နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/လေးနည်းခွဲ၍ ဟောကြားတော်မူရခြင်း၏ အကြောင်းရင်း

လေးနည်းခွဲ၍ ဟောကြားတော်မူရခြင်း၏ အကြောင်းရင်း

အမေး – ဘုရားရှင်သည် အဘယ်အကြောင်းကြောင့် ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်ကို လေးမျိုးအပြားအားဖြင့် ခွဲခြား၍ ဟောကြားတော်မူအပ်ပါသနည်း? –

အဖြေ

၁။ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်မြတ်၏ ထက်ဝန်းကျင် ကောင်းမြတ်သည်၏ အဖြစ်ကြောင့်လည်းကောင်း,
၂။ ဘုရားရှင်ကိုယ်တော်တိုင်ကလည်း ဒေသနာတော်ကို တင့်တယ်စေတတ်, တန်ဆာဆင်တတ်သော, ဒေသနာတော် ၏ တင့်တယ်စမ္ပယ်ကြောင်းဖြစ်သော သဗ္ဗညုတဉာဏ်တော် ဒေသနာဉာဏ်တော်ထူးသို့ ရောက်ရှိတော်မူသည်၏ အဖြစ်ကြောင့်လည်းကောင်း –
ဤအကြောင်းနှစ်ရပ်ကြောင့် ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်ကို ဤသို့လျှင် လေးမျိုးအပြားအားဖြင့် ခွဲခြား၍ ဟောကြားတော်မူခြင်း ဖြစ်ပေသည်။[မှတ်စု ၁]

ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်သည် ထက်ဝန်းကျင် ကောင်းမြတ်သည်သာ ဖြစ်၏၊ ထိုလေးမျိုးသော ဒေသနာတော် တို့တွင် တစ်မျိုးမျိုးသော ထိုထို ဒေသနာတော်နည်းအားဖြင့် ထိုထိုဒေသနာနည်းအတိုင်း ကြားနာရ၍ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့သော် ယင်းသို့ အားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်သည် သိသင့်သိထိုက်သော ဉာယအမည်ရသော အရိယမဂ်တရားကို ထိုးထွင်း၍ သိခြင်းငှာ, တစ်နည်းဆိုရသော် - သိသင့်သိထိုက်သော ပဋိစ္စသမုပ္ပါဒ်သဘောတရားကို ထိုးထွင်း၍ သိခြင်းငှာ ဖြစ်နိုင်သည်သာလျှင်တည်း။

တစ်ဖန် ဘုရားရှင်သည် လေးပါးကုန်သော ရဲရင့်ကြောင်း ဝေသာရဇ္ဇဉာဏ်တော်, လေးပါးကုန်သော ပဋိသမ္ဘိဒါ

ဉာဏ်တော်တို့နှင့် ယှဉ်တော်မူခြင်းကြောင့်လည်းကောင်း,

၁။ ဓမ္မဂမ္ဘီရ = ပါဠိဓမ္မတရား၏ နက်နဲခြင်း၊
၂။ အတ္ထဂမ္ဘီရ = ယင်းပါဠိဓမ္မ၏ အနက်အဓိပ္ပါယ်၏ နက်နဲခြင်း၊
၃။ ဒေသနာဂမ္ဘီရ = ဝေါဟာရအမျိုးမျိုး နည်းအမျိုးမျိုးဖြင့် တန်ဆာဆင်၍ ဟောကြားထားပုံ ဒေသနာတော်၏ နက်နဲခြင်း၊
၄။ ပဋိဝေဓဂမ္ဘီရ = နက်နဲသော ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ် တရားတော်ကို ထိုးထွင်း၍ သိမြင်တော်မူသော ဉာဏ်တော်မြတ်၏ နက်နဲခြင်း –

ဤလေးပါးအပြားရှိသော နက်နဲသည်၏အဖြစ်သို့ ရောက်တော်မူခြင်း = လေးပါးအပြားရှိသော နက်နဲခြင်း ဂမ္ဘီရတို့၌ ထောက်ရာတည်ရာကို ရရှိသဖြင့် မြဲစွာတည်ခြင်းကြောင့်လည်းကောင်း .. ဒေသနာတော်၏ တင့်တယ် စမ္ပယ်ကြောင်း သဗ္ဗညုတဉာဏ်တော်သို့ ရောက်ရှိတော်မူလေသည်။ ထိုဘုရားရှင်သည် ဒေသနာတော်၏ တင့်တယ် စမ္ပယ်ကြောင်း သဗ္ဗညုတဉာဏ်တော်သို့ ရောက်တော်မူသည်၏အဖြစ်ကြောင့် အမျိုးမျိုးသော နည်းတို့ဖြင့်သာ တရားတော်ကို ဟောကြားတော်မူပေသည်။[မှတ်စု ၂]

