နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/သင်္ခါရက္ခန္ဓကထာ အခန်း

သင်္ခါရက္ခန္ဓကထာ အခန်း

ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာ အမည်ရသော ဝေဒနာ သညာတို့နှင့် တကွ အားလုံး စေတသိက် (၅၂)လုံး ရှိ၏၊

ယင်းစေတသိက် (၅၂)မျိုးတို့မှာ အောက်ပါအတိုင်း ဖြစ်ကြ၏၊ –
၁။ အကောင်း အဆိုး နှစ်ဘက်ရ အညသမာန်းစေတသိက် ၁၃-မျိုး
၂။ ယုတ်ညံ့သော အကုသိုလ်စေတသိက် ၁၄-မျိုး
၃။ တင့်တယ်ကောင်းမြတ်သော သောဘဏစေတသိက် ၂၅-မျိုး
အားလုံးပေါင်းသော် ၅၂-မျိုး

ဤ (၅၂)မျိုးသော စေတသိက်တို့တွင် ဝေဒနာ သညာ စေတသိက် (၂)မျိုးတို့၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်ပဒဋ္ဌာန်တို့ကို ရေးသားတင်ပြပြီးလေပြီ။ ယခုအခါ၌ သင်္ခါရက္ခန္ဓာ စာရင်းဝင် စေတသိက် (၅၀)တို့၏ လက္ခဏ-ရသပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်ရှုကွက်တို့ကို ဆက်လက်၍ ရေးသားတင်ပြပေအံ့။

သဗ္ဗစိတ္တသာဓာရဏ စေတသိက်

၁။ ဖဿ

ဖုသတီတိ ဖဿော
၁။ သွာယံ ဖုသနလက္ခဏော၊
၂။ သင်္ဃဋ္ဋနရသော၊
၃။ သန္နိပါတပစ္စုပဋ္ဌာနော၊ ဝေဒနာပစ္စုပဋ္ဌာနော ဝါ၊
၄။ အာပါထဂတဝိသယပဒဋ္ဌာနော (အာပါတဂတဝိသယပဒဋ္ဌာနော)။[မှတ်စု ၁]

၁။ အာရုံကို တွေ့ထိခြင်းသဘော ... လက္ခဏ
၂။ အာရုံ-ဝိညာဏ်ကို ပွတ်ချုပ်ထိခိုက်ခြင်း ... (ကိစ္စ) ရသ
တစ်နည်း – အာရုံနှင့် ဝိညာဏ်ကို ဆက်စပ်ပေးခြင်း ... (ကိစ္စ) ရသ
တစ်နည်း – ဝတ္ထု အာရုံတို့၏ ပေါင်းဆုံထိခိုက်ခြင်းနှင့် ပြည့်စုံခြင်း... (သမ္ပတ္တိ) ရသ
၃။ (က) ဝတ္ထု+အာရုံ+ဝိညာဏ် (၃)ပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖြစ်ပေါ်လာသော သဘောတရား ...
( ခ ) တစ်နည်း – ဝေဒနာဟူသော အကျိုးတရားကို ဖြစ်ပေါ် စေတတ်သော သဘောတရား ... (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်
၄။ ထင်ခြင်းသို့ (ရှေးရှူကျခြင်းသို့) ရောက်ရှိလာသော အာရုံ ... ပဒဋ္ဌာန်

၂။ စေတနာ

စေတယတီတိ စေတနာ၊ သဒ္ဓိံ အတ္တနာ သမ္ပယုတ္တဓမ္မေ အာရမ္မဏေ အဘိသန္ဒဟတီတိ အတ္ထော။
၁။ သာ စေတယိတလက္ခဏာ၊ စေတနာဘာဝလက္ခဏာတိ အတ္ထော။
၂။ အာယူဟနရသာ၊
၃။ သံဝိဒဟနပစ္စုပဋ္ဌာနာ သကိစ္စပရကိစ္စသာဓိကာ ဇေဋ္ဌသိဿမဟာဝဍ္ဎကီအာဒယော ဝိယ။
အစ္စာယိကကမ္မာနုဿရဏာဒီသု စ ပနာယံ သမ္ပယုတ္တာနံ ဥဿဟနဘာဝေန ပဝတ္တမာနာ ပါကဋာ ဟောတိ၊၊[မှတ်စု ၂]

စေ့ဆော်တတ်သော သဘောတရားသည် စေတနာ မည်၏၊ မိမိနှင့် အတူတကွ ယှဉ်ဖက် သမ္ပယုတ်တရားတို့ကို အာရုံ၌ အဆက်မပြတ်အောင် ဖွဲ့စပ်တတ်၏၊ အဆက်မပြတ်အောင် ဖြစ်စေတတ်၏ဟု ဆိုလိုသည်။

၁။ မိမိနှင့်အတူ သမ္ပယုတ်တရားတို့ကို အာရုံ၌ စေ့အောင် စပ်အောင် အာရုံပေါ်သို့ ရောက်အောင် စေ့ဆော်ခြင်းသဘော ... လက္ခဏ
၂။ (သမ္ပယုတ်တရားတို့ကို မိမိတို့၏ကိစ္စ၌ ဖရိုဖရဲကြဲ၍ မနေအောင်) ပေါင်းစုရုံးစည်းခြင်း = ကြောင့်ကြဗျာပါရ ပြုခြင်း ... (ကိစ္စ) ရသ
၃။ စီမံတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
(မိမိကိစ္စ သူတစ်ပါးကိစ္စကို ပြီးစီးစေတတ်ကုန်သော တပည့်ကြီး လက်သမားကြီး စသောသူတို့ကဲ့သို့ မှတ်ပါ၊၊)
၄။ (က) ဝတ္ထု, (ခ) အာရုံ, (ဂ) ဖဿ-မနသိကာရ ဦးဆောင်သည့်
ယှဉ်ဖက်သမ္ပယုတ်တရားတို့တွင် တစ်မျိုးမျိုးသောတရား ... ပဒဋ္ဌာန်

၃။ ဧကဂ္ဂတာ = သမာဓိ

အာရမ္မဏေ စိတ္တံ သမံ အာဓိယတိ၊ သမ္မာ ဝါ အာဓိယတိ၊ သမာဓာနမတ္တမေဝ ဝါ ဧတံ စိတ္တဿာတိ သမာဓိ
၁။ (က) ပါမောက္ခလက္ခဏော သမာဓိ
( ခ ) အဝိသာရလက္ခဏော၊
( ဂ ) အဝိက္ခေပလက္ခဏော ဝါ၊
၂။ သဟဇာတာနံ သမ္ပိဏ္ဍနရသော နှာနိယစုဏ္ဏာနံ ဥဒကံ ဝိယ၊
၃။ (က) ဥပသမပစ္စုပဋ္ဌာနော၊
( ခ ) ဉာဏပစ္စုပဋ္ဌာနော ဝါ။
“သမာဟိတော ယထာဘူတံ ဇာနာတိ ပဿတီ”တိ ဟိ ဝုတ္တံ။
၄။ ဝိသေသတော သုခပဒဋ္ဌာနော။
နိဝါတေ ဒီပစ္စီနံ ဌိတိ ဝိယ စေတသော ဌိတီတိ ဒဋ္ဌဗ္ဗော။[မှတ်စု ၃]

အာရုံ၌ စိတ်ကို အညီအညွတ်ထားတတ်သော သဘောတရားသည် သမာဓိ မည်၏၊ တစ်နည်း – အာရုံ၌ စိတ်ကို ကောင်းစွာထားတတ်သော သဘောတရားသည် သမာဓိ မည်၏၊ တစ်နည်း – အာရုံ၌ စိတ်ကို ကောင်းစွာ အညီအညွတ်ထားခြင်းမျှသည် သမာဓိ မည်၏၊

၁။ (က) အကြီးအမှူး၏အဖြစ်ဟူသော သဘော = အကြီးအမှူး ဖြစ်ခြင်းသဘော
= အာရုံ၌ သမ္ပယုတ်တရားတို့၏ အကြီးအမှူး ပါမောက္ခဖြစ်ခြင်းသဘော ... လက္ခဏ
( ခ ) မိမိ၏ ပင်ကိုယ်သဘောအတိုင်း အာရုံ၌ မပျံ့လွင့်ခြင်းသဘော
= အာရုံ၌ မရွေ့မလည် တည်ခြင်းသဘော ... လက္ခဏ
( ဂ ) အာရုံ၌ သမ္ပယုတ်တရားတို့၏ မပျံ့လွင့်ကြောင်းသဘော ... လက္ခဏ
၂။ (ရေချိုးကသယ်မှုန့်တို့ကို = ဆပ်ပြာမှုန့်တို့ကို အတုံးအခဲဖြစ်အောင် ပေါင်းစုပေးတတ်သော ရေကဲ့သို့) အတူဖြစ်သော သဟဇာတ်တရားတို့ကို ပေါင်းစုခြင်း ... (ကိစ္စ) ရသ
၃။ (က) ငြိမ်သက်သော သဘောတရား... (ဥပဋ္ဌာနာကာရ ) ပစ္စုပဋ္ဌာန်
( ခ ) ဉာဏ်တည်းဟူသော အကျိုးတရားကို ဖြစ်စေတတ်သော သဘောတရား = ဉာဏ်ဖြစ်ကြောင်း သဘောတရား... (ဖလ) ပစ္စုပဋ္ဌာန်
(အာရုံ၌ ကောင်းစွာထားအပ်သော စိတ်ရှိသူ = သမာဓိရှိသူသည် မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သိ၏ မြင်၏ဟု ဘုရားရှင်သည် ဟောကြားထားတော်မူအပ်ပြီ။) [မှတ်စု ၄]၄။ အထူးအားဖြင့် = များသောအားဖြင့် သုခဝေဒနာ ... ပဒဋ္ဌာန်

၄။ ဇီဝိတ

၁။ အတ္တနာ အဝိနိဘုတ္တာနံ ဓမ္မာနံ အနုပါလနလက္ခဏံ ဇီဝိတိန္ဒြိယံ
၂။ တေသံ ပဝတ္တနရသံ၊
၃။ တေသံယေဝ ဌပနပစ္စုပဋ္ဌာနံ၊
၄။ ယာပယိတဗ္ဗဓမ္မပဒဋ္ဌာနံ။[မှတ်စု ၅]

၁။ မိမိနှင့် အသီးအခြား မခွဲခြားအပ်ကုန်သော အတူဖြစ်ဖက် = သဟဇာတ်တရားတို့ကို စောင့်ရှောက်ခြင်းသဘော ... လက္ခဏ
၂။ ထိုအတူဖြစ်သော သဟဇာတ်တရားတို့ကို ဥပါဒ်မှ ဘင်သို့တိုင်အောင် ဖြစ်စေခြင်း = မျှစေခြင်း = အသက်ရှည်စေခြင်း ...
၃။ ထိုအတူဖြစ်သော သဟဇာတ်တရားတို့ကိုပင် ဘင်သို့မတိုင်မီ တည်အောင်ထားတတ်သော သဘောတရား ...
၄။ မိမိသည် ဖြစ်စေအပ် = မျှစေအပ် = အသက်ရှည်စေအပ် = ရောက်စေအပ်သောတရား ...

၁။ သမ္ပယုတ္တဓမ္မာနံ အနုပါလနလက္ခဏံ ဇီဝိတိန္ဒြိယံ
၂။ တေသံ ပဝတ္တနရသံ၊
၃။ တေသံယေဝ ဌပနပစ္စုပဋ္ဌာနံ၊
၄။ ယာပယိတဗ္ဗဓမ္မပဒဋ္ဌာနံ။

၁။ သမ္ပယုတ်တရားတို့ကို စောင့်ရှောက်ခြင်းသဘော ... လက္ခဏ
၂။ ထိုသမ္ပယုတ်တရားတို့ကို ဥပါဒ်မှ ဘင်သို့တိုင်အောင် ဖြစ်စေခြင်း = မျှစေခြင်း = အသက်ရှည်စေခြင်း ... (ကိစ္စ) ရသ
၃။ ထိုသမ္ပယုတ်တရားတို့ကိုပင် ဘင်မတိုင်မီ တည်အောင် ထားတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ မိမိသည် ဖြစ်စေအပ် = မျှစေအပ် = အသက်ရှည်စေအပ် = ရောက်စေအပ်သော သမ္ပယုတ်တရား ... ပဒဋ္ဌာန်

၅။ မနသိကာရ

တတ္ထ အာရမ္မဏပဋိပါဒကော မနသ္မိံ ကာရောတိ မနသိကာရော။
၁။ သော သာရဏလက္ခဏော၊
၂။ သမ္ပယုတ္တာနံ အာရမ္မဏေ သမ္ပယောဇနရသော (သံယောဇနရသော)၊
၃။ အာရမ္မဏာဘိမုခဘာဝပစ္စုပဋ္ဌာနော။
၄။ အာရမ္မဏပဒဋ္ဌာနော။
သင်္ခါရက္ခန္ဓပရိယာပန္နော၊ အာရမ္မဏပဋိပါဒကတ္တေန သမ္ပယုတ္တာနံ သာရထိ ဝိယ ဒဋ္ဌဗ္ဗော။[မှတ်စု ၆]

အာရုံကို စီရင်တတ် ထင်စေတတ် ထိရောက်စေတတ်သော အာရမ္မဏ ပဋိပါဒကမနသိကာရသည် စိတ်၌ အာရုံကို ပြုတတ် ပြုပေးတတ်သောကြောင့် (= စိတ်၌ အာရုံကို ထင်လာအောင် ပြုပေးတတ်သောကြောင့်) မနသိကာရ မည်၏၊ ထိုမနသိကာရစေတသိက်၏ လက္ခဏ စသည်မှာ ဤသို့တည်း။

၁။ သမ္ပယုတ်တရားတို့ကို အာရုံသို့ ရှေးရှူမောင်းနှင်သကဲ့သို့ ပြေးစေသကဲ့သို့ ဖြစ်ခြင်းသဘော = သမ္ပယုတ်တရားတို့ကို အာရုံသို့ ဖြောင့်ဖြောင့်မတ်မတ် သွားစေခြင်း မောင်းနှင်ပေးခြင်းသဘော ... လက္ခဏ
၂။ သမ္ပယုတ်တရားတို့ကို အာရုံနှင့် ယှဉ်စပ်စေခြင်း ... (ကိစ္စ) ရသ
၃။ အာရုံဘက်သို့ ရှေးရှူ မျက်နှာမူတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ အာရုံ ... ပဒဋ္ဌာန်

ဤ မနသိကာရစေတသိက်သည် သင်္ခါရက္ခန္ဓာ၌ အကျုံးဝင်၏၊ အာရုံကို စီရင်တတ် ထင်စေတတ် အာရုံသို့ ထိရောက်စေတတ်သည်၏ အဖြစ်ကြောင့် အာဇာနည်မြင်းတို့ကို မောင်းနှင်တတ်သော ရထားထိန်းကဲ့သို့ သမ္ပယုတ် တရားတို့ကို အာရုံသို့ ရှေးရှူနှင်တတ် ပြေးစေတတ်သော တရားဟူ၍ (= အာရုံဘက်သို့ စိတ်ကို = သမ္ပယုတ်တရားတို့ကို ဦးလှည့်တွန်းပို့ပေးတတ်သောတရားဟူ၍) မှတ်ပါ။

မနသိကာရ (၃) မျိုး

၁။ အာရုံကို စီရင်တတ် ထင်စေတတ် ဖြစ်ပေါ်လာစေတတ်သော အာရမ္မဏပဋိပါဒကမနသိကာရ,
၂။ ဝီထိစိတ်ကို စီရင်တတ် ထင်စေတတ် ဖြစ်ပေါ်လာစေတတ်သော ဝီထိပဋိပါဒကမနသိကာရ,
၃။ ဇောစိတ်ကို စီရင်တတ် ထင်စေတတ် ဖြစ်ပေါ်လာစေတတ်သော ဇဝနပဋိပါဒကမနသိကာရ

ဤသို့လျှင် မနသိကာရ သုံးမျိုး ရှိ၏၊ ထိုတွင် –

၁။ အာရမ္မဏပဋိပါဒကမနသိကာရကား မနသိကာရ စေတသိက်တည်း၊ သင်္ခါရက္ခန္ဓာ၌ အကျုံးဝင်၏၊
၂။ ဝီထိပဋိပါဒကမနသိကာရကား ပဉ္စဒွါရာဝဇ္ဇန်းစိတ်တည်း။ ယင်းပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် မိမိ၏ နောက်၌ စက္ခုဝိညာဏ် သမ္ပဋိ စ္ဆိုင်း သန္တီရဏ စသော ဝီထိစိတ်အစဉ်ကို ဆက်လက်ဖြစ်ပေါ်စေတတ်၏၊ ဝိညာဏက္ခန္ဓာ၌ အကျုံးဝင်၏၊
၃။ ဇဝနပဋိပါဒကမနသိကာရကား မနောဒွါရာဝဇ္ဇန်းတည်း။ ယင်းမနောဒွါရာဝဇ္ဇန်းသည် မိမိ၏ နောက်၌ ဇောစိတ် အစဉ်ကို ဖြစ်ပေါ်လာစေတတ်၏၊ ဝိညာဏက္ခန္ဓာ၌ပင် အကျုံးဝင်၏၊[မှတ်စု ၇]

ထိုတွင် ဝီထိပဋိပါဒကမနသိကာရ, ဇဝနပဋိပါဒကမနသိကာရ ဟူသော ဤ မနသိကာရ နှစ်မျိုးကိုပင် ယောနိသောမနသိကာရ, အယောနိသောမနသိကာရဟု ကျမ်းဂန်များ၌ အသုံးများ၏၊ မုချအားဖြင့် ဇောနာမ်တရားစု တို့သည်သာလျှင် ယောနိသောမနသိကာရ, အယောနိသောမနသိကာရ ဟူသော အမည်ကို ရရှိကြ၏၊ အာဝဇ္ဇန်းတို့မှာ ဇောအလားရှိသောကြောင့်သာလျှင် ယောနိသောမနသိကာရ, အယောနိသောမနသိကာရဟူသော အမည်ကို ရရှိကြ ပေသည်။ ယင်းအာဝဇ္ဇန်းနှစ်မျိုးတို့၏ မနသိကာရအမည် ရရှိပုံနှင့် ပတ်သက်၍ အဋ္ဌကထာများ[မှတ်စု ၈]က ဤသို့ ဖွင့်ဆိုထား၏ ..။

“ရှေးဘဝင်စိတ်အစဉ်မှ မတူသော ဝီထိစိတ် ဇောစိတ်အစဉ်ကို ပြုတတ်သောကြောင့် မနသိကာရမည်သည် ဟူလို။”

တဂ္ဂတိကနည်း

အာဝဇ္ဇန်းသည် ယောနိသောမနသိကာရ တိုက်ရိုက်အမည်ရနေသည့် မဟာကုသိုလ် မဟာကြိယာ ဉာဏသမ္ပယုတ်ဇောစိတ္တုပ္ပါဒ်ယူသည့် အာရုံကိုပင် ယင်းဇောက နှလုံးသွင်းသည့်အတိုင်း နှလုံးသွင်းတတ်သောသဘော ရှိသောကြောင့် ဇောအလား ရှိရကား ယောနိသောမနသိကာရပင် အမည်ရရှိပေသည်။ ဇောက အနိစ္စဖြစ်သော ဒုက္ခသစ္စာတရား သမုဒယသစ္စာတရား၌ အနိစ္စဟု နှလုံးသွင်းလျှင် အာဝဇ္ဇန်းကလည်း ဇောအလားတူပင် အနိစ္စဟု နှလုံးသွင်းပေသည်။ ဤသို့ စသည်ဖြင့် သဘောပေါက်ပါလေ။ တဂ္ဂတိကနည်းတည်း။[မှတ်စု ၉]

ဤ အထက်ပါ လက္ခဏ-ရသ စသည်တို့ကား ယင်းမနသိကာရ နှစ်မျိုး၏ လက္ခဏ-ရသ စသည်တို့ကား မဟုတ်ကုန်။ အာရမ္မဏပဋိပါဒကမနသိကာရ အမည်ရသော မနသိကာရစေတသိက်၏ လက္ခဏ-ရသ စသည်တို့သာ ဖြစ်ကြ၏၊

ပြည်ဆရာတော်ဘုရားကြီး၏ မှတ်ချက်

မနသိကာရစေတသိက်ဖြင့် နှလုံးသွင်းပါမှ အာရုံ ထင်မြင်သည်၊ ပဉ္စဒွါရာဝဇ္ဇန်းဖြင့် ရှေ့စိတ်က နောက်စိတ် အထူးကို ပြုမှ (= ပဉ္စဒွါရာဝဇ္ဇန်းက ရှေးဘဝင်စိတ်မှ ထူးသော ဝီထိစိတ်အစဉ်ကို ပြုလုပ်ပေးပါမှ) ပဉ္စဒွါရဝီထိ ဖြစ်သည်။ ထိုအတူ မနောဒွါရာဝဇ္ဇန်းဖြင့် ရှေးစိတ်က နောက်စိတ်အထူးကို ပြုမှ (= မနောဒွါရာဝဇ္ဇန်းက ရှေးဘဝင် စိတ်အစဉ်မှ ထူးသော ဇောစိတ် အစဉ်ကို ပြုလုပ်ပေးပါမှ) မနောဒွါရဝီထိဇော ဖြစ်သည် ဟူလိုသည်။ ဝိတက်သည် သမ္ပယုတ်တရားတို့ကို အာရုံ၌ တင်တတ်သည်။ စေတနာသည် စေ့ဆော်တတ်သည်။ မနသိကာရသည် အာရုံကို ဆောင်တတ်သည်။ ယင်းသို့ ဖြစ်သော် ဤတရားသုံးပါးသည် မထူးပြားသကဲ့သို့ ရှိ၏၊ အဘယ်သို့ ထူးပြားသနည်း ဟူမူကား –

ဝိတက်သည် သမ္ပယုတ်တရားတို့ကို အာရုံ၌ တင်ဘိသကဲ့သို့ ဖြစ်တတ်၏၊ စေတနာသည် အာရုံ၌ ဝိတက် တင်အပ်သော တရားတို့ကို မိမိနှင့်တကွ ယှဉ်စေတတ်၏၊ စစ်မြေပြင်၌ ဗိုလ်ပါကို ယှဉ်စေတတ်သော ဗိုလ်မှူးကဲ့သို့ တည်း။ မနသိကာရသည် ဝိတက်တင်အပ်သော အာရုံ၌ သမ္ပယုတ်တရားတို့ကို ရှေးရှူ ယှဉ်စေတတ်၏၊ အာဇာနည် မြင်းတို့ကို ရထား၌ ယှဉ်စေတတ်သော ရထားထိန်းကဲ့သို့တည်း။ ဤသို့ ဝိတက်, စေတနာ, မနသိကာရ တရား သုံးပါး ထူးပြားသည်။[မှတ်စု ၁၀]

ပကိဏ်း စေတသိက် (၆) လုံး

၁။ ဝိတက္က = ဝိတက်

ဝိတက္ကေတီတိ ဝိတက္ကော၊ ဝိတက္ကနံ ဝါ ဝိတက္ကော၊ ဦဟနန္တိ ဝုတ္တံ ဟောတိ။
၁။ သွာယံ အာရမ္မဏေ စိတ္တဿ အဘိနိရောပနလက္ခဏော၊
၂။ အာဟနနပရိယာဟနနရသော၊
၃။ အာရမ္မဏေ စိတ္တဿ အာနယနပစ္စုပဋ္ဌာနော၊
၄။ အာရမ္မဏပဒဋ္ဌာနော။[မှတ်စု ၁၁]

အာရုံကို ကြံတတ်သော သဘော, ကြံခြင်းသဘောသည် ဝိတက်မည်၏၊ စိတ်ကို အာရုံသို့ ရောက်၍ ရောက်၍ သွားအောင် တင်ပေးမှုကိုပင် “ကြံခြင်း”ဟု ပြောဆိုကြသည်။ ထိုဝိတက်၏ လက္ခဏ စသည်ကား ဤသို့တည်း။

၁။ အာရုံ၌ စိတ်ကို ရှေးရှူတင်ပေးခြင်းသဘော ... လက္ခဏ
၂။ အာရုံကို ရှေးဦးအစစွာ တီးခေါက်ခြင်း, ထက်ဝန်းကျင် တီးခေါက်ခြင်း, ရှေးရှူတီးခေါက်ခြင်း, လှည့်ပတ်၍ တီးခေါက်ခြင်း၊ တစ်နည်း – = အာရုံကို ထပ်တလဲလဲ တီးခေါက်ခြင်း = ရှုခြင်း ... (ကိစ္စ) ရသ
၃။ အာရုံပေါ်သို့ ရောက်အောင် စိတ်ကို ရှေးရှူ ဆွဲဆောင်သွားတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ အာရုံ (တစ်နည်း – ဝတ္ထု + အာရုံ + ဖဿ ...) ... ပဒဋ္ဌာန်

