သမ္မာဝါစာ - ဝိရတိ

ဝိရတိစေတသိက် (၃)လုံးတို့တွင် သမ္မာဝါစာဟူသည် အသက်မွေးဝမ်းကျောင်းနှင့် မစပ်ဆိုင်သော ဝစီဒုစရိုက် (၄)ပါးမှ ရှောင်ကြဉ်မှုသဘော ဖြစ်သည်။ ဝစီဒုစရိုက်မှာ (၄)မျိုး ရှိသဖြင့် ရှုကွက်ကိုလည်း (၄)မျိုးပင် ခွဲရှုပါ။

၁။ မုသာဝါဒ = မုသားစကား ပြောကြားခြင်းမှ ရှောင်ကြဉ်သည့်သဘောကို အာရုံယူ၍ တစ်ကြိမ်,
၂။ ကုန်းစကား ပြောကြားခြင်းမှ ရှောင်ကြဉ်သည့်သဘောကို အာရုံယူ၍ တစ်ကြိမ်,
၃။ ကြမ်းတမ်းသည့်စကား ပြောကြားခြင်းမှ ရှောင်ကြဉ်သည့်သဘောကို အာရုံယူ၍ တစ်ကြိမ်,
၄။ ပြိန်ဖျင်းသောစကား ပြောကြားခြင်းမှ ရှောင်ကြဉ်သည့်သဘောကို အာရုံယူ၍ တစ်ကြိမ်၊

ဤသို့ (၄)ကြိမ် ခွဲရှုပါ။ အာရုံမတူသောကြောင့် (၄)ကြိမ် ခွဲရှုခြင်း ဖြစ်သည်။ တစ်ကြိမ် တစ်ကြိမ်၌လည်း ဉာဏ် ပီတိ လဲလှယ်၍ (၄)ချက်စီ ရှုပါ။ သိမ်းဆည်းရှုပွားပုံမှာ ဤသို့တည်း ..။

၁။ ဘဝင်မနောအကြည်ဓာတ် (= မုသားစကားမှ ရှောင်ကြဉ်ခဲ့စဉ်က ဘဝင်မနောအကြည်ဓာတ်) = မနောဒွါရကို သိမ်းဆည်းပါ။
၂။ မုသားစကားမှ ရှောင်ကြဉ်ဖူးသည့်အာရုံကို လှမ်းအာရုံယူပါ။
၃။ ယင်းမနောဒွါရ၌ ထိုအာရုံသည် ထင်ရှားလာသောအခါ ထိုရှောင်ကြဉ်သည့်အချိန်က ဖြစ်ပေါ်သွားသော မနောဒွါရိကဇောဝီထိ နာမ်တရားတို့ကို သိမ်းဆည်းပါ။

ဇောအသီးအသီး၌ သဒ္ဓါ-ပညာအုပ်စု နာမ်တရား (၃၄)နှင့် သမ္မာဝါစာ ပေါင်းသော် နာမ်တရား (၃၅) ဖြစ်၏၊ ဉာဏ် ပီတိ လဲလှယ်၍ (၄)ချက်ပင် ရှုပါ။ ဝိဘူတာရုံဖြစ်က တဒါရုံကျနိုင်၏၊ သဟိတ် မဟာဝိပါက်တဒါရုံ အဟိတ်တဒါရုံ ထိုက်သလို ကျနိုင်၏၊ မဟာဝိပါက်တဒါရုံဖြစ်မူ သမ္မာဝါစာ မယှဉ်နိုင်။ သဒ္ဓါ-ပညာအုပ်စု နာမ်တရား (၃၄)ပင် ထိုက်သလို ဖြစ်သည်၊ ဉာဏ် ပီတိ လဲလှယ်၍ (၄)ချက်ပင် ရှုပါ။ ပိသုဏဝါစာ ဖရုသဝါစာ သမ္ဖပ္ပလာပဝါစာတို့မှ ရှောင်ကြဉ်ရာ၌လည်း နည်းတူပင် ရှုပါ။

