ မည်ပေသည်။ ခန္ဓာငါးပါးတို့သည်လည်း အာဒီနဝအမည်ရသော ခိုကိုးရာမဲ့ အထီးကျန် သူဆင်းရဲနှင့် တူသောကြောင့်] –– အာဒီနဝံ = ခိုကိုးရာမဲ့ အထီးကျန် သူဆင်းရဲသာတည်း။ (ဥပါဒ်ပြီးနောက် ဘင်ကာလသို့ ရောက်က မပျက်ရန် ခိုကိုးရာမရှိ ဟူလိုသည်။)[မှတ်စု ၃၀]

၁၇။ သာသဝတော

(ရုပ်နာမ်တို့၏ အကြောင်းရင်းဖြစ်သော အဝိဇ္ဇာ တဏှာ ဥပါဒါန် ဟူသော ကိလေသဝဋ်တရားတို့ကား အာသဝေါတရားတို့ပင်တည်း။ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့က အာရ မ္မဏပစ္စယသတ္တိ စသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေးသည့်အတွက် ယင်းအာသဝေါတရားတို့သည် ဖြစ်ပေါ်လာကြရကုန်၏၊ ဤသို့လျှင် ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည် အာသဝေါတရားတို့၏ အနီးကပ်ဆုံးသော အကြောင်း ပဒဋ္ဌာန် ဖြစ်သောကြောင့်) –– သာသဝံ = အာသဝေါတရား လေးပါးတို့၏ အစီးအပွားသာတည်း။[မှတ်စု ၃၁]

၁၈။ မာရာမိသတော

[ဒေဝပုတ္တမာရ် ကိလေသမာရ် ခန္ဓမာရ် မစ္စုမာရ် အဘိသင်္ခါရမာရ်ဟု မာရ်ငါးပါး ရှိ၏၊ ထိုတွင် ကိလေသမာရ်နှင့် မစ္စုမာရ်နှစ်ပါးကို အဋ္ဌကထာက တိုက်ရိုက်ယူ၍ ဖွင့်ဆိုထားတော်မူ၏၊ မဟာဋီကာဆရာတော်က မာရ်ငါးပါးလုံးပင် ထိုက်သလို ရသင့်ကြောင်းကို ရှင်းလင်းဖွင့်ဆိုထား၏၊

ခန္ဓာတို့သည် သေခြင်း မရဏဟူသော မစ္စုမာရ်၏ တည်ရာလည်း ဖြစ်ကြ၏ (ခန္ဓာမရှိက မသေနိုင် ဟူပေ)။ အဝိဇ္ဇာ တဏှာ ဥပါဒါန် ဟူသော ကိလေသာမာရ်စစ်သည်တို့၏ စွဲမှီ၍ ဖြစ်ရာအကြောင်းတရား, ကြီးပွားတိုးတက်ရန် အကြောင်းတရားလည်း ဖြစ်ကြ၏၊ ခန္ဓာတို့သည်ပင် ခန္ဓာတို့၏ အကြောင်းတရား၏အဖြစ်ဖြင့် ခန္ဓာတို့ကို ကြီးပွား တိုးတက်စေတတ်သောကြောင့် ခန္ဓာတို့သည်ပင် ခန္ဓာတို့၏ စားဖတ် ဝါးဖတ် အာမိသလည်းဖြစ်ကုန်၏၊ ထိုကြောင့် ခန္ဓာတို့သည်ပင် ခန္ဓာတို့၏ စွဲမှီ၍ဖြစ်ရာ အကြောင်းတရား ကြီးပွားတိုးတက်ရန် အကြောင်းတရားလည်း ဖြစ်ကြ၏၊ ဘဝသစ်ကို ပြုပြင်စီရင်တတ်ကုန်သော ကုသိုလ်သင်္ခါရ အကုသိုလ်သင်္ခါရဟူသော အဘိသင်္ခါရမာရ်တို့ကား ထို ခန္ဓာတို့၌ပင် အတွင်းဝင်ကုန်၏၊ အဘိသင်္ခါရတရားတို့ကြောင့် ခန္ဓာတို့ ဖြစ်လာကြရ၏၊ ခန္ဓာတို့ကို အစွဲပြု၍လည်း အဘိသင်္ခါရတရားတို့ ဖြစ်ကြရ၏၊ အဘိသင်္ခါရတရားတို့ဟူသည်မှာလည်း ကုသိုလ်သင်္ခါရ အကုသိုလ်သင်္ခါရ အမည် ရသည့် နာမ်ခန္ဓာတို့သာတည်း။ ဒေဝပုတ္တမာရ်၏မူကား – “ဧတံ မမ = မမေတံ = ဤတရားအပေါင်းသည် ငါ၏ဥစ္စာတည်း” – ဤသို့ မှတ်ထင်သော အဓိမာန၏ အစွမ်းဖြင့် အာမိသ၏အဖြစ်ကို သိရှိပါလေ။ ထိုကြောင့် ခန္ဓမာရ် စသည်တို့၏လည်း ဤခန္ဓာငါးပါးတို့၏ ထိုက်သည့်အားလျော်စွာ အာမိသ၏အဖြစ်ကို ဆိုသင့်ဆိုထိုက်၏၊ ထိုကြောင့် ခန္ဓာငါးပါးတို့သည် – ဒေဝပုတ္တမာရ် ကိလေသမာရ် ခန္ဓမာရ် မစ္စုမာရ် အဘိသင်္ခါရမာရ်တည်းဟူသော မာရ်ငါးပါးတို့၏ စားဖတ် ဝါးဖတ် သုံးသပ်နင်းနယ်ရာ ဖြစ်ခြင်းကြောင့်] – မာရာမိသံ = ကိလေသမာရ် မစ္စုမာရ်တို့၏ ။ ဝါ။ မာရ်ငါးပါးတို့၏ စားဖတ်ဝါးဖတ် သုံးသပ်နင်းနယ်ရာသာတည်း။[မှတ်စု ၃၂]