၂။ ဝိစာရ

အာရမ္မဏေ တေန စိတ္တံ ဝိစရတီတိ ဝိစာရော၊ ဝိစရဏံ ဝါ ဝိစာရော၊ အနုသဉ္စရဏန္တိ ဝုတ္တံ ဟောတိ။
သွာယံ..
၁။ အာရမ္မဏာနုမဇ္ဇနလက္ခဏော၊
၂။ တတ္ထ သဟဇာတာနုယောဇနရသော၊
၃။ စိတ္တဿ အနုပ္ပဗန္ဓနပစ္စုပဋ္ဌာနော (အနုပ္ပဗန္ဓပစ္စုပဋ္ဌာနော)၊
၄။ အာရမ္မဏပဒဋ္ဌာနော။[မှတ်စု ၁၂]

စိတ်သည် ထိုသဘောတရားကြောင့် အာရုံ၌ လှည့်လည် ကျက်စားတတ်၏၊ ထိုကြောင့် အာရုံ၌ စိတ်၏ လှည့်လည် ဖြစ်ကြောင်း သဘောတရားသည် = အာရုံ၌ စိတ်ကို လှည့်လည်စေတတ်သော သဘောတရားသည် ဝိစာရ မည်၏၊ အာရုံ၌ အဖန်ဖန် ကောင်းစွာ လှည့်လည်ခြင်းဟု ဆိုလို၏၊

၁။ အာရုံကို အဖန်ဖန် ဆုပ်နယ်ခြင်း = သုံးသပ်ဆင်ခြင်ခြင်း = ပွတ်တိုက်ခြင်းသဘော ... လက္ခဏ
၂။ ထိုအာရုံ၌ အတူဖြစ်သော သဟဇာတ်တရားတို့ကို အဖန်ဖန် အထပ်ထပ် ယှဉ်ကပ်စေခြင်း ... (ကိစ္စ) ရသ
၃။ ယူအပ်ပြီးသော အာရုံ၌ စိတ်ကို အစဉ်မပြတ်အောင် ဖွဲ့စပ်တတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ အာရုံ (တစ်နည်း – ဝတ္ထု + အာရုံ + ဖဿ ...) ... ပဒဋ္ဌာန်

၃။ အဓိမောက္ခ

အဓိမုစ္စနံ အဓိမောက္ခော။ သော –
၁။ သန္နိဋ္ဌာနလက္ခဏော၊
၂။ အသံသပ္ပနရသော၊
၃။ နိစ္ဆယပစ္စုပဋ္ဌာနော၊
၄။ သန္နိဋ္ဌေယျဓမ္မပဒဋ္ဌာနော (= သန္နိဋ္ဌာတဗ္ဗဓမ္မပဒဋ္ဌာနော)။
အာရမ္မဏေ နိစ္စလဘာဝေန ဣန္ဒခီလော ဝိယ ဒဋ္ဌဗ္ဗော။[မှတ်စု ၁၃]

အာရုံ၌ သက်ဝင်ခြင်း အာရုံကို ဆုံးဖြတ်ခြင်းသဘောသည် အဓိမောက္ခတည်း၊ ထိုအဓိမောက္ခ၏ လက္ခဏာ စသည်တို့မှာ ဤသို့တည်း ..။

၁။ အာရုံကို သန္နိဋ္ဌာန်ကျ ဆုံးဖြတ်ချက်ချခြင်းသဘော ... လက္ခဏ
၂။ ထိုဤ ရွေ့ရှား အာရုံကို မဆုံးဖြတ်နိုင်သော ဝိစိကိစ္ဆာတရား၏ ဆန့်ကျင်ဘက် ဖြစ်ခြင်း ... (ကိစ္စ) ရသ
၃။ အာရုံကို ဆုံးဖြတ်တတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ဆုံးဖြတ်အပ်သော အာရုံဓမ္မ ... ပဒဋ္ဌာန်

၄။ ဝီရိယ

၁။ ဥဿဟနလက္ခဏံ (ဥဿာဟလက္ခဏံ) ဝီရိယံ
၂။ သဟဇာတာနံ ဥပတ္ထမ္ဘနရသံ၊
၃။ အသံသီဒနဘာဝပစ္စုပဋ္ဌာနံ၊
၄။ (က) “သံဝိဂ္ဂေါ ယောနိသော ပဒဟတီ”တိ ဝစနတော သံဝေဂပဒဋ္ဌာနံ၊
( ခ ) ဝီရိယာရမ္ဘဝတ္ထုပဒဋ္ဌာနံ ဝါ။
သမ္မာ အာရဒ္ဓံ သဗ္ဗသမ္ပတ္တီနံ မူလံ ဟောတီတိ ဒဋ္ဌဗ္ဗံ။[မှတ်စု ၁၄]

၁။ ထိုထိုကိစ္စကို ကောင်းစွာ ကြိုးစားအားထုတ်ခြင်းသဘော = လွန်စွာ လုံ့လပြုခြင်းသဘော ... လက္ခဏ
တစ်နည်း - ရသည့်ဆင်းရဲ အံကြိတ်ခဲ၍ အမြဲသည်းခံခြင်းသဘော ... လက္ခဏ
၂။ သဟဇာတ်တရားတို့ကို အားပေးထောက်ပံ့ ခိုင်ခံ့စေခြင်းသဘော ... (ကိစ္စ) ရသ
၃။ မဆုတ်နစ်တတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ (က) “သံဝေဂဉာဏ်ရှိသူသည် နည်းမှန်လမ်းမှန် ကြိုးစားအားထုတ်၏” [မှတ်စု ၁၅] –– ဤသို့
ဘုရားရှင် ဟောတော်မူခြင်းကြောင့် သံဝေဂဉာဏ် ... ပဒဋ္ဌာန်၊
( ခ ) တစ်နည်း - ဝီရိယာရမ္ဘဝတ္ထု ... ပဒဋ္ဌာန်

သံဝေဂပဒဋ္ဌာနံ - သံဝေဂဉာဏ်

၁။ ဇာတိဘေး = ပဋိသန္ဓေ တည်နေရမှု ဘေးဆိုးကြီး၊
၂။ ဇရာဘေး = အိုရမှု ဘေးဆိုးကြီး၊
၃။ ဗျာဓိဘေး = နာရမှု ဘေးဆိုးကြီး၊
၄။ မရဏဘေး = သေကျေ ပျက်စီးရမှု ဘေးဆိုးကြီး၊
၅။ အပါယ် သံသရာဝဋ်ဆင်းရဲဒုက္ခ ဘေးဆိုးကြီး၊
၆။ အတိတ် သံသရာဝဋ်ဆင်းရဲလျှင် အကြောင်းရင်းရှိသော ဒုက္ခ၊
၇။ အနာဂတ် သံသရာဝဋ်ဆင်းရဲလျှင် အကြောင်းရင်းရှိသော ဒုက္ခ၊
၈။ အာဟာရ-ပရိယေသန-ဒုက္ခ = ပစ္စုပ္ပန်၌ အစာအာဟာရ (စည်းစိမ်ဥစ္စာ) ရှာမှီးရခြင်း ဒုက္ခ –

ထို (၈)ဌာနတို့ကို အာရုံပြု၍ စဉ်းစားဆင်ခြင်သောအခါ ထိတ်လန့် ကြောက်ရွံ့ကြောင်းဖြစ်သော ဩတ္တပ္ပနှင့်တကွ = ဩတ္တပ္ပနှင့် ယှဉ်လျက် ဉာဏ်သည် ဖြစ်ပေါ်လာရ၏၊ သဟောတ္တပ္ပဉာဏ်ဟု ခေါ်ဆို၏၊ ယင်း သဟောတ္တပ္ပဉာဏ်ကိုပင် “သံဝေဂ”ဟု ခေါ်ဆို၏၊ ထိုသံဝေဂဉာဏ်ရှိသူသည် ဒါနမှု သီလမှု ဘာဝနာမှုစသည့် ကုသိုလ်ကောင်းမှုများ၌ ထက်ထက် သန်သန် အားတက်သရော ရှိတတ်ရကား ထိုသံဝေဂဉာဏ်သည် ဝီရိယဖြစ်ဖို့ရန် အနီးစပ်ဆုံး အကြောင်းတရား ဖြစ်ရလေသည်။

ဝီရိယာရမ္ဘဝတ္ထုပဒဋ္ဌာနံ ဝါ

(၁) ခရီးသွားခါနီးနေခြင်း,
(၂) ခရီးသွားပြီးစဖြစ်ခြင်း,
(၃) တစ်စုံတစ်ခုအမှုကိစ္စကို ပြုခါနီးနေခြင်း
(၄) ပြုပြီးစဖြစ်ခြင်း,
(၅) မကျန်းမမာစပြုနေခြင်း,
(၆) ကျန်းမာပြီးစဖြစ်ခြင်း,
(၇) ဆွမ်းလုံလောက်စွာ မရခြင်း,
(၈) အလွန်ပေါများစွာရခြင်း,

ဝီရိယဖြစ်ခြင်းအားလျော်သော ယောနိသောမနသိကာရ-ပစ္စဝေက္ခဏဉာဏ် = နည်းမှန်လမ်းမှန် နှလုံးသွင်း တတ်သော ဆင်ခြင်ဉာဏ်နှင့် အတူတကွဖြစ်သော ဤ (၈)ပါးတို့သည် ဝီရိယဖြစ်ကြောင်း ဝီရိယာရမ္ဘဝတ္ထုတို့ မည်၏၊ တစ်နည်း ထို (၈)ပါးလျှင် အကြောင်းရင်းခံ ရှိကုန်သော ယောနိသောမနသိကာရ-ပစ္စဝေက္ခဏဉာဏ် = နည်းမှန်လမ်းမှန် နှလုံးသွင်းတတ်သော ဆင်ခြင်ဉာဏ်တို့သည် = ဆင်ခြင်ဉာဏ် ပြဓာန်းသော စိတ်စေတသိက်တို့သည် ဝီရိယာရမ္ဘဝတ္ထုတို့ မည်၏၊ သို့သော် အယောနိသောမနသိကာရ ရှိသူအဖို့ ဤ (၈)ပါးတို့သည်ကား အပျင်းကြောထူဖို့ရန် အကြောင်း တရားတို့ ဖြစ်ကြပြန်သည်။[မှတ်စု ၁၆]

၅။ ပီတိ

ပီဏယတီတိ ပီတိ၊ သာ –
၁။ သမ္ပိယာယနလက္ခဏာ၊
၂။ ကာယစိတ္တပီဏနရသာ၊ ဖရဏရသာ ဝါ၊
၃။ ဩဒဂျပစ္စုပဋ္ဌာနာ၊
၄။ အာရမ္မဏပဒဋ္ဌာနာ။[မှတ်စု ၁၇]

ကိုယ်စိတ်တို့ကို နှစ်သက်ပြည့်ဖြိုး တိုးပွားစေတတ်သော သဘောတရားသည် ပီတိမည်၏၊ ထိုပီတိသည် –
၁။ အာရုံကို နှစ်သက်ခြင်း (ချစ်မြတ်နိုးခြင်း) သဘော ... လက္ခဏ
၂။ (က) ကိုယ်စိတ်နှစ်ပါးကို နှစ်သက်ပြည့်ဖြိုး ပွားတိုးစေခြင်း ... (ကိစ္စ) ရသ
( ခ ) တစ်နည်း - မွန်မြတ်သော စိတ္တဇရုပ်တို့ဖြင့် တစ်ကိုယ်လုံးသို့ ပျံ့နှံ့စေခြင်း ... (ကိစ္စ) ရသ
၃။ ကိုယ်စိတ်တို့ကို ရွှင်လန်းတက်ကြွစေတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ အာရုံ (တစ်နည်း – ဝတ္ထု + အာရုံ + ဖဿ...) ... ပဒဋ္ဌာန်

၆။ ဆန္ဒ

ဆန္ဒောတိ ကတ္တုကာမတာယေတံ အဓိဝစနံ၊ တသ္မာ သော –၁။ ကတ္တုကာမတာလက္ခဏော ဆန္ဒော၊ (ကတ္တုကမျတာလက္ခဏော ဆန္ဒော။)
၂။ အာရမ္မဏပရိယေသနရသော၊
၃။ အာရမ္မဏေန အတ္ထိကတာပစ္စုပဋ္ဌာနော၊
၄။ တဒေဝဿ ပဒဋ္ဌာနံ။[မှတ်စု ၁၈]

ဤ ဆန္ဒဟူသည် အာရုံကို ပြုခြင်းငှာ = ပြုလုပ်ခြင်းငှာ အလိုရှိသူ၏ အဖြစ်၏ အမည်တည်း။ အာရုံတစ်ခုခုကို ပြုလိုခြင်း ရယူလိုခြင်းသဘောသည် ဆန္ဒတည်း။ ထိုကြောင့် ထိုဆန္ဒသည် –
၁။ အာရုံကို ပြုလုပ်ခြင်းငှာ အလိုရှိသူ၏အဖြစ်ဟူသော သဘော
= အာရုံကို ပြုလုပ်လိုခြင်းသဘော (လိုလားတောင့်တခြင်းသဘော) ... လက္ခဏ
၂။ အာရုံကို ရှာမှီးခြင်း ... (ကိစ္စ) ရသ
၃။ အာရုံကို အလိုရှိသော သဘောတရား = အာရုံကို လိုလားတောင့်တမှုသဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ထိုအလိုရှိအပ်သော အာရုံ ... ပဒဋ္ဌာန်

အကုသိုလ်စေတသိက် (၁၄) လုံး

၁။ မောဟ

၁။ မောဟော စိတ္တဿ အန္ဓဘာဝလက္ခဏော၊ အညာဏလက္ခဏော ဝါ၊
၂။ အသမ္ပဋိဝေဓရသော၊ အာရမ္မဏသဘာဝစ္ဆာဒနရသော ဝါ၊
၃။ အသမ္မာပဋိပတ္တိပစ္စုပဋ္ဌာနော၊ အန္ဓကာရပစ္စုပဋ္ဌာနော ဝါ၊
၄။ အယောနိသောမနသိကာရပဒဋ္ဌာနော။
သဗ္ဗာကုသလာနံ မူလန္တိ ဒဋ္ဌဗ္ဗော။[မှတ်စု ၁၉]

၁။ (က) စိတ်၏ ပရမတ္ထဓမ္မ သဘာဝမှန်ကို ဟုတ်တိုင်းမှန်စွာ မသိမမြင်နိုင်ခြင်းဟူသော ပညာမျက်စိ ကာဏ်းသည်၏အဖြစ်ဟူသော သဘော၊[မှတ်စု ၂၀]တစ်နည်း - ပညာမျက်စိ ကာဏ်းသော စိတ် ဖြစ်ကြောင်းသဘော ... လက္ခဏ
( ခ ) တစ်နည်း - ဉာဏ်၏ ဆန့်ကျင်ဘက် ဖြစ်ခြင်းသဘော = ပရမတ္ထဓမ္မ သဘာဝမှန်ကို အမှန်အတိုင်း မထွင်းဖောက် မသိမမြင်ခြင်းသဘော ... လက္ခဏ
၂။ (က) ပရမတ္ထဓမ္မ သဘာဝမှန်ကို = အာရုံ၏ သဘောမှန်ကို ကောင်းစွာ ထွင်းဖောက်၍ သိခြင်းငှာ မစွမ်းနိုင်သည်၏ အဖြစ်နှင့် ပြည့်စုံခြင်း... (သမ္ပတ္တိ) ရသ
( ခ ) တစ်နည်း - ပရမတ္ထဓမ္မအာရုံ၏ သဘောမှန်ကို ဖုံးလွှမ်းခြင်း ... (ကိစ္စ) ရသ
၃။ (က) မသင့်မလျော် မတော်မမှန်သော ပဋိပတ်ကျင့်စဉ်ကို ဖြစ်စေတတ်သော သဘောတရား၊
တစ်နည်း - ကောင်းမွန် မှန်ကန်စွာ မကျင့်ခြင်းတည်းဟူသော အကျိုးကို ဖြစ်စေတတ်သော သဘောတရား... (ဖလ) ပစ္စုပဋ္ဌာန်
တစ်နည်း - သမ္မာပဋိပတ်ကျင့်စဉ်၏ ဆန့်ကျင်ဘက်သဘောတရား ... (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်
( ခ ) တစ်နည်း - ပညာမျက်စိကာဏ်းအောင် ပြုတတ်သော သဘောတရား... (ဥပဋ္ဌာနာကာရ ) ပစ္စုပဋ္ဌာန်
၄။ အယောနိသောမနသိကာရ = အာရုံကို (= ပရမတ္ထအာရုံကို) နိစ္စ-သုခ-အတ္တ-သုဘ စသည်ဖြင့် နှလုံးသွင်းမှားမှု ... ပဒဋ္ဌာန်

ပရမတ္ထဓမ္မသဘာဝကို ဟုတ်တိုင်းမှန်စွာ ပရမတ်သို့ ဆိုက်အောင် သိခြင်းသဘောကား ပညာတည်း။ ထိုပညာ မျက်စိ မရှိသော ပညာမျက်စိ ကာဏ်းနေသော စိတ်ဓာတ် ဖြစ်ပေါ်လာရခြင်း၏ အကြောင်းရင်းမှာ မောဟတည်း။

၁။ ပရမတ္ထဓမ္မသဘာဝအာရုံ၌ သမ္ပယုတ်တရားတို့ကို တွေဝေစေတတ်သော သမ္ပယုတ်တရားတို့၏ တွေဝေကြောင်း ဖြစ်သော သဘောတရားသည်,
၂။ တစ်နည်း – ပရမတ္ထဓမ္မအာရုံ၌ မိမိကိုယ်တိုင်လည်း တွေဝေတတ်သော သဘောတရားသည်,
၃။ တစ်နည်း – ပရမတ္ထဓမ္မအာရုံ၌ တွေဝေခြင်းမျှဖြစ်သော သဘောတရားသည် မောဟ မည်၏၊

ဤ၌ တွေဝေခြင်းဟူသည် အာရုံ၏ သဘောမှန်ကို = ပရမတ္ထဓမ္မအာရုံ၏ ပရမတ္ထဓမ္မသဘာဝမှန်ကို မသိခြင်း ပင်တည်း၊ အရိယသစ္စာ လေးရပ် တရားမြတ်တို့ကို မသိခြင်းကိုပင် ဆိုလိုပေသည်။ တစ်နည်း – ဉာဏ်သည် ပရမတ္ထဓမ္မ သဘာဝမှန်ကို သိသော်လည်း မောဟကား ထိုအမှန်ကို မသိဘဲ ထိုပရမတ္ထသဘာဝမှန်များကို ပြောင်းပြန်လှန်၍ နိစ္စ သုခ အတ္တ သုဘ စသည်ဖြင့် အသိမှားလေသည်။ ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ အသက်ကောင် လိပ်ပြာကောင် ဝိညာဏ်ကောင် အတ္တကောင် စသည်ဖြင့် အသိမှားလေသည်။ ထိုကြောင့် ဉာဏ်၏ ဆန့်ကျင်ဘက် ဖြစ်ခြင်း သဘောတရားသည် မောဟ၏ သဘာဝလက္ခဏာပင် ဖြစ်သည်။

၂။ အဟိရိက

၁။ ကာယဒုစ္စရိတာဒီဟိ အဇိဂုစ္ဆနလက္ခဏံ အဟိရိကံ၊ အလဇ္ဇာလက္ခဏံ ဝါ၊
၂။ အလဇ္ဇနာကာရေန ပါပါနံ ကရဏရသံ၊
၃။ အလဇ္ဇနာကာရေန ပါပတော အသင်္ကောစနပစ္စုပဋ္ဌာနံ၊
၄။ အတ္တနိ အဂါရဝပဒဋ္ဌာနံ။[မှတ်စု ၂၁]

၁။ မကောင်းမှု အကုသိုလ်တရား+ဒုစရိုက်တရားတို့ကို မစက်ဆုပ်ခြင်းသဘော ... လက္ခဏ
တစ်နည်း – မကောင်းမှု အကုသိုလ်တရား+ဒုစရိုက်တရားတို့မှ မရှက်ခြင်းသဘော ... လက္ခဏ
၂။ မရှက်သော အခြင်းအရာအားဖြင့် မကောင်းမှုတို့ကို ပြုခြင်း ... (ကိစ္စ) ရသ
၃။ မရှက်သော အခြင်းအရာအားဖြင့် မကောင်းမှုမှ မတွန့်ဆုတ်တတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ မိမိကိုယ်ကို မရိုသေ မလေးစားခြင်း ... ပဒဋ္ဌာန်

၁။ မရှက်တတ်သော ပုဂ္ဂိုလ်သည် အဟိရိက၊
၂။ မရှက်တတ်သော စိတ်သည် အဟိရိက၊
၃။ အဟိရိကစေတသိက်နှင့် ယှဉ်တွဲဖြစ်သော သမ္ပယုတ်တရားစုသည် အဟိရိကတည်း။[မှတ်စု ၂၂]

၁။ မရှက်တတ်သော ပုဂ္ဂိုလ်ဖြစ်ရန် အကြောင်းဖြစ်သော သဘော,
၂။ မရှက်တတ်သော စိတ်ဖြစ်ရန် အကြောင်းဖြစ်သော သဘော,
၃။ မရှက်တတ်သော သမ္ပယုတ်တရားစု ဖြစ်ရန် အကြောင်းဖြစ်သော သဘော –
ဤသဘောတရားသည် အဟိရိကစေတသိက်တည်း။[မှတ်စု ၂၃]

၃။ အနောတ္တပ္ပ

၁။ ကာယဒုစ္စရိတာဒီဟိ အသာရဇ္ဇလက္ခဏံ အနောတ္တပ္ပံ။ အနုတ္တာသလက္ခဏံ ဝါ၊
၂။ အနုတ္တာသာကာရေန ပါပါနံ ကရဏရသံ၊
၃။ အနုတ္တာသာကာရေန ပါပတော အသင်္ကောစနပစ္စုပဋ္ဌာနံ၊
၄။ ပရေသု အဂါရဝပဒဋ္ဌာနံ။[မှတ်စု ၂၄]

၁။ မကောင်းမှု အကုသိုလ်တရား+ဒုစရိုက်တရားတို့ကို မကြောက်ရွံ့ခြင်းသဘော ... လက္ခဏ
တစ်နည်း – မကောင်းမှု အကုသိုလ်တရား+ဒုစရိုက်တရားတို့ကို မထိတ်လန့်ခြင်းသဘော ... လက္ခဏ
၂။ မထိတ်လန့်သော အခြင်းအရာအားဖြင့် မကောင်းမှုတို့ကို ပြုခြင်း ... (ကိစ္စ) ရသ
၃။ မထိတ်လန့်တတ်သော အခြင်းအရာအားဖြင့် မကောင်းမှုမှ
မတွန့်ဆုတ်တတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ သူတစ်ပါးတို့၌ (= တို့ကို) မရိုသေ မလေးစားခြင်း ... ပဒဋ္ဌာန်
မကောင်းမှု အကုသိုလ်တရား + မကောင်းမှု ဒုစရိုက်တရားတို့မှ မထိတ်လန့်တတ်သော သဘောတရားသည် အနောတ္တပ္ပစေတသိက်တည်း။[မှတ်စု ၂၅]

၁။ ရွာဝက်သည် မစင်ကို မရွံသကဲ့သို့ အဟိရိက = အရှက် မရှိသူသည် မကောင်းမှုကို မရွံ။
၂။ ပိုးပရန်ကောင်သည် မီးလျှံကို မကြောက်သကဲ့သို့ ဩတ္တပ္ပ မရှိသူသည်လည်း မကောင်းမှုမှ မကြောက်ရွံ့။[မှတ်စု ၂၆]

၄။ ဥဒ္ဓစ္စ

ဥဒ္ဓတဿ ဘာဝေါ (ဥဒ္ဓတဘာဝေါ) ဥဒ္ဓစ္စံ၊ တံ –
၁။ စေတသော အဝူပသမလက္ခဏံ ဝါတာဘိဃာတစလဇလံ ဝိယ၊
၂။ အနဝဋ္ဌာနရသံ ဝါတာဘိဃာတစလဓဇပဋာကာ ဝိယ၊
၃။ ဘန္တတ္တပစ္စုပဋ္ဌာနံ ပါသာဏာဘိဃာတသမုဒ္ဓတဘသ္မံ ဝိယ၊
၄။ စေတသော အဝူပသမေ အယောနိသောမနသိကာရပဒဋ္ဌာနံ။
စိတ္တဝိက္ခေပေါတိ ဒဋ္ဌဗ္ဗံ။[မှတ်စု ၂၇]