သမ္မာကမ္မန္တ - ဝိရတိ

သမ္မာကမ္မန္တဝိရတိဟူသည် အသက်မွေးဝမ်းကျောင်းနှင့် မစပ်ဆိုင်သော ကာယဒုစရိုက် (၃)ပါးမှ ရှောင်ကြဉ်မှု သဘော ဖြစ်သည်။ ကာယဒုစရိုက်မှာ (၃)မျိုး ရှိသဖြင့် ရှုကွက်ကိုလည်း (၃)မျိုးပင် ခွဲရှုပါ။

၁။ ပါဏာတိပါတမှ ရှောင်ကြဉ်မှုသဘောကို အာရုံယူ၍ တစ်ကြိမ်,
၂။ အဒိန္နာဒါနမှ ရှောင်ကြဉ်မှုသဘောကို အာရုံယူ၍ တစ်ကြိမ်,
၃။ ကာမေသုမိစ္ဆာစာရမှ ရှောင်ကြဉ်မှုသဘောကို အာရုံယူ၍ တစ်ကြိမ်၊

ဤသို့ သုံးကြိမ် ခွဲရှုပါ။ အာရုံမတူသောကြောင့် (၃)ကြိမ် ခွဲရှုခြင်းပင် ဖြစ်သည်။ တစ်ကြိမ် တစ်ကြိမ်၌လည်း ဉာဏ် ပီတိ လဲလှယ်၍ (၄)ချက်စီပင် ရှုပါ။ သိမ်းဆည်းရှုပွားပုံမှာ ဤသို့ ဖြစ်၏ ..။

၁။ ဘဝင်မနောအကြည်ဓာတ် (= ပါဏာတိပါတမှ ရှောင်ကြဉ်ခဲ့စဉ်က ဘဝင်မနောအကြည်ဓာတ်) = မနောဒွါရကို သိမ်းဆည်းပါ။
၂။ ပါဏာတိပါတမှ ရှောင်ကြဉ်ဖူးသည့် အာရုံကို လှမ်းအာရုံယူပါ။
ဥပမာ – ခြင်ကို မသတ်ဘဲ ရှောင်ကြဉ်ဖူးသည့် အာရုံကို လှမ်းအာရုံ ယူပါ။
၃။ ယင်းမနောဒွါရ၌ ထိုအာရုံသည် ထင်ရှားလာသောအခါ ထိုရှောင်ကြဉ်သည့်အချိန်က ဖြစ်ပေါ်သွားသော မဟာကုသိုလ် မနောဒွါရိကဇောဝီထိ နာမ်တရားတို့ကို သိမ်းဆည်းပါ။

ဇောအသီးအသီး၌ သဒ္ဓါ-ပညာအုပ်စု နာမ်တရား (၃၄)နှင့် သမ္မာကမ္မန္တကို ပေါင်းသော် နာမ်တရား (၃၅) ဖြစ်၏၊ ဉာဏ် ပီတိ လဲလှယ်၍ (၄)ချက်ပင် ရှုပါ။ ဝိဘူတာရုံဖြစ်က တဒါရုံကျနိုင်၏၊ သဟိတ် မဟာဝိပါက်တဒါရုံ အဟိတ်တဒါရုံ ထိုက်သလို ကျနိုင်၏၊ မဟာဝိပါက်တဒါရုံ ဖြစ်မူ သမ္မာကမ္မန္တ မယှဉ်နိုင်။ ယင်းမဟာဝိပါက်တဒါရုံ၌ သဒ္ဓါ-ပညာအုပ်စု နာမ်တရား (၃၄) ထိုက်သလို ယှဉ်၏၊ ဉာဏ် ပီတိ လဲလှယ်၍ (၄)ချက်ပင် ရှုပါ။ အဒိန္နာဒါနဝိရတိ ကာမေသုမိစ္ဆာစာရဝိရတိတို့၌လည်း နည်းတူပင် ရှုပါ။