၁၉။ ဇာတိဓမ္မတော, ၂၀။ ဇရာဓမ္မတော, ၂၁။ ဗျာဓိဓမ္မတော

[ဇာတိသဘော = ဥပါဒ်သဘော, ဇရာသဘော = ဌီသဘော, ဗျာဓိသဘော, (မရဏသဘော = ဘင်သဘော)]

ရှိသည်၏ အဖြစ်ကြောင့်] –

၁၉။ ဇာတိ = ဖြစ်ချင်တိုင်း ဖြစ်တတ်သောသဘော ရှိ၏၊
၂၀။ ဇရံ = ဆုတ်ယုတ်လျော့ပါးခြင်းသဘော ရှိ၏၊
၂၁။ ဗျာဓိ = ဖျားနာခြင်းသဘော ရှိ၏၊[မှတ်စု ၃၃](မရဏဓမ္မတောကား အနိစ္စလက္ခဏာဆယ်ချက်၌ ပါပြီးဖြစ်သည်၊၊)

၂၂။ သောကဓမ္မတော, ၂၃။ ပရိဒေဝဓမ္မတော, ၂၄။ ဥပါယာသဓမ္မတော

(ခန္ဓာတို့သည် သောက-ပရိဒေဝ-ဥပါယာသတို့ ဖြစ်ပေါ်လာရန် အကြောင်းတရားများ ဖြစ်သောကြောင့်)
၂၂။ သောကံ = စိုးရိမ်ပူပန်ခြင်းသဘော ရှိ၏၊
၂၃။ ပရိဒေဝံ = ငိုကြွေးမြည်တမ်းရခြင်းသဘော ရှိ၏၊
၂၄။ ဥပါယာသံ = သက်ကြီးရှိုက်ငင် ပြင်းစွာ ပူပန်ရခြင်းသဘော ရှိ၏၊[မှတ်စု ၃၄]

၂၅။ သံကိလေသိကဓမ္မတော

(ခန္ဓာတို့သည် တဏှာသံကိလေသ ဒိဋ္ဌိသံကိလေသ ဒုစ္စရိတသံကိလေသဟူသော သံကိလေသတရားသုံးပါးနှင့် တကွ စိတ်အစဉ်ကို သို့မဟုတ် ကိန်းဝပ်ရာသတ္တဝါကို ညစ်နွမ်းစေတတ်သော ကိလေသတရားဆိုးတို့၏ အာရုံဓမ္မ ဖြစ်သောကြောင့်) - သံကိလေသိကဓမ္မံ = သံကိလေသသဘာဝကံ = တဏှာ ဒိဋ္ဌိ ဒုစ္စရိတတည်းဟူသော ညစ်နွမ်းခြင်း သုံးပါးကို။ ဝါ။ ကိလေသာ ဆယ်ပါးတည်းဟူသော ညစ်နွမ်းခြင်းကို ပွားစီးစေတတ်သောသဘော ရှိ၏၊[မှတ်စု ၃၅]

ဤသဘောတရားတို့ကို ကျေပွန်စွာ လေ့လာပါ။ ထိုနောင် ခန္ဓာငါးပါးနည်းဖြင့် ရုပ်နာမ်တို့ကို ငါးပုံ ပုံ၍ တစ်ပါး တစ်ပါး၌ - သက်ဆိုင်ရာ သဘောအဓိပ္ပါယ်ကို မြင်အောင် ကြည့်၍ – ဒုက္ခ ဒုက္ခ, ရောဂ ရောဂ – ဤသို့ စသည်ဖြင့် ရှုပါ။

