နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ရုပ်နှင့်နာမ် တွဲ၍လည်း ရှုပါ

ရုပ်နှင့်နာမ် တွဲ၍လည်း ရှုပါ

ရုပ်နာမ်နှစ်ပါးနည်းဖြင့်လည်းကောင်း, ခန္ဓာငါးပါးနည်းဖြင့်လည်းကောင်း ဝိပဿနာရှု၍ အားရကျေနပ်မှု အတော်အသင့်ရရှိသောအခါ ရုပ်နှင့် နာမ်ကို တွဲ၍ ရှုလိုက ရှုနိုင်ပါသည်။ ရှေးဦးစွာ အဇ္ဈတ္တ ဗဟိဒ္ဓနှစ်မျိုးလုံး၌ ရုပ်သက်သက် နာမ်သက်သက်ကို သွက်အောင် ပြန်၍ ဝိပဿနာ ရှုပါ။ သွက်သွက်လက်လက် အပြန်ပြန် အလှန်လှန် ရှုနိုင်သောအခါ ရှေးဦးစွာ အာယတနဒွါရအလိုက်ပင် .. နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် တင်ပြထားသည့် စိတ္တက္ခဏတိုင်း စိတ္တက္ခဏတိုင်း၌ ...

၁။ မှီရာဝတ္ထုရုပ်နှင့် အာရုံရုပ်,
၂။ စိတ္တက္ခဏတိုင်း၏ စိတ်စေတသိက် နာမ်တရားစု –

ဤ ရုပ်-နာမ်တို့၏ အစုံလိုက် အစုံလိုက် ပြိုပြို ပျက်ပျက်နေသည့် သဘောကို အာရုံယူ၍ သို့မဟုတ် ဖြစ်မှု ပျက်မှုကိုပင် အာရုံယူ၍ လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီတင်ကာ ဝိပဿနာ ရှုပါ။

ပဉ္စဒွါရာဝဇ္ဇန်း = ဆင်ခြင်စိတ္တက္ခဏ၌ - မှီရာဝတ္ထုရုပ် (၆၃)မျိုးနှင့် ရူပါရုံလည်း ဖြစ်-ပျက်, နာမ်တရား (၁၁)လုံးလည်း ဖြစ်-ပျက် - ဤသို့ စသည့် သဘောများကို စိတ္တက္ခဏတိုင်း၌ အစုံလိုက် အစုံလိုက် ရုပ်နှင့် နာမ်တို့၏ ဖြစ်မှု ပျက်မှုကို မြင်အောင်ကြည့်၍ အနိစ္စတစ်လှည့် ဒုက္ခတစ်လှည့် အနတ္တတစ်လှည့် တစ်လှည့်စီ လှည့်၍ ရှုပါ။ အာယတနဒွါရအလိုက် ရှုပါ။ ဒွါရ (၆)ပါးလုံး၌ ရှုပါ။ ကုသိုလ်ဇောဝီထိ အကုသိုလ်ဇောဝီထိများကို (နာမ်ကမ္မဋ္ဌာန်းပိုင်း ဇယားများအတိုင်း) ကုန်စင်အောင် ရှုပါ။ အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် အပြန်ပြန် အလှန်လှန် ရှုပါ။ ဤနည်းဖြင့်

၁။ ရုပ်သက်သက်ကို,
၂။ နာမ်သက်သက်ကို,
၃။ ရုပ်နာမ်ကို - တွဲ၍ –

အဇ္ဈတ္တ ဗဟိဒ္ဓတို့၌ လက္ခဏာယာဉ်တင်ကာ အပြန်ပြန် အလှန်လှန် ရှုပြီးသောအခါ ပဋိသန္ဓေမှသည် စုတိသို့ တိုင်အောင်လည်း အလားတူပင် (၁) ရုပ်သက်သက်ကို (၂) နာမ်သက်သက်ကို (၃) ရုပ်နှင့် နာမ်ကို တွဲ၍လည်း ဆက်လက်၍ ဝိပဿနာရှုပါ။ ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတ္တံ့အတိုင်း ခြုံငုံ၍သာ ရှုပါ။ အလားတူပင် ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင် ခန္ဓာငါးပါးနည်းဖြင့်လည်း ဝိပဿနာ ဆက်ရှုပါ။

