နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/လောဟိတကသိုဏ်း = အနီရောင်ကသိုဏ်း

လောဟိတကသိုဏ်း = အနီရောင်ကသိုဏ်း

မိမိရရှိထားပြီးသည့် စတုတ္ထစျာန်သမာဓိတစ်ခုခုကို ပြန်လည် ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင်များ အထူး အားကောင်းလာသောအခါ ယင်းလင်းရောင်ခြည်၏ အကူအညီဖြင့် ဗဟိဒ္ဓ မိမိ၏ ရှေ့တည့်တည့်၌ တည်ရှိသော ယောဂီတစ်ဦး၏ နှလုံးအိမ်အတွင်း၌ တည်ရှိသော သွေးကောဋ္ဌာသ၏ အနီရောင်ကို လှမ်းအာရုံယူကာ လောဟိတကံ - လောဟိတကံ - လောဟိတကံ = အနီ - အနီ - အနီ––- ဟု နှလုံးသွင်း ရှုပွားပါ။ သွေးကောဋ္ဌာသပျောက်ကာ အနီရောင်ကသိုဏ်းဝန်းကို တွေ့ရှိလာသောအခါ ယင်းအနီရောင်ကသိုဏ်းဝန်းကို အာရုံယူကာ သမာဓိကို ဆက်လက် ထူထောင်ပါ။ ရှေးနည်းအတူ ကသိုဏ်းဝန်းကို ဖြန့်ကြက်ကာ စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် ပွားများပါ။

ဗဟိဒ္ဓ အသည်း နှလုံးစသည်တို့၏ ဝန်းကျင်၌ တည်ရှိသော အိုင်နေသော သွေးကောဋ္ဌာသ၏ အနီရောင်ကို အာရုံယူကာ ပုံစံတူ ရှုနိုင်ပါသည်။ အဇ္ဈတ္တ နှလုံးအိမ်အတွင်း၌ တည်ရှိသောသွေး, အဇ္ဈတ္တ အသည်း နှလုံး စသည်တို့၏ ဝန်းကျင်၌ တည်ရှိသောသွေးတို့၏ အနီရောင်ကို အာရုံယူကာလည်း အနီရောင်ကသိုဏ်းကို ရှုပွားနိုင်ပေသည်။

ယခုကဲ့သို့ လောဟိတကသိုဏ်းကို စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့ကျင့်ထားပြီးသော သူတော်ကောင်းတစ်ဦးကို ပဒုမ္မာကြာပန်းတစ်ပွင့်ကလည်း အနီရောင်ကသိုဏ်း ရှုဖို့ရန် “လာစမ်းပါ ရှုကြည့်စမ်းပါ”ဟု ဖိတ်ခေါ်နေသကဲ့သို့ တည်ရှိနေမည်သာ ဖြစ်၏၊ နီမြန်းသော လယ်ခေါင်ရန်း ပန်းတစ်ပွင့်ကလည်း အနီရောင်ကသိုဏ်း ရှုဖို့ရန် “လာစမ်းပါ ရှုကြည့်စမ်းပါ”ဟု ဖိတ်ခေါ်နေသကဲ့သို့ တည်ရှိနေမည်သာ ဖြစ်၏၊ ပတ္တမြားလက်စွပ်တစ်ခုတွင် တည်ရှိသော ပတ္တမြားရတနာ တစ်ခုကလည်း အနီရောင်ကသိုဏ်း ရှုဖို့ရန် “လာစမ်းပါ ရှုကြည့်စမ်းပါ”ဟု ဖိတ်ခေါ်သကဲ့သို့ တည်ရှိနေမည်သာ ဖြစ်၏၊ နီမြန်းသော ကတ္တီပါဝတ်စုံ တစ်စုံကလည်း အနီရောင်ကသိုဏ်း ရှုဖို့ရန် “လာစမ်းပါ ရှုကြည့်စမ်းပါ”ဟု ဖိတ်ခေါ်နေသကဲ့သို့ တည်ရှိနေမည်သာ ဖြစ်၏၊ မက်မောဖွယ်ရာ မြတ်နိုးဖွယ်ရာ နှစ်သက်ဖွယ်ရာ တဏှာ-လောဘဖြစ်စရာ ငါးဖြာအာရုံ ကာမဂုဏ် ညွန်အိုင်တွင်းမှ ဘာဝနာဟူသော အနှစ်ကို ထုတ်ယူနေခြင်းပင် ဖြစ်ပေသည်။