အနတ္တလက္ခဏာ (၅) ချက်

အနတ္တာ စ ပရံ ရိတ္တံ၊ တုစ္ဆံ သုညန္တိ တာလီသံ။
ဝေဒနာဒယော ခန္ဓာပိ၊ တထေဝ ပဉ္စကာပိဝါ။

၁။ အနတ္တတော

[(၁) ခန္ဓာအိမ်ကို ပိုင်ဆိုင်သော သာမိအတ္တ,
(၂) ခန္ဓာအိမ်အသစ်လဲသော်လည်း ပြောင်းလဲခြင်း မရှိ၊ ဘဝတိုင်း အမြဲ လိုက်ပါ၍ နေထိုင်သော နိဝါသိအတ္တ,
(၃) ပြုလုပ်ဖွယ်ရာ လုပ်ငန်းကိစ္စရပ် ဟူသမျှကို ပြုလုပ်တတ်သော ကာရကအတ္တ,
(၄) အာရုံကို ခံစားတတ်သော ဝေဒကအတ္တ,
(၅) ကိစ္စအဝဝ လုပ်ငန်းရပ် ဟူသမျှကို စီရင်ဆုံးဖြတ်တတ်သော အဓိဋ္ဌာယကအတ္တ –
မိမိ ခန္ဓာငါးပါးကိုယ်တိုင်ကလည်း သာမိ နိဝါသိ ကာရက ဝေဒက အဓိဋ္ဌာယက စသော သဘော မရှိခြင်းကြောင့်] အနတ္တာ = (သာမိ နိဝါသိ ကာရက ဝေဒက အဓိဋ္ဌာယက) အတ္တ မဟုတ်။[မှတ်စု ၃၆]

၂။ သုညတော

(ခန္ဓာတိုင်းသည် သာမိအတ္တ နိဝါသိအတ္တ ကာရကအတ္တ ဝေဒကအတ္တ အဓိဋ္ဌာယကအတ္တမှ ဆိတ်သုဉ်း သောကြောင့်) - သုညံ = သာမိ နိဝါသိ ကာရကဝေဒက အဓိဋ္ဌာယက အတ္တမှ ဆိတ်သုဉ်း၏၊[မှတ်စု ၃၇] ၃။ ပရတော

ခန္ဓာတို့သည် ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားပိုင်း၌ ရေးသားတင်ပြခဲ့သည့်အတိုင်း အကြောင်းတရားနှင့် လျော်စွာသာလျှင် ဖြစ်ပေါ်နေကြရ၏၊ မိမိကိုယ်ကို မိမိလျှင် ပြဓာန်းခြင်းရှိသော တစ်ဦးသော ယောက်ျားသည် သူတစ်ပါး၏ အလိုသို့ မလိုက်ပါရသကဲ့သို့ အလားတူပင် - မိမိတို့က ဒုက္ခဝေဒနာ စသည်တို့ကို မဖြစ်စေလိုခြင်း, သုခဝေဒနာ စသည်တို့သက်သက်သာ ဖြစ်စေလိုခြင်း, တင့်တင့်တယ်တယ် လှလှပပ ဖြစ်စေလိုခြင်း ဤသို့ စသည်ဖြင့် အာသာဆန္ဒ ရှိပါသော်လည်း မိမိတို့ တောင့်တသည့် အလိုအတိုင်း ခန္ဓာတို့ကား မလိုက်ပါတတ်ကြပေ။ ထိုသို့ အလိုသို့ မလိုက်ပါတတ်သည်၏ အဖြစ်ကြောင့်လည်းကောင်း, “မအိုစေလင့်, မနာစေလင့်, မသေစေလင့်” ဤသို့ စသည်ဖြင့် စီရင်ခြင်းငှာ မတတ်ကောင်းသည်၏ အဖြစ်ကြောင့်လည်းကောင်း) –
ပရံ = အကျွမ်းဝင်ခြင်း အမြဲကင်းသော သူစိမ်းပြင်ပသာတည်း။[မှတ်စု ၃၈]

၄။ ရိတ္တတော

[သာသနာပအယူအဆရှိသူ မိစ္ဆာဒိဋ္ဌိအယူဝါဒရှိသူတို့ကား ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည် –– (၁) ဓုဝ = ခိုင်ခံ့ကုန်၏၊ (၂) သုဘ = တင့်တယ်ကုန်၏၊ (၃) သုခ = ချမ်းသာသုခ ဖြစ်ကုန်၏၊ (၄) အတ္တ = အတ္တ ဖြစ်ကုန်၏ဟု ကြံဆထားအပ်ကုန်၏၊ သို့သော် ယင်းခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည် ထိုမိစ္ဆာဒိဋ္ဌိ အယူဝါဒရှိသူတို့ ကြံဆအပ်သည့် ဓုဝ သုဘ သုခ အတ္တ သဘောတို့မှ အမြဲတမ်း ကင်းဆိတ်ကြကုန်၏၊ ထိုကြောင့်] ရိတ္တံ = ဓုဝ သုဘ သုခ အတ္တ ဟူသော အနှစ်သာရဟူသမျှနှင့် မြူ မျှမယှဉ် အစဉ် ဆိတ်ကင်းသော သဘောတရားသာတည်း။[မှတ်စု ၃၉]

