နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/သင်္ခါရပစ္စယာ ဝိညာဏံ

သင်္ခါရပစ္စယာ ဝိညာဏံ = သင်္ခါရဖြစ်ခြင်းကြောင့် ဝိပါက်ဝိညာဏ် ဖြစ်၏၊[မှတ်စု ၁]

အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ရာ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ရာတို့၌ အဝိဇ္ဇာနှင့် သင်္ခါရတို့၏ သဘာဝသတ္တိ စွမ်းအင်များ ထင်ရှားတည်ရှိနေမှု = အတ္ထိသဘောကို ဆိုလိုသည်။ အဝိဇ္ဇာနှင့် သင်္ခါရတို့မှာ ယေဘုယျအားဖြင့် စိတ္တက္ခဏပေါင်းများစွာ ဝီထိစဉ်ပေါင်းများစွာ ကွာဝေးလျက် ခြားလျက် ရှိ ကြ၏၊ ရံခါ အဝိဇ္ဇာနှင့် အကုသိုလ်သင်္ခါရတို့မှာ စိတ္တက္ခဏတစ်ခုအတွင်း ဝီထိစိတ်အစဉ်တစ်ခုအတွင်း၌ အတူယှဉ်တွဲ၍ ဖြစ်ကြသည်လည်း ရှိကြ၏၊[မှတ်စု ၂]

သို့သော် လက်ရှိလူသားတို့၏ ပဋိသန္ဓေဝိပါက်ဝိညာဏ်စသော ကုသလဝိပါက်ဝိညာဏ်များကို ဖြစ်စေနိုင်သော စွမ်းအင်သတ္တိရှိသော ကုသိုလ်သင်္ခါရနှင့်ကား ဝီထိပေါင်းများစွာသော်လည်း ဝေးကွာလျက် ရှိနိုင်ပေသည်။ အလားတူပင် သင်္ခါရကြောင့် ဝိပါက်ဝိညာဏ်များ ဖြစ်ပွားလာရာ၌လည်း သင်္ခါရနှင့် ဝိပါက်ဝိညာဏ်တို့မှာ ဘဝခြားလျက်ပင် ရှိနေ ကြ၏၊ သို့အတွက် အကျိုးတရားများ ဥပါဒ်-ဌီ-ဘင်အနေအားဖြင့် ထင်ရှားဖြစ်ပွားလာချိန်တွင် အကြောင်းတရားများမှာ ဥပါဒ်-ဌီ-ဘင်အနေအားဖြင့် ထင်ရှားမရှိကြတော့သော အချိန်ဖြစ်၏၊ ထိုကြောင့် အဝိဇ္ဇာ သင်္ခါရတို့က မိမိတို့ ဥပါဒ်ဌီ-ဘင် အနေအားဖြင့် ထင်ရှားမရှိ ကြတော့သော အချိန်အခါကျမှ အကျိုးတရားများကို ဖြစ်စေနိုင်ကြသဖြင့် အဝိဇ္ဇာ သင်္ခါရတို့ ဖြစ်ခြင်းကြောင့် ဆိုင်ရာ အကျိုးတရားတို့ ဖြစ်ကြ၏ဟူရာဝယ် အဝိဇ္ဇာ သင်္ခါရတို့၏ ဆိုင်ရာ အကျိုးတရားများကို ဖြစ်စေနိုင်သော သဘာဝသတ္တိစွမ်းအင်များ ထင်ရှားရှိနေမှု = အတ္ထိဘာဝသဘောကိုသာ ဆိုလိုပေသည်။

ယင်းသဘာဝသတ္တိစွမ်းအင်မှာ အဝိဇ္ဇာ တဏှာ ဥပါဒါန်တို့ ခြံရံထားသည့် ကုသိုလ်သင်္ခါရတရားစုတို့၏ ကမ္မသတ္တိစွမ်းအင်ပင် ဖြစ်သည်။ (လူသားများအတွက်သာ ကွက်၍ ဆိုခြင်း ဖြစ်သည်။) ယင်းသဘာဝသတ္တိစွမ်းအင် ဟူသည်မှာ ကံကို ပြုစုပျိုးထောင်ပြီးခြင်းသည်သာလျှင် လိုရင်း ဖြစ်သည်။ သင်္ခါရတရားတို့သည် (= ကုသိုလ်သင်္ခါရ အကုသိုလ်သင်္ခါရတရားတို့သည်) ပြုစုပျိုးထောင်အပ်ပြီးသည်၏အတွက်ကြောင့်သာလျှင် မိမိ၏အကျိုးတရား၏ အကြောင်းတရားတို့ ဖြစ်နိုင်ကြ၏၊ ဥပါဒ်-ဌီ-ဘင် အနေအားဖြင့် ထင်ရှား ရှိခြင်း မရှိခြင်းမှာ လိုရင်းမဟုတ်ပေ။[မှတ်စု ၃]