အတိတ်-ပစ္စုပ္ပန်-အနာဂတ်

အဒ္ဓါပစ္စုပ္ပန် အမည်ရသော ပဋိသန္ဓေမှသည် စုတိသို့တိုင်အောင်သော ရုပ်တရား နာမ်တရားတို့ကို ရုပ်နာမ် နှစ်ပါးနည်းဖြင့်လည်းကောင်း, ခန္ဓာငါးပါးနည်းဖြင့်လည်းကောင်း ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ဝိပဿနာ ရှုပွား သုံးသပ်ပြီးသောအခါ ကျေနပ်မှု အထိုက်လျောက် ရရှိပါက အတိတ် ပစ္စုပ္ပန် အနာဂတ် ရုပ်နာမ်တို့ကိုပါ တစ်ဆင့်တက်၍ ဝိပဿနာရှုပါ။

“ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရကြသည့် အကြောင်းတရားနှင့် တကွသော ဥပါဒါနက္ခန္ဓာငါးပါးတို့ကို သင်္ခါရတရားတို့ဟူ၍ ခေါ်ဆို၏၊ ယင်းသင်္ခါရတရားတို့ကို အနိစ္စဟု ဒုက္ခဟု အနတ္တဟု – ဤသို့ စသည့် အထူးထူး အပြားပြားကုန်သော အခြင်းအရာတို့ဖြင့် ရှုတတ်သောကြောင့် ဝိပဿနာ မည်၏၊”[မှတ်စု ၁]...

ဤသို့စသော အဋ္ဌကထာကြီးတို့၌ လာရှိသည့်အတိုင်း ပရမတ်သင်္ခါရတရားတို့ကို လက္ခဏာယာဉ်တင်ကာ ရှုပွားသုံးသပ်သည့် အပိုင်းကိုသာ ဝိပဿနာဟု ခေါ်ဆိုသည်။ ရုပ်နာမ်ပရမတ်သို့ ဉာဏ်အမြင် မဆိုက်သေးသော ယောဂါဝစရပုဂ္ဂိုလ်၏ ပညတ်နှင့် ပရမတ် ခွဲခြားမသိဘဲ ပညတ်အတုံးအခဲ အစုအပုံကို ရှုမှတ်ခြင်းကိုကား ဝိပဿနာဟု မခေါ်ဆိုနိုင်သေးသည်ကို သတိပြုလေရာသည်။

အချို့သော ယောဂါဝစရပုဂ္ဂိုလ်တို့သည် အတိတ်ဘဝပေါင်းများစွာ၌ တည်ရှိကြသော ခန္ဓာငါးပါး ရုပ်နာမ်တရား တို့ကို လက္ခဏာရေးသုံးတန်သို့ တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်နိုင်ကြ၏၊ သို့သော် အချို့သော ယောဂါဝစရ ပုဂ္ဂိုလ်တို့သည်ကား အတိတ်ဘဝ အနည်းငယ်၌ တည်ရှိကြသော ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို လက္ခဏာရေး သုံးတန်သို့ တင်ကာ ဝိပဿနာ ရှုပွားသုံးသပ်နိုင်ကြ၏၊ အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် အတိတ်ဘဝ (၅)ဘဝတို့၌ တည်ရှိကြကုန်သော ခန္ဓာငါးပါး ရုပ်နာမ်တရားတို့မျှလောက်ကိုသာ ဝိပဿနာ ရှုပွားသုံးသပ်နိုင်ခဲ့သည် ဖြစ်ငြားအံ့၊ ထိုယောဂါဝစရပုဂ္ဂိုလ်သည် ..

၁။ ပဉ္စမမြောက်အတိတ်၏ ပဋိသန္ဓေမှ စ၍ ထိုအတိတ်၏ စုတိသို့တိုင်အောင်,
၂။ စတုတ္ထမြောက်အတိတ်၏ ပဋိသန္ဓေမှ စ၍ ထိုအတိတ်၏ စုတိသို့တိုင်အောင်,
၃။ တတိယမြောက်အတိတ်၏ ပဋိသန္ဓေမှ စ၍ ထိုအတိတ်၏ စုတိသို့တိုင်အောင်,
၄။ ဒုတိယမြောက်အတိတ်၏ ပဋိသန္ဓေမှ စ၍ ထိုအတိတ်၏ စုတိသို့တိုင်အောင်,
၅။ ပထမအတိတ်၏ ပဋိသန္ဓေမှ စ၍ ထိုအတိတ်၏ စုတိသို့တိုင်အောင်,
၆။ ပစ္စုပ္ပန်ဘဝ၏ ပဋိသန္ဓေမှ စ၍ ပစ္စုပ္ပန်ဘဝ၏ စုတိသို့တိုင်အောင်,