၅။ တုစ္ဆတော

(ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၏ အတွင်း၌ ခိုင်မာသည့် ဓုဝ၊ တင့်တယ်သည့် သုဘ၊ ချမ်းသာသည့် သုခ၊ အနှစ်သာရဟူသည့် အတ္တသဘောတို့ မတည်ရှိကြပေ။ ထိုကြောင့် ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည် ဓုဝ သုဘ သုခ အတ္တသဘောတို့မှ ကင်းဆိတ်သောကြောင့် တုစ္ဆ = အချည်းနှီးသော တရားတို့သာတည်း။ တစ်နည်းအားဖြင့် ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည် ဓုဝ သုဘ သုခ အတ္တသဘောမှ ဆိတ်သုဉ်းကြသော်လည်း ပရမတ်သဘောအားဖြင့် တကယ် ထင်ရှား မရှိကြကုန်သည်ကား မဟုတ်၊ ရှိကြသည်သာတည်း။ ဥပါဒ်-ဌီ-ဘင်အနေအားဖြင့် ထင်ရှားရှိကြသည်သာတည်း။ ဥပါဒ်-ဌီ-ဘင်အနေအားဖြင့် ဖြစ်ပေါ်လာကြကုန်သော ပရမတ်တို့၏ သက်တမ်းကား အလွန့်အလွန် တိုတောင်းရကား ရုပ်နာမ်ပရမတ်တို့သည် အချိန်အနည်းငယ်ကလေးမျှသာ ဖြစ်ခွင့်ရကြ၏၊ အနည်းငယ်ကလေးမျှသာ ဖြစ်ခွင့် ရသောကြောင့်လည်း တုစ္ဆ = အချည်းနှီးသော တရားတို့သာတည်း။ မှန်ပေသည် –– လောက၌ အနည်းငယ်ကိုလည်း တုစ္ဆဟူ၍ ခေါ်ဝေါ်သုံးစွဲရိုး ရှိပေသည်။ ထိုကြောင့် ခန္ဓာငါးပါးရုပ်နာမ်တရားတို့သည်) –

တုစ္ဆံ = ဓုဝ သုဘ သုခ အတ္တ မမှီး အချည်းနှီးသာတည်း။ ဝါ။ တုစ္ဆံ = သေးငယ်ယုတ်ညံ့ အချည်းနှီးသော တရားသာတည်း။[မှတ်စု ၄၀]

အနိစ္စ-ဒုက္ခ-အနတ္တ ဖြစ်ရ ခြင်း၏ အကြောင်းရင်း

“ရဟန်းတို့...ရုပ်တရားသည် အနိစ္စတည်း၊ ရုပ်တရား၏ ဖြစ်ပေါ်လာရန် အကြင်တိုက်ရိုက်ဖြစ်စေတတ်သော ဟေတုအကြောင်းတရား = ဇနကအကြောင်းတရားသည်လည်း ရှိ၏၊ အကြင်အားပေးထောက်ပံ့တတ်သော ပစ္စယအကြောင်းတရား = ဥပတ္ထမ္ဘကအကြောင်းတရားသည်လည်း ရှိ၏၊ ထိုအကြောင်းတရားသည်လည်း အနိစ္စသာတည်း။ ရဟန်းတို့ ... အနိစ္စ အကြောင်းတရားကြောင့် ထင်ရှားဖြစ်ပေါ်လာရသော ရုပ်တရားသည် အဘယ်မှာလျှင် နိစ္စ ဖြစ်နိုင်လတ္တံ့နည်း။”[မှတ်စု ၄၁]...

ဤသို့ စသော သုတ္တန်များ၌ ဘုရားရှင် ဟောကြားထားတော်မူသည်နှင့် အညီ ခန္ဓာငါးပါးတို့ကို ဖြစ်စေတတ်သည့် အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံစသည့် အကြောင်းတရားများကိုယ်တိုင်က အနိစ္စတရား ဒုက္ခတရား အနတ္တတရား များ ဖြစ်ကြသောကြောင့် အကျိုး ရုပ်နာမ်ခန္ဓာငါးပါးတို့သည်လည်း အနိစ္စတရား ဒုက္ခတရား အနတ္တတရားတို့သာ ဖြစ်ကြရပေသည်။ ယောဂါဝစရပုဂ္ဂိုလ်သည် အကြောင်းတရားများကိုယ်တိုင်က အနိစ္စ ဒုက္ခ အနတ္တ ဖြစ်၍ အကျိုးတရား တို့သည်လည်း အနိစ္စ ဒုက္ခ အနတ္တတို့သာ ဖြစ်ကြရပုံကို ဉာဏ်ဖြင့်မြင်အောင် တစ်ဆင့်တက်၍ ရှုပွားရမည်သာ ဖြစ်ပေသည်။

(၂၀၀) အပြားရှိသော နယဝိပဿနာ

ဤသို့လျှင် - ရူပက္ခန္ဓာ၌ သို့မဟုတ် ခန္ဓာတစ်ပါးတစ်ပါး၌ ..