အထက်အထက်၌ တုန်လှုပ်တတ်သော စိတ်၏ = ပျံ့လွင့်သော စိတ်၏ = တက်ကြွတုန်လှုပ်သော စိတ်၏ ဖြစ်ကြောင်းဖြစ်ရာ သဘောသည် ဥဒ္ဓစ္စ မည်၏၊ တစ်နည်း - အထက်အထက်၌ တုန်လှုပ်တတ်သော သမ္ပယုတ်တရား အပေါင်း၏ = ပျံ့လွင့်သော သမ္ပယုတ်တရားအပေါင်း၏ = တက်ကြွတုန်လှုပ်သော သမ္ပယုတ်တရားအပေါင်း၏ ဖြစ်ကြောင်းဖြစ်ရာ သဘောသည် ဥဒ္ဓစ္စ မည်၏၊ ဥဒ္ဓစ္စနှင့် ယှဉ်ဖက် စိတ်စေတသိက်တရားစုတို့သည် ဥဒ္ဓစ္စကြောင့် အာရုံ၌ မငြိမ်မသက် ပျံ့လွင့်နေရ၏၊ ယင်း စိတ်စေတသိက်တို့၏ အာရုံ၌ ပျံ့လွင့်ကြောင်း သဘောတရားသည် ဥဒ္ဓစ္စမည်၏ ဟူလိုသည်။[မှတ်စု ၂၈]

၁။ လေတိုက်ခတ်မှုကြောင့် လှုပ်ရှားသော ရေကဲ့သို့ စိတ် မငြိမ်သက်ခြင်းသဘောတရား ... လက္ခဏ
၂။ လေတိုက်ခတ်မှုကြောင့် လှုပ်ရှားသော တံခွန်အလံကဲ့သို့ စိတ်ငြိမ်ဝပ်စွာ မတည်တံ့ခြင်း ... (ကိစ္စ) ရသ
၃။ ပြာပုံပေါ်သို့ ကျောက်ခဲကို ပစ်ချလိုက်သဖြင့် အထက်သို့ လွင့်တက်သော ပြာကဲ့သို့ စိတ် မရပ်မတည် ချာချာလည် တုန်လှုပ်တတ်သည့်သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ စိတ်မငြိမ်သက်ရာ အာရုံတို့၌ အယောနိသောမနသိကာရဖြစ်ခြင်း, တစ်နည်း –
စိတ်မငြိမ်သက်ခြင်းဟူသော အကျိုးကြောင့် အယောနိသောမနသိကာရ ဖြစ်ခြင်း ... ပဒဋ္ဌာန်

မငြိမ်သက်မှု = အဝူပသမ ဟူသည်လည်း စိတ်၏ သို့မဟုတ် သမ္ပယုတ်တရားစုတို့၏ အာရုံတစ်ခုတည်းပေါ်၌ စုဝေးတည်နေခြင်း၏ ထင်ရှားမရှိသည်၏ အဖြစ်ကို ကြည်ကြည်လင်လင် မရှိသည်၏ အဖြစ်ကို ဆိုလိုပေသည်။ လေအဟုန် တိုက်ခတ်မှုကြောင့် ရေအယဉ်၏ မငြိမ်သက်ခြင်းကဲ့သို့ အာရုံကို ငြိမ်သက်စွာ မယူနိုင်ခြင်းသည် ဥဒ္ဓစ္စ၏ သဘောလက္ခဏာတည်း။[မှတ်စု ၂၉]

၅။ လောဘ

လုဗ္ဘ န္တိ တေန သယံ ဝါ လုဗ္ဘတိ၊ လုဗ္ဘနမတ္တမေဝ ဝါ တန္တိ လောဘော
၁။ လောဘော အာရမ္မဏဂ္ဂဟဏလက္ခဏော မက္ကဋာလေပေါ ဝိယ၊
၂။ အဘိသင်္ဂရသော တတ္တကပါလေ ခိတ္တမံသပေသိ ဝိယ၊
၃။ အပရိစ္စာဂပစ္စုပဋ္ဌာနော တေလဉ္ဇနရာဂေါ ဝိယ၊
၄။ သံယောဇနိယဓမ္မေသု အဿာဒဒဿနပဒဋ္ဌာနော။
သော တဏှာနဒီဘာဝေန ဝဍ္ဎမာနော သီဃသောတာ နဒီ ဝိယ မဟာသမုဒ္ဒံ အပါယမေဝ ဂဟေတွာ ဂစ္ဆတီတိ ဒဋ္ဌဗ္ဗော။[မှတ်စု ၃၀]

သမ္ပယုတ်တရားတို့၏ အာရုံကို လိုလားတပ်မက်တတ်ခြင်း၏ အကြောင်းဖြစ်သော သဘောတရားသည် လောဘ မည်၏၊ တစ်နည်း – မိမိကိုယ်တိုင် အာရုံကို လိုလားတပ်မက်တတ်သော သဘောတရားသည် လောဘ မည်၏၊ တစ်နည်း – အာရုံကို လိုလားတပ်မက်ခြင်းမျှသာဖြစ်သော သဘောတရားသည် လောဘ မည်၏၊

၁။ မျောက်နှဲစေးကဲ့သို့ အာရုံကို ငါ့ဟာဟူ၍ စွဲယူခြင်းသဘော ... လက္ခဏ
၂။ လောလောပူသော အိုးကင်း၌ ပစ်ချအပ်သော အသားတစ်ကဲ့သို့ အာရုံ၌ အလွန်ငြိကပ်ခြင်း ... (ကိစ္စ) ရသ
၃။ အဝတ်၌ စွန်းထင်းနေသော ဆီမင်၏ တပ်စွဲခြင်းကဲ့သို့ အာရုံကို မစွန့်လွှတ်နိုင်ခြင်း သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ သံယောဇဉ်ဖြစ်ရာ အာရုံတရားတို့၌ သာယာဖွယ် သုဘဟု ရှုမြင်တတ်သော ဒိဋ္ဌိ ... ပဒဋ္ဌာန်

အာရမ္မဏဂ္ဂဟဏ – လောဘက အာရုံကို ယူခြင်းဟူရာ၌ အာရုံကို ယူကာမျှမတ္တ (= အာရုံပြုကာမျှမတ္တ)ကား မဟုတ်၊ လောဘ အကြီးအငယ်အလိုက် ထိုက်သည့်အားလျော်စွာ အာရုံကို - “ဤကား ငါ့ဟာ”ဟု တဏှာဘိနိဝေသ = တဏှာဖြင့် မြဲမြံစွာ နှလုံးသွင်းခြင်း၏အစွမ်းဖြင့် မြဲမြံစွာ နှလုံးသွင်း၍ အာရုံကို မစွန့်လွှတ်နိုင်ခြင်းသဘော, တမ်းတမ်းစွဲ ငမ်းငမ်းတက် တပ်မက်ခင်မင် လိုချင်သော စွဲယူမှုမျိုးတည်း။[မှတ်စု ၃၁] ထိုကြောင့် လောဘ၏ အာရုံယူပုံကို မျောက်နှဲစေးက မျောက်ကို ဖမ်းယူထားပုံဖြင့် ဥပမာပြကြသည်။

၆။ ဒိဋ္ဌိ = မိစ္ဆာဒိဋ္ဌိ

မိစ္ဆာဒိဋ္ဌီတိ အယာထာဝဒိဋ္ဌိ၊ ဝိရဇ္ဈိတွာ ဂဟဏတော ဝါ ဝိတထာ ဒိဋ္ဌိ မိစ္ဆာဒိဋ္ဌိ၊ အနတ္ထာဝဟတ္တာ ပဏ္ဍိတေဟိ ဇိဂုစ္ဆိတာ ဒိဋ္ဌီတိပိ မိစ္ဆာဒိဋ္ဌိ။ မိစ္ဆာသင်္ကပ္ပါဒီသုပိ ဧသေဝ နယော။ အပိစ မိစ္ဆာ ပဿန္တိ တာယ, သယံ ဝါ မိစ္ဆာ ပဿတိ, မိစ္ဆာဒဿနမတ္တမေဝ ဝါ ဧသာတိ မိစ္ဆာဒိဋ္ဌိ။

၁။ အယောနိသော အဘိနိဝေသလက္ခဏာ မိစ္ဆာဒိဋ္ဌိ၊
၂။ ပရာမာသရသာ၊
၃။ မိစ္ဆာဘိနိဝေသပစ္စုပဋ္ဌာနာ၊
၄။ အရိယာနံ အဒဿနကာမတာဒိပဒဋ္ဌာနာ။
ပရမံ ဝဇ္ဇ န္တိ ဒဋ္ဌဗ္ဗာ။[မှတ်စု ၃၂]

၁။ မိစ္ဆာဒိဋ္ဌိ ဟူသည်ကား မဟုတ်မမှန်သောအားဖြင့် သိမြင်တတ်သော အယူတည်း။ (ဤနည်း၌ မိစ္ဆာ-သဒ္ဒါသည် အယာထာဝ အနက်ဟောတည်း။)

၂။ တစ်နည်း – ချွတ်ယွင်း၍ လွဲချော်၍ စွဲယူခြင်းကြောင့် ချွတ်ယွင်းဖောက်ပြန် မမှန်သောအယူသည် မိစ္ဆာဒိဋ္ဌိ တည်း။ (ဤနည်း၌ မိစ္ဆာ-သဒ္ဒါသည် ဝိတထ အနက်ဟောတည်း။)

၃။ တစ်နည်း – အကျိုးစီးပွားမဲ့ကို ရွက်ဆောင်တတ်သည့်အတွက် ပညာရှိတို့သည် စက်ဆုပ်အပ်သော အယူဝါဒ ဖြစ်ခြင်းကြောင့် မိစ္ဆာဒိဋ္ဌိ မည်၏၊ (ဤနည်း၌ မိစ္ဆာ-သဒ္ဒါသည် ဇိဂုစ္ဆန အနက်ဟောတည်း။)

၄။ တစ်နည်း – သမ္ပယုတ်တရားတို့၏ ပရမတ္ထဓမ္မသဘာဝအာရုံကို မှားမှားယွင်းယွင်း သိမြင်ခြင်း၏ အကြောင်းရင်း ဖြစ်သော သဘောတရားသည် မိစ္ဆာဒိဋ္ဌိ မည်၏၊ တစ်နည်း – မိမိ မိစ္ဆာဒိဋ္ဌိကိုယ်တိုင်က ပရမတ္ထဓမ္မ သဘာဝ အာရုံကို မှားမှားယွင်းယွင်း မြင်တတ်သော သဘောတရား ဖြစ်ခြင်းကြောင့် မိစ္ဆာဒိဋ္ဌိ မည်၏၊ တစ်နည်း –ပရမတ္ထဓမ္မသဘာဝ အာရုံကို မှားမှားယွင်းယွင်း မြင်ခြင်းမျှ သဘောတရားသည် မိစ္ဆာဒိဋ္ဌိ မည်၏၊

ပရမတ္ထဓမ္မသဘာဝအာရုံကို မှားမှားယွင်းယွင်း မြင်မှုဟူသည် ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသော ရုပ်နာမ် ပရမတ္ထဓမ္မ သင်္ခါရတရားတို့အပေါ်၌ အမြင်မှားမှုတည်း။ ရုပ်နာမ်ပရမတ္ထဓမ္မသင်္ခါရတရားတို့ကား အနိစ္စ ဒုက္ခ အနတ္တ အသုဘတရားတို့သာ စင်စစ် ဖြစ်ကြကုန်၏၊ မိစ္ဆာဒိဋ္ဌိကား ထိုရုပ်နာမ်သင်္ခါရပရမတ္ထဓမ္မတို့ကို နိစ္စ သုခ အတ္တ သုဘဟု မှားမှားယွင်းယွင်း မြင်မှုတည်း။[မှတ်စု ၃၃]

၁။ ပရမတ္ထဓမ္မအာရုံကို နိစ္စ သုခ အတ္တ သုဘဟု မှားမှားယွင်းယွင်း နှလုံးသွင်းခြင်းသဘော ... လက္ခဏ
၂။ ပရမတ္ထဓမ္မအာရုံကို နိစ္စ သုခ အတ္တ သုဘဟု မှားသောအားဖြင့် သုံးသပ်ခြင်း ... (ကိစ္စ) ရသ
၃။ ပရမတ္ထဓမ္မအာရုံကို နိစ္စ သုခ အတ္တ သုဘဟု မှားသောအားဖြင့် လွန်လွန်ကဲကဲ စွဲမြဲစွာ နှလုံးသွင်းတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့ကို ဖူးမြင်ခြင်းငှာ အလိုမရှိသူဖြစ်ခြင်း ... ပဒဋ္ဌာန်

၇။ မာန

မညတီတိ မာနော။
၁။ မာနော ဥန္နတိလက္ခဏော၊
၂။ သမ္ပဂ္ဂဟရသော၊
၃။ ကေတုကမျတာပစ္စုပဋ္ဌာနော၊
၄။ ဒိဋ္ဌိဝိပ္ပယုတ္တလောဘပဒဋ္ဌာနော။
ဥမ္မာဒေါ ဝိယ ဒဋ္ဌဗ္ဗော။[မှတ်စု ၃၄]

ငါတကားဟု ထောင်လွှားပြုလျက် မှတ်ထင်တတ်သော သဘောတရားသည် မာန မည်၏၊
၁။ ထောင်လွှား တက်ကြွခြင်းသဘော, စိတ်ဓာတ် တက်ကြွမြင့်မောက်ခြင်းသဘော ... လက္ခဏ
၂။ သမ္ပယုတ်တရားတို့ကို ချီးမြှောက်ခြင်း = မြှောက်ပေးခြင်း ... (ကိစ္စ) ရသ
၃။ တုရင်မှန်ကင်းကဲ့သို့ ပြုလိုသည့်သဘောတရား
= အရာရာတွင် အသာယူလိုသည့် သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ ဒိဋ္ဌိနှင့် မယှဉ်သော လောဘ ... ပဒဋ္ဌာန်

၈။ ဒေါသ

ဒုဿန္တိ တေန, သယံ ဝါ ဒုဿတိ, ဒုဿနမတ္တမေဝ ဝါ တန္တိ ဒေါသော
၁။ ဒေါသော စဏ္ဍိက္ကလက္ခဏော ပဟဋာသီဝိသော ဝိယ၊
၂။ (က) ဝိသပ္ပနရသော ဝိသနိပါတော ဝိယ၊
( ခ ) အတ္တနော နိဿယဒဟနရသော ဝါ ဒါဝဂ္ဂိ ဝိယ၊
၃။ ဒုဿနပစ္စုပဋ္ဌာနော (= ဒူသနပစ္စုပဋ္ဌာနော) လဒ္ဓေါကာသော ဝိယ သပတ္တော၊
၄။ အာဃာတဝတ္ထုပဒဋ္ဌာနော၊
ဝိသသံသဋ္ဌပူတိမုတ္တံ ဝိယ ဒဋ္ဌဗ္ဗော။[မှတ်စု ၃၅]

၁။ ဒေါသ – သမ္ပယုတ်တရားတို့၏ ပျက်စီးကြောင်းဖြစ်သော သဘောတရားသည် ဒေါသ မည်၏၊ တစ်နည်း သမ္ပယုတ်တရားတို့ကို ဖျက်ဆီးကြောင်းဖြစ်သော သဘောတရားသည် ဒေါသ မည်၏၊ ကိုယ်စိတ်နှစ်ပါးကို သို့မဟုတ် မိမိ သူတစ်ပါး နှစ်ဦးသားကို သမ္ပယုတ်တရားတို့ကလည်း ဖျက်ဆီး၏၊ ဒေါသကလည်း ဖျက်ဆီး၏၊ သမ္ပယုတ်တရား တို့၏ ပျက်စီးခြင်းမှာ ဒေါသကြောင့် ပျက်စီးရသဖြင့် ဒေါသသည် သမ္ပယုတ်တရားတို့၏ ပျက်စီးကြောင်းသဘော တရားလည်း ဖြစ်၏၊ သမ္ပယုတ်တရားတို့ကို ပျက်စီးအောင် ဖျက်ဆီးခြင်းမှာလည်း ဒေါသကြောင့်သာ ဖျက်ဆီးသဖြင့် ဒေါသသည် သမ္ပယုတ်တရားတို့ကို ဖျက်ဆီးကြောင်းသဘောတရားလည်း ဖြစ်ပေသည်။

၂။ တစ်နည်း – မိမိဒေါသကိုယ်တိုင်ကလည်း ပျက်စီးတတ်သောသဘောတရား ဖြစ်သောကြောင့် ဒေါသ မည်၏၊ တစ်နည်း – မိမိဒေါသကိုယ်တိုင်ကလည်း ကိုယ်စိတ်နှစ်ပါးကို သို့မဟုတ် မိမိ သူတစ်ပါး နှစ်ဦးသားကို ဖျက်ဆီးတတ်သော သဘော ဖြစ်သောကြောင့်လည်း ဒေါသ မည်၏၊

၃။ တစ်နည်း – ကိုယ်စိတ်နှစ်ပါးတို့၏ ပျက်စီးခြင်းသဘောမျှသည် သို့မဟုတ် မိမိ သူတစ်ပါး နှစ်ဦးသားတို့၏ ပျက်စီးခြင်းသဘောမျှသည် ဒေါသ မည်၏၊

ထိုဒေါသ၏ လက္ခဏ ရသ စသည်မှာ အောက်ပါအတိုင်း ဖြစ်၏၊

၁။ (က) စိတ် (= ကိုယ်+စိတ်) ရုန့်ရင်း ခက်ထန်ကြမ်းတမ်းခြင်းသဘော ... လက္ခဏ
( ခ ) ခက်ထန်ကြမ်းတမ်းသော ကိုယ် စိတ် ဖြစ်ကြောင်းသဘော ... လက္ခဏ
(တုတ် လှံကန်ဖြင့် အပုတ်ခတ်ခံရသော မြွေဟောက်ကဲ့သို့ မှတ်ပါ၊၊)
၂။ (က) မြွေဆိပ်တက်သကဲ့သို့ မိမိကိုယ်ကို ဖောက်ပြန် တုန်လှုပ်စေခြင်း ... (ကိစ္စ) ရသ
တစ်နည်း - မြွေဆိပ်တက်သကဲ့သို့ ကိုယ်၏ ဖောက်ပြန်တုန်လှုပ်ခြင်း... (သမ္ပတ္တိ) ရသ
( ခ ) တောမီးကဲ့သို့ မိမိ (= ဒေါသ)၏ မှီရာ ဟဒယဝတ္ထုကို (ဝါ) ကိုယ်စိတ်ကို ပြင်းစွာ လောင်ကျွမ်းခြင်း ... (ကိစ္စ) ရသ
၃။ ကိုယ်စိတ်နှစ်ပါးကို, တစ်နည်း မိမိ သူတစ်ပါး နှစ်ဦးသားတို့၏ အကျိုးစီးပွားကို ဖျက်ဆီးတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
(အခွင့်အလမ်း သာနေသော ရန်သူကဲ့သို့ မှတ်ပါ။)
၄။ ရန်ငြိုးဖွဲ့ကြောင်း အာဃာတဝတ္ထု (၉)ပါး, သို့မဟုတ် (၁၀)ပါး ... ပဒဋ္ဌာန်
ဒေါသကို အဆိပ်နှင့် ရောနှောနေသော ကျင်ငယ်ပုပ်ကဲ့သို့ မှတ်ပါ။

အာဃာတဝတ္ထု (၉) ပါး, (၁၀) ပါး

၁။ မိမိ၏ အကျိုးစီးပွားမဲ့ကို ရှေးက ပြုခဲ့ပြီဟု အမျက်ထွက်၏ ရန်ငြိုးဖွဲ့၏၊
၂။ မိမိ၏ အကျိုးစီးပွားမဲ့ကို ယခု ပြုနေ၏ဟု အမျက်ထွက်၏ ရန်ငြိုးဖွဲ့၏၊
၃။ မိမိ၏ အကျိုးစီးပွားမဲ့ကို နောင်ပြုလိမ့်မည်ဟု အမျက်ထွက်၏ ရန်ငြိုးဖွဲ့၏၊
၄။ မိမိချစ်ခင်သူ၏ အကျိုးစီးပွားမဲ့ကို ရှေးက ပြုခဲ့ပြီဟု အမျက်ထွက်၏ ရန်ငြိုးဖွဲ့၏၊
၅။ မိမိချစ်ခင်သူ၏ အကျိုးစီးပွားမဲ့ကို ယခု ပြုနေ၏ဟု အမျက်ထွက်၏ ရန်ငြိုးဖွဲ့၏၊
၆။ မိမိချစ်ခင်သူ၏ အကျိုးစီးပွားမဲ့ကို နောင်ပြုလိမ့်မည်ဟု အမျက်ထွက်၏ ရန်ငြိုးဖွဲ့၏၊
၇။ မိမိမုန်းသူ၏ အကျိုးစီးပွားကို ရှေးက ပြုခဲ့ပြီဟု အမျက်ထွက်၏ ရန်ငြိုးဖွဲ့၏၊
၈။ မိမိမုန်းသူ၏ အကျိုးစီးပွားကို ယခု ပြုနေပြီဟု အမျက်ထွက်၏ ရန်ငြိုးဖွဲ့၏၊
၉။ မိမိမုန်းသူ၏ အကျိုးစီးပွားကို နောင်ပြုလိမ့်မည်ဟု အမျက်ထွက်၏ ရန်ငြိုးဖွဲ့၏၊
၁၀။ အဋ္ဌာနကောပ = အရာမဟုတ်သည်၌ အမျက်ထွက်၏၊
ဤ (၁၀)ပါးသည် ရန်ငြိုးဖွဲ့ကြောင်း အာဃာတဝတ္ထု (၁၀)ပါး ဖြစ်သည်။[မှတ်စု ၃၆]

အဋ္ဌာနကောပ – အဋ္ဌာန၌ ဌာန-သဒ္ဒါသည် ကာရဏ-အနက်ဟောတည်း၊ စိတ်ဆိုးခြင်း၏အကြောင်း မဟုတ်ရာ၌ အရာဌာန မဟုတ်ရာ၌ စိတ်ဆိုးခြင်းကို အဋ္ဌာနေ ကောပေါ အဋ္ဌာနကောပေါ – အရ အဋ္ဌာနကောပဟု ခေါ်သည်။ အဋ္ဌာနကောပ = အရာဌာနမဟုတ်သည်၌ = အကြောင်းမဟုတ်သည်၌ အမျက်ထွက်ခြင်း၏ အကြောင်းကို အဋ္ဌသာလိနီအဋ္ဌကထာ[မှတ်စု ၃၇]၌ အောက်ပါအတိုင်း ဖွင့်ဆိုထား၏ ..။

ဒေါသစရိုက် ထူပြောသော အချို့သောပုဂ္ဂိုလ်သည် ..
၁။ မိုးရွာလွန်း၏ဟု အမျက်ထွက်၏၊
၂။ မိုးမရွာဟု အမျက်ထွက်၏၊
၃။ နေပူလွန်း၏ဟု အမျက်ထွက်၏၊
၄။ နေမပူဟု အမျက်ထွက်၏၊
၅။ လေတိုက်ပြန်လည်း အမျက်ထွက်၏၊
၆။ လေမတိုက်ပြန်လည်း အမျက်ထွက်၏၊
၇။ တံမြက်လှည်းခြင်းငှာ မစွမ်းနိုင်၍ ဗောဓိရွက်တို့အား အမျက်ထွက်၏၊
၈။ လေတိုက်လွန်း၍ သင်္ကန်းရုံထားခြင်းငှာ မစွမ်းနိုင်၍ လေအား အမျက်ထွက်၏၊
၉။ ခလုတ် တိုက်မိ၍ ချော်လဲသော် သစ်ငုတ်အား အမျက်ထွက်၏၊

ဤသို့သော အရာဌာန မဟုတ်သည်၌ အမျက်ထွက်ခြင်းမျိုးကို ရည်ရွယ်၍ “အဋ္ဌာနကောပ = အရာဌာန မဟုတ်သည်၌ = အကြောင်းမဟုတ်သည်၌ အမျက်ထွက်ခြင်း ရန်ငြိုးဖွဲ့ခြင်းသည် ဖြစ်ပေါ်လာ၏”ဟု ဘုရားရှင်သည် ဟောကြားတော်မူခြင်း ဖြစ်သည်။