အကယ်၍ ထိုယောဂီပုဂ္ဂိုလ်အတွက် အနာဂတ်ဘဝများသည် ထင်ရှားရှိနေကြပါသေးလျှင် ..
၇။ ပထမအနာဂတ်ဘဝ၏ ပဋိသန္ဓေမှ စ၍ ယင်းပထမအနာဂတ်ဘဝ၏ စုတိသို့တိုင်အောင်,
၈။ ဒုတိယအနာဂတ်ဘဝ၏ ပဋိသန္ဓေမှ စ၍ ယင်းဒုတိယအနာဂတ်ဘဝ၏ စုတိသို့တိုင်အောင် –ဤနည်းဖြင့် အရဟတ္တဖိုလ်သို့[မှတ်စု ၂] ဆိုက်ရောက်သည့် တိုင်အောင်သော အနာဂတ်ဘဝ၏ ပဋိသန္ဓေမှ စ၍ စုတိသို့ တိုင်အောင် ထိုထိုဘဝတို့၏ အတွင်း၌ တည်ရှိကြကုန်သော ..

၁။ ရုပ်သက်သက်ကို လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်၍,
၂။ နာမ်သက်သက်ကို လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်၍,
၃။ ရုပ်နှင့် နာမ်ကို ပူးတွဲ၍ လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်၍ –
ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ အပြန်ပြန် အလှန်လှန် ဝိပဿနာ ရှုပါ။

ရံခါ အဇ္ဈတ္တ, ရံခါ ဗဟိဒ္ဓ, ရံခါ အဇ္ဈတ္တ ဗဟိဒ္ဓ တစ်လှည့်စီ ဝိပဿနာ ရှုပါ။ အလားတူပင် ယင်း ထိုထိုဘဝတို့၏ ပဋိသန္ဓေမှ စ၍ စုတိသို့တိုင်အောင် တည်ရှိကြကုန်သော ရုပ်တရား နာမ်တရားတို့ကို (၅)ပုံ ပုံကာ ခန္ဓာငါးပါး နည်းဖြင့်လည်း ဝိပဿနာ ရှုနိုင်ပါသည်။ အကယ်၍ ထိုယောဂီပုဂ္ဂိုလ်သည် ပဉ္စမမြောက်အတိတ်ဘဝအထိသာ ရုပ်တရား နာမ်တရားတို့ကိုလည်းကောင်း အကြောင်းတရား အကျိုးတရားတို့ကိုလည်းကောင်း ရှုထားပြီးသည် ဖြစ်အံ့၊ ဉာဏ်ဖြင့် ပိုင်းခြားယူထားပြီးသည် သိမ်းဆည်းထားပြီးသည် ဖြစ်အံ့၊ တစ်ဖန် ဒုတိယမြောက်အနာဂတ်ဘဝသို့ ရောက်ရှိပါမှသာလျှင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်မည်လည်း ဖြစ်အံ့၊ ယင်းသို့ ဖြစ်ခဲ့သော် ပဉ္စမမြောက်အတိတ်ဘဝ၏ ပဋိသန္ဓေမှ စ၍ ဒုတိယမြောက်အနာဂတ်ဘဝ၏ စုတိသို့တိုင်အောင်သော အချိန်ကာလအတွင်း၌ တည်ရှိကြကုန်သော ရုပ်တရား နာမ်တရားတို့ကို ခန္ဓာငါးပါးနည်းဖြင့် (၅)ပုံ ပုံကာ ..

၁။ ရုပ်သက်သက်ကိုလည်းကောင်း (ပဉ္စမအတိတ်မှသည် အနာဂတ်ဆုံးသည်အထိ)
၂။ ဝေဒနာသက်သက်ကိုလည်းကောင်း ( ။ )
၃။ သညာသက်သက်ကိုလည်းကောင်း (။ )
၄။ စေတသိက် သင်္ခါရသက်သက်ကိုလည်းကောင်း (။ )
၅။ အသိစိတ် ဝိညာဏ်သက်သက်ကိုလည်းကောင်း (။ )[မှတ်စု ၃]

ရံခါ အနိစ္စဟု, ရံခါ ဒုက္ခဟု, ရံခါ အနတ္တဟု အဇ္ဈတ္တတစ်လှည့် ဗဟိဒ္ဓတစ်လှည့် ရှုပါ။ ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ အပြန်ပြန် အလှန်လှန် ရှုပါ။ ထိုသို့ ရှုရာ၌ –