၁။ အနိစ္စာနုပဿနာ ၁၀ - ချက်
၂။ ဒုက္ခာနုပဿနာ ၂၅ - ချက်
၃။ အနတ္တာနုပဿနာ ၅ - ချက်
အားလုံးပေါင်းသော် ဘာဝနာ ၄၀ - ဖြစ်သည်။

ခန္ဓာတစ်ပါးတစ်ပါး၌ ဘာဝနာ (၄၀)စီ ဖြစ်ရကား ခန္ဓာငါးပါးလုံး၌ နယဝိပဿနာဟု ခေါ်ဆိုအပ်သော သမ္မသနဉာဏ်သည် (၂၀၀)အပြား ရှိပေသည်။

ယောဂီသူတော်ကောင်းသည် စက္ခုဒွါရဝီထိ စသည့် ထိုထို ဝီထိတို့၌ နာမ်ကမ္မဋ္ဌာန်းပိုင်းတွင် ဇယားများဖြင့် ဖော်ပြထားသည့်အတိုင်း အတန်းတိုင်း အတန်းတိုင်း၌ ခန္ဓာငါးပါးစီ တိုးလျှိုပေါက် အနိစ္စသက်သက် ရှေ့ဦးစွာ ရှုကြည့်ပါ၊

ရူပါရုံလိုင်း စသည့် (၆)လိုင်းလုံး၌ ရှုပါ။ အဇ္ဈတ္တ တစ်လှည့် ဗဟိဒ္ဓ တစ်လှည့် ရှုပါ။ ထိုနောင် တစ်စတစ်စ တိုး၍ တော (၄၀) ခေါ် ဘာဝနာ (၄၀) ပြည့်အောင် ရှုပါ။ အခေါက်ပေါင်း (၄၀) ရှုရမည် ဖြစ်သည်။ ခန္ဓာတစ်ပါးတစ်ပါး၌ အခေါက်ပေါင်း (၄၀) ဖြစ်သဖြင့် ခန္ဓာငါးပါးလုံး၌ အခေါက်ပေါင်း (၂၀၀) ဖြစ်သည်။

အလားတူပင် .. အတိတ်အဆက်ဆက်မှသည် အနာဂတ်ဆုံးသည်အထိ ခန္ဓာငါးပါးနည်းဖြင့် တိုးလျှိုပေါက် အနုပဿနာ (၄၀)လုံး အနုပဿနာ တစ်ခုပြီးတစ်ခု ရှုပါ။ အခေါက်ပေါင်း (၄၀ ဍ္ဍ ၅ = ၂၀၀)ပင် ဖြစ်သည်။ သို့သော် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုနိုင်လေ ကောင်းလေပင် ဖြစ်သည်။ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌ ရှုပါ။

အကယ်၍ ယောဂီသူတော်ကောင်းသည် အလိုရှိခဲ့ပါမူ ရုပ်နာမ်နှစ်ပါးနည်းဖြင့်လည်း ယင်း တော (၄၀) ရှုကွက်ကို ရှုနိုင်ပါသည်။ စက္ခုဒွါရဝီထိ စသော ဝီထိ (၆)မျိုးလုံး၌ ရုပ်နာမ်နှစ်ပါးနည်းဖြင့် အဇ္ဈတ္တ တစ်လှည့် ဗဟိဒ္ဓ တစ်လှည့် ရှုပါ။ ထိုနောင် အတိတ်အဆက်ဆက်မှသည် အနာဂတ်ဆုံးသည်အထိ ရုပ်နာမ်နှစ်ပါးနည်းဖြင့်လည်း ရှုနိုင်သည်။ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်မျိုးလုံး၌ ရှုပါ။ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။

ပညာဘာဝနာ ပြည့်စုံနိုင်သည်

ဤသို့လျှင် ယောဂါဝစရပုဂ္ဂိုလ်သည် ခန္ဓာငါးပါးနည်းဖြင့်လည်းကောင်း, စွမ်းနိုင်ပါက အာယတန (၁၂)ပါးနည်း, ဓာတ် (၁၈)ပါးနည်းတို့ဖြင့်လည်းကောင်း, ရုပ်နာမ်နှစ်ပါးနည်းဖြင့်လည်းကောင်း –

၁။ ရံခါ ရုပ်သက်သက်ကိုလည်းကောင်း,
၂။ ရံခါ နာမ်သက်သက်ကိုလည်းကောင်း,
၃။ ရံခါ ရုပ်နှင့်နာမ် အတွဲလိုက် အစုံလိုက်ကိုလည်းကောင်း,

တစ်နည်း –
၁။ ရံခါ ရုပ်သက်သက်ကိုလည်းကောင်း,
၂။ ရံခါ ဝေဒနာသက်သက်ကိုလည်းကောင်း,
၃။ ရံခါ သညာသက်သက်ကိုလည်းကောင်း,
၄။ ရံခါ သင်္ခါရသက်သက်ကိုလည်းကောင်း,
၅။ ရံခါ ဝိညာဏ်သက်သက်ကိုလည်းကောင်း,
၆။ ရံခါ အဇ္ဈတ္တ၌လည်းကောင်း,
၇။ ရံခါ ဗဟိဒ္ဓ၌လည်းကောင်း,
၈။ ရံခါ အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ၌လည်းကောင်း,
၉။ ရံခါ အနိစ္စလက္ခဏာယာဉ် တင်၍,
၁၀။ ရံခါ ဒုက္ခလက္ခဏာယာဉ် တင်၍,
၁၁။ ရံခါ အနတ္တလက္ခဏာယာဉ် တင်၍ –

