နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ဩဒါတကသိုဏ်းပွားများပုံ

ဩဒါတကသိုဏ်းပွားများပုံ

ယောဂါဝစရပုဂ္ဂိုလ်သည် ဤ (၃၂)ကောဋ္ဌာသတို့ကို အာနာပါနစတုတ္ထစျာန်ကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်စွမ်းအင်၏ အကူအညီကို ယူ၍ ဆံပင်မှသည် ကျင်ငယ်, ကျင်ငယ်မှသည် ဆံပင်သို့တိုင်အောင် အဝါးဝစွာ လေ့လာပါ။ ဆံပင်မှသည် အောက်သို့ စိုက်ရှုလိုက်ရာ ကျင်ငယ်သို့ တိုင်အောင်, ကျင်ငယ်မှသည် အထက်သို့ လှန်၍ ရှုလိုက်ရာ ဆံပင်သို့တိုင်အောင် တိုးလျှိုပေါက် ဉာဏ်ဖြင့် ထင်ထင်ရှားရှား တွေ့မြင်သည် ဖြစ်အံ့၊ ထိုအခါ၌ အဇ္ဈတ္တ၌ အဝါးဝစွာ နိုင်နိုင်နင်းနင်း လေ့လာပြီးဖြစ်ပေပြီ = ပဂုဏ ဖြစ်ပေပြီ။

ထိုအခါ ယင်းအာနာပါနစတုတ္ထစျာန်ကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်၏ အကူအညီကိုပင်ယူ၍ ထိုလင်းရောင်ခြည် ပြန့်နှံ့ရာ အနီးကပ်ဆုံး နေရာ၌ အထူးသဖြင့် ရှေ့တည့်တည့်၌ တည်ရှိသော သူတော်ကောင်း တစ်ဦး၏ သို့မဟုတ် သတ္တဝါတစ်ဦး၏ သန္တာန်၌ တည်ရှိသော (၃၂)ကောဋ္ဌာသတို့ကို ဆံပင်မှသည် ကျင်ငယ်, ကျင်ငယ်မှသည် ဆံပင်သို့တိုင်အောင် ကြိမ်ဖန်များစွာ ရှုကြည့်ပါ။ အောင်မြင်မှု ရရှိသောအခါ အဇ္ဈတ္တ၌ တစ်လှည့်, ဗဟိဒ္ဓ၌ တစ်လှည့် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ရှုပါ။ ထိုသို့ အဇ္ဈတ္တ ဗဟိဒ္ဓ တစ်လှည့်စီ ကြိမ်ဖန်များစွာ ရှုနိုင်ပါမှ ဘာဝနာစွမ်းအင်သည် ကြီးမားလာမည် ဖြစ်ပေသည်။

ဤနည်းစနစ်ကို မှီ၍ အနီးမှသည် အဝေးသို့ တစ်စတစ်စ တိုး၍တိုး၍ ရှုကြည့်ပါ။ အရပ် (၁၀)မျက်နှာ အားလုံးသို့ ဖြန့်ကြက်၍ ရှုကြည့်ပါ။ ယင်း အာနာပါနစတုတ္ထစျာန်ကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်နှင့်

၁။ အာနာပါန စတုတ္ထစျာန်သမာဓိကို ပြန်လည်ထူထောင်ပါ။ လင်းရောင်ခြည်စွမ်းအင်များ ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသောအခါ ..
၂။ အဇ္ဈတ္တ (၃၂)ကောဋ္ဌာသတို့ကို သိမ်းဆည်းပါ။
၃။ မိမိ၏ ရှေ့တည့်တည့်တွင် သို့မဟုတ် အနီးကပ်ဆုံး တစ်နေရာ၌ တည်ရှိသော ဗဟိဒ္ဓ (၃၂)ကောဋ္ဌာသတို့ကို သိမ်းဆည်းပါ။
၄။ ထိုဗဟိဒ္ဓ (၃၂)ကောဋ္ဌာသတို့တွင် အရိုးစုကောဋ္ဌာသကို သိမ်းဆည်းပါ။ (ပဋိကူလအားဖြင့် နှလုံးသွင်းလိုကလည်း သွင်းပါ။ မသွင်းလိုကလည်း ယင်းအရိုးစုကို သိမ်းဆည်းရုံ သိမ်းဆည်းပါ။)
၅။ ထိုဗဟိဒ္ဓအရိုးစု၏ အဖြူဆုံး တစ်နေရာကို ရွေးချယ်၍ သို့မဟုတ် အရိုးစုအားလုံး ဖြူနေသော် အရိုးစုအားလုံးကို ခြုံငုံ၍ သို့မဟုတ် ဦးခေါင်းခွံအရိုးကို အာရုံယူ၍ ဩဒါတ ဩဒါတ = အဖြူ အဖြူဟု နှလုံးသွင်းပါ။