၁။ ဩဠာရိက = ရုန့်ရင်းကြမ်းတမ်းသော ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ကိုပင် ဖြစ်စေ
၂။ သုခုမ = သိမ်မွေ့နူးညံ့သော ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ကိုပင် ဖြစ်စေ,
၃။ ဟီန = ယုတ်ညံ့သော ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ကိုပင် ဖြစ်စေ,
၄။ ပဏီတ = မွန်မြတ်သော ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ကိုပင် ဖြစ်စေ,

ဤဘဝတွင်ပင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ခဲ့ပါမူကား အနာဂတ်ဘဝများ မရှိနိုင်ကြတော့ပေ။ အလားတူပင် ပထမအနာဂတ် ဘဝတွင်ပင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကြမည့် ယောဂီသူတော်ကောင်းများလည်း ရှိကြ၏၊ ထိုယောဂီပုဂ္ဂိုလ်တို့သည်ကား ပရိနိဗ္ဗာနစုတိသို့ တိုင်အောင်သော ပထမအနာဂတ်ဘဝ ခန္ဓာငါးပါးတို့ကိုသာ ဝိပဿနာရှုရန် ဖြစ်သည်၊ ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကိုလည်း ရှုရန် ဖြစ်သည်။

၅။ ဒူရ = ဝေးသော ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ကိုပင် ဖြစ်စေ,

၆။ သန္တိက = နီးသော ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ကိုပင် ဖြစ်စေ –

မည်သည့် ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ကိုမဆို အားလုံးကိုပင် ဝိပဿနာ ရှုပါ။ ထိုသို့ ရှုနိုင်ပါက အတိတ် အနာဂတ် ပစ္စုပ္ပန် အဇ္ဈတ္တ ဗဟိဒ္ဓ ဩဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိက ဟူသော (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ဟူသော ခန္ဓာငါးပါးကို ဝိပဿနာ ရှုတတ်ပြီ ဖြစ်ပေသည်။ ထိုအခါ အောက်ပါ အနတ္တလက္ခဏသုတ္တန်[မှတ်စု ၄] ရှုကွက်ကိုလည်း ရှုတတ်ပြီ ဖြစ်ပေသည်။

အနတ္တလက္ခဏသုတ္တန်ရှုကွက်

“ရဟန်းတို့ ...ခန္ဓာငါးပါးတို့သည် ထိုကဲ့သို့ အနိစ္စ ဒုက္ခ အနတ္တသာ ဖြစ်နေခြင်းကြောင့် ဤသာသနာတော်မြတ် အတွင်း၌ သင်ချစ်သားတို့သည် ..

၁။ အတိတ် ရုပ်တရားအားလုံးကိုလည်းကောင်း,
၂။ အနာဂတ် ရုပ်တရားအားလုံးကိုလည်းကောင်း,
၃။ ပစ္စုပ္ပန် ရုပ်တရားအားလုံးကိုလည်းကောင်း,
၄။ အဇ္ဈတ္တ ရုပ်တရားအားလုံးကိုလည်းကောင်း,
၅။ ဗဟိဒ္ဓ ရုပ်တရားအားလုံးကိုလည်းကောင်း,
၆။ ဩဠာရိက = ရုန့်ရင်းကြမ်းတမ်းသော ရုပ်တရားအားလုံးကိုလည်းကောင်း,
၇။ သုခုမ = သိမ်မွေ့နူးညံ့သော ရုပ်တရားအားလုံးကိုလည်းကောင်း,
၈။ ဟီန = ယုတ်ညံ့သော ရုပ်တရားအားလုံးကိုလည်းကောင်း,
၉။ ပဏီတ = မွန်မြတ်သော ရုပ်တရားအားလုံးကိုလည်းကောင်း,
၁၀။ ဒူရ = ဝေးသော ရုပ်တရားအားလုံးကိုလည်းကောင်း,
၁၁။ သန္တိက = နီးသော ရုပ်တရားအားလုံးကိုလည်းကောင်း,
–ဤ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ရုပ်တရားအားလုံးကို ..