၁။ အနုလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော် ပထမနည်း (၁)

အထူးအားဖြင့် ထိုမြတ်စွာဘုရားသည် ထိုပဋိစ္စသမုပ္ပါဒ်ဒေသနာတော်ကို အဝိဇ္ဇာမှစ၍ ဇရာမရဏသို့တိုင်အောင် အနုလောမနည်းအားဖြင့် ဖြစ်စေတော်မူအပ် ဟောကြားတော်မူအပ်၏၊ ထိုပဋိစ္စသမုပ္ပါဒ် အနုလောမဒေသနာတော်ကို အဝိဇ္ဇာစသော အကြောင်းတရားတို့၏ သင်္ခါရစသော အကျိုးတရားတို့နှင့် အကြောင်းအကျိုး ဆက်နွယ်လျက် အဆက်မပြတ် အထပ်ထပ်ဖြစ်ခြင်း = သံသာရပဝတ္တိ၏ ခွဲခြားဝေဖန်၍ သိသင့်သိထိုက်သော အကြောင်းထူး၌ ပြင်းစွာ တွေဝေနေကြကုန်သော ဆုံးမထိုက်သော ဝေနေယျသတ္တဝါအပေါင်းကို ကောင်းစွာ အဖန်ဖန် ရှုမြင်တော်မူသည်ဖြစ်၍..

(က) အကြင်အကြင် မိမိ မိမိတို့၏ ကိုယ်ပိုင်ဥစ္စာဖြစ်ကုန်သော အဝိဇ္ဇာ အစရှိကုန်သော သင့်လျော်သော အကြောင်း တရားတို့ကြောင့် သင်္ခါရ စသော အကျိုးတရားတို့၏ ဖြစ်ခြင်းဟူသော သံသာရဝဋ်ဒုက္ခဖြစ်ပုံ ပဝတ္တိကို ထင်ရှား ပြတော်မူခြင်းအကျိုးငှာလည်းကောင်း,

( ခ ) ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ်ဟူသော ဝဋ်သုံးပါး၏ ဖြစ်ပုံအစဉ်ကို ပြတော်မူခြင်းအကျိုးငှာလည်းကောင်း, ဖြစ်စေတော်မူအပ် ဟောကြားတော်မူအပ်၏ဟု သိရှိပါလေ။[မှတ်စု ၃]

၁။ အနုလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော် ဒုတိယနည်း (၂)

အလယ်ဖြစ်သော ဝေဒနာကြောင့် တဏှာဖြစ်ပုံမှ စ၍ အဆုံးဖြစ်သော ဇရာမရဏသို့တိုင်အောင် အကြင် အနုလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော်သည် ဖြစ်ပေါ်လာ၏၊ ထိုဒေသနာတော်ကို ပစ္စုပ္ပန်ဖြစ်သော အဓွန့်ကာလ၌ ပါဝင်သော ––- ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာတရားတို့၏ အကြောင်းရင်းဖြစ်ကုန်သော ––အဝိဇ္ဇာ, တဏှာ, ဥပါဒါန်, သင်္ခါရ, ကမ္မဘဝတရားတို့၏ ဖြစ်သည်မှစ၍ အနာဂတ်အဓွန့်ကာလ၌ အကျုံးဝင်ကုန်သော တရားတို့ကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်လျက် မသိကုန် မမြင်ကုန်သော သာဝကတို့အား ပစ္စုပ္ပန်ဘဝ၌ အကျုံးဝင်နေသည့်အတွက်ကြောင့် ပစ္စက္ခဖြစ်ကုန်သော ထင်ရှားစွာသော ပစ္စုပ္ပန်အကြောင်းတရားတို့ကို ထင်ရှားပြတော်မူလျက် ပစ္စုပ္ပန်အကြောင်းတရားတို့၏ အနာဂတ်အကျိုးတရားတို့နှင့် အကြောင်းနှင့်အကျိုး ဆက်နွယ်လျက် အဆက်ဆက်ဖြစ်မှု အနာဂတ်အဓွန့်ကို ပြက်ပြက်ပြင်ပြင် ထင်ထင်ရှားရှား ညွှန်ပြတော်မူခြင်းအကျိုးငှာ ဟောကြားတော်မူအပ်ပေသည်။[မှတ်စု ၄]