တစ်ဖန် မူလဋီကာ[မှတ်စု ၃၈]၌ အဋ္ဌာနကောပ (၉)မျိုးကို ဆက်လက် ဖော်ပြထားပြန်၏၊ ယင်းတို့မှာ အောက်ပါအတိုင်း ဖြစ်ကြ၏၊

၁။ ငါ၏ အကျိုးစီးပွားကို ရှေးက မပြုကျင့်ခဲ့ဟု အမျက်ထွက်၏၊
၂။ ငါ၏ အကျိုးစီးပွားကို ယခုလည်း မပြုကျင့်ဟု အမျက်ထွက်၏၊
၃။ ငါ၏ အကျိုးစီးပွားကို နောင်လည်း ပြုကျင့်လိမ့်မည် မဟုတ်ဟု အမျက်ထွက်၏၊
၄။ မိမိချစ်ခင်သူ၏ အကျိုးစီးပွားကို ရှေးက မပြုကျင့်ခဲ့ဟု အမျက်ထွက်၏၊
၅။ မိမိချစ်ခင်သူ၏ အကျိုးစီးပွားကို ယခုလည်း မပြုကျင့်ဟု အမျက်ထွက်၏၊
၆။ မိမိချစ်ခင်သူ၏ အကျိုးစီးပွားကို နောင်လည်း ပြုကျင့်လိမ့်မည် မဟုတ်ဟု အမျက်ထွက်၏၊
၇။ မိမိမုန်းသူ၏ အကျိုးစီးပွားမဲ့ကို ရှေးက မပြုကျင့်ခဲ့ဟု အမျက်ထွက်၏၊
၈။ မိမိမုန်းသူ၏ အကျိုးစီးပွားမဲ့ကို ယခုလည်း မပြုကျင့်ဟု အမျက်ထွက်၏၊
၉။ မိမိမုန်းသူ၏ အကျိုးစီးပွားမဲ့ကို နောင်လည်း ပြုကျင့်လိမ့်မည် မဟုတ်ဟု အမျက်ထွက်၏၊

ဤသို့ ဖြစ်ပေါ်လာသော အမျက်ဒေါသသည်လည်း အရာဝတ္ထု မဟုတ်သည်၌ ဖြစ်ပေါ်လာသောကြောင့် အဋ္ဌာနကောပသာ ဖြစ်သင့်ပေသည်။

ဤ မူလဋီကာဆရာတော်၏ ဖွင့်ဆိုချက်မှာ သုတ္တနိပါတအဋ္ဌကထာ ဥရဂသုတ်[မှတ်စု ၃၉]၌ လာရှိသော ဖွင့်ဆိုချက်နှင့် တူညီလျက်ပင် ရှိ၏၊ ယင်းဥရဂသုတ်အဋ္ဌကထာ၌ အာဃာတဝတ္ထု (၁၉)ပါး လာရှိပေသည်။ ယင်းတို့မှာ –

၁။ ပထမ ရေတွက်ပြထားသော အာဃာတဝတ္ထု (၉)ပါး,
၂။ နောက်ထပ် မူလဋီကာက ရေတွက်ပြထားသော အာဃာတဝတ္ထု (၉)ပါး,
၃။ အဋ္ဌာနကောပ (၁)ပါး –
အားလုံးပေါင်းသော် (၁၉)ပါးတည်း။

သင်္ဂိတိသုတ်[မှတ်စု ၄၀], အာဃာတဝတ္ထုသုတ်[မှတ်စု ၄၁]တို့၌ ပထမဦးစွာ ဖော်ပြထားသော မူရင်း အာဃာတဝတ္ထု (၉)ပါး လာရှိပေသည်။ ဤအာဃာတဝတ္ထုအားလုံးသည်ပင် ဒေါသဖြစ်ဖို့ရန် အနီးစပ်ဆုံးအကြောင်းတရားများပင် ဖြစ်ကြ ပေသည်။

၉။ ဣဿာ

ဣဿတီတိ ဣဿာ၊ ဣဿာယနာ ဣဿာ
၁။ ဣဿာ ပရသမ္ပတ္တီနံ ဥသူယနလက္ခဏာ၊
၂။ တတ္ထေဝ အနဘိရတိရသာ၊
၃။ တတော ဝိမုခဘာဝပစ္စုပဋ္ဌာနာ၊
၄။ ပရသမ္ပတ္တိပဒဋ္ဌာနာ။
သံယောဇနန္တိ ဒဋ္ဌဗ္ဗာ။[မှတ်စု ၄၂]

ငြူစူတတ်သော သဘောတရားသည် ဣဿာ မည်၏၊ ငြူစူခြင်းကို ပြုခြင်းသည် ဣဿာ မည်၏၊

၁။ သူတစ်ပါးတို့၏ စည်းစိမ်တို့ကို ငြူစူခြင်းသဘော = သည်းမခံနိုင်ခြင်းသဘော ... လက္ခဏ
၂။ ထိုသူတစ်ပါးတို့၏ စည်းစိမ်တို့၌ပင်လျှင် မမွေ့လျော်နိုင်ခြင်း = မွေ့လျော်ခြင်း၏ ဆန့်ကျင်ဘက်ဖြစ်ခြင်း ... (ကိစ္စ) ရသ
၃။ ထိုသူတစ်ပါးတို့၏ စည်းစိမ်မှ မရှုစိမ့်နိုင်ဘဲ မျက်နှာလွှဲတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ သူတစ်ပါးတို့၏ စည်းစိမ် ... ပဒဋ္ဌာန်

သူတစ်ပါးတို့၏ စည်းစိမ်တို့ကို ငြူစူခြင်းဟူသည် ထိုသူတစ်ပါးတို့၏ စည်းစိမ်ဂုဏ်သိရ်တို့ကို မြင်ရ ကြားရ၍ သည်းမခံနိုင်ခြင်းသဘောတည်း၊ ကိုယ့်ထက်သာ မနာလိုမှုသဘောတည်း။[မှတ်စု ၄၃]

၁၀။ မစ္ဆရိယ

မစ္ဆရဘာဝေါ မစ္ဆရိယံ
၁။ မစ္ဆရိယံ လဒ္ဓါနံ ဝါ လဘိတဗ္ဗာနံ ဝါ အတ္တနော သမ္ပတ္တီနံ နိဂူဟနလက္ခဏံ၊
၂။ တာသံယေဝ ပရေဟိ သာဓာရဏဘာဝအက္ခမနရသံ၊
၃။ သင်္ကောစနပစ္စုပဋ္ဌာနံ၊ ကဋုကဉ္စုကတာပစ္စုပဋ္ဌာနံ ဝါ၊
၄။ အတ္တသမ္ပတ္တိပဒဋ္ဌာနံ။
စေတသော ဝိရူပဘာဝေါတိ ဒဋ္ဌဗ္ဗံ။[မှတ်စု ၄၄]

ဝန်တိုတတ်သူ၏ ဖြစ်ကြောင်းဖြစ်ရာ သဘောတရားသည် မစ္ဆရိယ မည်၏၊
၁။ ရပြီး ရဆဲ ရလတ္တံ့ ဖြစ်ကုန်သော မိမိ၏ စည်းစိမ်တို့ကို လျှို့ဝှက်ခြင်းသဘော ... လက္ခဏ
၂။ ထိုစည်းစိမ်တို့ကိုပင် သူတစ်ပါးတို့နှင့် ဆက်ဆံမှုကို သည်းမခံနိုင်ခြင်း = သည်းခံခြင်း၏ ဆန့်ကျင်ဘက်ဖြစ်ခြင်း ... (ကိစ္စ) ရသ
၃။ (မိမိစည်းစိမ်တို့ကို သူတစ်ပါးတို့နှင့် ဆက်ဆံခြင်းကို မနှစ်သက်သောအခြင်းအရာအားဖြင့်) (က) တွန့်တိုခြင်းသဘောတရား ... (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်
( ခ ) ခါးစပ်သော ခံပြင်းသော သဘောတရား ... (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်
( ဂ ) တစ်နည်း - မသာယာ မနှစ်သက်သော အခြင်းအရာ, ဆင်းရဲသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းဟူသော အကျိုးကို ဖြစ်စေတတ်၏ ... (ဖလ) ပစ္စုပဋ္ဌာန်
၄။ မိမိ၏ စည်းစိမ်ဥစ္စာ ... ပဒဋ္ဌာန်

၁၁။ ကုက္ကုစ္စ

ကုစ္ဆိတံ ကတံ ကုကတံ၊ တဿ ဘာဝေါ ကုက္ကုစ္စံ
၁။ ကုက္ကုစ္စံ ပစ္ဆာနုတာပလက္ခဏံ၊
၂။ ကတာကတာနုသောစနရသံ၊
၃။ ဝိပ္ပဋိသာရပစ္စုပဋ္ဌာနံ၊
၄။ ကတာကတပဒဋ္ဌာနံ။
ဒါသဗျံ ဝိယ ဒဋ္ဌဗ္ဗံ။[မှတ်စု ၄၅]

ရွံရှာစက်ဆုပ်အပ်သော ပြုပြီးဒုစရိုက် မပြုလိုက်မိသော သုစရိုက်သည် ကုကတ မည်၏၊ ထိုကုကတ မည်သော ရွံရှာစက်ဆုပ်အပ်သော ပြုပြီးဒုစရိုက် မပြုလိုက်မိသော သုစရိုက်အမှုကို အာရုံပြု၍ ဖြစ်ပေါ်လာသော နှလုံးမသာယာ သော စိတ္တုပ္ပါဒ်၏ ဖြစ်ကြောင်းဖြစ်ရာသဘောသည် ကုက္ကုစ္စ မည်၏၊ တစ်နည်း - စက်ဆုပ်အပ်စွာ ပြုအပ်သောစိတ်သည် ကုကတ မည်၏၊ ထိုစက်ဆုပ်အပ်စွာ ပြုအပ်သောစိတ်၏ ဖြစ်ကြောင်းဖြစ်ရာသဘောသည် ကုက္ကုစ္စ မည်၏၊

၁။ ပြုပြီး ဒုစရိုက် မပြုလိုက်မိသည့် သုစရိုက်တို့ကို အာရုံပြုကာ နောင်တတစ်ဖန် ပူပန်ခြင်းသဘော ... လက္ခဏ
၂။ ပြုအပ်ပြီးသော ဒုစရိုက် မပြုလိုက်မိသော သုစရိုက်သို့ အဖန်တလဲလဲ လျှောက်၍ ဝမ်းနည်းခြင်း စိုးရိမ်ခြင်း ... (ကိစ္စ) ရသ
၃။ စိတ်နှလုံးပူပန်လျက် အဖန်ဖန် အောက်မေ့ခြင်းကို ဖြစ်စေတတ်၏... (ဖလ) ပစ္စုပဋ္ဌာန်
တစ်နည်း - စိတ်နှလုံး မသာမယာခြင်းရှိသော သဘောတရား... (ဥပဋ္ဌာနာကာရ ) ပစ္စုပဋ္ဌာန်
၄။ (က) ပြုပြီး ဒုစရိုက် (ခ) မပြုလိုက်မိသော သုစရိုက်၊ တစ်နည်း –
(က) ပြုပြီး အကုသိုလ် (ခ) မပြုလိုက်မိသော ကုသိုလ် ... ပဒဋ္ဌာန်

၁၂။ ထိန

၁။ ထိနံ အနုဿာဟလက္ခဏံ၊
၂။ ဝီရိယဝိနောဒနရသံ၊
၃။ သံသီဒနပစ္စုပဋ္ဌာနံ၊
၄။ အရတိဝိဇမ္ဘိကာဒီသု (အရတိတန္ဒိဝိဇမ္ဘိတာဒီသု) အယောနိသောမနသိကာရပဒဋ္ဌာနံ။[မှတ်စု ၄၆]

၁။ အားမထုတ်ခြင်းသဘော = အားတက်သရော မရှိခြင်းသဘော ... လက္ခဏ
၂။ ဝီရိယကို ဖျက်ဆီးခြင်း = ဝီရိယကို ပယ်ရှားခြင်း ... (ကိစ္စ) ရသ
၃။ ထိုထိုကိစ္စ၌ ဆုတ်နစ်တတ်သော သဘောတရား
တစ်နည်း – သမ္ပယုတ်တရားတို့၏ ဆုတ်နစ်ကြောင်း သဘောတရား ... (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်
တစ်နည်း – သမ္ပယုတ်တရားတို့၏ ဆုတ်နစ်ခြင်းကို ဖြစ်စေတတ်၏... (ဖလ) ပစ္စုပဋ္ဌာန်
၄။ ဆိတ်ငြိမ်သော တောကျောင်း တောင်ကျောင်းတို့၌လည်းကောင်း, လွန်ကဲမြင့်မြတ်သော သမထ ဝိပဿနာကုသိုလ် တို့၌လည်းကောင်း မမွေ့လျော်ခြင်း ပျင်းရိခြင်း ကိုယ်တဆန့်ကျင်ကျင် ရှိခြင်းစသည်တို့ကြောင့် အယောနိသော မနသိကာရ ဖြစ်ခြင်း, ပျင်းရိဖွယ် အာရုံတို့၌ အယောနိသောမနသိကာရ ဖြစ်ခြင်း[မှတ်စု ၄၇] ... ပဒဋ္ဌာန်

၁၃။ မိဒ္ဓ

၁။ မိဒ္ဓံ အကမ္မညတာလက္ခဏံ၊
၂။ ဩနဟနရသံ။
၃။ (က) လီနတာပစ္စုပဋ္ဌာနံ၊ (ခ) ပစလာယိကာနိဒ္ဒါပစ္စုပဋ္ဌာနံ ဝါ၊
၄။ အရတိတန္ဒိဝိဇမ္ဘိတာဒီသု အယောနိသောမနသိကာရပဒဋ္ဌာနံ။[မှတ်စု ၄၈]

၁။ ထိုထိုအမှု၌ စေတသိက်တို့၏ မခံ့ညားသည်၏ အဖြစ်ဟူသော သဘော ... လက္ခဏ
၂။ ဝိညာဏ် ဒွါရတို့ကို ပိတ်ထား+ဖွဲ့ထားခြင်း၊
တစ်နည်း – သမ္ပယုတ်တရားတို့ကို လေးတွဲ့တွဲ့ဖြစ်အောင် ဖွဲ့ထားခြင်း ... (ကိစ္စ) ရသ
၃။ (က) အာရုံကို ယူခြင်း၌ တွန့်ဆုတ်တတ်သော သဘောတရား ... (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်
( ခ ) တစ်နည်း - မျက်တောင်တစ်လှုပ်လှုပ် ရှိအောင် အိပ်ချင်ငိုက်မျဉ်းခြင်း အကျိုးကို ဖြစ်စေတတ်၏... (ဖလ) ပစ္စုပဋ္ဌာန်
၄။ တောကျောင်း တောင်ကျောင်း သမထ ဝိပဿနာ ကုသိုလ်တရားတို့၌ မမွေ့လျော်နိုင်ခြင်း ပျင်းရိခြင်း ကိုယ်လက်တဆန့်ကျင်ကျင်ရှိခြင်း စသည်တို့ကြောင့် အယောနိသောမနသိကာရ ဖြစ်ခြင်း[မှတ်စု ၄၉] ... ပဒဋ္ဌာန်

၁၄။ ဝိစိကိစ္ဆာ

ဝိဂတာ စိကိစ္ဆာတိ ဝိစိကိစ္ဆာ။ သဘာဝံ ဝါ ဝိစိနန္တော ဧတာယ ကိစ္ဆတိ ကိလမတီတိ ဝိစိကိစ္ဆာ။
၁။ ဝိစိကိစ္ဆာ သံသယလက္ခဏာ၊
၂။ ကမ္ပနရသာ၊
၃။ (က) အနိစ္ဆယပစ္စုပဋ္ဌာနာ၊ (ခ) အနေကံသဂါဟပစ္စုပဋ္ဌာနာ ဝါ၊
၄။ အယောနိသောမနသိကာရပဒဋ္ဌာနာ။ (ဝိစိကိစ္ဆာယံ အယောနိသောမနသိကာရပဒဋ္ဌာနာ။)
ပဋိပတ္တိအန္တရာယကရာတိ ဒဋ္ဌဗ္ဗာ။[မှတ်စု ၅၀]

သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားစစ် ဘုရားမှန် စသော ဝိစိကိစ္ဆာဖြစ်ရာ (၈)ဌာနတို့၌ ဟုတ်လေသလော မဟုတ်လေ သလော စသည်ဖြင့် ယုံမှားမှု ဖြစ်နေလျှင် ဉာဏ်ပညာတည်းဟူသော ဆေးဖြင့် ကုစားခြင်းမှ ကင်းသောကြောင့်, ဉာဏ်ပညာတည်းဟူသော ဆေးဖြင့် ကုသဖို့ရန် အလွန်ခဲယဉ်းသောကြောင့် ဝိစိကိစ္ဆာ မည်၏၊ (ကုသ၍ လုံးလုံး မရနိုင်သည်ကား မဟုတ်၊ ဉာဏ်တည်းဟူသော ဆေးဖြင့် ကုသဖို့ရန် ခဲယဉ်းသောကြောင့်သာ ဤသို့ ဆိုသည်၊၊)

တစ်နည်း – ဘုရားစစ် ဘုရားမှန်စသော သဘောမှန်, ပရမတ္ထဓမ္မသဘာဝတို့၏ အနိစ္စစသော သဘောမှန်ကို စူးစမ်းရှာဖွေလတ်သော် စူးစမ်းရှာဖွေသူ၏ စိတ်ဓာတ် ပင်ပန်းကြောင်းသဘောတရား ဖြစ်ခြင်းကြောင့်လည်း ဝိစိကိစ္ဆာ မည်၏၊

၁။ (၈-ဌာနတို့၌) ယုံမှားခြင်းသဘော ... လက္ခဏ
၂။ (၈-ဌာနတို့တွင်) အထူးထူးသောအာရုံ၌ စိတ်၏ တုန်လှုပ်ခြင်း ... (ကိစ္စ) ရသ
၃။ (က) (၈-ဌာန) အာရုံကို မဆုံးဖြတ်နိုင်ခြင်းဟူသော နှစ်လုံးနှစ်ခွကို ဖြစ်စေတတ်၏... (ဖလ) ပစ္စုပဋ္ဌာန်
( ခ ) (၈-ဌာန) အာရုံ၌ အမျိုးမျိုးအဖုံဖုံ ယူတတ်သော အခြင်းအရာအားဖြင့် ဖြစ်သော သဘောတရား... (ဥပဋ္ဌာနာကာရ ) ပစ္စုပဋ္ဌာန်
၄။ ဝိစိကိစ္ဆာဖြစ်ရာ (၈-ဌာန) အာရုံတို့၌ အယောနိသောမနသိကာရ ဖြစ်ခြင်း ... ပဒဋ္ဌာန်
ဝိစိကိစ္ဆာကို ပဋိပတ်ကျင့်စဉ်၏ အန္တရာယ်ကို ပြုတတ်သောတရားဟု မှတ်ပါ။

သံသယလက္ခဏာဟူသည်

၁။ တရားအလုံးစုံကို အကုန်အစင် သိမြင်တော်မူသော သဗ္ဗညုသမ္မာသမ္ဗုဒ္ဓ ဘုရားရှင်ဆိုတာ ဟုတ်မှဟုတ်ပါ့မလား၊

၂။ မဂ္ဂင် (၈)ပါးတည်းဟူသော ထိုတရားအတိုင်းကျင့်လျှင် နတ်ရွာ နိဗ္ဗာန် ရနိုင်သည်ဆိုတာ ဟုတ်မှဟုတ်ပါ့မလား၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ဆိုတာ တကယ်ထင်ရှား ရှိမှရှိပါရဲ့လား၊ ပရိယတ်တရားတော်တွေကော တကယ်မှ မှန်ကန်ပါ့မလား၊ အဘိဓမ္မာဒေသနာတော်ဟာ ဘုရားဟော ဟုတ်မှဟုတ်ပါ့မလား၊

၃။ မဂ္ဂင် (၈)ပါးတည်းဟူသော သံသရာမှ ထွက်မြောက်ကြောင်း နိယျာနိက တရားကောင်းကို တကယ်ကျင့်၍ သံသရာမှ ထွက်မြောက်ကြောင်းတရားကို တကယ်သိသည့် အရိယာသံဃာစစ် သံဃာမှန်ဟူသည် တကယ်ထင်ရှား ရှိမှရှိပါ့မလား၊

၄။ သီလ သမာဓိ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တို့၏ အကျိုးတရားသည် တကယ်ထင်ရှား ရှိမှရှိပါ့မလား။ ယင်းသိက္ခာသုံးရပ် အကျင့်မြတ်တို့ကို ကျင့်ခြင်းကြောင့် မဂ် ဖိုလ် နိဗ္ဗာန်ကို ရရှိနိုင်သည်ဆိုသည်မှာ ဟုတ်မှ ဟုတ်ပါ့မလား၊

၅။ သံသရာ၏ ရှေ့အစွန်းဟု ခေါ်ဆိုအပ်သော အတိတ်ဘဝ အတိတ်ခန္ဓာဟူသည် တကယ်ထင်ရှား ရှိမှရှိပါရဲ့လား၊ ယခုမှ ဖန်ဆင်းရှင် တစ်ဦးဦးက ဖန်ဆင်းလိုက်၍ စတင်ဖြစ်လာရသလား၊

၆။ သံသရာ၏ နောက်အစွန်းဟု ခေါ်ဆိုအပ်သော အနာဂတ်ခန္ဓာငါးပါး ဟူသည် တကယ်ထင်ရှား ရှိမှရှိနိုင်ပါ့မလား၊ နိဗ္ဗာန်ကို မရရှိသေးလျှင် နောက်၌ ရောက်ရှိဖို့ရာ ဘဝရှိသေးတယ်ဆိုတာ ဟုတ်မှဟုတ်ပါ့မလား၊ ယခုဘဝတွင်ပင် သေလျှင် ပြတ်သွားလေမလား၊

၇။ သံသရာ၏ ရှေ့အစွန်းဟု ခေါ်ဆိုအပ်သော အတိတ်ဘဝ အတိတ်အဖို့ ခန္ဓာငါးပါး, သံသရာ၏ နောက်အစွန်းဟု ခေါ်ဆိုအပ်သော အနာဂတ်ဘဝ အနာဂတ်အဖို့ ခန္ဓာငါးပါး နှစ်မျိုးလုံးသည်လည်း တကယ်ထင်ရှား ရှိမှရှိပါ့မလား၊

၈။ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်၏၊ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်၏ - ဤသို့ စသည်ဖြင့် လာရှိသော, ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ်တို့၏ လည်ပတ်ပုံအစဉ်ကို ဖော်ပြသော ကြောင်း-ကျိုး-ဆက်နွယ်မှု ပဋိစ္စသမုပ္ပါဒ်သဘောတရား ဟူသည် တကယ် မှန်မှမှန်ပါ့မလား။ ပြုသမျှ ကောင်းမှု မကောင်းမှုသည် ကုသိုလ်ကံ အကုသိုလ်ကံ အဖြစ်ဖြင့် ခန္ဓာအစဉ်၌ စွမ်းအင်သတ္တိ ကျန်ရစ်သည်ဆိုတာ ဟုတ်မှဟုတ်နိုင်ပါ့မလား၊ ထိုကံ၏ အကျိုးများကို ရလိမ့်မည်ဆိုတာ ဟုတ်မှဟုတ်နိုင်ပါ့မလား။

အဘိဓမ္မာနည်းအရ ဤ (၈)ဌာနတို့၌ ဤသို့ ဖြစ်လေသလော, ဤသို့ မဖြစ်လေသလော, ဟုတ်လေသလော, မဟုတ်လေသလော – ဤသို့ စသည်ဖြင့် ထက်ဝန်းကျင် ရွေ့လျားသည်၏ အစွမ်းဖြင့် ဝေ့လည်လည် ဖြစ်တတ်သော သဘောတရားကို သံသယ = ယုံမှားမှုဟု ခေါ်သည်။

ဤရုပ်တရားသည် (ဤနာမ်တရားသည်) နိစ္စလေလော အနိစ္စလေလော ဤသို့စသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းကြောင့် နိစ္စ၏ အဖြစ်ဟူသော တစ်ခုတည်းသော အခြင်းအရာ, အနိစ္စ၏အဖြစ်ဟူသော တစ်ခုတည်းသော အခြင်းအရာ – ဤသို့စသော တစ်ခုတည်းသော အခြင်းအရာ၌ ကောင်းစွာ တည်ခြင်းငှာ မစွမ်းနိုင်သည့်အတွက် ထက်ဝန်းကျင်၌ ဝေ့လည်လည်ဖြစ်တတ်သောကြောင့်လည်း သံသယ မည်၏၊[မှတ်စု ၅၁] ဝိစိကိစ္ဆာကား ယင်းကဲ့သို့ ယုံမှား သံသယဖြစ်ခြင်း သဘောလက္ခဏာ ရှိပေသည်။