ဝိညာဏ် – ယင်းပစ္စုပ္ပန်မှု သံသရာမှုတို့ကို ပြုစုပျိုးထောင်ခြင်းဟူသော သင်္ခါရတရား ထင်ရှားရှိနေခြင်းကြောင့် စက္ခုဝိညာဏ် သောတဝိညာဏ် ဃာနဝိညာဏ် ဇိဝှါဝိညာဏ် ကာယဝိညာဏ် မနောဝိညာဏ်ဟူသော ဝိပါက်ဝိညာဏ် (၆)မျိုးတို့သည် ထင်ရှား ဖြစ်ပွားလာကြကုန်၏၊

ဝိပါက်ဝိညာဏ် = ဝိပါက်မနောဝိညာဏ် ––- ဝိပါက်ဝိညာဏ်အရ ပဉ္စဝိညာဏ်နှင့် ဝိပါက်မနောဝိညာဏ် နှစ်မျိုးလုံးကိုပင် ကောက်ယူထားပေသည်။ ဝိပါက်မနောဝိညာဏ်တွင် ပဋိသန္ဓေဝိညာဏ် ဘဝင်ဝိညာဏ် စုတိဝိညာဏ် ဟူသော ဝီထိမှ အလွတ်ဖြစ်သော ဝီထိမုတ်စိတ်တို့လည်း ပါဝင်ကြ၏၊ သမ္ပဋိ စ္ဆိုင်း သန္တီရဏ တဒါရုံဝိပါက်ဝိညာဏ် ဟူသော ဝီထိစိတ်တို့လည်း ပါဝင်ကြ၏၊ ပဉ္စဝိညာဏ်နှင့် သမ္ပဋိ စ္ဆိုင်း သန္တီရဏ အဟိတ်တဒါရုံတို့မှာ ကုသလဝိပါက် အကုသလဝိပါက် နှစ်မျိုးစီ ရှိကြ၏၊ မဟာဝိပါက်တဒါရုံကား ကုသလဝိပါက်သာ ဖြစ်သည်။ ယင်းကုသလဝိပါက် အကုသလဝိပါက် ဖြစ်ကြသော ပဉ္စဝိညာဏ် သမ္ပဋိ စ္ဆိုင်း သန္တီရဏ တဒါရုံတို့မှာ စိတ္တနိယာမသဘောတရားအတိုင်း ဝီထိခေါ်သည့် စိတ်အစဉ်အတိုင်းသာ ဖြစ်ရိုးဓမ္မတာ ရှိကြသဖြင့် ယင်းတို့ဖြစ်သည့် ဝီထိစိတ်အစဉ်အတိုင်းသာ ကြောင်းကျိုး-ဆက်နွယ်မှုသဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်း အကျိုး သိမ်းဆည်းရ၏၊ ဝိပဿနာရှုရ၏၊ ယင်းသို့ ဝီထိအစဉ်အတိုင်း ရှုခဲ့သော် ပဉ္စဒွါရာဝဇ္ဇန်း ဝုဋ္ဌော မနောဒွါရာဝဇ္ဇန်းဟူသော ကြိယာစိတ်များနှင့် ဇောဟူသော ကုသိုလ်စိတ် အကုသိုလ်စိတ်များသည်လည်း ယင်းဝိပါက်ဝိညာဏ်များနှင့် ဝီထိစိတ်အစဉ်တစ်ခုအတွင်း၌ ကျရောက် ဖြစ်ပွားနေကြမည်သာ ဖြစ်သည်။ သို့အတွက် ယင်းကုသိုလ် အကုသိုလ် ကြိယာစိတ်တို့ကိုပါ ရောနှော၍ ဝိပဿနာ ရှုသော်လည်း ဝီထိစိတ်အစဉ်အတွင်း ကျရောက် ဖြစ်ပွားနေကြသော ပရမတ္ထဓာတ်သားများကို မကြွင်းမကျန်စေလိုသော ရည်ရွယ်ချက်ဖြင့် ရှုသည်ဖြစ်ပါက အပြစ်မဖြစ်ပါ။ သင်္ခါရနှင့် ကြောင်း-ကျိုး-ဆက်နွယ်နေသည့် ဝိညာဏ်များကို သိမ်းဆည်းရာ၌ကား ဖော်ပြပါ ဝိပါက်ဝိညာဏ်များကိုသာ သင်္ခါရနှင့် ကြောင်း-ကျိုး-ဆက်နွယ်မှုကို ဉာဏ်ဖြင့် မြင်အောင် ကြည့်၍ သိမ်းဆည်းပါ။ ရှေး နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် ဖော်ပြခဲ့သည့်အတိုင်း ရူပါရုံလိုင်းမှ ဓမ္မာရုံလိုင်းအထိ (၆)လိုင်းလုံးအတွင်း၌ တည်ရှိ ကြသော ဝိပါက်ဝိညာဏ်တို့နှင့် သင်္ခါရ၏ ကြောင်း-ကျိုး-ဆက်နွယ်မှု သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ အကြောင်းတရား အကျိုးတရားတို့ကို ကုန်စင်အောင် သိမ်းဆည်းပါ။ သို့သော် – ယင်းပဉ္စဝိညာဏ် သမ္ပဋိ စ္ဆိုင်း သန္တီရဏ တဒါရုံ ဟူသော ဝိပါက်ဝိညာဏ်တို့မှာ ပဋိသန္ဓေဝိညာဏ်ကို ဖြစ်စေတတ်သော ကံကြောင့် ဖြစ်ကြသည်လည်း ရှိရာ၏၊ မဖြစ်ကြသည်လည်း ရှိရာ၏၊ သတိပြု၍ သိမ်းဆည်းလေ။ တစ်လိုင်းတစ်လိုင်း၌ ကုသိုလ်ဇော ဝီထိ အကုသိုလ်ဇောဝီထိတို့၏ အတွင်း၌ တည်ရှိကြသော ဝိပါက်ဝိညာဏ်များကို ကုန်စင်အောင် သိမ်းဆည်းပါ။ ဤတွင် အကြောင်းတရား အကျိုးတရား သိမ်းဆည်းပုံ အရိပ်အမြွက်မျှကို ပုံစံအနည်းငယ် ထုတ်၍ ရေးသား တင်ပြအပ်ပါသည်။