တွင်တွင်ကြီး ဝိပဿနာရှုနိုင်ပါက, ယင်းသို့ ဝိပဿနာရှုပွားသုံးသပ်ခဲ့သော် (သမ္မသနဉာဏ်မှသည် သင်္ခါရုပေက္ခာ ဉာဏ်သို့ တိုင်အောင်) ဝိပဿနာဉာဏ်စဉ် အဆင့်ဆင့်အတိုင်း အစဉ်အတိုင်း ကျင့်ခဲ့သော် ပညာဘာဝနာသည် ပြီးစီးပြည့်စုံနိုင်၏ = အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်၏၊[မှတ်စု ၄၂] မပြည့်စုံခဲ့သော် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုဖို့ကား လိုအပ်နေမည်သာဖြစ်ပေသည်။ အကယ်၍ မပြည့်စုံနိုင်ပြန်ပါမူကား ရူပသတ္တကရှုနည်း အရူပသတ္တကရှုနည်း များသို့လည်း ပြောင်းရှုနိုင်ပေသည်။

  1. (ဝိသုဒ္ဓိ၊၂၊၂၄၆၊၊)
  2. (ပဋိသံ၊၄၁၁။)
  3. အနစ္စန္တိကတာယ၊ အာဒိအန္တဝန္တတာယ စ အနိစ္စတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။) အနစ္စန္တိကတာယာတိ အစ္စန္တိကတာဘာဝတော၊ အသဿတတာယာတိ အတ္ထော။ သဿတဥှိ အစ္စန္တိကံ ပရာယ ကောဋိယာ အဘာဝတော။ (မဟာဋီ၊၂၊၃၉၄။)
  4. ဗျာဓိဇရာမရဏေဟိ ပလုဇ္ဇနတာယ ပလောကတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)
  5. ဗျာဓိဇရာမရဏေဟိ စေဝ လာဘာလာဘာဒီဟိ စ လောကဓမ္မေဟိ ပစလိတတာယ စလတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။) လောကဓမ္မာ လာဘာဒိဟေတုကာ အနုနယပဋိဃာ၊ တေဟိ, ဗျာဓိအာဒီဟိ စ အနဝဋ္ဌိတတာ ပစလိတတာ။ (မဟာဋီ၊၂၊၃၉၆။)
  6. ဥပက္ကမေန စေဝ သရသေန စ ပဘင်္ဂုပဂမနသီလတာယ ပဘင်္ဂုတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)
  7. သဗ္ဗာဝတ္ထနိပါတိတာယ, ထိရဘာဝဿ စ အဘာဝတာယ အဒ္ဓုဝတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)
  8. ဇရာယ စေဝ မရဏေန စာတိ ဒွေဓာ ပရိဏာမပကတိတာယ ဝိပရိဏာမဓမ္မတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)
  9. ဒုဗ္ဗလတာယ, ဖေဂ္ဂု ဝိယ သုခဘဉ္ဇနီယတာယ စ အသာရကတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)
  10. ဝိဂတဘဝတာယ, ဝိဘဝသမ္ဘူတတာယ စ ဝိဘဝတော။ (ဝိသုဒ္ဓိ၊၂၊၂၄၈။)
  11. မရဏပကတိတာယ မရဏဓမ္မတော။ (ဝိသုဒ္ဓိ၊၂၊၂၄၈။)
  12. ဟေတုပစ္စယေဟိ အဘိသင်္ခတတာယ သင်္ခတတော။ (ဝိသုဒ္ဓိ၊၂၊၂၄၈၊၊)
  13. ဥပ္ပါဒဝယပဋိပီဠနတာယ, ဒုက္ခဝတ္ထုတာယ စ ဒုက္ခတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)
    ဥပ္ပါဒဝယပဋိပီဠနတာယာ တိ ဥပ္ပါဒေန, ဝယေန စ ပတိ ပတိ ခဏေ ခဏေ တံသမင်္ဂီနော ဝိဗာဓနသဘာဝတ္တာ၊ တေဟိ ဝါ သယမေဝ ဝိဗာဓေတဗ္ဗတ္တာ။ ဥဒယဗ္ဗယဝန္တော ဟိ ဓမ္မာ အဘိဏှံ တေဟိ ပဋိပီဠိတာ ဧဝ ဟောန္တိ၊ ယာ ပီဠနာ “သင်္ခါရဒုက္ခတာ”တိ ဝုစ္စတိ။ ဒုက္ခဝတ္ထုတာယာတိ တိဝိဓဿာပိ ဒုက္ခဿ, သံသာရဒုက္ခဿ စ အဓိဋ္ဌာနဘာဝတော။ (မဟာဋီ၊၂၊၃၉၄-၃၉၅။)
  14. (ဝိသုဒ္ဓိ၊၂၊၁၃၀။ မဟာဋီ၊၂၊၁၉၇။)