သမ္မာအာဇီဝ - ဝိရတိ

သမ္မာအာဇီဝဝိရတိဟူသည် အသက်မွေးဝမ်းကျောင်းနှင့် သက်ဆိုင်သော ကာယဒုစရိုက် ဝစီဒုစရိုက်မှ ရှောင်ကြဉ်မှုသဘော ဖြစ်သည်။ ကာယဒုစရိုက် (၃)မျိုး, ဝစီဒုစရိုက် (၄)မျိုး ရှိနေသဖြင့် ရှုကွက်မှာလည်း အမျိုးမျိုးပင် ရှိနိုင်သည်။ မိမိ၌ ဖြစ်နေကျ ရှောင်ကြဉ်နေကျအာရုံ သို့မဟုတ် ရှောင်ကြဉ်ဖူးသည့်အာရုံ တစ်ခုခုကို အာရုံယူ၍ ရှုနိုင်သည်။ ဥပမာ – မိမိအတွက် ရည်ညွှန်း၍ သတ်ဖြတ်စီမံထားသည်ဟု သိရသော အာဟာရတစ်ခုခုကို မသုံးစွဲဘဲ ရှောင်ကြဉ်မှုမျိုး ဖြစ်သည်။ သိမ်းဆည်းရှုပွားပုံမှာ ဤသို့တည်း။

၁။ ဘဝင်မနောအကြည်ဓာတ် (= မိစ္ဆာဇီဝမှ ရှောင်ကြဉ်ခဲ့စဉ်က ဘဝင်မနောအကြည်ဓာတ်) = မနောဒွါရကို သိမ်းဆည်းပါ။
၂။ မိစ္ဆာဇီဝမှ ရှောင်ကြဉ်ဖူးသည့် အာရုံတစ်ခုကို လှမ်း၍ အာရုံယူပါ။ ဥပမာ – မအပ်သော သားငါးကို မသုံးစွဲဘဲ ရှောင်ကြဉ်ဖူးသည် ဖြစ်အံ့၊ ယင်းရှောင်ကြဉ်ဖူးသည့် အာရုံကို လှမ်းအာရုံယူပါ။
၃။ ယင်းမနောဒွါရ၌ ထိုအာရုံသည် ထင်ရှားလာသောအခါ ထိုရှောင်ကြဉ်သည့်အချိန်က ဖြစ်ပေါ်သွားသော မဟာကုသိုလ် မနောဒွါရိကဇောဝီထိ နာမ်တရားတို့ကို သိမ်းဆည်းပါ။ တဒါရုံကျခွင့် ရှိ၏၊

သမ္မာဝါစာ –– သမ္မာဝါစာသည် ကထာသမ္မာဝါစာ, စေတနာသမ္မာဝါစာ, ဝိရတိသမ္မာဝါစာဟု သုံးမျိုး ရှိ၏၊ ထိုတွင် အကြောင်း အကျိုးနှင့် စပ်ယှဉ်၍ အပြစ်ကင်းလတ် ကောင်းမြတ်သော စကားသံသည် ကထာသမ္မာဝါစာ မည်၏၊ ထိုအပြစ်ကင်းလတ် ကောင်းမြတ်သော စကားကို ပြောဆိုကြောင်း ဖြစ်သော ဝုဋ္ဌော အဘိညာဏ်ဇော မဟာကုသိုလ်ဇော မဟာကြိယာဇောနှင့် ယှဉ်သော စေတနာသည် စေတနာသမ္မာဝါစာ မည်၏၊ တစ်စုံတစ်ခုအမှု အတွက် မုသားပြောဖို့အချက်, ကုန်းစကားပြောဖို့အချက်, ကြမ်းတမ်းသောစကား ပြောဖို့အချက်, ပြိန်ဖျင်းသောစကား ပြောဖို့အချက် တစ်ချက်ချက် ပေါ်ပေါက်နေရာ၌ ထိုဝစီဒုစရိုက်မှ ရှောင်ကြဉ်၍ မှန်ကန်သောစကား, မကွဲပြားစေသော စကား, သိမ်မွေ့သောစကား, အကျိုးရှိသောစကား တစ်ခုခုကို ပြောဆိုလိုက်လျှင် ထိုပြောဆိုကြောင်း စိတ္တုပ္ပါဒ်၌ လည်းကောင်း, သို့မဟုတ် ဆိတ်ဆိတ်နေခဲ့လျှင် ထိုဆိတ်ဆိတ်နေကြောင်း စိတ္တုပ္ပါဒ်၌လည်းကောင်း ယင်းဝစီဒုစရိုက်မှ ရှောင်ကြဉ်မှု ဝိရတိသဘော ပါဝင်၏၊ ထိုရှောင်ကြဉ်မှုသဘောကိုသာ ဝိရတိသမ္မာဝါစာဟု ဆိုရလေသည်။ ဤသမ္မာဝါစာ ဝိရတိဖြင့် ရှောင်ကြဉ်ထိုက်သော ဒုစရိုက်အားလုံးသည် အသက်မွေးဝမ်းကျောင်းနှင့် ဆက်သွယ်မှု မရှိပေ။