ယောဂါဝစရပုဂ္ဂိုလ်သည် အကယ်၍ စိတ်အားထက်သန်ပါက အဇ္ဈတ္တအရိုးစု၌ ပဋိကူလအားဖြင့် နှလုံးသွင်းပြီး၍ ပထမစျာန်သို့ ဆိုက်ပြီးသောအခါ ယင်းအရိုးစုသည်လည်း ဖြူလာသောအခါ ထိုအဖြူရောင်၌ ပရိကမ္မဘာဝနာကို စီးဖြန်းလိုက စီးဖြန်းနိုင်ပါသည်။ အဇ္ဈတ္တကသိုဏ်းရုပ်၌ အပ္ပနာစျာန်သို့ ဆိုက်သည်တိုင်အောင် ရှုမရဖြစ်နေပါက သို့မဟုတ် မရှုလိုပါက ပရိကမ္မသမာဓိမျှကိုသာ ထူထောင်ပြီးနောက် ဗဟိဒ္ဓ အရိုးစုကောဋ္ဌာသ၏ အဖြူရောင်ကို အာရုံယူ၍ ဩဒါတ အဖြူရောင်ကသိုဏ်းကို ဆက်လက် ရှုရမည် ဖြစ်သည်။

ထိုသို့မဟုတ်ဘဲ ဗဟိဒ္ဓ အရိုးကောဋ္ဌာသမှပင် ဩဒါတကသိုဏ်းသို့ သွားလိုကလည်း အထက်ဖော်ပြပါ အစီအစဉ် အတိုင်း ရှုနိုင်ပါသည်။ ဗဟိဒ္ဓ အရိုးစုကောဋ္ဌာသကို ပဋိကူလအားဖြင့် နှလုံးသွင်းခြင်းသည်ကား ပဋိကူလမနသိကာရ ကမ္မဋ္ဌာန်းကိုလည်း စီးဖြန်းတတ်စေ, အရိုးစုကောဋ္ဌာသလည်း ခိုင်ခံ့စေ, အရိုးစုကောဋ္ဌာသလည်း ဖြူလာစေဟူသော ဦးတည်ချက်တို့ဖြင့် နှလုံးသွင်းခြင်းသာ ဖြစ်သည်။ ပဋိကူလအားဖြင့် နှလုံးမသွင်းဘဲ ဩဒါတကသိုဏ်းသို့ တိုက်ရိုက် သွားလိုကလည်း သွားနိုင်သည်သာ ဖြစ်သည်။ ဗဟိဒ္ဓ အရိုးစု၏ အထူးသဖြင့် ဦးခေါင်းခွံ၏ အဖြူရောင်ကို အာရုံယူ၍ ဩဒါတ ဩဒါတ = အဖြူ အဖြူဟု ရှုသောအခါ ထိုအဖြူရောင်အာရုံ၌ ဘာဝနာစိတ်ကို တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာကပ်၍ တည်နေအောင် ကြိုးစားပါ။

အာနာပါနစတုတ္ထစျာန်စသော ရှေးရှေး ဘာဝနာသမာဓိတို့၏ အားကြီးသော မှီရာ = ဥပနိဿယသတ္တိစသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေးမှု အရှိန်အဝါသတ္တိထူးကြီးကို ဆက်ခံထားရသော ယောဂါဝစရပုဂ္ဂိုလ်၏ ဩဒါတ ကသိုဏ်း ဘာဝနာစိတ်သည် အဖြူရောင်အာရုံ၌ ငြိမ်ဝပ်စွာကပ်၍ တည်နေမည်သာ ဖြစ်ပေသည်။ ယင်းအဖြူရောင် အာရုံ၌ တစ်နာရီ နှစ်နာရီ စသည်ဖြင့် ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာကပ်၍ တည်နေပါက အရိုးစုကောဋ္ဌာသ ပျောက်၍ အဖြူရောင်ကသိုဏ်းဝန်းသက်သက်သာ ကျန်ရှိနေမည်ဖြစ်သည်။ ဝါဂွမ်းစိုင်ကဲ့သို့ ဆွတ်ဆွတ်ဖြူနေသော အဖြူရောင် ကသိုဏ်းဝန်းကား ဥဂ္ဂဟနိမိတ်တည်း။ သောက်ရှူးကြယ်ကဲ့သို့ အလွန် ကြည်လင်တောက်ပလာသော အဖြူရောင် ကသိုဏ်းဝန်းကား ပဋိဘာဂနိမိတ်တည်း။ ဥဂ္ဂဟနိမိတ်သို့ မဆိုက်မီ အရိုးစုနိမိတ်အားလုံးကား ဆွတ်ဆွတ် မဖြူမီ ပရိကမ္မနိမိတ်ချည်းသာတည်း။

အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် ဤသာသနာတော်တွင်း၌ ရှေးရှေးဘဝများကဖြစ်စေ သို့မဟုတ် ရှေးရှေး ဘုရားရှင်တို့၏ သာသနာတော်တွင်း ဘဝထိုထိုကဖြစ်စေ ဖြည့်ကျင့်ဆည်းပူးခဲ့သော ဩဒါတကသိုဏ်း ပါရမီကုသိုလ် အဆောက်အဦရှိသူ ဖြစ်ပါက အဖြူရောင် ဩဒါတကသိုဏ်းဝန်းမှာ အထူးကြိုးစား၍ မဖြန့်ရတော့ဘဲ ဥဂ္ဂဟနိမိတ် သို့မဟုတ် ပဋိဘာဂနိမိတ်သို့ ဆိုက်ရောက်လာသောအခါ အဖြူရောင် ဩဒါတကသိုဏ်းဝန်းကို စိုက်၍ အဖြူ အဖြူဟု ရှုနေစဉ်မှာပင် ယင်းအဖြူရောင် ဩဒါတကသိုဏ်းဝန်းသည် အရပ် (၁၀)မျက်နှာသို့တိုင်အောင် လွယ်ကူစွာ ပြန့်သွားမည် ဖြစ်ပေသည်။

အကယ်၍ အဖြူရောင်ကသိုဏ်းဝန်းမှာ ပြန့်ကျယ်၍ မသွားပါက ထိုအဖြူရောင်ကသိုဏ်းဝန်းကိုပင် ဆွတ်ဆွတ် ဖြူ၍ အထူးကြည်လင်တောက်ပလာသည့်တိုင်အောင် ယင်းဩဒါတကသိုဏ်းဝန်းကိုပင် အာရုံယူ၍ အဖြူ အဖြူဟု ရှုနေပါ။ သမာဓိကို ဆက်လက်ထူထောင်ပါ။ ဆွတ်ဆွတ်ဖြူ၍ အထူး သန့်ရှင်းကြည်လင်တောက်ပနေသည့် ပဋိဘာဂနိမိတ်သို့ ဆိုက်ရောက်သောအခါ ယင်းပဋိဘာဂနိမိတ်ကိုပင် အာရုံယူ၍ အဖြူ အဖြူဟု ဆက်လက် ရှုပွားခဲ့သော် ပထမစျာန်သမာဓိသို့ကား ဆိုက်နိုင်၏၊ သို့သော် ယင်းသမာဓိမှာ မခိုင်ခံ့ဘဲ အရှည်မတည်တံ့ ဖြစ်တတ်၏၊ ထိုကြောင့် ယင်းပဋိဘာဂနိမိတ်ကို သမာဓိ အရှည်ခိုင်ခံ့တည်တံ့ရေးအတွက် တိုးပွားအောင် ပြုလုပ်သင့်ပေသည်။