၃။ ပဋိလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော် ပထမနည်း (၁)

အဆုံးဖြစ်သော ဇရာမရဏမှစ၍ အရင်းအစဖြစ်သော အဝိဇ္ဇာသို့ တိုင်အောင် ပြောင်းပြန်လှန်၍ ဟောကြား တော်မူအပ်သော ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်သည် ပဋိလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော် မည်၏၊

“ဤသတ္တဝါအပေါင်းသည် ဆင်းရဲငြိုငြင်ပင်ပန်းခြင်းသို့ ရောက်ရှာရလေစွတကား၊ ဖြစ်လည်း ဖြစ်ရ၏ (= ပဋိသန္ဓေလည်း နေရ၏)။ အိုလည်း အိုရ၏၊ သေလည်း သေရ၏ အဖန်တလဲလဲလည်း စုတေရ၏၊ အဖန်တလဲလဲ လည်း ဖြစ်ရ၏” ––

ဤသို့စသောနည်းဖြင့် ဆင်းရဲငြိုငြင်ပင်ပန်းခြင်းသို့ ရောက်၍နေသော သတ္တဝါအပေါင်းကို မဟာကရုဏာတော် သမာပတ်ကို ဝင်စားတော်မူပြီးလျှင် အဖန်ဖန် ကြည့်ရှုတော်မူလတ်သော် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်တော်ကို သိတော်မူ ရတော်မူသည်မှ ရှေ့အဖို့ဖြစ်သော ဘုရားမဖြစ်မီ အလောင်းတော်ဘဝက ဖြစ်ခဲ့သော ပဋိဝေဓဝိပဿနာ ဉာဏ်တော်ကို အစဉ်လျှောက်သဖြင့် ဇရာမရဏအစရှိသော ထိုထိုဝဋ်ဒုက္ခ၏ ကိုယ်တော်တိုင် သိတော်မူအပ်သော ဇာတိစသော အကြောင်းတရားကို ကောင်းစွာ ပြတော်မူခြင်း အကျိုးငှာ ထိုပဋိလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော် မြတ်ကို ဖြစ်စေအပ်၏ ဟောကြားတော်မူအပ်၏ဟု သိရှိပါလေ။[မှတ်စု ၅]

မဟာဝဇိရဝိပဿနာဉာဏ်တော် – ဘုရားအလောင်းတော်သည် ဘုရားဖြစ်ရန် ရည်သန်တောင့်တတော်မူလျက် ဘုရားဖြစ်တော်မူမည့် ကဆုန်လပြည့်နေ့ဝယ် အင်ကြင်းတောတွင် နေ့သန့်စင်တော်မူရာအခါ၌လည်းကောင်း, ကဆုန်လပြည့်နေ့ညဉ့်၏ နောက်ဆုံးပစ္ဆိမ မိုးသောက်ယာမ်၌လည်းကောင်း စကြဝဠာကုဋေတစ်သိန်းအတွင်းဝယ် စကြဝဠာတစ်ခုတစ်ခု၌ သတ္တဝါ အသီးအသီး၏ သန္တာန်၌ တည်ရှိသော အဝိဇ္ဇာ အသီးအသီးကို ဉာဏ်တော်ဖြင့် တစ်စုတည်း ဆွဲစု၍ တစ်ပုံ ပုံပြီးလျှင် လက္ခဏာယာဉ် သုံးချက်သို့ တစ်လှည့်စီတင်၍ (= အနိစ္စတစ်လှည့် ဒုက္ခတစ်လှည့် အနတ္တတစ်လှည့် – ဤသို့ တစ်လှည့်စီတင်၍) ဝိပဿနာဉာဏ်ဖြင့် ကြိတ်ခြေတော်မူ၏၊ အလားတူပင် သင်္ခါရ အသီးအသီးကို တစ်ပုံ, ဝိညာဏ်အသီးအသီးကို တစ်ပုံ ––- ဤသို့စသည်ဖြင့် ပဋိစ္စသမုပ္ပါဒ် အင်္ဂါ (၁၂)ရပ်ကို (၁၂)ပုံ ပုံ၍ ဝိပဿနာဉာဏ်ဖြင့် ကြိတ်ချေတော်မူ၏၊ မဟာဝဇိရဝိပဿနာဉာဏ်တော်မြတ်တည်း။ ယင်းမဟာဝဇိရဝိပဿနာ ဉာဏ်တော်မြတ်ဖြင့် ထိုးထွင်းသိမြင်တော်မူခဲ့သော ဇရာမရဏအစရှိသော ထိုထိုဝဋ်ဒုက္ခ၏ ဇာတိစသော အကြောင်း တရားကို ကောင်းစွာ ပြတော်မူခြင်းအကျိုးငှာ ပဋိလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော်မြတ်ကို ဟောကြားတော်မူအပ် သည်ဟု ဆိုလိုပေသည်။[မှတ်စု ၆]