  15. ပစ္စယယာပနီယတာယ, ရောဂမူလတာယ စ ရောဂတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)
  16. ဝိဂရဟဏီယတာယ, အဝဍ္ဎိအာဝဟနတာယ, အဃဝတ္ထုတာယ စ အဃတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)
  17. ဒုက္ခတာသူလယောဂိတာယ, ကိလေသာသုစိပဂ္ဃရဏတာယ, ဥပ္ပါဒဇရာဘင်္ဂေဟိ ဥဒ္ဓုမာတပရိပက္ကပဘိန္နတာယ စ ဂဏ္ဍတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)
  18. ပီဠာဇနကတာယ, အန္တောတုဒနတာယ, ဒုန္နီဟရဏီယတာယ စ သလ္လတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)
  19. အသေရိဘာဝဇနကတာယ, အာဗာဓပဒဋ္ဌာနတာယ စ အာဗာဓတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)
  20. အဝိဒိတာနံယေဝ ဝိပုလာနံ အနတ္ထာနံ အာဝဟနတော, သဗ္ဗုပဒ္ဒဝဝတ္ထုတာယ စ ဥပဒ္ဒဝတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)
  21. သဗ္ဗဘယာနံ အာကရတာယ, ဒုက္ခဝူပသမသင်္ခါတဿ ပရမဿာသဿ ပဋိပက္ခဘူတတာယ စ ဘယတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)
  22. အနေကဗျသနာဝဟနတာယ ဤတိတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)
  23. အနေကေဟိ အနတ္ထေဟိ အနုဗဒ္ဓတာယ, ဒေါသူပသဋ္ဌတာယ, ဥပသဂ္ဂေါ ဝိယ အနဓိဝါသနာရဟတာယ စ ဥပသဂ္ဂတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)
  24. အတာယနတာယ စေဝ, အလဗ္ဘနေယျခေမတာယ စ အတာဏတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)
  25. အလ္လီယိတုံ အနရဟတာယ, အလ္လီနာနမ္ပိ စ လေဏကိစ္စာကာရိတာယ အလေဏတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)
  26. နိဿိတာနံ ဘယသာရကတ္တာဘာဝေန အသရဏတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)
  27. မိတ္တမုခသပတ္တော ဝိယ ဝိဿာသဃာတိတာယ ဝဓကတော။ (ဝိသုဒ္ဓိ၊၂၊၂၄၈။)
  28. (မဟာဋီ၊၂၊၃၉၇။)
  29. အဃဟေတုတာယ အဃမူလတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။) အဃဿ ပါပဿ ဟေတုတာ အဃဟေတုတာ။ (မဟာဋီ၊၂၊၃၉၇။)
  30. ပဝတ္တိဒုက္ခတာယ, ဒုက္ခဿ စ အာဒီနဝတာယ အာဒီနဝတော၊ အထ ဝါ အာဒီနံ ဝါတိ ဂစ္ဆတိ ပဝတ္တတီတိ အာဒီနဝေါ၊ ကပဏမနုဿေဿတံ အဓိဝစနံ၊ ခန္ဓာပိ စ ကပဏာယေဝါတိ အာဒီနဝသဒိသတာယ အာဒီနဝတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇ ) ပဝတ္တိဒုက္ခတာယာတိ ဘဝပဝတ္တိဒုက္ခဘာဝတော။ ဘဝပဝတ္တိ စ ပဉ္စန္နံ ခန္ဓာနံ အနိစ္စာဒိအာကာရေန ပဝတ္တနမေဝ၊ သော စ အာဒီနဝေါ။ ယထာဟ “ယံ ဘိက္ခဝေ ပဉ္စုပါဒါနက္ခန္ဓာ အနိစ္စာ ဒုက္ခာ ဝိပရိဏာမဓမ္မာ။ အယံ ဘိက္ခဝေ ပဉ္စသု ဥပါဒါနက္ခန္ဓေသု အာဒီနဝေါ”တိ။ တေနာဟ “ဒုက္ခဿ စ အာဒီနဝတာယာ”တိ။ အာဒီနန္တိ ဘာဝနပုံသကနိဒ္ဒေသော ယထာ “ဧကမန္တ”န္တိ အတိဝိယ ကပဏန္တိ အတ္ထော။ ဘုသတ္ထော ဟိ အယံ အာ-ကာရော။ (မဟာဋီ၊၂၊၃၉၆။)
