နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ဥပါဒါနပစ္စယာ ဘဝေါ

ဥပါဒါနပစ္စယာ ဘဝေါ = ဥပါဒါန် ဖြစ်ခြင်းကြောင့် ဘဝဖြစ်၏၊

ဘဝ – ဘဝသည် (၁) ကမ္မဘဝ, (၂) ဥပပတ္တိဘဝ-ဟု နှစ်မျိုးရှိ၏၊ ကမ္မဘဝကား ဖြစ်ကြောင်းတရားတည်း။ ဥပပတ္တိဘဝကား ဖြစ်မှု = ခန္ဓာတို့၏ ဖြစ်မှုသဘောတရားတည်း။

ဤပစ္စုပ္ပန်တွင် အနာဂတ်ဘဝအတွက် ရည်ရွယ်၍ ပြုစုပျိုးထောင်နေသော ကုသိုလ်ကံ အကုသိုလ်ကံသည် ကမ္မဘဝ မည်၏၊ ဖြစ်ကြောင်း ဘဝတည်း၊ ဖြစ်ကြောင်းတရားတည်း။ ထို ကုသိုလ်ကံ အကုသိုလ်ကံကြောင့် ဖြစ်ပေါ် လာမည့် ဝိပါက်နာမက္ခန္ဓာ လေးပါးနှင့် ကမ္မဇရုပ်များသည် ဥပပတ္တိဘဝ မည်၏၊ ဖြစ်မှုဘဝတည်း၊ ဖြစ်မှုသဘော တရားတည်း။

အနာဂတ်၌ ဖြစ်မည့် ဝိပါက်နာမက္ခန္ဓာနှင့် ကမ္မဇရုပ်များတည်းဟူသော ဥပပတ္တိဘဝ ရရှိရေးအတွက် ပစ္စုပ္ပန်တွင် ပြုစုပျိုးထောင်နေသော ပုညာဘိသင်္ခါရ အပုညာဘိသင်္ခါရ အာနေဉ္ဇာဘိသင်္ခါရဟူသော သင်္ခါရ = ကံတို့မှာ ကမ္မဘဝ မည်ပေသည်။ ယင်းကမ္မဘဝ ဥပပတ္တိဘဝတို့၏ (အဝိဇ္ဇာ တဏှာ) ဥပါဒါန်ကို အခြေခံ၍ အကြောင်း ခံ၍ ဖြစ်ပေါ်လာပုံကို ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ရှုရမည် ဖြစ်သည်။ ကမ္မဘဝအရ မိမိ၏ အနာဂတ်အတွက် ပြုစုပျိုးထောင်နေသော ကုသိုလ်စေတနာဦးဆောင်သည့် ကုသိုလ်နာမ်တရားစုကို ပဓာနထား၍ ရှုပါ။ ဖြစ်ဖူးသည့် အကုသိုလ်စေတနာအုပ်စုနှင့်လည်း တိုက်ဆိုင်၍ ရှုကြည့်နိုင်ပါသည်။ ဒုစရိုက်အပေါ် တွယ်တာမှု တဏှာကို အကြောင်းခံ၍ ဒုစရိုက်အပေါ် စွဲလမ်းမှု ဥပါဒါန် ဖြစ်ပုံ, ယင်းဥပါဒါန်ကို အကြောင်းခံ၍ ဒုစရိုက်ကံများကို လွန်ကျူးမိပုံ = အကုသိုလ်သင်္ခါရ ဖြစ်ပုံ, ယင်းအကုသိုလ်ကံ (ကမ္မဘဝ)ကြောင့် နောင်အနာဂတ်တွင် အပါယ်၌ ဥပပတ္တိဘဝဟူသော ခန္ဓာငါးပါးဖြစ်ပုံကိုလည်း ရှုနိုင်ပါသည်။ သို့သော် သမ္မောဟဝိနောဒနီအဋ္ဌကထာ[မှတ်စု ၁]နှင့် ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[မှတ်စု ၂]တို့၏ အဆိုအမိန့်များအရ အလွန်ဖြစ်ခဲဖွယ်ရာ ရှိပေသည်။