ဉာဏ်ဖြင့် ဆင်ခြင်ပါ

“ရဟန်းတို့ ... ထိုသို့ ပုထုဇန် သတ္တဝါမှန်သမျှတို့သည် ဒိဋ္ဌိတည်းဟူသော တောက်ကို လည်ပင်း၌ ဆွဲကာ ဥပါဒါနက္ခန္ဓာငါးပါးတည်းဟူသော သက္ကာယချည်တိုင်၌ တဏှာတည်းဟူသော ကြိုးဖြင့် ချည်နှောင်ထားအပ်သည် ဖြစ်သောကြောင့် – ဤသာသနာတော်မြတ်အတွင်း၌ သင်ချစ်သားတို့သည် သင်ချစ်သမီးတို့သည် –– “ဤ ငါတို့၏ စိတ်သည် နေ့ညဉ့် သံသရာ ရှည်မြင့်စွာသော အချိန်ကာလတို့ပတ်လုံး ရာဂကြောင့် ဒေါသကြောင့် မောဟကြောင့် ညစ်နွမ်းနေရပေ၏” – ဟူ၍ မိမိတို့၏ စိတ်ကို အမြဲမပြတ် မကြာခဏ ဉာဏ်ဖြင့် ဆင်ခြင်ပေးပါ။ ရဟန်းတို့ ... စိတ်ဓာတ် ညစ်နွမ်းခြင်းကြောင့် သတ္တဝါတို့သည် ညစ်နွမ်းကြရကုန်၏ (ပင်ပန်းကြရကုန်၏ ဆင်းရဲကြရကုန်၏)။ စိတ်ဓာတ် ဖြူစင်သန့်ရှင်းခြင်းကြောင့် သတ္တဝါတို့သည် စင်ကြယ်ကြရကုန်၏၊”[မှတ်စု ၅၂]



သောဘဏစေတသိက် အပိုင်း

၁။ သဒ္ဓါ

၁။ (က) သဒ္ဒဟနလက္ခဏာ သဒ္ဓါ၊ (ခ) ဩကပ္ပနလက္ခဏာ ဝါ၊
၂။ (က) ပသာဒနရသာ ဥဒကပ္ပသာဒကမဏိ ဝိယ၊ (ခ) ပက္ခန္ဒနရသာ ဝါ ဩဃုတ္တရဏော ဝိယ၊
၃။ (က) အကာလုဿိယပစ္စုပဋ္ဌာနာ၊ (ခ) အဓိမုတ္တိပစ္စုပဋ္ဌာနာ ဝါ၊
၄။ (က) သဒ္ဓေယျဝတ္ထုပဒဋ္ဌာနာ၊ (ခ) သဒ္ဓမ္မဿဝနာဒိသောတာပတ္တိယင်္ဂပဒဋ္ဌာနာ ဝါ။
ဟတ္ထဝိတ္တဗီဇာနိ ဝိယ ဒဋ္ဌဗ္ဗာ။[မှတ်စု ၅၃]

၁။ (က) ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထုကို ယုံကြည်ခြင်းသဘော ... လက္ခဏ
( ခ ) တစ်နည်း - ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထုတို့၌ အစဉ်အတိုင်း သက်ဝင်၍ ဤဝတ္ထုသည် ဤသို့သဘောရှိ၏ဟု ဆုံးဖြတ်ခြင်းသဘော = သက်ဝင်ယုံကြည်ခြင်းသဘော ... လက္ခဏ
၂။ (က) ရေနောက် မြူနည်ကို ကြည်စေတတ်သော စက္ကဝတ်မင်းဖျား၏ ပတ္တမြားရတနာကဲ့သို့ ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထု၌ သမ္ပယုတ်တရားတို့ကို ကြည်လင်စေခြင်း ... (ကိစ္စ) ရသ
( ခ ) မိကျောင်း မကန်း စသည်ပြွမ်းသော ရေအယဉ်ကို မကြောက်မရွံ့ နောက်မတွန့်ဘဲ ကူးခပ်ဝံ့သော ယောက်ျားကဲ့သို့ ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထုတို့၌ မိမိလည်း ပြေးဝင်ခြင်း သက်ဝင်ခြင်း,
မိမိသဒ္ဓါတရားနှင့် စိတ္တက္ခဏတစ်ခုအတွင်းဝယ် အတူယှဉ်တွဲ ဖြစ်ကြသည့် သဟဇာတ်တရားတို့ကိုလည်း သဒ္ဓေယျဝတ္ထုသို့ မနစ်မဆုတ် စုပ်စုပ်သက်ဝင်စေခြင်း ... (ကိစ္စ) ရသ
၃။ (က) သဒ္ဓေယျဝတ္ထု၌ သမ္ပယုတ်တရားတို့၏ မနောက်ကျုသည်၏
အဖြစ်ဟူသော သဘောတရား... (ဥပဋ္ဌာနာကာရ ) ပစ္စုပဋ္ဌာန်
( ခ ) တစ်နည်း– မယုံကြည်ခြင်း အဿဒ္ဓိယ, မှားမှားယွင်းယွင်းနှလုံးသွင်းခြင်း မိစ္ဆာဓိမုတ္တိ၏ ဆန့်ကျင်ဘက် ဖြစ်၍ သဒ္ဓေယျဝတ္ထု၌ တည်လျက် ဆုံးဖြတ်တတ်သော သဘောတရား ... (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်
တစ်နည်း - သဒ္ဓေယျဝတ္ထုတို့၌ ဆုံးဖြတ်ခြင်းဟူသော အကျိုးကို ဖြစ်စေတတ်၏... (ဖလ) ပစ္စုပဋ္ဌာန်
၄။ (က) ယုံကြည်ထိုက်သော သဒ္ဓေယျဝတ္ထု ... ပဒဋ္ဌာန်၊
( ခ ) တစ်နည်း - သဒ္ဓမ္မဿဝန = သူတော်ကောင်းတရား နာကြားခြင်း စသော သောတာပတ္တိမဂ်၏အကြောင်းအင်္ဂါရပ်များ ... ပဒဋ္ဌာန်
ရတနာသုံးတန် ကံ-ကံ၏အကျိုးတရားစသည့် ဝိစိကိစ္ဆာ၏ ဆန့်ကျင်ဘက် (၈)ဌာနတို့ကား သဒ္ဓေယျဝတ္ထု ပင်တည်း။

သောတာပတ္တိမဂ်၏ အကြောင်းအင်္ဂါရပ် (၄) မျိုး

၁။ သပ္ပုရိသသံသေဝန = သစ္စာလေးပါးတရားတော်ကို မဂ်ပေါက် ဖိုလ်ဝင် နိဗ္ဗာန်ကို မြင်သိသည့်တိုင်အောင် ဟောကြားပြသ ဆိုဆုံးမပေးနိုင်သော သူတော်သူမြတ်တို့ကို မှီဝဲဆည်းကပ်ခြင်း,
၂။ သဒ္ဓမ္မဿဝန = သစ္စာလေးပါးနှင့် စပ်သော သူတော်ကောင်းတရားကို နာကြားခြင်း = ကြားနာခြင်း,
၃။ ယောနိသောမနသိကာရ = ဒုက္ခသစ္စာ သမုဒယသစ္စာ အမည်ရသည့် သင်္ခါရတရားတို့ကို ရုပ်တရား နာမ်တရားဟု, အကြောင်းတရား အကျိုးတရားဟု, အနိစ္စတရား ဒုက္ခတရား အနတ္တတရား အသုဘတရားဟု နည်းမှန်လမ်းမှန် နှလုံးသွင်းခြင်း,
၄။ ဓမ္မာနုဓမ္မပဋိပတ္တိ = လောကုတ္တရာတရား (၉)ပါးအားလျော်သော သရဏဂုံ သီလမှ စ၍ အနုလောမဉာဏ်သို့ တိုင်အောင်သော အရိယမဂ်၏ရှေ့အဖို့၌ ဖြည့်ကျင့်ဆည်းပူးအပ်သော သီလ သမာဓိ ပညာကျင့်စဉ်တို့ကို ကျင့်ခြင်း ဤ (၄)ပါးတို့ကား သောတာပတ္တိမဂ်၏ အကြောင်းအင်္ဂါရပ် (၄)မျိုးတို့တည်း။

ကုသိုလ်တရားတို့ကို = ကုသိုလ်တရားတည်းဟူသော ရတနာတို့ကို ကောက်ယူရာ၌ သဒ္ဓါတရားသည် လက်နှင့် တူ၏၊ လောကီ လောကုတ္တရာ စည်းစိမ်သမ္ပတ္တိအားလုံးကို ပြီးစီးပြည့်စုံစေရာ၌ သဒ္ဓါတရားသည် မိမိ လက်ဝယ်ရှိသော ဥစ္စာနှစ်နှင့် တူ၏၊ မဂ်သီး ဖိုလ်သီး နိဗ္ဗာန်သီးတည်းဟူသော မသေရာ အမြိုက်သီးတို့ကို သီးပွင့်စေရာ၌ သဒ္ဓါသည် မျိုးစေ့နှင့် တူ၏၊[မှတ်စု ၅၄]

၂။ သတိ

၁။ (က) အပိလာပနလက္ခဏာ သတိ၊ (ခ) ဥပဂ္ဂဏှနလက္ခဏာ စ၊
၂။ အသမ္မောသနရသာ (အသမ္မောသရသာ)၊
၃။ (က) အာရက္ခပစ္စုပဋ္ဌာနာ၊ (ခ) ဝိသယာဘိမုခီဘာဝပစ္စုပဋ္ဌာနာ ဝါ၊ (ဝိသယာဘိမုခဘာဝပစ္စုပဋ္ဌာနာ ဝါ၊)
၄။ (က) ထိရသညာပဒဋ္ဌာနာ၊ (ခ) ကာယာဒိသတိပဋ္ဌာနပဒဋ္ဌာနာ ဝါ။
အာရမ္မဏေ ဒဠှံ ပတိဋ္ဌိတတ္တာ ပန ဧသိကာ ဝိယ, စက္ခုဒွါရာဒိရက္ခဏတော ဒေါဝါရိကော ဝိယ စ ဒဋ္ဌဗ္ဗာ။[မှတ်စု ၅၅]

၁။ (က) သတိပဋ္ဌာန် စသော အာရုံ၌ = သတိ၏တည်ရာ ကာယ ဝေဒနာ စိတ္တ ဓမ္မစသော အာရုံ၌ သမ္ပယုတ်တရားတို့ကို ဘူးတောင်းကဲ့သို့ မပေါ်စေဘဲ ကျောက်ဖျာကဲ့သို့ မလှုပ်မရှား မြဲစွာ အောက်မေ့စေခြင်းသဘော ... လက္ခဏ
တစ်နည်း – မိမိ သတိကိုယ်တိုင်က သတိ၏တည်ရာ ရုပ်နာမ်စသောအာရုံ၌ ဘူးတောင်းကဲ့သို့ မပေါ်လွင်ဘဲ ကျောက်ဖျာကဲ့သို့ မလှုပ်မရှား မြဲစွာ အောက်မေ့ခြင်းသဘော ... လက္ခဏ
တစ်နည်း – သတိ၏တည်ရာ အရှုခံအာရုံဖြစ်သော ရုပ်နာမ်စသောအာရုံတို့ကို ဘူးတောင်းကဲ့သို့ မပေါ်စေခြင်း ခိုင်မြဲစေခြင်းသဘော ... လက္ခဏ
တစ်နည်း – သတိပဋ္ဌာန် စသော ကုသိုလ်တရားကို အမှတ်ရစေခြင်း အောက်မေ့စေခြင်းသဘော ... လက္ခဏ
( ခ ) တစ်နည်း - အကျိုးရှိသော ကောင်းသော အကျင့်တို့ကို သိမ်းပိုက်ခြင်းသဘော ... လက္ခဏ
၂။ အာရုံကို ပျောက်ပျက်စေတတ်သော မေ့လျော့ခြင်း ပမာဒကို ဖျက်ဆီးခြင်း = အာရုံကို မပျောက်ပျက်စေခြင်း ... (ကိစ္စ) ရသ
၃။ (က) စိတ်ကို စောင့်ရှောက်တတ်သော သဘောတရား၊
တစ်နည်း - အရှုခံအာရုံကို စောင့်ရှောက်တတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
( ခ ) တစ်နည်း - အာရုံဘက်သို့ စိတ်၏ ရှေးရှူ မျက်နှာမူကြောင်းသဘောတရား ... ပစ္စုပဋ္ဌာန်
၄။ (က) မြဲမြံသော အမှတ်သညာ ... ပဒဋ္ဌာန်
( ခ ) တစ်နည်း ကာယ အစရှိသော သတိပဋ္ဌာန် သို့မဟုတ် ကာယအစရှိသည်ကို အာရုံပြု၍ဖြစ်သော သတိပဋ္ဌာန် ...

သတိ နှင့် မနသိကာရ

သတိနှင့် မနသိကာရ နှစ်မျိုးလုံးသည် ဝိသယာဘိမုခဘာဝပစ္စုပဋ္ဌာန = အာရုံဘက်သို့ ရှေးရှူ မျက်နှာမူခြင်း သဘောတရားဟူသော ပစ္စုပဋ္ဌာန် ရှိကြသည်ချည်း ဖြစ်ကြ၏၊ အထူးမှာ ဤသို့တည်း – ယှဉ်ဖက် သမ္ပယုတ်တရားတို့ကို အာရုံသို့ ရှေးရှူ ပြေးသွားစေဘိသကဲ့သို့ဖြစ်သောကြောင့် မနသိကာရကို သာရဏလက္ခဏ = အာရုံဘက်သို့ သမ္ပယုတ် တရားတို့ကို မောင်းနှင်ခြင်း သဘောလက္ခဏာ ရှိ၏ဟု ဆို၏၊ သတိကား အာရုံကို မပျောက်ပျက်စေခြင်း = မေ့လျော့ ခြင်းကို ဖျက်ဆီးခြင်း၏ အစွမ်းဖြင့် အာရုံဘက်သို့ ရှေးရှူမျက်နှာမူတတ်သော သဘောတရားအဖြစ်ဖြင့် ယောဂီတို့၏ ဉာဏ်တွင် ရှေးရှူထင်လာ၏၊ မနသိကာရကား သမ္ပယုတ်တရားတို့ကို အာရုံနှင့် ယှဉ်စပ်ပေးခြင်း၏ အစွမ်းဖြင့် အာရုံဘက်သို့ ရှေးရှူမျက်နှာမူတတ်သော သဘောတရားအဖြစ်ဖြင့် ယောဂီတို့၏ ဉာဏ်တွင် ရှေးရှူထင်လာ၏၊ ဤသို့ ထူးသည်ဟု မှတ်ပါ။[မှတ်စု ၅၆]

၃။ ဟိရီ

၁။ ပါပတော ဇိဂုစ္ဆနလက္ခဏာ ဟိရီ
၂။ လဇ္ဇာကာရေန ပါပါနံ အကရဏရသာ၊
၃။ လဇ္ဇာကာရေန ပါပတော သင်္ကောစနပစ္စုပဋ္ဌာနာ၊
၄။ အတ္တဂါရဝပဒဋ္ဌာနာ။[မှတ်စု ၅၇]

၁။ မကောင်းမှုမှ စက်ဆုပ်ခြင်းသဘော ... လက္ခဏ
၂။ ရှက်သော အခြင်းအရာအားဖြင့် မကောင်းမှုတို့ကို မပြုခြင်း ... (ကိစ္စ) ရသ
၃။ ရှက်သော အခြင်းအရာအားဖြင့် မကောင်းမှုမှ တွန့်ဆုတ်တတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ မိမိကိုယ်ကို ရိုသေလေးစားခြင်း ရှိမှုသဘော ... ပဒဋ္ဌာန်

၄။ ဩတ္တပ္ပ

၁။ ဥတ္တာသနလက္ခဏံ ဩတ္တပ္ပံ၊
၂။ ဥတ္တာသာကာရေန ပါပါနံ အကရဏရသံ၊
၃။ ဥတ္တာသာကာရေန ပါပတော သင်္ကောစနပစ္စုပဋ္ဌာနံ၊
၄။ ပရဂါရဝပဒဋ္ဌာနံ။[မှတ်စု ၅၈]

၁။ မကောင်းမှုမှ ထိတ်လန့်ခြင်းသဘော ... လက္ခဏ
၂။ ထိတ်လန့်သော အခြင်းအရာအားဖြင့် မကောင်းမှုတို့ကို မပြုခြင်း ... (ကိစ္စ) ရသ
၃။ ထိတ်လန့်သော အခြင်းအရာအားဖြင့် မကောင်းမှုမှ တွန့်ဆုတ်တတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ သူတစ်ပါးကို ရိုသေလေးစားခြင်း ရှိမှုသဘော ... ပဒဋ္ဌာန်

ကာယဒုစရိုက်စသည်တို့ကြောင့် ရှက်တတ်သောသဘော, ကာယဒုစရိုက်စသည်တို့မှ ရှက်တတ်သောသဘော, ကာယဒုစရိုက်စသည်တို့ကို ရှက်တတ်သောသဘောတရားသည် ဟိရီ မည်၏၊ ဟိရီဟူသည် ရှက်ခြင်း၏အမည် ဖြစ်သည်။ ကာယဒုစရိုက်စသည်တို့ကြောင့် ရရှိမည့် ပစ္စုပ္ပန် သံသရာ နှစ်ဖြာသော ဆင်းရဲဒုက္ခကို ကြောက်လန့်တတ်သောသဘော, ကာယဒုစရိုက်စသည်တို့မှ ကြောက်လန့်တတ်သော သဘော, ကာယဒုစရိုက် စသည်တို့ကို ကြောက်လန့်သောသဘော တရားသည် ဩတ္တပ္ပ မည်၏၊ ဤဩတ္တပ္ပဟူသည် ထိတ်လန့်ခြင်း = ဥဗ္ဗေဂ၏အမည် ဖြစ်သည်။

မိမိကိုယ်ကို အလေးဂရုပြု၍ ရှက်သဖြင့် အမျိုးကောင်းသား တစ်ဦးသည် သို့မဟုတ် အမျိုးကောင်းသမီး တစ်ဦးသည် မကောင်းမှုကို ပယ်စွန့်၏၊ သို့အတွက် ဟိရီသည် အမျိုးကောင်းသမီး ချွေးမနှင့် တူ၏၊ သူတစ်ပါးကို အလေးဂရုပြု၍ ထိတ်လန့်သဖြင့် အမျိုးကောင်းသား တစ်ဦးသည် သို့မဟုတ် အမျိုးကောင်းသမီး တစ်ဦးသည် မကောင်းမှုကို ပယ်စွန့်၏၊ ထိုကြောင့် ဩတ္တပ္ပသည် ပြည့်တန်ဆာမနှင့် တူ၏၊[မှတ်စု ၅၉]

အမျိုးကောင်းသမီး ဖြစ်သော ချွေးမသည် မိမိ၏ မြင့်မြတ်သော မျိုးရိုးဇာတိ ရှိပုံကို ဆင်ခြင်၍ မိမိကိုယ်ကိုမိမိ ရိုသေလေးစားသောအားဖြင့် မိမိအိမ်ရှင်မှ တစ်ပါးသောယောကျ်ားနှင့် ဖောက်ပြားရမည့်အရေးမှ စက်ဆုပ်ရွံရှာ၏၊ ထိုဟိရီရှိသူသည်လည်း မိမိ၏ မြင့်မြတ်သော ဇာတ်အမျိုးအနွယ်, ကြီးရင့်လာသောအရွယ်, ရဲစွမ်းသတ္တိ, အကြားအမြင် ဗဟုသုတရှိမှုဂုဏ်ကို ဆင်ခြင်၍ – “ငါကဲ့သို့သောသူသည် ဤကဲ့သို့သော ဒုစရိုက်မှုမျိုးကို မပြုထိုက်၊ ဤဒုစရိုက်မှုမျိုး မည်သည်ကား အမျိုးဇာတ်ယုတ်ညံ့သူ, အသက်အရွယ်ငယ်သူ, ရဲစွမ်းသတ္တိမရှိသူ, ဗဟုသုတနည်းပါးသူ, ပညာမဲ့ လူမိုက် ငတုံးတို့၏ လုပ်ရပ်မျိုးသာ ဖြစ်သည်” – ဟု မိမိကိုယ်ကို အလေးဂရုပြုလျက် ဒုစရိုက်မှ စက်ဆုပ်ရွံရှာ ရှောင်ခွာလေ၏၊

ပြည့်တန်ဆာမသည် ကိုယ်ဝန်တည်လာလျှင် ယောကျ်ားတို့က စက်ဆုပ်တတ်ရကား ယောကျ်ားတို့ကို လေးစား သောအားဖြင့် ကိုယ်ဝန်တည်မည့်ဘေးမှ ကြောက်ရွံ့တတ်၏၊ ထို့အတူ ဩတ္တပ္ပရှိသူသည်လည်း – “သူတော်ကောင်း... သင်သည် အကယ်၍ မကောင်းမှုကို ပြုအံ့၊ ဤသို့ ပြုခဲ့သော် ရဟန်းယောကျ်ားပရိသတ် ရဟန်းမိန်းမပရိသတ် လူဒါယကာ ပရိသတ် လူဒါယိကာမပရိသတ်ဟူသော ပရိသတ် (၄)ပါးတို့ အလယ်ဝယ် အကဲ့ရဲ့ခံရပေလတ္တံ့၊ မြို့ကြီးသားသည် မစင်ကို စက်ဆုပ်သကဲ့သို့ ထို့အတူ ပညာရှိသူတော်ကောင်းတို့သည် မကောင်းမှုပြုသော သင့်ကို ကဲ့ရဲ့စက်ဆုပ်ကုန်လတ္တံ့၊ အိုသူတော်ကောင်း ...သီလကို ချစ်မြတ်နိုးတော်မူကြသည့် ပညာရှိသူတော်ကောင်းတို့က သင့်ကို ရှောင်ကြဉ်အပ်သော် ဝိုင်းပယ်လိုက်သော် သင်သည် အသို့ပြုလတ္တံ့နည်း” – ဤသို့ ဆင်ခြင်လျက် သူတစ်ပါးတို့ကို ရိုသေလေးစားခြင်းဟူသော ဗဟိဒ္ဓလျှင် ဖြစ်ကြောင်းရှိသော ထိတ်လန့်မှုကြောင့် မကောင်းမှုကို မပြုပေ။

၅။ အလောဘ

၁။ (က) အလောဘော အာရမ္မဏေ စိတ္တဿ အဂေဓလက္ခဏော၊
( ခ ) အလဂ္ဂဘာဝလက္ခဏော ဝါ ကမလဒလေ ဇလဗိန္ဒု ဝိယ၊
၂။ အပရိဂ္ဂဟရသော (အပရိဂ္ဂဟဏရသော) မုတ္တဘိက္ခု ဝိယ၊
၃။ အနလ္လီနဘာဝပစ္စုပဋ္ဌာနော အသုစိမှိ ပတိတပုရိသော ဝိယ။[မှတ်စု ၆၀]

၁။ (က) အာရုံ၌ စိတ်၏ မတပ်မက်ခြင်း မမက်မောခြင်းသဘော ... လက္ခဏ
( ခ ) တစ်နည်း - ကြာဖက်အပြင်၌ ရေပေါက်သည် မငြိကပ်သကဲ့သို့ ထို့အတူ အာရုံ၌ စိတ်၏ မငြိကပ်သည်၏ အဖြစ်ဟူသောသဘော ... လက္ခဏ
၂။ ကိလေသာတို့မှ လွတ်မြောက်ပြီးသော ရဟန္တာပုဂ္ဂိုလ်သည် မည်သည့် ဝတ္ထုကိုမျှ ငါ့ဟာဟု မသိမ်းပိုက်သကဲ့သို့ ထို့အတူ အာရုံကို ငါ့ဟာ ငါ့ဥစ္စာဟု စွဲလမ်းခြင်း၏ အစွမ်းဖြင့် မသိမ်းပိုက်ခြင်း ... (ကိစ္စ) ရသ
၃။ မစင်တွင်း၌ ကျရောက်နေသော ယောကျ်ားကဲ့သို့ အာရုံ၌ မငြိကပ်လိုသော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ အာရုံ (တစ်နည်း – ဝတ္ထု+အာရုံ+ဖဿစသည့် သမ္ပယုတ်တရားများ)
တစ်နည်း– ယောနိသောမနသိကာရ ... ပဒဋ္ဌာန်