  31. အာသဝပဒဋ္ဌာနတာယ သာသဝတော။ (ဝိသုဒ္ဓိ၊၂၊၂၄၈။)
    အာသဝါနံ အာရမ္မဏာဒိနာ ပစ္စယဘာဝေါ အာသဝပဒဋ္ဌာနတာ။ (မဟာဋီ၊၂၊၃၉၇။)
  32. မစ္စုမာရကိလေသမာရာနံ အာမိသဘူတတာယ မာရာမိသတော။ (ဝိသုဒ္ဓိ၊၂၊၂၄၈။)
    မစ္စုမာရဿ အဓိဋ္ဌာနဘာဝေန, ကိလေသမာရဿ ပစ္စယဘာဝေန သံဝဍ္ဎနတော အာမိသဘူတတာ၊ ခန္ဓာပိ ခန္ဓာနံ အာမိသဘူတာ ပစ္စယဘာဝေန သံဝဍ္ဎနတော၊ တဒန္တောဂဓာ အဘိသင်္ခါရာ။ ဒေဝပုတ္တမာရဿ ပန “မမေတ”န္တိ အဓိမာနဝသေန အာမိသဘာဝေါတိ ခန္ဓာဒိမာရာနမ္ပိ ဣမေသံ ယထာရဟံ အာမိသဘူတတာ ဝတ္တဗ္ဗာ။ (မဟာဋီ၊၂၊၃၉၇။)
  33. ဇာတိ-ဇရာ-ဗျာဓိ-မရဏပကတိတာယ ဇာတိ-ဇရာဗျာဓိ-မရဏဓမ္မတော။ (ဝိသုဒ္ဓိ၊၂၊၂၄၈။)
  34. သောက-ပရိဒေဝ-ဥပါယာသဟေတုတာယ သောက-ပရိဒေဝ-ဥပါယာသဓမ္မတော။ (ဝိသုဒ္ဓိ၊၂၊၂၄၈။)
  35. တဏှာဒိဋ္ဌိဒုစ္စရိတသံကိလေသာနံ ဝိသယဓမ္မတာယ သံကိလေသိကဓမ္မတော။ (ဝိသုဒ္ဓိ၊၂၊၂၄၈။) သံကိလေသတ္တယဂ္ဂဟဏေန တဒေကဋ္ဌာနံ ဒသန္နံ ကိလေသဝတ္ထူနမ္ပိ သင်္ဂဟော ဒဋ္ဌဗ္ဗော။ တဒါရမ္မဏာ ဟိ ဓမ္မာ တဒနတိဝတ္တနတော သံကိလေသိကာ ဧဝ။
    တထာ ခုဒ္ဒါ, တဏှာ, ဇဋာဒီသု သရီရဿ, သံကိလေသဿ စ သင်္ဂဟော ဒဋ္ဌဗ္ဗော။ (မဟာဋီ၊၂၊၃၉၇၊၊)
  36. သာမိ-နိဝါသိ-ကာရက-ဝေဒကာဓိဋ္ဌာယကဝိရဟိတတာယ သုညတော။ သယဉ္စ အသာမိကဘာဝါဒိတာယ အနတ္တတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇၊၊)
  37. သာမိ-နိဝါသိ-ကာရက-ဝေဒကာဓိဋ္ဌာယကဝိရဟိတတာယ သုညတော။ သယဉ္စ အသာမိကဘာဝါဒိတာယ အနတ္တတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇၊၊)
  38. အဝသတာယ, အဝိဓေယျတာယ စ ပရတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။) အဝသတာယာတိ အဝသဝတ္တနတော။ ယထာ ပရောသတန္တော ပုရိသော ပရဿ ဝသံ န ဂစ္ဆတိ၊ ဧဝံ သုဘသုခါဒိဘာဝေန ဝသေ ဝတ္တေတုံ အသက္ကုဏေယျတော။ အဝိဓေယျတာယာတိ “မာ ဇီရထ၊ မာ မီယထာ”တိအာဒိနာ ဝိဓာတုံ အသက္ကုဏေယျတော။ (မဟာဋီ၊၂၊၃၉၅။)
  39. ယထာပရိကပ္ပိတေဟိ ဓုဝသုဘသုခတ္တဘာဝေဟိ ရိ်တ္တတာယ ရိတ္တတော။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)
  40. ရိတ္တတာယေဝ တုစ္ဆတော အပ္ပကတ္တာ ဝါ၊ အပ္ပကမ္ပိ ဟိ လောကေ တုစ္ဆန္တိ ဝုစ္စတိ။ (ဝိသုဒ္ဓိ၊၂၊၂၄၇။)
  41. ရူပံ ဘ်ိက္ခဝေ အနိစ္စံ၊ ယောပိ ဟေတု ယောပိ ပစ္စယော ရူပဿ ဥပ္ပါဒါယ၊ သောပိ အနိစ္စော၊ အနိစ္စသမ္ဘူတံ ဘိက္ခဝေ ရူပံ၊ ကုတော နိစ္စံ ဘဝိဿတိ။ (သံ၊၂၊၂၀။ သဟေတုအနိစ္စသုတ္တန်။)
  42. ဧဝံ ကာလေန ရူပံ ကာလေန အရူပံ သမ္မသိတွာပိ တိလက္ခဏံ အာရောပေတွာ အနုက္ကမေန ပဋိပဇ္ဇမာနော ဧကော ပညာဘာဝနံ သမ္ပာဒေတိ။ (ဝိသုဒ္ဓိ၊၂၊၂၅၃။)
    အနုက္ကမေနာတိ ဥဒယဗ္ဗယဉာဏာဓိဂမာနုက္ကမေန ပညာဘာဝနံ သမ္ပာဒေတိ အရဟတ္တံ အဓိဂစ္ဆတိ။ (မဟာဋီ၊၂၊၄၀၅။)