(က) နေတံ မမ = ဤရုပ်တရားသည် ငါ၏ရုပ်တရား မဟုတ်ဟု (= ဒုက္ခဟု),
( ခ ) နေသောဟမသ္မိ = ဤရုပ်တရားသည် ငါ မဟုတ်ဟု (= အနိစ္စဟု),
( ဂ ) န မေသော အတ္တာ = ဤရုပ်တရားသည် ငါ၏အတ္တ မဟုတ်ဟု (= အနတ္တဟု)[မှတ်စု ၅]

ဤသို့လျှင် ဤ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ရုပ်တရားကို မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲ ဖြိုခွဲဖောက်ထွင်း ဝိပဿနာဉာဏ်အလင်းဖြင့် ရှုပါ။”

တစ်နည်းတစ်ဖုံအားဖြင့် ဘာသာပြန်ဆိုခဲ့သော် ဤသို့ ဖြစ်၏ ..။

ရဟန်းတို့ ...ခန္ဓာငါးပါးတို့သည် ထိုကဲ့သို့ အနိစ္စ ဒုက္ခ အနတ္တသာ ဖြစ်နေခြင်းကြောင့် ဤသာသနာတော်မြတ် အတွင်း၌ သင်ချစ်သားတို့သည် ..

၁။ အတိတ် ရုပ်တရားကိုပင်ဖြစ်စေ,
၂။ အနာဂတ် ရုပ်တရားကိုပင်ဖြစ်စေ,
၃။ ပစ္စုပ္ပန် ရုပ်တရားကိုပင်ဖြစ်စေ,
၄။ အဇ္ဈတ္တ ရုပ်တရားကိုပင်ဖြစ်စေ,
၅။ ဗဟိဒ္ဓ ရုပ်တရားကိုပင်ဖြစ်စေ,
၆။ ဩဠာရိက = ရုန့်ရင်းကြမ်းတမ်းသော ရုပ်တရားကိုပင်ဖြစ်စေ, ၇။ သုခုမ = သိမ်မွေ့နူးညံ့သော ရုပ်တရားကိုပင်ဖြစ်စေ,
၈။ ဟီန = ယုတ်ညံ့သော ရုပ်တရားကိုပင်ဖြစ်စေ,
၉။ ပဏီတ = မွန်မြတ်သော ရုပ်တရားကိုပင်ဖြစ်စေ,
၁၀။ ဒူရ = ဝေးသော ရုပ်တရားကိုပင်ဖြစ်စေ,
၁၁။ သန္တိက = နီးသော ရုပ်တရားကိုပင်ဖြစ်စေ,
ဤ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ရုပ်တရား အားလုံးကို ..

(က) နေတံ မမ = ဤရုပ်တရားသည် ငါ၏ရုပ်တရား မဟုတ်ဟု (= ဒုက္ခဟု),
( ခ ) နေသောဟမသ္မိ = ဤရုပ်တရားသည် ငါမဟုတ်ဟု (= အနိစ္စဟု),
( ဂ ) န မေသော အတ္တာ = ဤရုပ်တရားသည် ငါ၏အတ္တ မဟုတ်ဟု (= အနတ္တဟု)[မှတ်စု ၆]

ဤသို့လျှင် ဤ (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသော ရုပ်တရားကို မဖောက်မပြန် ဟုတ်တိုင်း မှန်စွာ ရုပ်တုံးရုပ်ခဲ နာမ်တုံးနာမ်ခဲ ဖြို ခွဲဖောက်ထွင်း ဝိပဿနာဉာဏ်အလင်းဖြင့် ရှုပါ။[မှတ်စု ၇]

ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ် ဟူသော နာမ်ခန္ဓာ (၄)ပါးတို့၌လည်း ပုံစံတူပင် ရှုပါ။ ဘာသာပြန် အဓိပ္ပါယ်ကိုလည်း ပုံစံတူပင် မှတ်ပါ။