သမ္မာကမ္မန္တ– သမ္မာကမ္မန္တသည်လည်း ကိရိယာသမ္မာကမ္မန္တ, စေတနာသမ္မာကမ္မန္တ, ဝိရတိသမ္မာကမ္မန္တဟု သုံးမျိုးပင် ရှိ၏၊ ထိုတွင် အပြစ်မရှိသော လုပ်ငန်းကိစ္စရပ် တစ်ခုခုကို = ဒါန သီလ ဘာဝနာ စသည့် လုပ်ငန်းကိစ္စရပ် တစ်ခုခုကို ပြုလုပ်နေသူ၏ ကိုယ်အမူအရာသည် ကိရိယာသမ္မာကမ္မန္တ မည်၏၊ ထိုအပြစ်မရှိသော ကိစ္စလုပ်ငန်းကို ပြုလုပ်ကြောင်း စေတနာသည် စေတနာသမ္မာကမ္မန္တ မည်၏၊ တစ်စုံတစ်ခုသော ကာယဒုစရိုက်မှုကို ပြုလုပ်ဖို့ရန်အချက် ပေါ်ပေါက်လာသည့်အခါ မပြုလုပ်ဘဲ ရှောင်ကြဉ်လိုက်လျှင် အခြားသော တစ်စုံတစ်ခု ကိုယ်အမှုကို ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ ဝိရတိသမ္မာကမ္မန္တ ဖြစ်၏၊ ဤသမ္မာကမ္မန္တဝိရတိဖြင့် ရှောင်ကြဉ်ထိုက်သော ဒုစရိုက်အားလုံးသည် အသက်မွေးဝမ်းကျောင်းနှင့် ဆက်သွယ်မှု မရှိပေ။

သမ္မာအာဇီဝ – ဝီရိယသမ္မာအာဇီဝ, ဝိရတိသမ္မာအာဇီဝဟု သမ္မာအာဇီဝသည်လည်း နှစ်မျိုး ရှိ၏၊ မိရိုးဖလာ အတိုင်း လယ်ထွန်မှု ကုန်သွယ်မှု စသည်ကို ပြု၍လည်းကောင်း, ရဟန်းသံဃာဖြစ်လျှင် ကုလဒူသန အနေသန မိစ္ဆာဇီဝတို့နှင့် မရောယှက်ဘဲ တရားသဖြင့်သာ ပစ္စည်းလေးပါးကို ရှာဖွေ၍လည်းကောင်း အသက်မွေးသူတို့၏ လယ်ထွန်ခိုက် ကုန်သွယ်ခိုက် ဆွမ်းခံခိုက် စသည့်အခိုက်အတန့်တို့၌ ဖြစ်သော သမ္မာဝါယာမသည် ဝီရိယသမ္မာအာဇီဝ မည်၏၊ အသက်မွေးဝမ်းကျောင်းနှင့် ဆက်သွယ်နေသော ဝစီဒုစရိုက် ကာယဒုစရိုက်တို့မှ ရှောင်ကြဉ်မှုသဘော, ကုလဒူသန အနေသန မိစ္ဆာဇီဝမှုတို့ဖြင့် ရရှိသော ပစ္စည်းလေးပါးကို မသုံးစွဲဘဲ ရှောင်ကြဉ်မှုသဘောသည် ဝိရတိ သမ္မာအာဇီဝ မည်၏၊