၄။ ပဋိလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော် ဒုတိယနည်း (၂)

အလယ်ဖြစ်သော အာဟာရလေးပါးမှ, တစ်နည်း - တဏှာမှ အစပြု၍ အစဖြစ်သော အဝိဇ္ဇာသို့တိုင်အောင် ဖြစ်ပေါ်လာသော = ဟောကြားတော်မူအပ်သော ပဋိလောမပဋိစ္စသမုပ္ပါဒ်ဒေသနာတော် ဒုတိယနည်းဖြစ်သည့် အာဟာရသုတ္တန်ဒေသနာတော်ကို အာဟာရလေးမျိုးတို့၏ အကြောင်းရင်း = နိဒါန်းကို အသီးအသီး ပိုင်းခြား၍ ကျွတ်ထိုက်သသူသာဝကတို့၏ အသိဉာဏ်၌ တည်စေခြင်း တည်အောင်ထားတော်မူခြင်းကို အစဉ်လိုက်သဖြင့် အတိတ်ဖြစ်သော အဓွန့်ကာလသို့တိုင်အောင် = အတိတ်အဓွန့်ကာလက ဖြစ်ခဲ့သော အဝိဇ္ဇာ သင်္ခါရသို့တိုင်အောင် အာဟာရသုတ္တန်ဒေသနာတော်ကို ရှေးရှုဆောင်ယူတော်မူပြီးလျှင် တစ်ဖန် အတိတ်အဓွန့်ကာလတရားဖြစ်သော အဝိဇ္ဇာမှစ၍ အကြောင်းတရားနှင့် အကျိုးတရားတို့၏ ကြောင်း-ကျိုး-ဆက်နွယ်မှုအစဉ်ကို ကောင်းစွာ ပြတော်မူခြင်း အကျိုးငှာ ဖြစ်စေအပ် ဟောကြားတော်မူအပ်လေသည်။[မှတ်စု ၇]

တိုက်တွန်းချက် ဥယျောဇဉ်

သံသရာစက်ရဟတ် လည်ပတ်ပုံကို ဖော်ပြသော ဤကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်ဟူသော ဘဝစက် သည်ကား အလွန်နက်နဲသည်၏ အဖြစ်ကြောင့် ထောက်ရာတည်ရာ မရှိ၊ အထူးထူးသော နည်းတို့ဖြင့် တောချုံကဲ့သို့ ထူထပ်သည်၏ အဖြစ်ကြောင့် လွန်မြောက်နိုင်ခဲ၏ (သိနိုင်ခဲ၏)။

မိုးကြိုးစက်ဝန်းကဲ့သို့ အမြဲမပြတ် ညှဉ်းပန်းနှိပ်စက်တတ် လုံးထွေးမွှေနှောက်တတ်သော ဤလည်ပတ်နေသော ပဋိစ္စသမုပ္ပါဒ် သံသာရဘဝစက်ကို သမာဓိတည်းဟူသော မြတ်သော ဓားသွေးကျောက်၌ ကောင်းစွာ မြမြထက်အောင် သွေးအပ်ပြီးသော ဉာဏ်တည်းဟူသော သန်လျက်ဖြင့် မဖောက်ခွဲနိုင်ဘဲ (= အနုဗောဓဉာဏ် ပဋိဝေဓဉာဏ်တို့ဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက်မသိဘဲ) သံသရာဝဋ်ဒုက္ခဘေးဆိုးကြီးကို ကျော်လွှားလွန်မြောက်သွားနိုင်သော တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်သည် အိပ်မက်၏ အတွင်း၌သော်မှလည်း မရှိခဲ့စဖူးချေ။