ဘုရားရှင်သည် ပဋိစ္စသမုပ္ပါဒ်ဒေသနာကို ဟောကြားတော်မူရာဝယ် သုတ္တန္တဘာဇနီယနည်း အဘိဓမ္မဘာဇနီယနည်းဟု နှစ်မျိုးခွဲကာ ဟောကြားထားတော်မူခဲ့၏၊ သုတ္တန္တဘာဇနီယနည်း၌ကား အဝိဇ္ဇာနှင့် သင်္ခါရတို့မှာ စိတ္တက္ခဏပေါင်းများစွာ ဝီထိစဉ်ပေါင်းများစွာ ကွာဝေးလျက် ခြားလျက် ရှိ ကြ၏၊ အဘိဓမ္မဘာဇနီယနည်း၌ကား အဝိဇ္ဇာနှင့် အကုသိုလ်သင်္ခါရတို့မှာ စိတ္တက္ခဏတစ်ခုအတွင်း ဝီထိစိတ်အစဉ်တစ်ခုအတွင်း၌ အတူယှဉ်တွဲ၍ ဖြစ်ကြသည်လည်း ရှိကြ၏၊

ရှုကွက်ပုံစံများ - ဝီထိမုတ်စိတ်

၁။ သင်္ခါရ (= ၃၄) ဖြစ်ခြင်းကြောင့် ပဋိသန္ဓေဝိညာဏ် ဖြစ်၏၊
သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ပဋိသန္ဓေဝိညာဏ်က အကျိုးတရား။
၂။ သင်္ခါရ (= ၃၄) ဖြစ်ခြင်းကြောင့် ဘဝင်ဝိညာဏ် ဖြစ်၏၊
သင်္ခါရ (= ၃၄)က အကြောင်းတရား၊ ဘဝင်ဝိညာဏ်က အကျိုးတရား။
၃။ သင်္ခါရ (= ၃၄) ဖြစ်ခြင်းကြောင့် စုတိဝိညာဏ် ဖြစ်၏၊
သင်္ခါရ (= ၃၄)က အကြောင်းတရား၊ စုတိဝိညာဏ်က အကျိုးတရား။