သတိပြုရန် အချက်တစ်ရပ်

“ဤ ပစ္စယပရိဂ္ဂဟဉာဏ်သို့ တိုင်အောင် အသိဉာဏ်ပေါက်ရောက်လျက်ရှိသော ရုပ်တရား နာမ်တရား အကြောင်း တရား အကျိုးတရားတို့ကို ကောင်းစွာ ပိုင်းခြားမှတ်သားလျက် တည်နေသော ယောဂါဝစရရဟန်းတော်ကား ကိုယ်တော်အား (၁၀)ပါး, ဉာဏ်တော်အား (၁၀)ပါးနှင့် ပြည့်စုံတော်မူသော ဘုရားရှင်၏ သာသနာတော်၌ မခွဲနိုင်အောင် အမြစ်တွယ်သွားပြီး ဖြစ်၏၊ ထောက်ရာတည်ရာ သက်သာရာကို ရရှိသွားသည် မည်၏၊ ရုပ်-နာမ်-ကြောင်း-ကျိုး = သင်္ခါရတရားတို့ကို ပစ္စယပရိဂ္ဂဟဉာဏ်ဖြင့် သိမ်းဆည်းမိသောအခါ ကင်္ခါဝိတရဏဝိသုဒ္ဓိ ဖြစ်၍ ဗုဒ္ဓမြတ်စွာ သာသနာတော်မှ မခွာနိုင်အောင် သာသနာတော်ဝယ် အမြစ်တွယ်ပြီးဖြစ်တော့သည် ဟူလို။ ယင်းသို့ ထောက်ရာ တည်ရာကို ရရှိသဖြင့် သုဂတိဘဝတည်းဟူသော မြဲသော လားရာဂတိရှိသော စူဠသောတာပန် မည်ပေသည်။ စူဠသောတာပန်အဆင့်သို့ ဆိုက်ရောက်သွားပေပြီ” ဟူလို။

ဤအထက်ပါ အဋ္ဌကထာကြီးများ၏ ဖွင့်ဆိုချက်နှင့်အညီ ပစ္စယပရိဂ္ဂဟဉာဏ်ကို ရရှိသဖြင့် စူဠသောတာပန် အဆင့်သို့တိုင်အောင် ပေါက်ရောက်ပြီးသော သူတော်ကောင်းသည် အနာဂတ်ဝဋ္ဋကထာပိုင်းတွင် အပါယ်သံသရာသို့ တစ်ဖန် ပြန်လည် ဆိုက်ရောက်ရေးမှာ အလှမ်းဝေးလျက် ရှိပေသည်။ သို့အတွက် ဖြစ်ခွင့်ရှိသော ကုသိုလ်သင်္ခါရနှင့်သာ အကြောင်း အကျိုး စပ်လျက် အကြောင်းတရား အကျိုးတရားတို့ကို သိမ်းဆည်းပါ။

အလားတူပင် ဤအဆင့်အထိ ရှုထားပြီးသော ယောဂီသူတော်ကောင်း တစ်ဦးအဖို့ ဒိဋ္ဌုပါဒါန် သီလဗ္ဗတုပါဒါန် အတ္တဝါဒုပါဒါန်တို့ကား အလွန် ဖြစ်ခဲဖွယ်ရာ ရှိပေသည်၊ ကာမုပါဒါန်ပင် အဖြစ်များဖွယ်ရာ ရှိပေသည်။ အနာဂတ် ရဟန်းဘဝ အနာဂတ်ဓမ္မကထိကနတ်သားဘဝစသည့် အနာဂတ်ဘဝ၌ရှိသော ခန္ဓာငါးပါးကို တွယ်တာမှု အနာဂတ် အာရုံ (၆)ပါးတို့ကို တွယ်တာမှုတို့ကား ကာမုပါဒါန်ပင် ဖြစ်သည်။ ယင်းကာမုပါဒါန်ကြောင့် ကမ္မဘဝ ဥပပတ္တိဘဝ ဖြစ်ပုံကိုသာ ဉာဏ်ဖြင့် မြင်အောင်ကြည့်၍ ရှုပါ။