မှန်ပေသည် – ဘုရားရှင်သည် ဤစကားကို ဟောကြားတော်မူ၏ ..။

“အာနန္ဒာ ...ထိုကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်တရားတော်ကို ..
၁။ ဉာတပရိညာ (နာမရူပပရိစ္ဆေဒဉာဏ် ပစ္စယပရိဂ္ဂဟဉာဏ်),
၂။ တီရဏပရိညာ (သမ္မသနဉာဏ် ဥဒယဗ္ဗယဉာဏ်),
၃။ ပဟာနပရိညာ (ဘင်္ဂဉာဏ်မှစ၍ အထက်ပိုင်း ဝိပဿနာဉာဏ်များ) –

ဟူသော ပရိညာဉာဏ်ပညာ သုံးမျိုးတို့ဖြင့် လျော်စွာ ထိုးထွင်း မသိခြင်းကြောင့် မဂ်ဆိုက် ဖိုလ်ဆိုက် ထွင်းဖောက် မသိခြင်းကြောင့် ဤသတ္တဝါအပေါင်းသည် ဤသို့ကလောက် ရှည်လျားလှစွာသော သံသရာခရီးထဲ၌ (ကြွက်များ ကိုက်ဖြတ်ထားသဖြင့် ရှုပ်ထွေးပွေလိမ်နေသည့်) ချည်ခင်ထွေးကဲ့သို့ဖြစ်ကာ စာပေါင်းသောင်းငှက်မ၏ အသိုက်သဖွယ် ဖြစ်ကာ (ခြေသုတ်ကြိုးဝန်း ပြုလုပ်ထားသည့် ပြတ်တောက်နေသဖြင့် အရင်းအဖျား ရှာမရအောင် ရှုပ်ထွေးပွေလိမ် နေသည့်) ဖြူဆံမြက် ပြိတ်မြက်ကဲ့သို့ဖြစ်ကာ မကောင်းမှုပြုသူ ဒုစရိုက်သမားတို့၏ လားရောက်ရာဖြစ်သော, အလိုအာသာ ဆန္ဒကင်းလျက် ဖရိုဖရဲ ပြိုကွဲပျက်စီးလျက် ကျရောက်ရာ ဖြစ်သော အပါယ်ဒုဂ္ဂတိ သံသရာကိုလည်းကောင်း, အပါယ်မှ ကြွင်းသော သုဂတိသံသရာကိုလည်းကောင်း မကျော်လွှား မလွန်မြောက်နိုင်ဘဲ ရှိချေ၏၊၊”[မှတ်စု ၈]

ဤသို့လျှင် ဤတရားစကားတော်ကို ဘုရားရှင်သည် ဟောကြားထားတော်မူ၏၊ ထိုကြောင့် မိမိ၏လည်းကောင်း သူတစ်ပါးတို့၏လည်းကောင်း အကျိုးစီးပွားအလို့ငှာ ချမ်းသာအလို့ငှာ ကျင့်သော ပညာရှိသည် ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့ကို အနုဗောဓဉာဏ် ပဋိဝေဓဉာဏ်တို့ဖြင့် သိအောင် လုံ့လပြုခြင်းမှ ကြွင်းသော အခြားသော ကိစ္စအဝဝတို့ကို ပယ်စွန့်ထားလိုက်၍ –

ဤဘုရားရှင်၏ သာသနာတော်၌ ပညာရှိသူတော်ကောင်းသည် အကြောင်းတရားတို့၏ အကျိုးတရားတို့ကို ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပုံ အခြင်းအရာဟူသော သတ္တိအပြားရှိသော နက်နဲလှစွာသော ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရား၌ အကြင်သို့သော အခြင်းအရာအားဖြင့် အားထုတ်လတ်သော် ဉာဏ်ဖြင့် ထောက်ရာ တည်ရာကို ရနိုင်လေရာ၏၊ ဤသို့ ဉာဏ်ဖြင့် ထောက်ရာ တည်ရာကို ရနိုင်လောက်သော အခြင်းအရာအားဖြင့် အခါခပ်သိမ်း သတိနှင့် ပြည့်စုံသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ အဖန်ဖန် ကြိုးကုတ် အားထုတ်ရာ သတည်း.........။[မှတ်စု ၉]