ဩဠာရိက-သုခုမ, ဟီန-ပဏီတ, ဒူရ-သန္တိက

ထိုသို့ ရှုရာ၌ ဩဠာရိက-သုခုမ စသည့် ရုပ်နာမ်တို့ကို ခွဲရှုလိုက ရှုနိုင်ပါသည်။

၁။ ပသာဒရုပ် = အကြည်ရုပ် (၅)ပါးနှင့် ဂေါစရရုပ် = အာရုံရုပ် (၇)ပါး၊ ပေါင်း (၁၂)ပါးသော ရုပ်တို့သည် ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်လွယ် မြင်လွယ်သောကြောင့် ရုန့်ရင်းကြမ်းတမ်းသည့် ဩဠာရိက ရုပ်တို့ မည်ကြသည်။
၂။ ကျန်ရုပ် (၁၆)မျိုးတို့ကား ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ မထင်လွယ် မမြင်လွယ်၍ နူးညံ့ သိမ်မွေ့ရကား သုခုမရုပ်ဟူသော အမည်ကို ရရှိကြသည်။[မှတ်စု ၈]၃။ နာမ်တရားတို့တွင် အကုသိုလ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့ကား ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်လွယ် မြင်လွယ်သောကြောင့် ရုန့်ရင်းကြမ်းတမ်းရကား ဩဠာရိကဟူသော အမည်ကို ရရှိကြသည်။
၄။ ကုသိုလ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်၊ ပဉ္စဒွါရာဝဇ္ဇန်း, ပဉ္စဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, ဝုဋ္ဌော, တဒါရုံ, မနောဒွါရာဝဇ္ဇန်း, တဒါရုံ, ပဋိသန္ဓေ, ဘဝင်, စုတိ, ကြိယာဇော - စသည့် ဝိပါက်+ကြိယာ (= အဗျာကတ) ဖြစ်သော ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့ကား ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ မထင်လွယ် မမြင်လွယ်သောကြောင့် သိမ်မွေ့နူးညံ့ရကား သုခုမဟူသော အမည်ကို ရရှိကြသည်။[မှတ်စု ၉]၅။ အကုသိုလ်၏ အကျိုးဖြစ်သော ရုပ်တရားတို့ကား ဟီန၊
၆။ ကုသိုလ်၏ အကျိုးဖြစ်သော ရုပ်တရားတို့ကား ပဏီတ။
၇။ ဩဠာရိက နာမ်တရားတို့ကား ဟီန၊
၈။ သုခုမ နာမ်တရားတို့ကား ပဏီတ။
၉။ သုခုမ ရုပ်တရားတို့ကား ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ မထင်လွယ်မမြင်လွယ်ရကား အသိဉာဏ်နှင့် ဝေးသောကြောင့် ဒူရ၊
၁၀။ ဩဠာရိက ရုပ်တရားတို့ကား ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ထင်လွယ် မြင်လွယ်သောကြောင့် အသိဉာဏ်နှင့် နီးရကား သန္တိက။
၁၁။ အကုသိုလ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့သည် အဗျာကတဟု ခေါ်ဆိုသော ဝိပါက်+ကြိယာ ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့မှ ဝေးသောကြောင့်, ကုသိုလ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့မှလည်း ဝေးသောကြောင့် ဒူရ။ အလားတူပင် ကုသိုလ်+အဗျာကတ ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့သည်လည်း အကုသိုလ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့မှ ဝေးသောကြောင့် ဒူရ။
၁၂။ အကုသိုလ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့သည် အကုသိုလ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့နှင့် နီးသောကြောင့် သန္တိက။ ကုသိုလ်+အဗျာကတ ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့သည်လည်း ကုသိုလ်+အဗျာကတ ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်တို့နှင့် နီးသောကြောင့် သန္တိက –
ဤသို့ အမည်အသီးသီးကို ရရှိကြသည်။[မှတ်စု ၁၀]

အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါး, အဇ္ဈတ္တ ဗဟိဒ္ဓဟူသော သန္တာန်နှစ်ပါးအတွင်း၌ တည်ရှိကြသော ..

၁။ (၆)ဒွါရ (၄၂)ကောဋ္ဌာသတို့၌ တည်ရှိကြသော ရုပ်တရားတို့ကိုလည်းကောင်း,
၂။ ကုသိုလ်ဇောဝီထိ အကုသိုလ်ဇောဝီထိ နာမ်တရားစုတို့နှင့် တကွ ပဋိသန္ဓေ ဘဝင် စုတိဟူသော ဝီထိမုတ် နာမ်တရားစုတို့ကိုလည်းကောင်း –

ရုပ်နာမ်နှစ်ပါးနည်းဖြင့် နှစ်ပုံ ပုံ၍ဖြစ်စေ, ခန္ဓာငါးပါးနည်းဖြင့် ငါးပုံ ပုံ၍ဖြစ်စေ အတိတ်မှသည် ပစ္စုပ္ပန်, ပစ္စုပ္ပန်မှသည် အနာဂတ်ဆုံးသည်အထိ ပိုက်စိပ်တိုက်၍ ဝိပဿနာရှုနိုင်ပါက ထိုရုပ်နာမ်တို့တွင် ဩဠာရိက-သုခုမဟီန-ပဏီတ-ဒူရ-သန္တိက-ရုပ်နာမ်တို့လည်း ပါဝင်လျက်ပင် ရှိကြပေသည်။ ကြွင်းကျန်မှုမရှိပေ။ ထိုကြောင့် အထက်တွင် ရေးသားတင်ပြထားသည့်အတိုင်း ..