၁။ ယှဉ်ဖက်သမ္ပယုတ်တရားတို့၏ အာရုံ၌ မတပ်မက်တတ်ကြောင်းဖြစ်သော သဘောတရားသည် အလောဘ မည်၏၊
၂။ မိမိ အလောဘကိုယ်တိုင်ကလည်း အာရုံကို မတပ်မက်သော သဘောတရား ဖြစ်သောကြောင့် အလောဘ မည်၏၊
၃။ အာရုံကို မတပ်မက်ခြင်းမျှသာဖြစ်သော သဘောတရားသည် အလောဘ မည်၏၊[မှတ်စု ၆၁]

၆။ အဒေါသ

၁။ (က) အဒေါသော အစဏ္ဍိက္ကလက္ခဏော၊ (ခ) အဝိရောဓလက္ခဏော ဝါ အနုကူလမိတ္တော ဝိယ။
၂။ (က) အာဃာတဝိနယရသော၊ (ခ) ပရိဠာဟဝိနယရသော ဝါ စန္ဒနံ ဝိယ၊
၃။ သောမ္မဘာဝပစ္စုပဋ္ဌာနော ပုဏ္ဏစန္ဒော ဝိယ။[မှတ်စု ၆၂]

၁။ (က) စိတ်မခက်ထန် မကြမ်းတမ်းသည်၏ အဖြစ်ဟူသောသဘော၊ တစ်နည်း
စိတ်ခက်ထန် ကြမ်းတမ်းသည်၏ အဖြစ်ဟူသော ကောပ၏ ဆန့်ကျင်ဘက်သဘော ... လက္ခဏ
( ခ ) တစ်နည်း - အရာရာ၌ လိုက်လျောတတ်သော မိတ်ဆွေကောင်းကဲ့သို့
မဆန့်ကျင်ခြင်းသဘော ... လက္ခဏ
၂။ (က) ရန်ငြိုးဖွဲ့မှု ဒေါသစုကို ပယ်ဖျောက်ခြင်း ... (ကိစ္စ) ရသ
( ခ ) တစ်နည်း - စန္ဒကူးကဲ့သို့ ဒေါသအပူကို ပယ်ဖျောက်ခြင်း ... (ကိစ္စ) ရသ
၃။ စန်းလအသွင် ကြည်လင်အေးမြသောသဘောတရား ... ပစ္စုပဋ္ဌာန်
၄။ အာရုံ (တစ်နည်း - ဝတ္ထု+အာရုံ+ဖဿစသည့် သမ္ပယုတ်တရားများ)
တစ်နည်း - ယောနိသောမနသိကာရ ... ပဒဋ္ဌာန်

၇။ တတြမဇ္ဈတ္တတာ

၁။ တတြမဇ္ဈတ္တတာ စိတ္တစေတသိကာနံ သမဝါဟိတလက္ခဏာ၊
၂။ (က) ဦနာဓိကတာနိဝါရဏရသာ၊ (ခ) ပက္ခပါတုပစ္ဆေဒနရသာ ဝါ၊
၃။ မဇ္ဈတ္တဘာဝပစ္စုပဋ္ဌာနာ၊
စိတ္တစေတသိကာနံ အဇ္ဈုပေက္ခနဝသေန သမပ္ပဝတ္တာနံ အာဇာနေယျာနံ အဇ္ဈုပေက္ခနသာရထိ ဝိယ ဒဋ္ဌဗ္ဗာ။[မှတ်စု ၆၃]

၁။ ယှဉ်ဖက် စိတ်+စေတသိက် = သမ္ပယုတ်တရားတို့ကို မိမိ မိမိ၏ ကိစ္စ၌ အညီအမျှ ထမ်းဆောင်စေခြင်း ဖြစ်စေခြင်းသဘော ... လက္ခဏ
၂။ (က) သမ္ပယုတ်တရားတို့၏ မိမိ မိမိ၏ ကိစ္စတို့၌ ယုတ်လျော့သည်၏အဖြစ် ပိုလွန်သည်၏အဖြစ်ကို တားမြစ်ခြင်း ... (ကိစ္စ) ရသ
( ခ ) တစ်နည်း - ယုတ်လျော့သည့်ဘက် ပိုလွန်သည့်ဘက်၌ ကျရောက်ခြင်းကို = ဘက်လိုက်ခြင်းကို ဖြတ်တောက်ခြင်း ... (ကိစ္စ) ရသ
တစ်နည်း - ထိနမိဒ္ဓလွန်ကဲသော တွန့်ဆုတ်သောစိတ်ဓာတ် မာနဦးဆောင်သော မော်ကြွားသောစိတ်ဓာတ်ဟူသော အယုတ်အလွန် နှစ်ပါးကို တားမြစ်ခြင်း ... (ကိစ္စ) ရသ
၃။ အလယ်အကြား၌တည်သော သဘောရှိသူ၏ အဖြစ်ဟူ၍
တစ်နည်း – အလယ်အလတ် လျစ်လျူ ရှုတတ်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ သမ္ပယုတ်တရားများ (တစ်နည်း - ဝတ္ထု+အာရုံ+ဖဿ စသည့် သမ္ပယုတ်တရားများ) တစ်နည်း - ယောနိသောမနသိကာရ ... ပဒဋ္ဌာန်

၈ - ၉။ ကာယပဿဒ္ဓိ - စိတ္တပဿဒ္ဓိ

၁။ ကာယစိတ္တဒရထဝူပသမလက္ခဏာ ကာယစိတ္တပဿဒ္ဓိယော၊
၂။ ကာယစိတ္တဒရထနိမ္မဒ္ဒနရသာ (ကာယစိတ္တဒရထနိမဒ္ဒနရသာ၊)
၃။ ကာယစိတ္တာနံ အပရိပ္ဖန္ဒနသီတိဘာဝပစ္စုပဋ္ဌာနာ (အပရိပ္ဖန္ဒသီတိဘာဝ ပစ္စုပဋ္ဌာနာ၊)
၄။ ကာယစိတ္တပဒဋ္ဌာနာ။
ကာယစိတ္တာနံ အဝူပသမကရဥဒ္ဓစ္စာဒိကိလေသပဋိပက္ခဘူတာတိ ဒဋ္ဌဗ္ဗာ။[မှတ်စု ၆၄]

၁။ စေတသိက်ပူ စိတ်ပူတို့ကို ငြိမ်းအေးစေခြင်းသဘော ... လက္ခဏ
တစ်နည်း – စေတသိက်ပူ စိတ်ပူတို့၏ ငြိမ်းအေးခြင်းသဘော ... လက္ခဏ
၂။ စေတသိက်ပူ စိတ်ပူတို့ကို နှိမ်နင်း ဖျက်ဆီးခြင်း ... (ကိစ္စ) ရသ
၃။ စေတသိက်+စိတ်တို့၏ ငြိမ်သက် အေးမြသော သဘောတရား ... ပစ္စုပဋ္ဌာန်
တစ်နည်း – စေတသိက် စိတ်တို့၏ မတုန်လှုပ်ကုန်သည်၏အဖြစ် ငြိမ်းအေးကုန်သည်၏အဖြစ်ဟူသော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ စေတသိက်+စိတ် ... ပဒဋ္ဌာန်

စေတသိက်+စိတ်တို့၏ မငြိမ်သက်မှုကို ပြုတတ်ကုန်သော ဥဒ္ဓစ္စစသော ကိလေသာတို့၏ = ကိလေသာအပူမီးတို့၏ ဆန့်ကျင်ဘက်ဖြစ်မှုသဘောတရားဟု မှတ်ပါ။ ကာယပဿဒ္ဓိ၌ ကာယအရ မိမိကာယပဿဒ္ဓိနှင့် စိတ္တက္ခဏတစ်ခု အတွင်းဝယ် အတူယှဉ်တွဲ ဖြစ်ကြသည့် ဝေဒနာ သညာ သင်္ခါရ ဟူသော စေတသိက် နာမ်ခန္ဓာသုံးပါးကို အရ ကောက်ယူပါ။ စိတ္တပဿဒ္ဓိ၌ စိတ်အရ ယင်း စိတ္တပဿဒ္ဓိနှင့် အတူယှဉ်တွဲနေသည့် ဝိညာဏက္ခန္ဓာကို အရကောက်ယူပါ။

၁၀ - ၁၁။ ကာယလဟုတာ - စိတ္တလဟုတာ

၁။ ကာယစိတ္တလဟုတာ ကာယစိတ္တဂရုဘာဝဝူပသမလက္ခဏာ၊
၂။ ကာယစိတ္တဂရုဘာဝနိမ္မဒ္ဒနရသာ၊
၃။ ကာယစိတ္တာနံ အဒန္ဓတာပစ္စုပဋ္ဌာနာ၊
၄။ ကာယစိတ္တပဒဋ္ဌာနာ။
ကာယစိတ္တာနံ ဂရုဘာဝကရထိနမိဒ္ဓါဒိကိလေသပဋိပက္ခဘူတာတိ ဒဋ္ဌဗ္ဗာ။[မှတ်စု ၆၅]

၁။ စေတသိက်+စိတ်တို့၏ လေးလံမှုကို ငြိမ်းအေးစေခြင်းသဘော ... လက္ခဏ
တစ်နည်း – စေတသိက်+စိတ်တို့၏ လေးလံမှုတို့၏ ငြိမ်းအေးခြင်းသဘော ... လက္ခဏ
၂။ စေတသိက်+စိတ်တို့၏ လေးလံမှုကို နှိမ်နင်း ဖျက်ဆီးခြင်း ... (ကိစ္စ) ရသ
၃။ စေတသိက်+စိတ်တို့၏ မလေးမလံ မနှေးကန်သည့် သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ စေတသိက်+စိတ် ... ပဒဋ္ဌာန်
စေတသိက်+စိတ်တို့၏ လေးလံကုန်သည်၏အဖြစ်ကို ပြုတတ်ကုန်သော ထိနမိဒ္ဓပြဓာန်းသော ကိလေသာတို့၏ ဆန့်ကျင်ဘက် ဖြစ်ကုန်၏ဟု မှတ်ပါ။

အတိတ် အနာဂတ် ပစ္စုပ္ပန်ဟူသော ကာလသုံးပါးအတွင်း၌ တည်ရှိကြကုန်သော အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်နှစ်ပါး အတွင်း၌ တည်ရှိကြကုန်သော ဥပါဒါနက္ခန္ဓာငါးပါးတို့ကို သိမ်းဆည်းရာ၌လည်းကောင်း, ယင်းခန္ဓာငါးပါး၏ အကြောင်း တရားတို့ကို သိမ်းဆည်းရာ၌လည်းကောင်း, အကြောင်းတရားနှင့် တကွသော ယင်းခန္ဓာငါးပါး = သင်္ခါရတရားတို့ကို လက္ခဏာရေးသုံးတန် တင်ကာ ဝိပဿနာရှုရာ၌လည်းကောင်း လျင်လျင်မြန်မြန် ပြောင်းရွှေ့ပြန်လှန်၍ သိမ်းဆည်း နိုင်ခြင်း ဝိပဿနာရှုနိုင်ခြင်းသည် ယင်းလဟုတာစေတသိက်တို့၏ စွမ်းအားပင် ဖြစ်ပေသည်။

၁၂ - ၁၃။ ကာယမုဒုတာ - စိတ္တမုဒုတာ

၁။ ကာယစိတ္တမုဒုတာ ကာယစိတ္တထဒ္ဓဘာဝဝူပသမလက္ခဏာ (ကာယစိတ္တတ္ထမ္ဘဝူပသမလက္ခဏာ)၊
၂။ ကာယစိတ္တထဒ္ဓဘာဝနိမ္မဒ္ဒနရသာ၊
၃။ အပ္ပဋိဃာတပစ္စုပဋ္ဌာနာ၊
၄။ ကာယစိတ္တပဒဋ္ဌာနာ။
ကာယစိတ္တာနံ ထဒ္ဓဘာဝကရဒိဋ္ဌိမာနာဒိကိလေသပဋိပက္ခဘူတာတိ ဒဋ္ဌဗ္ဗာ။[မှတ်စု ၆၆]

၁။ စေတသိက်+စိတ်တို့၏ ခက်ထန်ခိုင်မာမှုကို ငြိမ်းအေးစေခြင်းသဘော ... လက္ခဏ
တစ်နည်း – စေတသိက်+စိတ်တို့၏ ခက်ထန်ခိုင်မာမှု၏ ငြိမ်းအေးခြင်းသဘော ... လက္ခဏ
၂။ စေတသိက်+စိတ်တို့၏ ခက်ထန်ခိုင်မာမှုကို နှိမ်နင်းဖျက်ဆီးခြင်း ... (ကိစ္စ) ရသ
၃။ တစ်စုံတစ်ခုသော အာရုံအပေါ်၌ စေတသိက်+စိတ်တို့၏ မထိခိုက်သောသဘောတရား, တစ်နည်း – မထိပါးတတ်သော သဘောတရား ... (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်
တစ်နည်း - သမ္ပယုတ်တရားတို့၏ တစ်စုံတစ်ခုသော အာရုံ၌ မထိခိုက်ခြင်းဟူသော
အကျိုးကို ရှေးရှူ ဖြစ်စေတတ်၏... (ဖလ) ပစ္စုပဋ္ဌာန်
၄။ စေတသိက်+စိတ် ... ပဒဋ္ဌာန်

စေတသိက်+စိတ်တို့၏ ခက်ထန်ခိုင်မာသည်၏အဖြစ်ကို ပြုတတ်ကုန်သော ဒိဋ္ဌိ မာန ပြဓာန်းသော ကိလေသာ တို့၏ ဆန့်ကျင်ဘက်ဖြစ်သော သဘောတရားများဟု မှတ်ပါ။

အကြင်တရားတို့သည် ဒါန သီလ သမထ ဝိပဿနာ စသည့် ကုသိုလ်ရေးဆိုင်ရာ လုပ်ငန်းရပ်တို့၌ မောဟနှင့် ယှဉ်သော အကုသိုလ်တရားတို့ကဲ့သို့ လေးလံမှု မရှိဘဲ စေတသိက်+စိတ်တို့၏ မပျက်စီးသော မချို့တဲ့သော ပေါ့ပါးမှု = လဟုတာ ရှိကုန်၏၊ လဟုတာနှင့် ပြည့်စုံကုန်၏၊ ထိုတရားတို့၏လည်း ကောင်းမှုကုသိုလ်ကို ပြုလုပ်ခြင်း၌ မထိပါး မချုပ်ချယ်ခြင်းသည် မုဒုတာတည်း။ မထိပါး မချုပ်ချယ်ခြင်းကြောင့် မုဒုတာစသော ရုပ်တို့နှင့် တူကုန်ရကား နာမ်တရား တို့၏လည်း နူးညံ့မှုသဘော ပျော့ပြောင်းမှုသဘော စသည်တို့ကို ဘုရားရှင်သည် ဟောကြားတော်မူပေသည်။[မှတ်စု ၆၇]

၁၄ - ၁၅။ ကာယကမ္မညတာ - စိတ္တကမ္မညတာ

၁။ ကာယစိတ္တကမ္မညတာ ကာယစိတ္တအကမ္မညဘာဝဝူပသမလက္ခဏာ၊
၂။ ကာယစိတ္တာနံ အကမ္မညဘာဝနိမ္မဒ္ဒနရသာ၊
၃။ ကာယစိတ္တာနံ အာရမ္မဏကရဏသမ္ပတ္တိပစ္စုပဋ္ဌာနာ၊
၄။ ကာယစိတ္တပဒဋ္ဌာနာ။
ကာယစိတ္တာနံ အကမ္မညဘာဝကရာဝသေသနီဝရဏပဋိပက္ခဘူတာတိ ဒဋ္ဌဗ္ဗာ။ တာ ပသာဒနီယဝတ္ထူသု ပသာဒါဝဟာ၊ ဟိတကိရိယာသု ဝိနိယောဂက္ခမဘာဝါဝဟာ သုဝဏ္ဏဝိသုဒ္ဓိ ဝိယာတိ ဒဋ္ဌဗ္ဗာ။[မှတ်စု ၆၈]

၁။ စေတသိက်+စိတ်တို့၏ ကောင်းသောအမှု၌ မခံ့ညားမှုကို ငြိမ်းအေးစေခြင်းသဘော ... လက္ခဏ
တစ်နည်း - စေတသိက်+စိတ်တို့၏ ကောင်းသောအမှု၌ မခံ့ညားမှု၏ ငြိမ်းအေးခြင်းသဘော ... လက္ခဏ
၂။ စေတသိက်+စိတ်တို့၏ ကောင်းသောအမှု၌ မခံ့ညားမှုကို နှိမ်နင်းဖျက်ဆီးခြင်း ... (ကိစ္စ) ရသ
(ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်။
၃။ စေတသိက်+စိတ်တို့၏ အာရုံပြုခြင်း၏ပြည့်စုံကြောင်းသဘောတရား ... တစ်နည်း - စေတသိက်+စိတ်တို့၏ ပြည့်ပြည့်စုံစုံ အာရုံကို ယူနိုင်ခြင်းဟူသော အကျိုးကို ရှေးရှူ ဖြစ်စေတတ်ကုန်၏... (ဖလ) ပစ္စုပဋ္ဌာန်
၄။ စေတသိက်+စိတ် ... ပဒဋ္ဌာန်။

စေတသိက်+စိတ်တို့၏ ဒါန သီလ သမထ ဝိပဿနာဘာဝနာ စသော ပုညကိရိယ = ကောင်းမှုလုပ်ငန်း၌ မခံ့ညားကုန်သည်၏အဖြစ်ကို ပြုတတ်ကုန်သော ဥဒ္ဓစ္စ ကုက္ကုစ္စ စသော ကိလေသာတို့မှ ကြွင်းကုန်သော ကာမစ္ဆန္ဒ စသော ကိလေသာတို့နှင့်လည်းကောင်း, ထိုကိလေသာတို့နှင့် တူသော တည်ရာ မှီရာရှိကြကုန်သော ကိလေသာနီဝရဏ တို့၏လည်းကောင်း ဆန့်ကျင်ဘက် ဖြစ်ကုန်၏ဟု မှတ်ပါ။ ထိုကမ္မညတာစေတသိက်တို့သည် ရတနာသုံးပါး စသည့် ကြည်ညိုဖွယ်ဝတ္ထုတို့၌ ကြည်ညိုခြင်းကို ရွက်ဆောင်တတ် ရွက်ဆောင်ပေးတတ်ကုန်၏၊ အလွန် သန့်ရှင်းစင်ကြယ်သော လှော်သစ်စဦးသစ်စ လှော်ပြီးဦးပြီးသော ရွှေသည် ပုတီး နားတောင်း စသော တန်ဆာပြုလုပ်မှုတို့၌ သုံးစွဲခြင်းငှာ သင့်လျော်လျောက်ပတ် ကောင်းမြတ် ခံ့ညားသကဲ့သို့ အလားတူပင် ထိုကမ္မညတာစေတသိက်တို့သည် လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာစီးပွားကို ဧကန်ပေးတတ်သော ဒါန သီလ သမထ ဝိပဿနာဘာဝနာ စသည့် အကျိုးစီးပွား ရှိသည့် လုပ်ငန်းရပ်တို့၌ ယှဉ်စပ် သုံးစွဲမှု၌ ခံ့ညားသည်၏အဖြစ်ကို ရွက်ဆောင်တတ်ကုန်၏၊ ရွက်ဆောင်ပေးတတ်ကုန်၏၊

၁၆ - ၁၇။ ကာယပါဂုညတာ - စိတ္တပါဂုညတာ

၁။ ကာယစိတ္တပါဂုညတာ ကာယစိတ္တာနံ အဂေလညဘာဝလက္ခဏာ၊
၂။ ကာယစိတ္တဂေလညနိမ္မဒ္ဒနရသာ၊
၃။ နိရာဒီနဝပစ္စုပဋ္ဌာနာ၊
၄။ ကာယစိတ္တပဒဋ္ဌာနာ။
ကာယစိတ္တဂေလညကရအဿဒ္ဓိယာဒိကိလေသပဋိပက္ခဘူတာတိ ဒဋ္ဌဗ္ဗာ။[မှတ်စု ၆၉]

၁။ စေတသိက် စိတ်တို့၏ မနာဖျားခြင်းသဘော = မနာကျင်ခြင်းသဘော ... လက္ခဏ
၂။ စေတသိက် စိတ်တို့၏ နာဖျားခြင်း = နာကျင်ခြင်းကို နှိမ်နင်းဖျက်ဆီးခြင်း ... (ကိစ္စ) ရသ
၃။ စေတသိက် စိတ်တို့၏ အပြစ်အနာကင်းသော = အပြစ်အနာမရှိသော သဘောတရား ... (ဥပဋ္ဌာနာကာရ) ပစ္စုပဋ္ဌာန်
တစ်နည်း - စေတသိက် စိတ်တို့၏ အပြစ်အနာကင်းသည်၏အဖြစ်
= အပြစ်မရှိသည်၏အဖြစ်ဟူသော အကျိုးကို ရှေးရှူ ဖြစ်စေတတ်၏... (ဖလ) ပစ္စုပဋ္ဌာန်
၄။ စေတသိက် + စိတ် ... ပဒဋ္ဌာန်

စေတသိက်+စိတ်တို့၏ နာဖျားခြင်း မကျန်းမာခြင်း နာကျင်ခြင်းကို ပြုတတ်ကုန်သော ရတနာသုံးတန် ကံကံ၏အကျိုးတရား စသည်တို့အပေါ်၌ မယုံကြည်နိုင်ကုန်သော = အဿဒ္ဓိယ ပြဓာန်းသော ကိလေသာတို့၏ ဆန့်ကျင်ဘက်သဘောတရားများ ဖြစ်ကြကုန်၏ဟု မှတ်ပါ။

ရတနာသုံးတန် ကံ-ကံ၏အကျိုးတရား စသည်တို့အပေါ်၌ မယုံကြည်နိုင်မှုကို အဿဒ္ဓိယတရားဟု ခေါ်၏၊ ယင်း အဿဒ္ဓိယတရားကို အခြေတည်၍ ဖြစ်ပေါ်လာကြကုန်သော အကုသိုလ်တရားစုတို့ကား စေတသိက်+စိတ်တို့၏ အနာအဆာများ ဖြစ်ကြ၏၊ ယင်းအကုသိုလ် အနာအဆာတရားတို့ စွဲကပ်နေသောစိတ်ကို နာဖျားနေသောစိတ် နာကျင် နေသောစိတ် မကျန်းမာနေသောစိတ်ဟု ခေါ်ဆိုရ၏၊ ကိလေသာအနာရောဂါပိုးများ အထိုးအဆွ ခံနေရသောကြောင့် ဖြစ်၏၊ ယင်းကိလေသာအနာရောဂါပိုးများ အထိုးအဆွ ခံနေရသော စိတ်ဓာတ်သည် ဒါန သီလ သမထ ဝိပဿနာ ဘာဝနာစသည့် ပုညကိရိယာ = ကောင်းမှုလုပ်ငန်းရပ်တို့၌ ယုံကြည်မှု မရှိသဖြင့် စိတ်ဝင်စားမှုလည်း မရှိပေ။ ယင်းကောင်းမှုကုသိုလ်တို့ကိုလည်း မပြုပေ။ ယင်းသို့ ပြုလေ့မရှိသဖြင့်လည်း ယင်းအဿဒ္ဓိယရှိနေသူ၏ စေတသိက် စိတ်တို့သည် ယင်း ဒါန သီလ သမထ ဝိပဿနာဘာဝနာ စသည့် ကောင်းမှုကုသိုလ်အာရုံတို့အပေါ်၌ အဝါးဝစွာ ပွန်းတီးခြင်း လေ့လာနိုင်နင်းခြင်း ကျွမ်းကျင်ခြင်း မညောင်နာခြင်း စသော သဘောတရားများလည်း မဖြစ်နိုင်၊ ပါဂုညတာစေတသိက်တို့ မဖြစ်နိုင်။ ဤ ပါဂုညတာစေတသိက်တို့ကား ယင်းအဿဒ္ဓိယပြဓာန်းသော အကုသိုလ် တရားစုနှင့် ထိပ်တိုက်ဆန့်ကျင်ဘက် ဖြစ်ကြ၏၊ ယင်း အဿဒ္ဓိယ ပြဓာန်းသော အကုသိုလ်တရားစုတို့ကို နှိမ်နင်းဖျက်ဆီး နိုင်ကြပေသည်။