ယင်း အဖြူရောင်ဩဒါတကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ်သည် တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာကပ်၍ တည်နေသောအခါ “အဖြူရောင်ကသိုဏ်းဝန်းသည် ဘေးပတ်လည်ဝန်းကျင်သို့ လက်တစ်သစ်ခန့် ပြန့်ပါစေ၊ သို့မဟုတ် လက်နှစ်သစ်ခန့် ပြန့်ပါစေ၊ သို့မဟုတ် လက်သုံးသစ်ခန့် ပြန့်ပါစေ၊ သို့မဟုတ် လက်လေးသစ်ခန့် ပြန့်ပါစေ” ဤသို့စသည်ဖြင့် မိမိ၏ ဉာဏ်အာနုဘော်စွမ်းအားနှင့် နှိုင်းချိန်လျက် လက်တစ်သစ် လက်နှစ်သစ် စသည်ဖြင့် ပိုင်းခြား၍ အဓိဋ္ဌာန်ပြုကာ ဖြန့်ကြည့်ပါ။ လက်တစ်သစ် လက်နှစ်သစ် စသည်ဖြင့် မပိုင်းခြားဘဲကား ကသိုဏ်းဝန်းကို မဖြန့်ပါနှင့်၊ ပိုင်းခြား၍သာ ဖြန့်ပါ။ ထိုသို့ ပိုင်းခြား၍ အဓိဋ္ဌာန်ပြုကာ ဖြန့်လိုက်သဖြင့် ကသိုဏ်းဝန်းသည် ပြန့်သွားခဲ့သော် ယင်းကသိုဏ်းဝန်းသည် အနည်းငယ် လှုပ်ရှားသွားတတ်၏၊ ထိုအခါ ထိုကသိုဏ်းဝန်းကို ငြိမ်သက်သွားအောင် အဖြူ အဖြူဟု ရှုနေပါ။ သမာဓိစွမ်းအင် အားကောင်းလာသောအခါ ကသိုဏ်းဝန်းသည် ငြိမ်သက်သွားမည် ဖြစ်သည်။ ငြိမ်သက်သွားပါက ရှေးနည်းတူ ပိုင်းခြား၍ အဓိဋ္ဌာန်ပြုကာ ထပ်မံ၍ ဖြန့်ကြည့်ပါ။ တစ်စတစ်စ ကသိုဏ်းဝန်းသည် ကျယ်ပြန့်လာသောအခါ “တစ်တောင် ပြန့်ပါစေ၊ တစ်လံ ပြန့်ပါစေ” ဤသို့စသည်ဖြင့် တိုးချဲ့၍ ဖြန့်ကြည့်ပါ။ ဤနည်းဖြင့် ကသိုဏ်းဝန်းကို အရပ် (၁၀)မျက်နှာသို့ အတိုင်းအတာပမာဏ မရှိအောင် ဖြန့်ကြက်ပါ။ အရပ် (၁၀)မျက်နှာ၌ မည်သည့်အရပ်ကိုမဆို ကြည့်လိုက်တိုင်း ဖြူနေပါစေ။ အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနလုံး၌ သဏ္ဌာန်ဒြပ် လုံးဝမရှိတော့ဘဲ အဖြူရောင်ချည်းသက်သက် တည်ရှိနေသောအခါ ထိုအဖြူရောင်ကသိုဏ်းအာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင်, လှုပ်ရှားနေပါက လှုပ်ရှားနေသော အဖြူရောင်ကသိုဏ်းအာရုံလည်း ငြိမ်ဝပ်သွားအောင် မိမိ၏ ရှေ့တည့်တည့် သုံးလေးပေခန့်ကွာဝေးသော ယင်း ဖြန့်ကြက်ပြီးသော အဖြူရောင်ကသိုဏ်း၏ တစ်နေရာ၌ တိုက်နံရံ တစ်ခုပေါ်၌ ဦးထုပ်တစ်လုံးကို ချိတ်ဆွဲထားသကဲ့သို့ ဘာဝနာစိတ်ကို ကပ်ထား၍ အဖြူ အဖြူဟုသာ ရှုနေပါ။ ယင်းအဖြူရောင်ကသိုဏ်းအာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာကပ်၍ တည်လာသောအခါ အဖြူရောင်ကသိုဏ်း မှာလည်း လှုပ်ရှားမှုမရှိတော့ဘဲ ငြိမ်ဝပ်လာမည် ဖြစ်၏၊ ဘာဝနာစိတ်လည်း ငြိမ်သက်လာ၍ အဖြူရောင်ကသိုဏ်းလည်း ငြိမ်ဝပ်လာသောအခါ ယင်းအဖြူရောင်ကသိုဏ်းမှာ ဆွတ်ဆွတ်ဖြူ၍ အထူး ကြည်လင်သန့်ရှင်းလာမည် ဖြစ်သည်။ အဖြူရောင်ကသိုဏ်းဝန်းနိမိတ်ကို တိုးပွားအောင် ပြုလုပ်ပြီးနောက် ထပ်မံ၍ ရရှိလာသော ကသိုဏ်းပဋိဘာဂနိမိတ် တည်း။ ထိုအဖြူရောင်ကသိုဏ်းပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာစိတ်ကို တစ်နာရီခန့် နှစ်နာရီခန့် စသည်ဖြင့် ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင် အဖြူ အဖြူဟုပင် ရှုနေပါ။ ထိုအခါ ယင်းပဋိဘာဂနိမိတ်ကိုပင် ထပ်ကာထပ်ကာ နှလုံး သွင်းနေပါက ရှုနေပါက ထိုပဋိဘာဂနိမိတ်အာရုံ၌ ငြိမ်ဝပ်စွာ ကပ်၍ တည်နေသော စူးစူးစိုက်စိုက် နက်နက်ရှိုင်းရှိုင်း နစ်မြုပ်နေသော ဘာဝနာစိတ်ဝယ် စျာန်အင်္ဂါ(၅)ပါးလည်း အလွန်ထင်ရှားနေမည်၊ အားရှိနေမည် ဖြစ်ပေသည်။ ထိုအခါ ပထမစျာန်သမာဓိသို့ ဆိုက်ရောက်ပြီ ဖြစ်သည်။