၁။ ရုပ်သက်သက်ကိုလည်းကောင်း,
၂။ နာမ်သက်သက်ကိုလည်းကောင်း,
၃။ ရုပ်နှင့် နာမ် တွဲ၍လည်းကောင်း –

ဤ ရုပ်နာမ်နှစ်ပါးနည်းဖြင့်လည်း ဝိပဿနာရှုနိုင်ပေသည်။ ပဉ္စဂ္ဂဒါယကဗြာဟ္မဏ ဇနီးမောင်နှံတို့သည် သင်္ခါရတရားတို့ကို ရုပ်နှင့် နာမ် နှစ်စုနှစ်ပုံ ပုံ၍ ရုပ်နာမ်နှစ်ပါးနည်းဖြင့် ဝိပဿနာရှုပွားသုံးသပ်ကြသဖြင့် အနာဂါမိ မဂ်ဖိုလ်၌ တည်သွားကြသော ထုံးလည်း ရှိပေသည်။[မှတ်စု ၁၁]

တစ်ဖန် ယင်းရုပ်နာမ်တို့ကို ခန္ဓာငါးပါးနည်းဖြင့် ငါးပုံ ပုံ၍ ဝိပဿနာ ရှုပါကလည်း အနတ္တလက္ခဏသုတ္တန်[မှတ်စု ၁၂]တွင် လာရှိသည့် ပဉ္စဝဂ္ဂီ အမည်တော်ရှိကြသော မထေရ်မြတ်ကြီးတို့ကဲ့သို့ – အရဟတ္တဖိုလ်သို့ ဆိုက်ရောက်နိုင်ပေသည်။

အကယ်၍ စွမ်းနိုင်ပါမူ ဩဠာရိက သုခုမ ဟီန ပဏီတ ဒူရ သန္တိက ရုပ်တရား နာမ်တရားတို့ကို အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးလုံး၌လည်းကောင်း, အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်ပါးလုံး၌လည်းကောင်း သီးသန့် ခွဲ၍ ဝိပဿနာရှုပါကလည်း ပို၍ ပို၍ ကောင်းသည်သာ ဖြစ်ပေသည်။