၁၈ - ၁၉။ ကာယုဇုကတာ - စိတ္တုဇုကတာ

၁။ ကာယစိတ္တုဇုကတာ ကာယစိတ္တအဇ္ဇဝလက္ခဏာ၊
၂။ ကာယစိတ္တကုဋိလဘာဝနိမ္မဒ္ဒနရသာ၊
၃။ အဇိမှတာပစ္စုပဋ္ဌာနာ၊
၄။ ကာယစိတ္တပဒဋ္ဌာနာ။
ကာယစိတ္တာနံ ကုဋိလဘာဝကရမာယာသာဌေယျာဒိကိလေသပဋိပက္ခဘူတာတိ ဒဋ္ဌဗ္ဗာ။[မှတ်စု ၇၀]

၁။ စေတသိက်+စိတ်တို့၏ ဖြောင့်မတ်ခြင်းသဘော ... လက္ခဏ
၂။ စေတသိက်+စိတ်တို့၏ ကောက်ကျစ်မှုတို့ကို နှိမ်နင်း ဖျက်ဆီးခြင်း ... (ကိစ္စ) ရသ
၃။ စေတသိက်+စိတ်တို့၏ မကောက်ကျစ်သည့်သဘောတရား... (ဥပဋ္ဌာနာကာရ ) ပစ္စုပဋ္ဌာန်
တစ်နည်း – စေတသိက်+စိတ်တို့၏ (သမ္ပယုတ်တရားတို့၏) အချင်းခပ်သိမ်း မကောက်ကျစ်သည်၏ အဖြစ်ဟူသော အကျိုးကို ရှေးရှူ ဖြစ်စေတတ်ကုန်၏... (ဖလ) ပစ္စုပဋ္ဌာန်
၄။ စေတသိက်+စိတ် ... ပဒဋ္ဌာန်

စေတသိက်+စိတ်တို့၏ ကောက်ကျစ်ကုန်သည်၏ အဖြစ်ကို ပြုတတ်ကုန်သော မာယာ သာဌေယျ ပြဓာန်းသော ကိလေသာတို့၏ ဆန့်ကျင်ဘက် ဖြစ်ကုန်သော သဘောတရားတို့ဟူ၍ မှတ်ပါ။

“မာယာသည် မိမိပြုပြီးသော မိမိ၌ ထင်ရှားရှိသောအပြစ်ကို ဖုံးလွှမ်းခြင်း သဘောလက္ခဏာ ရှိ၏၊ သာဌေယျသည် မိမိ၌ ထင်ရှားမရှိသော ဂုဏ်ကျေးဇူးကို ထုတ်ဖော်ချီးမွမ်းခြင်း သဘောလက္ခဏာ ရှိ၏” - ဟု အဋ္ဌကထာ၌ ဆိုအပ်ကုန်သော မိမိ၌ ထင်ရှားရှိသော အပြစ်ကို ဖုံးလွှမ်းကွယ်ကာ၍ အပြစ်မရှိလေဟန်ဖြင့် လိမ်လည်လှည့်ပတ်ခြင်း, မိမိမှာ မရှိသော ဂုဏ်ကို ရှိလေယောင် ဟိတ်ဟန်ဆောင်လျက် စဉ်းလဲကောက်ကျစ်ခြင်းဟူသော အခြင်းအရာအားဖြင့် ဖြစ်ကုန်သော အကုသိုလ်ခန္ဓာတို့သည်လည်းကောင်း, ထို မာယာ သာဌေယျ၌ တည်၍ ထပ်ဆင့် ဖြစ်ပွားလာကြကုန်သော ကိလေသာတရားစုတို့သည်လည်းကောင်း မာယာ သာဌေယျ စသည် မည်ကုန်၏၊[မှတ်စု ၇၁]

တရားကိုယ်အားဖြင့် ရံခါ လောဘ ပြဓာန်းသော, ရံခါ မာန ပြဓာန်းသော အကုသိုလ်ခန္ဓာများသာ အဖြစ် များဖွယ်ရာ ရှိသည်။

စိတ္တပဿဒ္ဓိဖြင့် စိတ်၏ ငြိမ်းအေးမှု, စိတ္တလဟုတာဖြင့် စိတ်၏ ပေါ့ပါးမှု, စိတ္တမုဒုတာဖြင့် စိတ်၏ နူးညံ့မှု, စိတ္တကမ္မညတာဖြင့် စိတ်၏ ကောင်းသောအမှု၌ ခံ့ညားမှု, စိတ္တပါဂုညတာဖြင့် စိတ်၏ ကောင်းသောအမှု၌ ပွန်းတီးမှု လေ့လာနိုင်နင်းမှု ကျွမ်းကျင်မှု, စိတ္တုဇုကတာဖြင့် စိတ်၏ ဖြောင့်မတ်မှုသာ အသီးအသီး ဖြစ်နိုင်၏၊ ကာယပဿဒ္ဓိ စသည်တို့ဖြင့်ကား ဝေဒနာက္ခန္ဓာ, သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာဟူသော နာမကာယသည်လည်းကောင်း, ရူပကာယသည် လည်းကောင်း ငြိမ်းအေးမှု, ပေါ့ပါးမှု, နူးညံ့မှု, ကောင်းသောအမှု၌ ခံ့ညားမှု, ကောင်းသောအမှု၌ လေ့လာပွန်းတီးမှု ကျွမ်းကျင်မှု, ဖြောင့်မတ်မှုများ ဖြစ်ကြ၏၊ ထိုကြောင့် ကာယပဿဒ္ဓိ စသည်တို့၌သာလျှင် ဘုရားမြတ်စွာသည် ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိ စသည်ဖြင့် နှစ်မျိုးစီ ခွဲ၍ ဟောကြားတော်မူသည်။ သမာဓိ စသော အလုံးစုံသော တရားတို့၌ နှစ်မျိုးစီ ခွဲ၍ မဟောအပ်ပေ။[မှတ်စု ၇၂]

ယင်းကာယပဿဒ္ဓိစသော ယုဂဠစေတသိက်တို့နှင့် ယှဉ်တွဲလျက်ရှိသော မွန်မြတ်သော ပဏီတစိတ်တို့ကြောင့် ဖြစ်ကုန်သော မွန်မြတ်သော ပဏီတစိတ္တဇရုပ်တို့၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားမှုကို အထူးရည်ညွှန်းထားပေသည်။

၂၀ - ၂၁ - ၂၂။ ဝိရတိစေတသိက် သုံးပါး

၁။ တိဿောပိ ဝိရတိယော ကာယဒုစ္စရိတာဒိဝတ္ထူနံ အဝီတိက္ကမလက္ခဏာ၊ အမဒ္ဒနလက္ခဏာတိ ဝုတ္တံ ဟောတိ။
၂။ ကာယဒုစ္စရိတာဒိဝတ္ထုတော သင်္ကောစနရသာ၊
၃။ အကိရိယပစ္စုပဋ္ဌာနာ၊
၄။ သဒ္ဓါဟိရောတ္တပ္ပအပ္ပိစ္ဆတာဒိဂုဏပဒဋ္ဌာနာ။[မှတ်စု ၇၃]ပါပကိရိယတော စိတ္တဿ ဝိမုခီဘာဝဘူတာတိ (ဝိမုခဘာဝဘူတာတိ) ဒဋ္ဌဗ္ဗာ။[မှတ်စု ၇၄]

၂၀။ သမ္မာဝါစာ

၁။ သမ္မာဝါစာ ဝစီဒုစ္စရိတဝတ္ထူနံ အဝီတိက္ကမလက္ခဏာ၊
၂။ ဝစီဒုစ္စရိတဝတ္ထုတော သင်္ကောစနရသာ၊
၃။ အကိရိယပစ္စုပဋ္ဌာနာ၊
၄။ သဒ္ဓါဟိရောတ္တပ္ပအပ္ပိစ္ဆတာဒိဂုဏပဒဋ္ဌာနာ။

၁။ ဝစီဒုစရိုက်၏ တည်ရာဝတ္ထုတို့ကို မလွန်ကျူးခြင်းသဘော (မကျော်နင်းခြင်းသဘောဟူလိုသည်) ... လက္ခဏ
၂။ ဝစီဒုစရိုက်၏ တည်ရာဝတ္ထုမှ တွန့်ဆုတ်ခြင်း ... (ကိစ္စ) ရသ
၃။ ဝစီဒုစရိုက်ကို မပြုမကျင့်သော သဘောတရား =
(ဝစီဒုစရိုက်ကို မပြုမကျင့် ရှောင်ကြဉ်သော သဘောတရား) ... ပစ္စုပဋ္ဌာန်
၄။ သဒ္ဓါ, ဟိရီ, ဩတ္တပ္ပ, အလိုနည်းခြင်း = အပ္ပိစ္ဆတာ စသော ဂုဏ် ... ပဒဋ္ဌာန်[မှတ်စု ၇၅]

၁။ သမ္မာဝါစာ မုသာဝါဒဿ အဝီတိက္ကမလက္ခဏာ၊
၂။ မုသာဝါဒါ သင်္ကောစနရသာ၊
၃။ အကိရိယပစ္စုပဋ္ဌာနာ၊
၄။ သဒ္ဓါဟိရောတ္တပ္ပအပ္ပိစ္ဆတာဒိဂုဏပဒဋ္ဌာနာ။

၁။ မုသားစကား ပြောဆိုခြင်းကို မလွန်ကျူးခြင်း ... လက္ခဏ
၂။ မုသားစကား ပြောဆိုခြင်းမှ တွန့်ဆုတ်ခြင်း ... (ကိစ္စ) ရသ
၃။ မုသားစကား ပြောဆိုခြင်းကို မပြုကျင့်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ သဒ္ဓါ ဟိရီ ဩတ္တပ္ပ အလိုနည်းခြင်း = အပ္ပိစ္ဆတာစသော ဂုဏ် ... ပဒဋ္ဌာန်[မှတ်စု ၇၆]

၂၁။ သမ္မာကမ္မန္တ

၁။ သမ္မာကမ္မန္တော ကာယဒုစ္စရိတဝတ္ထူနံ အဝီတိက္ကမလက္ခဏော၊
၂။ ကာယဒုစ္စရိတဝတ္ထုတော သင်္ကောစနရသော၊
၃။ အကိရိယပစ္စုပဋ္ဌာနော၊
၄။ သဒ္ဓါဟိရောတ္တပ္ပအပ္ပိစ္ဆတာဒိဂုဏပဒဋ္ဌာနော။

၁။ ကာယဒုစရိုက်၏ တည်ရာဝတ္ထုတို့ကို မလွန်ကျူးခြင်းသဘော ... လက္ခဏ
၂။ ကာယဒုစရိုက်မှ တွန့်ဆုတ်ခြင်း ... (ကိစ္စ) ရသ
၃။ ကာယဒုစရိုက်ကို မပြုကျင့်သောသဘောတရား ... ပစ္စုပဋ္ဌာန်
၄။ သဒ္ဓါ ဟိရီ ဩတ္တပ္ပ အလိုနည်းခြင်း = အပ္ပိစ္ဆတာ စသောဂုဏ် ... ပဒဋ္ဌာန်

ပါဏာတိပါတ ကာယဒုစရိုက်မှ ရှောင်ကြဉ် မှု ပုံစံ

၁။ သမ္မာကမ္မန္တော ပါဏာတိပါတဿ အဝီတိက္ကမလက္ခဏော၊
၂။ ပါဏာတိပါတာ သင်္ကောစနရသော၊
၃။ အကိရိယပစ္စုပဋ္ဌာနော၊
၄။ သဒ္ဓါဟိရောတ္တပ္ပအပ္ပိစ္ဆတာဒိဂုဏပဒဋ္ဌာနော။

၁။ ပါဏာတိပါတကို မလွန်ကျူးခြင်းသဘော ... လက္ခဏ
၂။ ပါဏာတိပါတမှ တွန့်ဆုတ်ခြင်း ... (ကိစ္စ) ရသ
၃။ ပါဏာတိပါတကို မပြုကျင့်သောသဘောတရား ... ပစ္စုပဋ္ဌာန်
၄။ သဒ္ဓါ ဟိရီ ဩတ္တပ္ပ အလိုနည်းခြင်း = အပ္ပိစ္ဆတာ စသော ဂုဏ် ... ပဒဋ္ဌာန်

၂၂။ သမ္မာအာဇီဝ

၁။ သမ္မာအာဇီဝေါ မိစ္ဆာဇီဝဿ အဝီတိက္ကမလက္ခဏော၊
၂။ မိစ္ဆာဇီဝတော သင်္ကောစနရသော၊
၃။ အကိရိယပစ္စုပဋ္ဌာနော၊
၄။ သဒ္ဓါဟိရောတ္တပ္ပအပ္ပိစ္ဆတာဒိဂုဏပဒဋ္ဌာနော။

၁။ မိစ္ဆာဇီဝကို မလွန်ကျူးခြင်းသဘော ... လက္ခဏ
၂။ မိစ္ဆာဇီဝမှ တွန့်ဆုတ်ခြင်း ... (ကိစ္စ) ရသ
၃။ မိစ္ဆာဇီဝကို မပြုကျင့်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ သဒ္ဓါ ဟိရီ ဩတ္တပ္ပ အလိုနည်းခြင်း = အပ္ပိစ္ဆတာ စသော ဂုဏ် ... ပဒဋ္ဌာန်

၁။ ဥဒ္ဒိဿကတဿ မံသဿ ပရိဘုဉ္ဇနဿ အဝီတိက္ကမလက္ခဏော သမ္မာအာဇီဝေါ
၂။ ဥဒ္ဒိဿကတဿ မံသဿ ပရိဘုဉ္ဇနတော သင်္ကောစနရသော၊
၃။ အကိရိယပစ္စုပဋ္ဌာနော၊
၄။ သဒ္ဓါဟိရောတ္တပ္ပအပ္ပိစ္ဆတာဒိဂုဏပဒဋ္ဌာနော။

၁။ ရည်ညွှန်းသားကို သုံးဆောင်ခြင်းကို မလွန်ကျူးခြင်းသဘော ... လက္ခဏ
၂။ ရည်ညွှန်းသားကို သုံးဆောင်ခြင်းမှ တွန့်ဆုတ်ခြင်း ... (ကိစ္စ) ရသ
၃။ ရည်ညွှန်းသားကို သုံးစွဲခြင်းကို မပြုကျင့်သော သဘောတရား ... ပစ္စုပဋ္ဌာန်
၄။ သဒ္ဓါ ဟိရီ ဩတ္တပ္ပ အလိုနည်းခြင်း = အပ္ပိစ္ဆတာ စသောဂုဏ် ... ပဒဋ္ဌာန်

ဤဝိရတိသုံးပါးတို့ကို မကောင်းမှုကိုပြုခြင်းမှ စိတ်၏ မျက်နှာလွှဲတတ်သည်၏ အဖြစ်ဖြင့် ဖြစ်တတ်ကုန်သော သဘောတရားတို့ဟူ၍ မှတ်ပါ။[မှတ်စု ၇၇]

ဗြဟ္မဝိဟာရ စေတသိက်များ

မေတ္တာ (= အဒေါသ)၊ ၂၃။ ကရုဏာ၊ ၂၄။ မုဒိတာဥပေက္ခာဗြဟ္မဝိဟာရ (= တတြမဇ္ဈတ္တတာ)ဟူသော ဗြဟ္မဝိဟာရစေတသိက်များ၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်ကို ဤကျမ်းစာ ရှေ့ပိုင်း[မှတ်စု ၇၈]တွင် ကြည့်ပါ။

၂၅။ အမောဟ = ပညိန္ဒြေ = ပညာ

၁။ (က) အမောဟော ယထာသဘာဝပဋိဝေဓလက္ခဏော၊
( ခ ) အက္ခလိတပဋိဝေဓလက္ခဏော ဝါ ကုသလိဿာသခိတ္တဥသုပဋိဝေဓော ဝိယ၊
၂။ ဝိသယောဘာသနရသော ပဒီပေါ ဝိယ၊
၃။ အသမ္မောဟပစ္စုပဋ္ဌာနော အရညဂတသုဒေသကော ဝိယ။[မှတ်စု ၇၉]

၁။ (က) ပရမတ္ထဓမ္မတို့၏ ဟုတ်မှန်တိုင်းသော သဘာဝလက္ခဏာ, သာမညလက္ခဏာကို ထိုးထွင်းသိခြင်းသဘော ... လက္ခဏ
( ခ ) တစ်နည်း - ကျွမ်းကျင်သော လေးသမားသည် ပစ်လွှတ်အပ်သော မြား၏ စူးဝင်ခြင်းကဲ့သို့ ပရမတ္ထဓမ္မအာရုံကို မချွတ်ချော်မူ၍ ထွင်းဖောက်သိမြင်ခြင်းသဘော ... လက္ခဏ
၂။ ဆီမီးကဲ့သို့ အာရုံကို ထွန်းပြခြင်း လင်းစေခြင်း ... (ကိစ္စ) ရသ
(= အာရုံကို ဖုံးလွှမ်းတတ်သော မောဟအမိုက်တိုက်ကို ပယ်ဖျောက်ခြင်း ဟူလိုသည်။)
၃။ တစ်စုံတစ်ခုသော အာရုံ၌လည်း မတွေဝေသော အခြင်းအရာ အားဖြင့် ဖြစ်ခြင်းသဘောတရား... (ဥပဋ္ဌာနာကာရ ) ပစ္စုပဋ္ဌာန်
တစ်နည်း – အာရုံ၌ တွေဝေခြင်း သမ္မောဟ၏ ဆန့်ကျင်ဘက်၏ အဖြစ်ကြောင့် တွေဝေခြင်း ကင်းသည်၏ အဖြစ်တည်းဟူသော အကျိုးကို ဖြစ်စေတတ်၏... (ဖလ) ပစ္စုပဋ္ဌာန်
တောလမ်းခရီး၌ ကျွမ်းကျင်သော လမ်းပြကဲ့သို့ မှတ်ပါ။

၁။ ဓမ္မသဘာဝပဋိဝေဓလက္ခဏာ ပညာ
၂။ ဓမ္မာနံ သဘာဝပဋိ စ္ဆာဒကမောဟန္ဓကာရဝိဒ္ဓံသနရသာ၊
၃။ အသမ္မောဟပစ္စုပဋ္ဌာနာ၊
၄။ “သမာဟိတော ယထာဘူတံ ဇာနာတိ ပဿတီ”တိ ဝစနတော ပန သမာဓိ တဿာ ပဒဋ္ဌာနံ။[မှတ်စု ၈၀]

၁။ ပရမတ္ထဓမ္မတို့၏ သဘာဝလက္ခဏာ, သာမညလက္ခဏာဟူသော သဘောမှန်ကို
ထိုးထွင်းသိခြင်းသဘော ... လက္ခဏ
၂။ ပရမတ္ထဓမ္မတို့၏ သဘာဝလက္ခဏာ, သာမညလက္ခဏာကို ဖုံးလွှမ်းတတ်သော မောဟတည်းဟူသော အမိုက်တိုက်ကို ဖျက်ဆီးခြင်း ... (ကိစ္စ) ရသ
၃။ ပရမတ္ထဓမ္မသဘာဝတို့၌ မတွေဝေသော အခြင်းအရာအားဖြင့် ဖြစ်သော သဘောတရား... (ဥပဋ္ဌာနာကာရ ) ပစ္စုပဋ္ဌာန်
၄။ “တည်ကြည်သော သမာဓိရှိသောသူသည် မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သိမြင်၏”ဟု ဘုရားရှင်သည် ဟောကြားထားတော်မူသောကြောင့် သမာဓိသည် ထိုပညာ၏ ... ပဒဋ္ဌာန်
(ဤပဒဋ္ဌာန်ကား ဝိပဿနာဉာဏ်အတွက် အထူးရည်ညွှန်းထားသည်ဟု မှတ်ပါ။) [မှတ်စု ၈၁]

အသမ္မောဟပစ္စုပဋ္ဌာန်

သင်္ခါရတရားတို့ကို သိမ်းဆည်းနေသော ဝိပဿနာရှုပွားသုံးသပ်နေသော ဉာဏ်မှ ထွက်ပေါ်လာသော = ဉာဏ်ကြောင့် ဖြစ်ပေါ်လာသော ပညာအရောင်အလင်းသည် ဖြစ်ပေါ်လာခဲ့သည်ရှိသော် နှလုံးအိမ်၌ ရှိသော အမိုက်မှောင်ကို လွင့်စေလျက် ပယ်ဖျောက်လျက်သာ ဖြစ်ပေါ်လာတတ်၏၊ ထိုကြောင့်ပင်လျှင် ပရမတ္ထဓမ္မသဘာဝတို့၏ သဘာဝလက္ခဏာ သာမညလက္ခဏာ အာရုံတို့၌ မတွေဝေသော အခြင်းအရာအားဖြင့် ဖြစ်သော သဘောတရားဟု ယင်းပညာကို ဝိပဿနာဉာဏ်ဖြင့် သိမ်းဆည်းရှုပွားနေသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်၏ ဉာဏ်တွင် ရှေးရှူ ထင်လာ ပေသည်၊ ဥပဋ္ဌာနာကာရပစ္စုပဋ္ဌာန်တည်း။ တစ်နည်း – ပရမတ္ထဓမ္မတို့၏ သဘာဝလက္ခဏာ သာမညလက္ခဏာတို့ကို ထွင်းဖောက်သိမြင်နေသော အကြောင်းဖြစ်သော ဉာဏ်ပညာသည် မတွေဝေစေခြင်းတည်းဟူသော အကျိုးတရားကို ရှေးရှူ ဖြစ်စေတတ်၏၊ ဖလပစ္စုပဋ္ဌာန်တည်း။[မှတ်စု ၈၂]

ဤမဟာဋီကာဆရာတော်၏ စကားရပ်များမှာ ပရမတ္ထဓမ္မတို့၏ သဘာဝလက္ခဏာ သာမညလက္ခဏာတို့ကို ရှုနေသော ဉာဏ်၌ အရောင်အလင်းရှိကြောင်း အထောက်အထား တစ်ရပ်ပင် ဖြစ်သည်။ တစ်နည်းဆိုရသော် .. ယင်းဉာဏ်ကြောင့် အရောင်အလင်းများ ထွက်ပေါ်လာနိုင်ကြောင်းအထောက်အထား တစ်ရပ်ပင် ဖြစ်သည်။ အဋ္ဌသာလိနီအဋ္ဌကထာ[မှတ်စု ၈၃]တွင် ပညာ၏ လက္ခဏ ရသ စသည်တို့ကို အောက်ပါအတိုင်းလည်း ဖွင့်ဆိုထားတော်မူ၏၊

၁။ (က) ယထာသဘာဝပဋိဝေဓလက္ခဏာ ပညာ
( ခ ) အက္ခလိတပဋိဝေဓလက္ခဏာ ဝါ ကုသလိဿာသခိတ္တဥသုပဋိဝေဓော ဝိယ၊
၂။ ဝိသယောဘာသရသာ ပဒီပေါ ဝိယ၊
၃။ အသမ္မောဟပစ္စုပဋ္ဌာနာ အရညဂတသုဒေသကော ဝိယ။

၁။ (က) ပရမတ္ထဓမ္မတို့၏ ဟုတ်မှန်တိုင်းသော သဘာဝလက္ခဏာ
သာမညလက္ခဏာကို ထိုးထွင်းသိခြင်းသဘော ... လက္ခဏ၊ ( ခ ) တစ်နည်း - ကျွမ်းကျင်သော လေးသမားသည် ပစ်လွှတ်အပ်သောမြား၏ ထိုးထွင်းခြင်း = ထွင်းဖောက်ခြင်းကဲ့သို့ ပရမတ္ထဓမ္မအာရုံကို မချွတ်မယွင်း ထိုးထွင်း၍သိခြင်းသဘော ... လက္ခဏ
၂။ ဆီမီးကဲ့သို့ ပရမတ္ထဓမ္မအာရုံ၏ သဘောမှန်ကို ထွန်းပြခြင်း = လင်းစေခြင်း ... (ကိစ္စ) ရသ
၃။ တောလမ်းခရီး၌ ကျွမ်းကျင်သောလမ်းပြကဲ့သို့ တွေဝေခြင်း သမ္မောဟ၏ ဆန့်ကျင်ဘက်သဘောတရား ... ပစ္စုပဋ္ဌာန်။