စျာန်အင်္ဂါ (၅) ပါး

၁။ ဝိတက်= အဖြူရောင်ကသိုဏ်းပဋိဘာဂနိမိတ်အာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးခြင်းသဘော။
၂။ ဝိစာရ= အဖြူရောင်ကသိုဏ်းပဋိဘာဂနိမိတ်အာရုံကို “အဖြူ အဖြူ”ဟု ထပ်ကာထပ်ကာ သုံးသပ် ဆင်ခြင်ခြင်းသဘော။
၃။ ပီတိ= အဖြူရောင်ကသိုဏ်းပဋိဘာဂနိမိတ်အာရုံကို နှစ်သက်ခြင်းသဘော။
၄။ သုခ= အဖြူရောင်ကသိုဏ်းပဋိဘာဂနိမိတ်အာရုံ၏ အရသာကို ချမ်းချမ်းသာသာ ခံစားခြင်းသဘော။
၅။ ဧကဂ္ဂတာ = အဖြူရောင်ကသိုဏ်းပဋိဘာဂနိမိတ်အာရုံ တစ်ခုတည်းပေါ်သို့ စိတ်ကျရောက် တည်ငြိမ်နေခြင်း သဘော။

ဝိတက်စသည့် တစ်လုံးစီ တစ်လုံးစီကို စျာန်အင်္ဂါဟု ခေါ်ဆို၍ ယင်းစျာန်အင်္ဂါတို့၏ အပေါင်းအစုကို စျာန်ဟု ခေါ်ဆိုသည်။ ယင်းပထမစျာန်သမာဓိကိုလည်း ဝသီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ပါ။ ဝသီဘော် (၅)တန် နိုင်နင်းသောအခါ အာနာပါနကမ္မဋ္ဌာန်း၌ ရေးသားတင်ပြခဲ့သည့်အတိုင်း ဒုတိယစျာန် တတိယစျာန် စတုတ္ထစျာန် တို့သို့လည်း အစဉ်အတိုင်း ကူးပါလေ။

စတုက္ကနည်း - စျာန် (၄) ပါး

၁။ ဝိတက်-ဝိစာရ-ပီတိ-သုခ-ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ (၅)ပါး ရှိသော ပထမစျာန်၊
၂။ ပီတိ-သုခ-ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ (၃)ပါးရှိသော ဒုတိယစျာန်၊
၃။ သုခ-ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ (၂)ပါးရှိသော တတိယစျာန်၊
၄။ ဥပေက္ခာ-ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ (၂)ပါးရှိသော စတုတ္ထစျာန်။

ပဉ္စကနည်း - စျာန် (၅) ပါး

၁။ ဝိတက်-ဝိစာရ-ပီတိ-သုခ-ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ (၅)ပါး ရှိသော ပထမစျာန်၊
၂။ ဝိစာရ-ပီတိ-သုခ-ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ (၄)ပါး ရှိသော ဒုတိယစျာန်၊
၃။ ပီတိ-သုခ-ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ (၃)ပါး ရှိသော တတိယစျာန်၊
၄။ သုခ-ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ (၂)ပါး ရှိသော စတုတ္ထစျာန်၊
၅။ ဥပေက္ခာ-ဧကဂ္ဂတာဟူသော စျာန်အင်္ဂါ (၂)ပါး ရှိသော ပဉ္စမစျာန်။