သမ္ပတ္တဝိရတိ - သမာဒါနဝိရတိ - သမုစ္ဆေဒဝိရတိ

သမ္ပတ္တဝိရတိ – သမ္ပတ္တဝိရတိ သမာဒါနဝိရတိ သမုစ္ဆေဒဝိရတိဟု ဝိရတိသုံးမျိုး ပြားပြန်၏၊ သိက္ခာပုဒ်ကို ဆောက်တည် မထားကုန်သော သူတို့၏ မိမိ၏ အမျိုးဇာတ် အရွယ် ဗဟုသုတ မင်္ဂလာ စသည်တို့ကို ဆင်ခြင်၍ “ငါတို့အား ဤသို့သဘောရှိသော မကောင်းမှုကို ပြုလုပ်ဖို့ရန် မသင့်တော်ပါတကား”ဟု ဆိုက်ရောက်လာသော လွန်ကျူးဖွယ်ဝတ္ထုကို မလွန်ကျူးဘဲ ရှောင်ကြဉ်ကုန်သော သူတို့၏ သန္တာန်၌ ဖြစ်ပေါ်လာသော ဝိရတိကို သမ္ပတ္တဝိရတိ ဟူ၍ သိရှိပါလေ။[မှတ်စု ၁]

သမာဒါနဝိရတိ – သိက္ခာပုဒ်ကို ဆောက်တည်ထားကြကုန်သော သူတို့၏ သိက္ခာပုဒ်ကို ဆောက်တည်ခိုက်မှာ ဖြစ်စေ, ဆောက်တည်ပြီး နောက်ပိုင်းကာလမှာ ဖြစ်စေ သိက္ခာပုဒ် ဆောက်တည်ထားသည့်အတွက် မိမိ၏ အသက်ကိုပင် သော်လည်း စွန့်လွှတ်၍ လွန်ကျူးဖွယ်ဝတ္ထုကို မလွန်ကျူးကြကုန်သော သူတို့၏ သန္တာန်၌ ဖြစ်ပေါ်လာသော ဝိရတိကို သမာဒါနဝိရတိဟု သိရှိပါလေ။[မှတ်စု ၂]

သမုစ္ဆေဒဝိရတိ – ဒုစရိုက် ဒုရာဇီဝ ဟူသမျှကို လွန်ကျူးကြောင်းဖြစ်သော အကုသိုလ်တရားစု၏ အနုသယ ဓာတ်ကို အကြွင်းမဲ့ ဖြတ်သောအားဖြင့် ဖြစ်ပေါ်လာသော အရိယမဂ်နှင့်ယှဉ်သော ဝိရတိကို သမုစ္ဆေဒဝိရတိဟူ၍ သိရှိပါလေ။ ယင်းသမုစ္ဆေဒဝိရတိ ဖြစ်သည့်အချိန်မှ စ၍ အရိယာသူတော်ကောင်းတို့၏ သန္တာန်၌ “သတ္တဝါကို သတ်အံ့” ဟူသော စိတ်မျှသော်လည်း မဖြစ်တော့ပေ။[မှတ်စု ၃]

ဤသမုစ္ဆေဒဝိရတိကား အရိယမဂ်နှင့် ယှဉ်သောကြောင့် နိဗ္ဗာန်ကို အာရုံပြုသည်မှာ ထင်ရှားပေပြီ။ သို့သော် သမ္ပတ္တဝိရတိ သမာဒါနဝိရတိတို့၏ အာရုံနှင့် ပတ်သက်၍ အနည်းငယ် ဆန်းစစ်ရန် ရှိနေပေသည်။