စက္ခုဒွါရဝီထိ ဝိပါက်ဝိညာဏ်များ

၁။ သင်္ခါရ (= ၃၄) ဖြစ်ခြင်းကြောင့် စက္ခုဝိညာဏ် ဖြစ်၏၊
သင်္ခါရ (= ၃၄)က အကြောင်းတရား၊ စက္ခုဝိညာဏ်က အကျိုးတရား။
၂။ သင်္ခါရ (= ၃၄) ဖြစ်ခြင်းကြောင့် သမ္ပဋိ စ္ဆိုင်းဝိညာဏ် ဖြစ်၏၊
သင်္ခါရ (= ၃၄)က အကြောင်းတရား၊ သမ္ပဋိ စ္ဆိုင်းဝိညာဏ်က အကျိုးတရား။
၃။ သင်္ခါရ (= ၃၄) ဖြစ်ခြင်းကြောင့် သန္တီရဏဝိညာဏ် ဖြစ်၏၊
သင်္ခါရ (= ၃၄)က အကြောင်းတရား၊ သန္တီရဏဝိညာဏ်က အကျိုးတရား။
၄။ သင်္ခါရ (= ၃၄) ဖြစ်ခြင်းကြောင့် တဒါရုံဝိညာဏ် ဖြစ်၏၊
သင်္ခါရ (= ၃၄)က အကြောင်းတရား၊ တဒါရုံဝိညာဏ်က အကျိုးတရား။[မှတ်စု ၄]

  1. (အဘိ၊၁၊၁၁၆။)
  2. တတြ ဟိ နာနာစိတ္တက္ခဏိကော ပစ္စယကာရော ဝိဘတ္တော။ ဣဓ ဧကစိတ္တက္ခဏိကော အာရဒ္ဓေါ။ (အဘိ၊ဋ္ဌ၊၂၊၁၉၁။)
  3. ကာမာဝစရဿ ကုသလဿ ကမ္မဿ ကတတ္တာ ဥပစိတတ္တာ ဝိပါကံ စက္ခုဝိညာဏံ ဥပ္ပန္နံ ဟောတိ။ (အဘိ၊၁၊၁၀၄။)
    “ကာမာဝစရကုသိုလ်ကံကို ပြုစုပျိုးထောင်အပ်ပြီးသည့်အတွက်ကြောင့် ဆည်းပူးအပ်ပြီးသည့်အတွက်ကြောင့် ကုသလဝိပါက် စက္ခုဝိညာဏ်သည် ထင်ရှား ဖြစ်ပေါ်လာ၏၊”
  4. မှတ်ချက်---- တဒါရုံကို ရှုရာ၌ စက္ခုဒွါရဝီထိ၌ နှစ်ကြိမ်, ရူပါရုံကိုပင် အာရုံယူသည့် မနောဒွါရဝီထိ၌ နှစ်ကြိမ်စီ ရှုပါ။
    စက္ခုဒွါရဝီထိ၌ နာမ်ကမ္မဋ္ဌာန်းပိုင်းဇယားများတွင် ရေးသားတင်ပြထားသည့်အတိုင်း အတန်းတိုင်း၌ ဝိပါက်ဝိညာဏ်များကို ကုန်စင်အောင် ရှုပါ။ ကုသိုလ်ဇောဝီထိ အကုသိုလ်ဇောဝီထိများကို ကုန်စင်အောင် ရှုပါ။ သဒ္ဒါရုံလိုင်း၌ သောတဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, တဒါရုံဝိပါက်ဝိညာဏ်၊ ဂန္ဓာရုံလိုင်း၌ ဃာနဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, တဒါရုံဝိပါက်ဝိညာဏ်၊ ရသာရုံလိုင်း၌ ဇိဝှါဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, တဒါရုံဝိပါက်ဝိညာဏ်၊ ဖောဋ္ဌဗ္ဗာရုံလိုင်း၌ ကာယဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ, တဒါရုံဝိပါက် ဝိညာဏ်၊ ဓမ္မာရုံလိုင်း၌ တဒါရုံဝိပါက်ဝိညာဏ်တို့ကို နည်းမှီ၍ ကုန်စင်အောင် သိမ်းဆည်း ရှုပွားပါ။ ဝိပဿနာပိုင်းသို့ ရောက်ရှိ၍ ဝိပဿနာရှုသောအခါ၌ကား ယင်းဝိပါက်ဝိညာဏ်များပါဝင်သော ဝီထိစိတ်အစဉ်၏ အစတွင် တည်ရှိသော ပဉ္စဒွါရဝီထိ၌ ပဉ္စဒွါရာဝဇ္ဇန်း, မနောဒွါရဝီထိ၌ မနောဒွါရာဝဇ္ဇန်း, အလယ်တွင် တည်ရှိသော ဝုဋ္ဌော, ဇောတို့ကို ပရမတ္ထဓာတ်သားများကို မကြွင်းမကျန်ရအောင် ရောနှောရှုပါက အပြစ်မဖြစ်ပါ။