ဤကား ဒုက္ခသစ္စာ စသည်ဖြင့် အရိယသစ္စာ (၄)ပါးတို့ကို ကွဲကွဲပြားပြား သိတတ်သောကြောင့် ပညာ မည်၏၊ စတုသစ္စသမ္မာဒိဋ္ဌိတည်း။ ရှေးမဟာအဋ္ဌကထာ၌ကား – “အနိစ္စ ဒုက္ခ အနတ္တ”ဟု ကွဲကွဲပြားပြား သိစေတတ်သောကြောင့် ပညာမည်၏ - ဟု ဖွင့်ဆိုထားပေသည်။ ထိုပညာသည်ပင် သစ္စာလေးချက် သဘောနက်ကို ဖုံးလွှမ်းကာကွယ်တတ်သော သိခွင့်မပေးတတ်သော အဝိဇ္ဇာကို လွှမ်းမိုးဖိစီးနိုင်သည့်အတွက် အကြီးအကဲ၏အဖြစ်ဟူသော အနက်သဘောကြောင့် ဣန္ဒြေလည်း မည်၏၊ တစ်နည်း - သစ္စာလေးချက် သဘောနက်ကို ပြက်ပြက်ထင်ထင် သိမြင်သည့် ဒဿနလက္ခဏာ အရာ၌ သမ္ပယုတ်တရားတို့ကို မိမိအစိုးရသူ၏ အဖြစ်ကို ပြုစေတတ်သောကြောင့် ဣန္ဒြေ မည်၏၊ ထိုကြောင့် ပညာ သည်ပင် ဣန္ဒြေမည်ရကား ပညိန္ဒြေ ဟူလိုသည်။[မှတ်စု ၈၄]

ဩဘာသနလက္ခဏာ – နံရံလေးဘက် ကာရံထားသော အိမ်တွင်း၌ ညဉ့်အခါ ဆီမီးကို ညှိထွန်းအပ်သည်ရှိသော် ပကတိမျက်စိကို ကာဏ်းအောင် ပြုလုပ်တတ်သော အမိုက်မှောင်သည် ချုပ်ပျောက်ရသကဲ့သို့ ဤဥပမာအတူပင်လျှင် ပညာသည် ပရမတ္ထဓမ္မအာရုံကို တစ်နည်း အရိယသစ္စာလေးပါးတည်းဟူသော အာရုံကို ထင်ထင်ရှားရှား ကွဲကွဲပြားပြား ဂဃနဏ သိအောင် ထွန်းလင်းပြခြင်း ဩဘာသနလက္ခဏာ ရှိပေသည်။

ပညာအရောင်အလင်းနှင့်တူသော အရောင်အလင်းမည်သည် မရှိပေ။ မှန်ပေသည် - ဝိပဿနာဉာဏ်ပညာ ရှိသော ဝိပဿနာဉာဏ်ပညာနှင့် ပြည့်စုံနေသော ပုဂ္ဂိုလ်သည် တစ်ခုတည်းသော ထက်ဝယ်ဖွဲ့ခွေခြင်းဖြင့် ထိုင်နေလတ် သော် (= တစ်ကြိမ်လောက်ထိုင်၍ ဝိပဿနာတရားကို ရှုပွားနှလုံးသွင်းခဲ့သော်) တစ်သောင်းသော လောကဓာတ်သည် တစ်ခုတည်းသော အရောင်အလင်း ရှိနိုင်၏ = လောကဓာတ်တိုက်ပေါင်း တစ်သောင်းလုံးဝယ် အရောင်အလင်းသည် တစ်ဆက်တည်း လင်းနေနိုင်ပေသည်။ (ဥပက္ကိလေသ အရောင်အလင်းမျိုးကို = ဥဒယဗ္ဗယဉာဏ်ကြောင့် ဖြစ်ပေါ် လာသော အရောင်အလင်းမျိုးကို အထူးရည်ညွှန်း၍ ဆိုသည် မှတ်ပါ။) [မှတ်စု ၈၅]

ထိုကြောင့် အရှင်နာဂသေန မထေရ်သည် ဤသို့ မိန့်ဆိုတော်မူ၏ ..။

“ဒါယကာတော် မဟာရာဇ ...ယောကျ်ားတစ်ဦးသည် အမိုက်မှောင်အတိ ဖြစ်နေသော အိမ်ထဲ၌ ဆီမီးကို သွင်းယူသွားလေရာ၏၊ သွင်းယူအပ်ပြီးသော ဆီမီးသည် အမိုက်မှောင်ကို ဖျက်ဆီးသကဲ့သို့, အရောင်အလင်းကို ဖြစ်စေသကဲ့သို့, အလင်းရောင်ကို ထင်ရှားပြသကဲ့သို့, ရူပါရုံအမျိုးမျိုးတို့ကို ထင်ရှားအောင် ပြုသကဲ့သို့ – ဒါယကာတော် မဟာရာဇ ...ဤဥပမာအတူပင်လျှင် ပညာသည် ဖြစ်ပေါ်လာလတ်သော် ..

၁။ အဝိဇ္ဇာတည်းဟူသော အမိုက်မှောင်ကို ဖျက်ဆီးပစ်၏၊
၂။ ဝိဇ္ဇာတည်းဟူသော အရောင်ကို ဖြစ်စေ၏၊
၃။ ဉာဏ်တည်းဟူသော အလင်းရောင်ကို ထင်ရှားပြ၏၊
၄။ အရိယသစ္စာတို့ကို ထင်ရှားအောင် ပြုလုပ်၏၊

ဒါယကာတော် မဟာရာဇ ...ဤသို့လျှင် ပညာသည် ပရမတ္ထဓမ္မအာရုံကို = အရိယသစ္စာလေးပါးတည်း ဟူသော အာရုံကို ထင်ထင်ရှားရှား ကွဲကွဲပြားပြား ဂဃနဏ သိအောင် ထွန်းလင်းပြခြင်း ဩဘာသနလက္ခဏာ ရှိပေသည်။[မှတ်စု ၈၆]

  1. (အဘိ၊ဋ္ဌ၊၁၊၁၅၁-၁၅၂။ ဝိသုဒ္ဓိ၊၂၊၉၃။)
  2. (အဘိ၊ဋ္ဌ၊၁၊၁၅၄-၁၅၅။ ဝိသုဒ္ဓိ၊၂၊၉၃။)
  3. (အဘိ၊ဋ္ဌ၊၁၊၁၆၁-၁၆၂။ ဝိသုဒ္ဓိ၊၂၊၉၄။)
  4. (သံ၊၂၊၁၂။)
  5. (အဘိ၊ဋ္ဌ၊၁၊၁၆၇။)
  6. (အဘိ၊ဋ္ဌ၊၁၊၁၇၇။ ဝိသုဒ္ဓိ၊၂၊၉၆။)
  7. (အဘိ၊ဋ္ဌ၊၁၊၁၇၇။ ဝိသုဒ္ဓိ၊၂၊၉၆။)
  8. ပုရိမမနတော ဝိသဒိသမနံ ကရောတီတိပိ မနသိကာရော။ (အဘိ၊ဋ္ဌ၊၁၊၁၇၇။ ဝိသုဒ္ဓိ၊၂၊၉၆။)
  9. တတ္ထ ယောနိသောမနသိကာရဗဟုလီကာရောတိ ကုသလာဒီသု တံတံသဘာဝရသလက္ခဏာဒိကဿ ယာထာဝတော အဝဗုဇ္ဈနဝသေန ဥပ္ပန္နော ဉာဏသမ္ပယုတ္တစိတ္တုပ္ပါဒေါ။ သော ဟိ အဝိပရီတမနသိကာရတာယ “ယောနိသော မနသိကာရော”တိ ဝုတ္တော၊ တဒါဘောဂတာယ အာဝဇ္ဇနာပိ တဂ္ဂတိကာဝ၊ တဿ အဘိဏှပဝတ္တနံ ဗဟုလီကာရော။ (မ၊ဋီ၊၁၊၃၈၁။)
  10. (ပြည်-ဝိသုဒ္ဓိမဂ်နိဿယ၊၃၊၂၈၅။)
  11. (အဘိ၊ဋ္ဌ၊၁၊၁၅၇။ ဝိသုဒ္ဓိ၊၁၊၁၃၈။)
  12. (အဘိ၊ဋ္ဌ၊၁၊၁၅၈။)
  13. (အဘိ၊ဋ္ဌ၊၁၊၁၇၇။ ဝိသုဒ္ဓိ၊၂၊၉၆။)
  14. (အဘိ၊ဋ္ဌ၊၁၊၁၆၄။ ဝိသုဒ္ဓိ၊၂၊၉၃။)
  15. (အံ၊၁၊၄၃၀။)
  16. (အံ၊၃၊၁၄၇-၁၅၀- ကြည့်ပါ။)
  17. (အဘိ၊ဋ္ဌ၊၁၊၁၅၈။ ဝိသုဒ္ဓိ၊၁၊၁၃၉။)
  18. (အဘိ၊ဋ္ဌ၊၁၊၁၇၆-၁၇၇။ ဝိသုဒ္ဓိ၊၂၊၉၆။)
  19. (အဘိ၊ဋ္ဌ၊၁၊၂၉၁။ ဝိသုဒ္ဓိ၊၂၊၉၈။)
  20. ဓမ္မသဘာဝဿ ယာထာဝတော အဒဿနံ စိတ္တဿ အန္ဓဘာဝေါ။ (မဟာဋီ၊၂၊၁၄၉။)
  21. (အဘိ၊ဋ္ဌ၊၁၊၂၉၁။ ဝိသုဒ္ဓိ၊၂၊၉၈။ မဟာဋီ၊၂၊၁၄၉။)
  22. န ဟိရိယတီတိ အဟိရိကော။ (ဝိသုဒ္ဓိ၊၂၊၉၈။)
  23. အဟိရိကဿ ဘာဝေါ အဟိရိကံ (အဟိရိက္ကံ)၊ (ဝိသုဒ္ဓိ၊၂၊၉၈။)
  24. (အဘိ၊ဋ္ဌ၊၁၊၂၉၁။ ဝိသုဒ္ဓိ၊၂၊၉၈။ မဟာဋီ၊၂၊၁၄၉။)
  25. န ဩတ္တပ္ပံ အနောတ္တပ္ပံ။ (အဘိ၊ဋ္ဌ၊၁၊၂၉၁။) န ဩတ္တပ္ပတီတိ အနောတ္တပ္ပံ။ (ဝိသုဒ္ဓိ၊၂၊၉၈။)
  26. (မဟာဋီ၊၂၊၁၄၉။)
  27. (အဘိ၊ဋ္ဌ၊၁၊၂၉၂။ ဝိသုဒ္ဓိ၊၂၊၉၉။)
  28. ယဿ ဓမ္မဿ ဝသေန ဥဒ္ဓတံ ဟောတိ စိတ္တံ၊ တံသမ္ပယုတ္တဓမ္မာ ဝါ၊ သော ဓမ္မော ဥဒ္ဓစ္စံ။ (မဟာဋီ၊၂၊၁၅၀။)
  29. အဝူပသမောတိ အသန္နိသိန္နသဗ္ဘာဝမာဟ။ (မူလဋီ၊၁၊၁၂၀။)
    အဝူပသမောတိ အသန္နိသိန္နအပ္ပသန္နဘာဝမာဟ။ (မဟာဋီ၊၂၊၁၅၀။)
  30. (အဘိ၊ဋ္ဌ၊၁၊၂၉၁။ ဝိသုဒ္ဓိ၊၂၊၉၈။)
  31. အာရမ္မဏဂ္ဂဟဏံ “မမ ဣဒ”န္တိ တဏှာဘိနိဝေသဝသေန အဘိနိဝိဿ အာရမ္မဏဿ အဝိဿဇ္ဇနံ၊ န အာရမ္မဏကရဏမတ္တံ။ (မဟာဋီ၊၂၊၁၄၉။)
  32. (အဘိ၊ဋ္ဌ၊၁၊၂၉၀။ ဝိသုဒ္ဓိ၊၂၊၉၈။)
  33. မိစ္ဆာတိ ဓမ္မသဘာဝဿ ဝိပရီတံ၊ နိစ္စာဒိတောတိ အတ္ထော။ (မဟာဋီ၊၂၊၁၄၉။)
  34. (အဘိ၊ဋ္ဌ၊၁၊၂၉၇။ ဝိသုဒ္ဓိ၊၂၊၉၉။)
  35. (အဘိ၊ဋ္ဌ၊၁၊၂၉၈။ ဝိသုဒ္ဓိ၊၂၊၁၀၀။)
  36. (အဘိ၊၁၊၂၁၆။ စာပိုဒ်-၁၀၆၆၊၊)
  37. (အဘိ၊ဋ္ဌ၊၁၊၃၉၉။)
  38. (မူလဋီ၊၁၊၁၆၈-၁၆၉။)
  39. (သုတ္တနိပါတအဋ္ဌကထာ၊၁၁။)
  40. (ဒီ၊၃၊၂၁၈။)
  41. (အံ၊၃၊၂၀၈။)
  42. (အဘိ၊ဋ္ဌ၊၁၊၂၉၉။ ဝိသုဒ္ဓိ၊၂၊၁၀၀။)
  43. ဥသူယနံ အသဟနံ။ (မဟာဋီ၊၂၊၁၅၂။)
  44. (အဘိ၊ဋ္ဌ၊၁၊၂၉၉။ ဝိသုဒ္ဓိ၊၂၊၁၀၀။)
  45. (အဘိ၊ဋ္ဌ၊၁၊၂၉၉။ ဝိသုဒ္ဓိ၊၂၊၁၀၀။)
  46. (အဘိ၊ဋ္ဌ၊၁၊၂၉၇။ ဝိသုဒ္ဓိ၊၂၊၉၉၊၊)
  47. မှတ်ချက်---- ဆိတ်ငြိမ်ရာ တောကျောင်း တောင်ကျောင်းတို့၌ နေထိုင်သီတင်းသုံးဖို့ရန် အကြောင်းအမျိုးမျိုး ပြကာ စိတ်ဓာတ် တွန့်ဆုတ်နေသည့်သဘော၊ သမထ ဝိပဿနာ လုပ်ငန်းရပ်တို့၌ အကြောင်းအမျိုးမျိုး ပြကာ ဝေ့လည်ကြောင်ပတ်လုပ်ကာ အားထုတ် ဖို့ရန် စိတ်ဓာတ်တွန့်ဆုတ်နေသည့်သဘော၊ “ဒီကျင့်စဉ်ကတော့ ဘုရားဟော ဟုတ်ပုံတော့ မရပါ” စသည်ဖြင့် ဝေဖန်ရေးသမား ပြုလုပ်နေသည့်သဘော ဖြစ်သည်။
  48. (အဘိ၊ဋ္ဌ၊၁၊၂၉၇။ ဝိသုဒ္ဓိ၊၂၊၉၉၊၊)
  49. မှတ်ချက်---- ဆိတ်ငြိမ်ရာ တောကျောင်း တောင်ကျောင်းတို့၌ နေထိုင်သီတင်းသုံးဖို့ရန် အကြောင်းအမျိုးမျိုး ပြကာ စိတ်ဓာတ် တွန့်ဆုတ်နေသည့်သဘော၊ သမထ ဝိပဿနာ လုပ်ငန်းရပ်တို့၌ အကြောင်းအမျိုးမျိုး ပြကာ ဝေ့လည်ကြောင်ပတ်လုပ်ကာ အားထုတ် ဖို့ရန် စိတ်ဓာတ်တွန့်ဆုတ်နေသည့်သဘော၊ “ဒီကျင့်စဉ်ကတော့ ဘုရားဟော ဟုတ်ပုံတော့ မရပါ” စသည်ဖြင့် ဝေဖန်ရေးသမား ပြုလုပ်နေသည့်သဘော ဖြစ်သည်။
  50. (အဘိ၊ဋ္ဌ၊၁၊၃၀၀။ ဝိသုဒ္ဓိ၊၂၊၁၀၁၊၊)
  51. “နိစ္စံ နု ခေါ ဣဒံ, အနိစ္စံ နု ခေါ”တိအာဒိပဝတ္တိယာ ဧကသ္မိံ အာကာရေ သဏ္ဌာတုံ အသမတ္ထတာယ သမန္တတော သေတီတိ သံသယော။ (အဘိ၊ဋ္ဌ၊၁၊၃၀၁။)
  52. တသ္မာ တိဟ ဘိက္ခဝေ အဘိက္ခဏံ သကံ စိတ္တံ ပစ္စဝေက္ခိတဗ္ဗံ “ဒီဃရတ္တမိဒံ စိတ္တံ သံကိလိဋ္ဌံ ရာဂေန ဒေါသေန မောဟေနာ”တိ။ စိတ္တသံကိလေသာ ဘိက္ခဝေ သတ္တာ သံကိလိဿန္တိ၊ စိတ္တဝေါဒါနာ သတ္တာ ဝိသုဇ္ဈန္တိ။ (သံ၊၂၊၁၂၃။)
  53. (အဘိ၊ဋ္ဌ၊၁၊၁၆၃။ ဝိသုဒ္ဓိ၊၂၊၉၄။)
  54. (မူလဋီ၊၁၊၈၉။)
  55. (အဘိ၊ဋ္ဌ၊၁၊၁၆၅။ ဝိသုဒ္ဓိ၊၂၊၉၄။)
  56. သမ္ပယုတ္တဓမ္မေ အာရမ္မဏာဘိမုခံ သာရေန္တော ဝိယ ဟောတီတိ မနသိကာရော သာရဏလက္ခဏော ဝုတ္တော။ သတိယာ ဝုတ္တော။ သတိယာ ပစ္စုပဋ္ဌာနတာတိ အယမေတေသံ ဝိသေသော။ (မဟာဋီ၊၂၊၁၄၇။)
  57. (ဝိသုဒ္ဓိ၊၂၊၉၄။)
  58. (ဝိသုဒ္ဓိ၊၂၊၉၄။)
  59. (ဝိသုဒ္ဓိ၊၂၊၉၄။)
  60. (အဘိ၊ဋ္ဌ၊၁၊၁၇၀-၁၇၁။ ဝိသုဒ္ဓိ၊၂၊၉၄။)
  61. (အဘိ၊ဋ္ဌ၊၁၊၁၇၀။ ဝိသုဒ္ဓိ၊၂၊၉၄။)
  62. (အဘိ၊ဋ္ဌ၊၁၊၁၇၁။ ဝိသုဒ္ဓိ၊၂၊၉၅။)
  63. (အဘိ၊ဋ္ဌ၊၁၊၁၇၇။ ဝိသုဒ္ဓိ၊၂၊၉၆။)
  64. (အဘိ၊ဋ္ဌ၊၁၊၁၇၄။ ဝိသုဒ္ဓိ၊၂၊၉၅။)
  65. (အဘိ၊ဋ္ဌ၊၁၊၁၇၄။ ဝိသုဒ္ဓိ၊၂၊၉၅။)
  66. (အဘိ၊ဋ္ဌ၊၁၊၁၇၄။ ဝိသုဒ္ဓိ၊၂၊၉၅။)
  67. (မူလဋီ၊၁၊၉၇။)
  68. (အဘိ၊ဋ္ဌ၊၁၊၁၇၄။ ဝိသုဒ္ဓိ၊၂၊၉၅။)
  69. (အဘိ၊ဋ္ဌ၊၁၊၁၇၅။ ဝိသုဒ္ဓိ၊၂၊၉၆။)
  70. (အဘိ၊ဋ္ဌ၊၁၊၁၇၅။ ဝိသုဒ္ဓိ၊၂၊၉၆။)
  71. (အဘိ၊ဋ္ဌ၊၂၊၄၇၅။ မဟာဋီ၊၂၊၁၄၆။)
  72. ဧတ္ထ စ စိတ္တပဿဒ္ဓိအာဒီဟိ စိတ္တမေဝ ပဿဒ္ဓံ, လဟု, မုဒု, ကမ္မညံ, ပဂုဏံ, ဥဇု စ ဟောတိ။ ကာယပဿဒ္ဓိအာဒီဟိ ပန ရူပကာယောပိ။ တေနေဝေတ္ထ ဘဂဝတာ ဓမ္မာနံ ဒုဝိဓတာ ဝုတ္တာ၊ န သဗ္ဗတ္ထ။ (မဟာဋီ၊၂၊၁၄၆၊၊)
  73. မှတ်ချက်---- အဋ္ဌကထာများ၌ အထက်ပါအတိုင်း ဝိရတိစေတသိက် သုံးပါးလုံးကို တပေါင်းတစည်းတည်း ပြု၍ လက္ခဏရသ စသည်တို့ကို ဖွင့်ဆိုထားပေသည်၊ ဉာဏ်ရင့်သူတို့ကား သဘောပေါက်၍ ရှုကွက်ကိုလည်း နားလည်နိုင်၍ ရှုတတ်ကြမည် ဖြစ်သည်။ ဉာဏ်နုသူတို့ကား ရှုကွက်ကို သဘောပေါက်ချင်မှ ပေါက်ပေမည်။ သို့အတွက် ယင်း စေတသိက်တို့ကို တစ်လုံးစီခွဲ၍ ထပ်မံ၍ ရေးသားတင်ပြထားပါသည်။ စိတ္တက္ခဏတစ်ချက်အတွင်း၌ တစ်နည်း- ဇောဝီထိစိတ်အစဉ်တစ်ခုအတွင်း၌ ယင်းဝိရတိ စေတသိက်တို့သည် လောကီအခိုက်၌ တစ်လုံးစီသာ ဖြစ်နိုင်၍ ယင်းစေတသိက်တို့ကို သိမ်းဆည်းရှုပွားသောအခါ၌လည်း တစ်လုံးစီသာ ခွဲ၍ ရှုရမည် ဖြစ်သောကြောင့်တည်း။
  74. (အဘိ၊ဋ္ဌ၊၁၊၁၇၇။ ဝိသုဒ္ဓိ၊၂၊၉၇။)
  75. မှတ်ချက်---- ဝစီဒုစရိုက် လေးမျိုး ရှိနေသဖြင့် တစ်ခုခုကို အာရုံယူ၍ ရှုရန် ဖြစ်သည်။ သို့မဟုတ် ဝစီဒုစရိုက် တစ်ခုစီကို အာရုံယူ၍ ရှုပါ။ မုသားစကားပြောဆိုခြင်း ဝစီဒုစရိုက်မှ ရှောင်ကြဉ်မှုကို ပုံစံထုတ်၍ ထပ်မံ တင်ပြအပ်ပါသည်။
  76. ပိသုဏဝါစာ = ကုန်းတိုက်စကား, ဖရုသဝါစာ = ကြမ်းတမ်းသောစကား, သမ္ဖပ္ပလာပါ = ပြိန်ဖျင်းသောစကားတို့ကို ပြောကြား ခြင်းမှ ရှောင်ကြဉ်ခြင်းတို့၌လည်း နည်းမှီ၍ ရှုပါ။
  77. (အဘိ၊ဋ္ဌ၊၁၊၁၇၇။ ဝိသုဒ္ဓိ၊၂၊၉၇။)
  78. (စာမျက်နှာ၊၂၅၆-၂၅၉။)
  79. (ဝိသုဒ္ဓိ၊၂၊၉၅။)
  80. (ဝိသုဒ္ဓိ၊၂၊၆၈။)
  81. (မဟာဋီ၊၂၊၇၆။)
  82. အသမ္မောဟပစ္စုပဋ္ဌာန---- ဥပ္ပဇ္ဇမာနော ဧဝ ဟိ ပညာလောကော ဟဒယန္ဓကာရံ ဝိဓမေန္တော ဧဝံ ဥပ္ပဇ္ဇတိ၊ တတော ဧဝ ဓမ္မသဘာဝေသု အသမ္မုယှနာကာရေန ပစ္စုပတိဋ္ဌတီတိ အသမ္မောဟပစ္စုပဋ္ဌာနာ။ ကာရဏဘူတာ ဝါ သယံ ဖလဘူတံ အသမ္မောဟံ ပစ္စုပဋ္ဌာပေတီတိ ဧဝမ္ပိ အသမ္မောဟပစ္စုပဋ္ဌာနာ။ (မဟာဋီ၊၂၊၇၆။)
  83. (အဘိ၊ဋ္ဌ၊၁၊၁၆၆။)
  84. (အဘိ၊ဋ္ဌ၊၁၊၁၆၅။)
  85. သာ ပနေသာ ဩဘာသနလက္ခဏာ စ ပညာ, ပဇာနနလက္ခဏာ စ။ (အဘိ၊ဋ္ဌ၊၁၊၁၆၅။)
    ပညောဘာသသမော ဩဘာသော နာမ နတ္ထိ။ (အဘိ၊ဋ္ဌ၊၁၊၁၆၆။)
  86. (မိလိန္ဒ၊၃၈။ အဘိ၊ဋ္ဌ၊၁၊၁၆၆။)