သမ္ပတ္တဝိရတိ - သမာဒါနဝိရတိတို့၏ အာရုံ

ဝိဘင်းပါဠိတော်[မှတ်စု ၄] သမ္မောဟဝိနောဒနီအဋ္ဌကထာ[မှတ်စု ၅] မူလဋီကာ[မှတ်စု ၆]တို့၌ကား ဤသို့ လာရှိ၏၊ ဆိုလိုရင်းမှာ ဤသို့ ဖြစ်၏ ..။ ဤ သမ္ပတ္တဝိရတိ သမာဒါနဝိရတိတို့သည် ဝီတိက္ကမိတဗ္ဗဝတ္ထု (= လွန်ကျူးထိုက်သော ဝတ္ထု) = ဝိရမိတဗ္ဗဝတ္ထု (= ရှောင်ကြဉ်ထိုက်သော ဝတ္ထု)ဟု ခေါ်ဆိုအပ်သော ပရိတ္တတရား = ကာမတရားကိုသာလျှင် အာရုံပြု၏၊ ကာမရုပ်နာမ် သင်္ခါရကိုသာ အာရုံပြု၏၊ ယင်းကာမရုပ်နာမ်အာရုံသည် ပစ္စုပ္ပန်အာရုံသာ ဖြစ်၏ (အတိတ် အနာဂတ် မဟုတ်)၊ ဗဟိဒ္ဓ ကာမရုပ်နာမ်အာရုံသာ ဖြစ်၏ (အဇ္ဈတ္တ ကာမရုပ်နာမ် မဟုတ်)။

ယင်းကာမရုပ်နာမ်အာရုံကား လွန်ကျူးထိုက်သော ဝီတိက္ကမိတဗ္ဗဝတ္ထုတည်း။ ယင်းဝီတိက္ကမိတဗ္ဗဝတ္ထုကို လွန်ကျူး ကြောင်းဖြစ်သော အကုသိုလ်စေတနာကား ဝေရစေတနာတည်း၊ တကယ့်ရန်သူအစစ်တည်း။ ယင်းဝီတိက္ကမိတဗ္ဗဝတ္ထု အမည်ရသော လွန်ကျူးဖွယ် ကာမရုပ်နာမ်အာရုံကို အာရုံပြု၍ မိမိ၏ သန္တာန်၌ ဖြစ်ပေါ်လာသော လွန်ကျူးကြောင်း အကုသိုလ်စေတနာ = ဝေရစေတနာမှ ရှောင်ကြဉ်မှုသဘောသည်ကား ဝိရတိတည်း။