ဤပဉ္စကနည်း၌ကား ဝိတက်နှင့် ဝိစာရတို့ကို တစ်လုံးစီ ဖြုတ်သဖြင့် စျာန် (၅)ပါး ဖြစ်သည်။ စတုက္ကနည်း၌ကား ဝိတက်နှင့် ဝိစာရတို့ကို ပြိုင်တူ ဖြုတ်သဖြင့် စျာန် (၄)ပါး ဖြစ်သည်။ ကျွတ်ထိုက်သသူ နတ် လူ ဗြဟ္မာ ဝေနေယျကြာ သတ္တဝါတို့၏ အလိုအကြိုက် စရိုက်နှင့်လျော်ညီစွာ ဉာဏ်နုံ့သူတို့အား ပဉ္စကနည်းကို ဉာဏ်ထက်မြက်သူတို့အား စတုက္ကနည်းကို ဟောကြားတော်မူသည်၊ ရူပါဝစရစျာန်များတည်း။ ရူပါဝစရဘုံသို့ ရောက်စေနိုင်သော စွမ်းအားရှိသော စျာန်များဟု ဆိုလို၏၊ ဤ၌ကား ရူပါဝစရဘုံအတွက် ရည်ရွယ်၍ သမာဓိကို ထူထောင်သည့် လုပ်ငန်းရပ်ကို ပြုလုပ်စေသည်ကား မဟုတ်ပါ။ ဝိပဿနာ၏ အခြေပါဒကအဖြစ် ရည်ရွယ်၍ သမာဓိကို ထူထောင်နေခြင်းသာ ဖြစ်သည်။

ဗဟိဒ္ဓ အရိုးစုကောဋ္ဌာသကို အာရုံယူကာ ဩဒါတ = အဖြူရောင်ကသိုဏ်းကို စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် အဝါးဝစွာ နိုင်နိုင်နင်းနင်း ပွားများပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် အဇ္ဈတ္တအရိုးစု၏ အဖြူရောင်ကို အာရုံယူကာ ဩဒါတကသိုဏ်းကို စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် ဆက်လက်ကာ ပွားများအားထုတ်ပါ။ ထို့နောင် –

၁။ အကျော်ပန်း စံပယ်ပန်း မြတ်လေးပန်းတို့ကဲ့သို့ ဖြူသော ပန်းများ၌သော်လည်းကောင်း,
၂။ အဖြူရောင် အဝတ်ပိတ်စ၌သော်လည်းကောင်း,
၃။ အဖြူရောင် စက္ကူ၌သော်လည်းကောင်း,
၄။ စကျင်ကျောက်ကဲ့သို့ အဖြူရောင် ကျောက်ပြားများ၌သော်လည်းကောင်း –
အဖြူရောင်ကသိုဏ်းနိမိတ်ကို ရယူနိုင်ပေသည်။

အရိုးစုကောဋ္ဌာသ၌ အဖြူရောင်ကသိုဏ်းကို စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် သမာဓိကို အောင်အောင်မြင်မြင် ထူထောင်ထားပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ဖြူနေသည့် မည်သည့်အရာဝတ္ထုကိုမဆို သီးသန့် အဖြူရောင်ကသိုဏ်းဝန်း မပြုလုပ်တော့ဘဲ ယင်းအရာဝတ္ထု၏ အဖြူရောင်သက်သက်ကိုသာ နှလုံးသွင်းလိုက်ပါက တစ်ခဏအတွင်းမှာပင် အဖြူရောင်ကသိုဏ်းဝန်း ဖြစ်ပေါ်လာကာ အထူး ကြိုးစားပြီး မဖြန့် ကြက်ရတော့ဘဲ ကသိုဏ်းဝန်းမှာ အရပ်ဆယ်မျက်နှာသို့တိုင်အောင် လွယ်လင့်တကူ ပျံ့နှံ့သွားတတ်ပေသည်။ ထိုအခါ ပထမစျာန် သမာဓိမှသည် စတုတ္ထစျာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် ပွားများအားထုတ်ပါလေ။