အရဟတ္တဖိုလ်ပေါက် အနှစ်သာရများ

အလွန် ရွံရှာစက်ဆုပ်ဖွယ်ကောင်းလှသော ဆံပင်ကဲ့သို့သော သို့မဟုတ် သည်းခြေကဲ့သို့သော ကောဋ္ဌာသ တစ်ခုကလည်း အညိုရောင်ကသိုဏ်းအဖြစ် ရပ်တည်ကာ စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် ကျေးဇူး ပြုပေးနိုင်သော စွမ်းအား ရှိနေ၏၊ အလွန်မြတ်နိုးဖွယ်ရာကောင်းလှသော စကားဝါပန်း တစ်ပွင့်ကလည်း အဝါရောင် ကသိုဏ်းအဖြစ် ရပ်တည်ကာ စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် ကျေးဇူးပြုပေးနိုင်သောစွမ်းအား ရှိနေ၏၊ အလွန်မြတ်နိုးဖွယ်ရာ ပတ္တမြားရတနာတစ်ခုကလည်း အနီရောင်ကသိုဏ်းအဖြစ် ရပ်တည်ကာ စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် ကျေးဇူးပြုပေးနိုင်သော စွမ်းအား ရှိနေ၏၊ အလွန် ရွံရှာစက်ဆုပ်ဖွယ် ကောင်းလှသော သွားတစ်ချောင်းကလည်း အဖြူရောင်ကသိုဏ်းအဖြစ် ရပ်တည်ကာ စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် ကျေးဇူးပြုပေးနိုင်သော စွမ်းအား ရှိနေ၏၊

ယောနိသောမနသိကာရတရား ထင်ရှားရှိနေသူ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ငါးဖြာအာရုံ ကာမဂုဏ် ညွန်ဗွက်အတွင်းမှ စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင်သော ဘာဝနာဟူသော အနှစ်သာရများကို အချိန်မရွေး ထုတ်ယူ၍ ရရှိနိုင်သည်သာ ဖြစ်၏၊ တစ်ဖန် ယင်းစတုတ္ထစျာန်သမာဓိကို ဝိပဿနာ၏ အခြေပါဒကပြု၍ ဝိပဿနာသို့ ကူးခဲ့သော် ပါရမီအားလျော်စွာ အရဟတ္တဖိုလ်သို့ တိုင်အောင်သော အနှစ်သာရများကို ထုတ်ယူ၍ ရရှိနိုင်သည်သာ ဖြစ်၏၊

အကယ်၍ ပါရမီက မစုံညီသေးသဖြင့် အရဟတ္တဖိုလ်သို့ မဆိုက်ရောက်နိုင်သေးဘဲ သောတာပန်အဆင့်မျှ လောက်သာ ဆိုက်ရောက်ခဲ့မည်ဆိုလျှင်လည်း မလျောကျသော စျာန်ရှိသော ထိုသူတော်ကောင်းကို သံသရာခရီးတွင် အလွန် အဆင့်အတန်း မြင့်မားလှသော ဗြဟ္မာ့ချမ်းသာကြီးက “ကြွတော်မူပါ ကြွတော်မူပါ”ဟု ဆီးကြိုကာ ဖိတ်ခေါ်နေမည်သာ ဖြစ်ပေသည်။ သောတာပန်အဆင့် အရိယာသူတော်ကောင်းပင် ဖြစ်ချင်ဖြစ်ပါစေ ဗြဟ္မာ့ပြည်သို့ ပဋိသန္ဓေအားဖြင့် ကပ်ရောက်သွားသော အရိယာသူတော်ကောင်းမှန်သမျှသည် ထိုဗြဟ္မာ့ပြည်မှ စုတေကာ ကာမဘုံသို့ တစ်ဖန် ပဋိသန္ဓေအားဖြင့် ပြန်လာရိုးဓမ္မတာ မရှိပေ။ ခုနစ်ဘဝအတွင်းဝယ် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကာ ပရိနိဗ္ဗာန်စံတော်မူရမည့် သူတော်ကောင်းသာ ဖြစ်ပေသည်။ သံသရာဝဋ်ဒုက္ခ မီးပုံကြီး၏ အငြိမ်းကြီးငြိမ်းရာ ဖြစ်သည့် နိဗ္ဗာန်သို့ ဝင်စံတော်မူဖို့ရန် ကျိန်းသေသည့် လက်မှတ်ကို ရရှိထားပြီးသူတို့သာ ဖြစ်ကြပေသည်။

ဤမျှ ကြီးမားလှသော ဂုဏ်ကျေးဇူးရှိသည့် ဤကဲ့သို့သော တရားထူး တရားမြတ်များကို သာသနာတော်၌ သက်ဝင်ယုံကြည်မှု သဒ္ဓါတရားကို လက်ကိုင်ထားလျက်ရှိသော သင်ကဲ့သို့သော သူတော်ကောင်းတစ်ဦးသည် အဘယ်အကြောင်းကြောင့် မပွားများ အားမထုတ်ဘဲ နေထိုက်ပါအံ့နည်း၊ အချိန်ရှိခိုက် လုံ့လစိုက်ပါလော့။