ပါဏာတိပါတမှ ရှောင်ကြဉ်ကြောင်းဖြစ်သော ဝိရတိသည် သူတစ်ပါး၏ ဇီဝိတိန္ဒြေကို အာရုံပြု၍ မိမိ၏ သန္တာန်၌ ဖြစ်ပေါ်သွားသော လွန်ကျူးကြောင်း အကုသိုလ်စေတနာ ဝေရစေတနာမှ ရှောင်ကြဉ်၏၊ အဒိန္နာဒါနမှ ရှောင်ကြဉ် ကြောင်းဖြစ်သော ဝိရတိသည် ဝီတိက္ကမိတဗ္ဗဝတ္ထုဟု ဆိုအပ်သော လွန်ကျူးအပ်သော သတ္တဝါကို အာရုံပြု၍သော် လည်းကောင်း, ရွှေ ငွေ အဝတ် သင်္ကန်း စသည့် သက်မဲ့ပစ္စည်းဝတ္ထုဟူသော သင်္ခါရကို အာရုံပြု၍သော်လည်းကောင်း မိမိ၏ သန္တာန်၌ ဖြစ်ပေါ်သွားသော လွန်ကျူးကြောင်း ဝေရစေတနာမှ ရှောင်ကြဉ်၏၊ ကာမေသုမိစ္ဆာစာရမှ ရှောင်ကြဉ် ကြောင်းဖြစ်သော ဝိရတိသည် ဝီတိက္ကမိတဗ္ဗဝတ္ထုဟု ဆိုအပ်သော လွန်ကျူးအပ်သော အမျိုးသမီးအာရုံကိုသော် လည်းကောင်း, အမျိုးသားအာရုံကိုသော်လည်းကောင်း အာရုံပြု၍ မိမိ၏ သန္တာန်၌ ဖြစ်ပေါ်သွားသော ကာမေသုမိစ္ဆာစာရကို လွန်ကျူးကြောင်း ဝေရစေတနာမှ ရှောင်ကြဉ်၏၊ မုသာဝါဒမှ ရှောင်ကြဉ်ကြောင်းဖြစ်သော ဝိရတိသည် ဝီတိက္ကမိတဗ္ဗဝတ္ထုဟု ဆိုအပ်သော လွန်ကျူးအပ်သော သတ္တဝါအာရုံကိုသော်လည်းကောင်း, ရွှေ ငွေ အဝတ် သင်္ကန်း စသည့် သက်မဲ့ပစ္စည်းဝတ္ထုဟူသော သင်္ခါရအာရုံကိုသော်လည်းကောင်း အာရုံပြု၍ မိမိ၏သန္တာန်၌ ဖြစ်ပေါ်သွားသော မုသာဝါဒကို လွန်ကျူးကြောင်း ဝေရစေတနာမှ ရှောင်ကြဉ်၏၊ သုရာပါနမှ ရှောင်ကြဉ်ကြောင်းဖြစ်သော ဝိရတိသည် ဝီတိက္ကမိတဗ္ဗဝတ္ထုဟု ခေါ်ဆိုအပ်သော လွန်ကျူးအပ်သော သုရာဟူသော သင်္ခါရအာရုံကို အာရုံပြု၍ မိမိ၏သန္တာန်၌ ဖြစ်ပေါ်သွားသော သုရာပါနကို လွန်ကျူးကြောင်းဖြစ်သော အကုသိုလ်စေတနာ = ဝေရစေတနာမှ ရှောင်ကြဉ်၏၊

ဤ၌ ဝိရတိတို့၏ သတ္တဝါ အမျိုးသမီး အမျိုးသားလျှင် အာရုံရှိကြောင်း ဖွင့်ဆိုချက်မှာ သတ္တဝါဟု အမျိုးသမီးဟု အမျိုးသားဟု စွဲယူအပ်သော အခြင်းအရာအားဖြင့် ဖြစ်သော သင်္ခါရတရား = ကာမရုပ်နာမ်တို့ကိုသာ အာရုံ ပြုကုန်သည်၏ အဖြစ်ကို မှတ်သားပါလေ။

လွန်ကျူးထိုက်သော ဝီတိက္ကမိတဗ္ဗဝတ္ထုဟူသော ပစ္စုပ္ပန်အာရုံနှင့် တွေ့ကြုံပါမှ ယင်းလွန်ကျူးဖွယ်အာရုံကို အာရုံပြု၍ မိမိ၏ သန္တာန်၌ ဖြစ်ပေါ်လာသော အကုသိုလ်စေတနာ ဝေရစေတနာမှ ဝိရတိသည် ရှောင်ကြဉ်နိုင်၏၊ ထိုကြောင့် သမ္ပတ္တဝိရတိ သမာဒါနဝိရတိတို့သည် ပစ္စုပ္ပန် လွန်ကျူးထိုက်သော ကာမရုပ်နာမ်ကို အာရုံပြုကြသည်။ သို့သော် ယင်းကာမရုပ်နာမ်တို့မှာ ဗဟိဒ္ဓသာ ဖြစ်သည်။