  1. အနိစ္စာဒိဝသေန ဝိဝိဓေဟိ အာကာရေဟိ ဓမ္မေ ပဿတီတိ ဝိပဿနာ။ (အဘိ၊ဋ္ဌ၊၁၊၁၇၅။)
  2. ဤ၌ ယောဂါဝစရပုဂ္ဂိုလ်၏ ဝိပဿနာဉာဏ်က (= မဟာကုသိုလ် မနောဒွါရိကဝိပဿနာဇောဝီထိစိတ်အစဉ်က) အရဟတ္တမဂ် အရဟတ္တဖိုလ်ကို အာရုံပြုသည်ဟူ၍ကား အယူအဆ မမှားစေလိုပါ။ ယင်းဝိပဿနာဉာဏ်က အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့၏ အကြွင်းမဲ့ ချုပ်ငြိမ်းခြင်း ခန္ဓာငါးပါးတို့၏ အကြွင်းမဲ့ ချုပ်ငြိမ်းခြင်းကိုသာ သိမြင်သည်ဟု ဆိုလိုရင်း ဖြစ်သည်။ ယင်းကဲ့သို့ ချုပ်ငြိမ်းမှုမှာ အရဟတ္တမဂ်၏ စွမ်းအားကြောင့်သာ ချုပ်ငြိမ်းရသဖြင့် နားလည်သဘောပေါက်စေရန် ရည်သန်လျက် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်မည့် ဘဝ၏ ပရိနိဗ္ဗာနစုတိသို့တိုင်အောင်သော ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို ဝိပဿနာရှုစေခြင်းဖြစ်သည်ဟု မှတ်ပါ။ သတိပဋ္ဌာန်ဒေသနာတော်တို့၌ ညွှန်ကြားထားတော်မူသည့် ဝယဓမ္မာနုပဿီရှုကွက်ပင် ဖြစ်သည်။ (မဟာဋီ၊၂၊၄၂၁။ ဤကျမ်းစာ၊ စာမျက်နှာ-၁၂၁နှင့် ၇၈၄-ကိုလည်း ကြည့်ပါ။) ၁၂၇ ၁၂၃၁
  3. မှတ်ချက်---- အနာဂတ်ဘဝ ထင်ရှားရှိနေသူတို့အတွက်သာလျှင် အနာဂတ်ဘဝ ခန္ဓာငါးပါးကို ဝိပဿနာရှုရန် ဖြစ်ပါသည်။ အကယ်၍ ယောဂီပုဂ္ဂိုလ်တစ်ဦးက ဤပစ္စုပ္ပန်ဘဝတွင်ပင် အရဟတ္တဖိုလ်သို့ ကျိန်းသေဧကန် ဆိုက်ရောက်မည့် နောက်ဆုံးဘဝ ရှိသူ = ပစ္ဆိမဘဝိကအစစ်ပုဂ္ဂိုလ်မျိုး ဖြစ်ပါမူကား အနာဂတ်ခန္ဓာငါးပါးတို့ကို ရှာကြံ၍ ရှုနေဖွယ် မလို။ သို့သော် ပစ္ဆိမဘဝိက အတုများလည်း ရှိတတ်ကြ၏၊ ထိုပစ္ဆိမဘဝိကအတုတို့ကား ဤဘဝတွင် အရဟတ္တဖိုလ်သို့ မဆိုက်ရောက်ပါက အနာဂတ်ဘဝ ရှိသူများသာ ဖြစ်ကြ၏၊ (ဓမ္မပဒ၊ ဂါထာ၊၁၅၅-၁၅၆။ ဓမ္မပဒ၊ဋ္ဌ၊၂၊၈၂-၈၄-တွင် လာရှိသော မဟာဓနသူဌေးသားကဲ့သို့ မှတ်ပါ။)
  4. (သံ၊၂၊၅၅-၅၆။ ဝိနည်းမဟာဝါ၊၁၈-၂၀။)
  5. နေတံ မမ နေသောဟမသ္မိ န မေသော အတ္တာတိ သမနုပဿာမီတိ အနိစ္စံ ဒုက္ခံ အနတ္တာတိ သမနုပဿာမိ။ (မ၊ဋ္ဌ၊၄၊၂၃၂။ ဆန္နောဝါဒသုတ္တန်အဋ္ဌကထာ။)
  6. နေတံ မမ နေသောဟမသ္မိ န မေသော အတ္တာတိ သမနုပဿာမီတိ အနိစ္စံ ဒုက္ခံ အနတ္တာတိ သမနုပဿာမိ။ (မ၊ဋ္ဌ၊၄၊၂၃၂။ ဆန္နောဝါဒသုတ္တန်အဋ္ဌကထာ။)
  7. (သံ၊၂၊၅၅-၅၆။ ဝိနည်းမဟာဝါ၊၁၈-၂၀။)
  8. မှတ်ချက်---- သုခုမရုပ် (၁၆)မျိုးတို့တွင် အာကာသဓာတ် = ပရိစ္ဆေဒရုပ် (၁)ခု, ဝိကာရရုပ် (၅)ခု, လက္ခဏရုပ် (၄)ခု ဤ (၁၀)မျိုးတို့ကား လက္ခဏရေးသုံးတန်သို့ တင်ကာ ဝိပဿနာ မရှုကောင်းသည့် ရုပ်တရားတို့ ဖြစ်ကြ၏၊ သို့သော် ရုပ်နာမ်ကို ဉာဏ်ဖြင့် ပိုင်းခြားယူသည့် နာမရူပပရိစ္ဆေဒဉာဏ်ပိုင်း၌သာ ရောနှော၍ သိမ်းဆည်းရမည့် ရုပ်တရားတို့ ဖြစ်ကြသည်။ အာပေါဓာတ်, ဣတ္ထိဘာဝရုပ်, ပုရိသဘာဝရုပ်, ဟဒယဝတ္ထု, ဇီဝိတ, ကဗဠီကာရအာဟာရ (= ဩဇာ) ဤ (၆)မျိုးသော သုခုမရုပ်တို့သည်သာ လက္ခဏရေးသုံးတန်သို့ တင်ကာ ဝိပဿနာ ရှုထိုက်သည့် ရုပ်တရားတို့ ဖြစ်ကြသည်။
  9. (ကြွင်းကျန်သော ခွဲတမ်းချပုံများကို ဝိသုဒ္ဓိ၊၂၊၁၀၄-၁၀၅- စသည်၌ ကြည့်ပါ၊၊)
  10. အခြား ခွဲခြားသတ်မှတ်ပုံများကိုလည်း (ဝိသုဒ္ဓိ၊၂၊၁၀၆-၁၀၇။)တို့၌ ကြည့်ပါ။
  11. (ဓမ္မပဒ၊ဋ္ဌ၊၂၊၃၆၉။)
  12. (သံ၊၂၊၅၅-၅၆။ ဝိနည်းမဟာဝါ၊၁၈-၂၀။)