ပြည်ဆရာတော်ဘုရားကြီး၏ အာသီသကထာ

ယောဇနာနှင့်၊ ဋီကာ အနု၊ မဓု ဂဏ္ဍိ၊ ကျမ်းပေါင်း ညှိ၍၊ အတိဂမ္ဘီရ၊ ဒုဒ္ဒသဟု၊ ပဋိစ္စသမုပ္ပါဒ်၊ စက်ရဟတ်ကို၊ ဆုံးဖြတ်ဖွတ်နှည်၊ ဉာဏ်ပွတ်ကျည်ဖြင့်၊ လည်တပတ်ပတ်၊ နယ်ချေပွတ်လျက်၊ မွတ်မွတ်ညက်ညက်၊ လွန်ခဲခက်သည်၊ နက်ဓိပ္ပါယ်ယော်၊ ပေါပေါပေါ်အောင်၊ ထုတ်ဖော်ဆုံးဖြတ်၊ မြိန်မွန်မြတ်သား၊ ထောပတ်ဆီဥ၊ ရမှတ်ပြုမှ၊ လဒ္ဓုပဒေသာ၊ သကာချိုမြက်၊ အဖျော်ဖက်၍၊ နံ့သက်မွှေးမွှေး၊

ချိုဆိမ့်လေးသား၊ တည်ကျွေးစားငှာ၊ ဤသည့်စာကို၊ သုဓာမြိုက်တူ၊ စားသောသူကား၊ အယူမသာ၊ ကင်္ခါဝိမတိ၊ စေးညှိထဲနာ၊ ကင်းစင်ကွာ၍၊ နာမရူပတ်၊ ပရမတ်ကို၊ ဆတ်ဆတ်ဆိုနိုင်၊ ဉာဏ်ခန်းပိုင်သည်၊ ဦးကိုင် ပွဲမ၊

ခုံတည်ပလျက်၊ ထွေငေါ်နက်သား၊ သွက်သွက် မြန်သန်၊ ချက်တိုင်းမှန်၍၊ ကျမ်းဂန်စက်ကျ၊ သိုက်မှန်ရသို့၊

ပါမောက္ခကြီး၊ အံ့ဝှဲချီးလျက်၊ ဝေးနီးလူဗိုလ်၊ အများခိုသည်။။

ပုဂ္ဂိုလ်မြောက်ပါစေသတည်း .......။

(ပြည်-ဝိသုဒ္ဓိမဂ်နိဿယ၊၄၊၂၆၇။)

  1. (ဝိသုဒ္ဓိ၊၂၊၁၅၅။ အဘိ၊ဋ္ဌ၊၂၊၁၂၅။)
  2. (ဝိသုဒ္ဓိ၊၂၊၁၅၅။ အဘိ၊ဋ္ဌ၊၂၊၁၂၅။)
  3. (ဝိသုဒ္ဓိ၊၂၊၁၅၅။ အဘိ၊ဋ္ဌ၊၂၊၁၂၅။)
  4. (ဝိသုဒ္ဓိ၊၂၊၁၅၆။ အဘိ၊ဋ္ဌ၊၂၊၁၂၅။)
  5. (ဝိသုဒ္ဓိ၊၂၊၁၅၅-၁၅၆။ အဘိ၊ဋ္ဌ၊၂၊၁၂၅။)
  6. (မဟာဝဇိရဝိပဿနာဉာဏ်တော်မြတ်အကြောင်းကို---- မ၊ဋီ၊၃၊၂၇၅-၌ ကြည့်ပါ။)
  7. (ဝိသုဒ္ဓိ၊၂၊၁၅၆။ အဘိ၊ဋ္ဌ၊၂၊၁၂၅။)
  8. (ဒီ၊၂၊၄၇။)
  9. (ဝိသုဒ္ဓိ၊၂၊၂၂၁။ အဘိ၊ဋ္ဌ၊၂၊၁၈၉။)