လိုရင်းမှတ်သားရန် ရှုကွက်

အနာဂတ်ဘဝတစ်ခုခုအတွက် ရည်ရွယ်၍ ပြုစုပျိုးထောင်နေသော အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံတို့ကို ရှုရမည့်အပိုင်း ဖြစ်သဖြင့် အနာဂတ်ဘဝသစ်အတွက် ယောဂီသူတော်ကောင်းကိုယ်တိုင် စွဲစွဲလမ်းလမ်း ပြုစုပျိုးထောင် နေသည့် (အဝိဇ္ဇာ) တဏှာ ဥပါဒါန် (သင်္ခါရ ) ကံ - တစ်မျိုးမျိုးကိုသာ အာရုံယူ၍ ရှုပါကလည်း လုံလောက်သည်သာ ဖြစ်ပေသည်။ အနာဂတ်ဘဝသစ်အတွက် ရည်ရွယ်၍ ပြုစုပျိုးထောင်နေသော ကံပေါင်းများစွာတို့မှ အမှတ်တရ ကျေကျေနပ်နပ် ပြုစုပျိုးထောင်ထားသော ကံတစ်ခုခုကို ဆိုလိုပေသည်။ ထိုကြောင့် ––

၁။ အနာဂတ် ရဟန်းဘဝ သို့မဟုတ် ဓမ္မကထိကနတ်သားဘဝဟု အသိမှားမှု သဘောကား အဝိဇ္ဇာ၊
၂။ ယင်းဘဝကို တွယ်တာတပ်မက်မှု သဘောကား တဏှာ၊
၃။ ယင်းတဏှာကြောင့် ယင်းဘဝကို စိတ်ကပ်ရောက်စွဲနေမှု သဘောကား ဥပါဒါန် = ကာမုပါဒါန်၊
၄။ ယင်းကာမုပါဒါန်ကို အကြောင်းခံ၍ ပြုစုပျိုးထောင်နေသော ဒါနမှု သို့မဟုတ် သီလမှု သို့မဟုတ် ဘာဝနာမှုတို့ကား သင်္ခါရနှင့်
၅။ ကံ = ကမ္မဘဝတို့ ဖြစ်ကြ၏၊ (ကမ္မသတ္တိကို ရည်သည်။)

ယင်းကမ္မဘဝကြောင့် ရရှိမည့် ရဟန်းဘဝ ဓမ္မကထိကနတ်သားဘဝ ခန္ဓာငါးပါးတို့ကား ဥပပတ္တိဘဝတည်း၊ အနာဂတ်ဇာတိတည်း။

အကယ်၍ ယောဂီသူတော်ကောင်းသည် သမထယာနိကပုဂ္ဂိုလ်ဖြစ်၍ စျာန်ရသူတော်ကောင်းဖြစ်လျှင် မိမိ ရရှိထားသော စျာန်တို့တွင် မိမိ ကျေနပ်နှစ်သက်သော စျာန်ကို ပရိတ္တစျာန်ဖြစ်အောင် သို့မဟုတ် မဇ္ဈိမစျာန်ဖြစ်အောင် သို့မဟုတ် ပဏီတစျာန်ဖြစ်အောင် ပွားများ၍ ထိုစျာန်နှင့် လျော်ညီသော ရသင့်ရထိုက် ရောက်သင့်ရောက်ထိုက်သော ဗြဟ္မာဘဝ ဗြဟ္မာခန္ဓာကို ဆုတောင်းလျက် သို့မဟုတ် စိတ်ညွတ်ကိုင်းလျက် ယင်း အဝိဇ္ဇာ တဏှာ ဥပါဒါန် (စျာန်) သင်္ခါရ ကံတို့ကြောင့် ရရှိမည့် ဗြဟ္မာဘဝ ဗြဟ္မာခန္ဓာကို နည်းတူ ရှုကြည့်ပါ။ ယောဂီသူတော်ကောင်းအဖို့ အနာဂတ် သံသရာခရီးသည် ထင်ရှားရှိနေသေးလျှင် ဗြဟ္မာဘဝ ဗြဟ္မာခန္ဓာဟူသော ဥပပတ္တိဘဝကို တွေ့ရှိမည် ဖြစ်သည်။