သို့သော် ဤအရာ၌ ဝိရတိတို့သည် သတ္တဝါ အမျိုးသမီး အမျိုးသား ဟူသော အာရုံကို အာရုံပြု-မပြုကား ဆန်းစစ်သင့်ပေသည်။ အကယ်၍ အာရုံပြုခဲ့သော် တဒါရုံမှာ ကျခွင့်မရှိပေ။

  1. (အဘိ၊ဋ္ဌ၊၁၊၁၄၆။)
  2. (အဘိ၊ဋ္ဌ၊၁၊၁၄၆။)
  3. (အဘိ၊ဋ္ဌ၊၁၊၁၄၇။)
  4. ပဉ္စသိက္ခာပဒါ။ ပ။ ပရိတ္တာရမ္မဏာ။ ပ။ ပစ္စုပ္ပန္နာရမ္မဏာ။ ပ။ ဗဟိဒ္ဓါရမ္မဏာ။ (အဘိ၊၂၊၃၀၅။)
  5. အာရမ္မဏတော ပါဏာတိပါတော ဇီဝိတိန္ဒြိယာရမ္မဏော။ အဒိန္နာဒါနံ သတ္တာရမ္မဏံ ဝါ သင်္ခါရာရမ္မဏံ ဝါ။ မိစ္ဆာစာရော ဣတ္ထိပုရိသာရမ္မဏော။ မုသာဝါဒေါ သတ္တာရမ္မဏော ဝါ သင်္ခါရာရမ္မဏော ဝါ။ သုရာပါနံ သင်္ခါရာရမ္မဏံ။ (အဘိ၊ဋ္ဌ၊၂၊၃၆၆ )
    အာရမ္မဏတော တိ ပါဏာတိပါတာ ဝေရမဏီ ပရဿ ဇီဝိတိန္ဒြိယံ အာရမ္မဏံ ကတွာ အတ္တနော ဝေရစေတနာယ ဝိရမတိ။ ဣတရာသုပိ ဧသေဝ နယော။ သဗ္ဗာပိ ဟိ ဧတာ ဝီတိက္ကမိတဗ္ဗဝတ္ထုံ အာရမ္မဏံ ကတွာ ဝေရစေတနာဟိယေဝ ဝိရမန္တိ။ (အဘိ၊ဋ္ဌ၊၂၊၃၆၈။)
    အာရမ္မဏတ္တိကေသု ပန ယာနိ သိက္ခာပဒါနိ ဧတ္ထ သတ္တာရမ္မဏာနီတိ ဝုတ္တာနိ၊ တာနိ ယသ္မာ သတ္တောတိ သင်္ခံ ဂတေ သင်္ခါရေယေဝ အာရမ္မဏံ ကရောန္တိ၊ ယသ္မာ စ သဗ္ဗာနိပိ ဧတာနိ သမ္ပတ္တဝိရတိဝသေနေဝ နိဒ္ဒိဋ္ဌာနိ၊ တသ္မာ “ပရိတ္တာရမ္မဏာ”တိ စ “ပစ္စုပ္ပန္နာရမ္မဏာ”တိ စ ဝုတ္တံ။ ယတော ပန ဝိရမတိ၊ တဿ ဝတ္ထုနော အစ္စန္တဗဟိဒ္ဓတ္တာ သဗ္ဗေသမ္ပိ ဗဟိဒ္ဓါရမ္မဏတာ ဝေဒိတဗ္ဗာတိ။ (အဘိ၊ဋ္ဌ၊၂၊၃၆၉။)
  6. သတ္တ-ဣတ္ထိ-ပုရိသာရမ္မဏတာ တထာဂဟိတသင်္ခါရာရမ္မဏတာယ ဒဋ္ဌဗ္ဗာ။ (မူလဋီ၊၂၊၁၈၉။)
    သမ္ပတ္တဝိရတိဝသေနာတိ သမ္ပတ္တေ ပစ္စုပ္ပန္နေ အာရမ္မဏေ ယထာဝိရမိတဗ္ဗတော ဝိရတိဝသေနာတိ အတ္ထော။ (မူလဋီ၊၂၊၁၉၀၊၊)