ယောဂီပုဂ္ဂိုလ်များ၌ တစ်ဦးနှင့် တဦး အဝိဇ္ဇာချင်း တဏှာချင်း ဥပါဒါန်ချင်း သင်္ခါရ-ကံချင်း မတူညီကြပေ။ အထက်ပါ ရဟန်းဘဝ ဓမ္မကထိကနတ်သားဘဝ ပုံစံတို့ကို နည်းမှီ၍ မိမိ ဆုတောင်းထားသည့် စိတ်ညွတ်ကိုင်းရှိုင်းထားသည့် ရည်မှန်းထားသည့် ပုံစံအတိုင်းသာ ရှုရန် ဖြစ်သည်။

ရှုကွက်ပုံစံအချို့

၁။ ကာမုပါဒါန် ဖြစ်ခြင်းကြောင့် ကမ္မဘဝ ဖြစ်၏၊ ကာမုပါဒါန်က အကြောင်းတရား၊ ကမ္မဘဝက အကျိုးတရား။
၂။ ကမ္မဘဝ ဖြစ်ခြင်းကြောင့် ဥပပတ္တိဘဝ ဖြစ်၏၊ ကမ္မဘဝက အကြောင်းတရား၊ ဥပပတ္တိဘဝက အကျိုးတရား။

ဥပါဒါန်နှင့် ကမ္မဘဝတို့၏ မနောဒွါရိက ဇောဝီထိစိတ်အစဉ်

အထက်ပါဇယားတွင် ကမ္မဘဝအရ ကုသိုလ်ကမ္မဘဝကိုသာ ပုံစံအဖြစ် ထုတ်ပြထားပါသည်။ သို့သော် ကာလ သုံးပါးလုံး၌ မိမိတို့၏ ရုပ်နာမ်သန္တာန်အစဉ်တွင် ဖြစ်ခဲ့သည့်အတိုင်း ဖြစ်ဆဲဖြစ်သည့်အတိုင်း ဖြစ်လတ္တံ့ဖြစ်သည့် အတိုင်းသာ ကုသိုလ်ကမ္မဘဝ သို့မဟုတ် အကုသိုလ်ကမ္မဘဝတို့ကို ထိုက်သလို ရှုပါ။ အကယ်၍ စျာန်ကမ္မဘဝဖြစ်လျှင်

၁။ ပထမစျာန် ကမ္မဘဝ = ၃၄
၂။ ဒုတိယစျာန် ကမ္မဘဝ = ၃၂
၃။ တတိယစျာန် ကမ္မဘဝ = ၃၁
၄။ စတုတ္ထစျာန် ကမ္မဘဝ = ၃၁
၅။ အရူပစျာန် ကမ္မဘဝ = ၃၁ - ဤသို့စသည်ဖြင့် သဘောပေါက်ပါလေ။ (စတုက္ကနည်းတည်း။)

  1. (အဘိ၊ဋ္ဌ၊၂၊၂၄၂။) ၇၈၈
  2. ဣမိနာ ပန ဉာဏေန သမန္နာဂတော ဝိပဿကော ဗုဒ္ဓသာသနေ လဒ္ဓဿာသော လဒ္ဓပတိဋ္ဌော နိယတဂတိကော စူဠသောတာပန္နော နာမ ဟောတိ။ (ဝိသုဒ္ဓိ၊၂၊၂၄၀။)