1934သုဝဏ္ဏသာမဇာတ်တော်ကြီး — ပဏာမမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

“နေမိံ သုနေမိံ ဇိနမာနိတံ နိတံ၊ တိတ္ထိံ သုတိတ္ထိံ ဘုသမာဝရံဝရံ။

ဗောဓိံ သုဗောဓိံ ဂဏမုဂ္ဂတံ ဂတံ၊ ရောစိံ သုရောစိံ ပဏမျာ စရိယံရိယံ။”

(ဣန္ဒဝံသဂါထာ၊ ၁၂လုံးဖွဲ့)

“သဒ္ဓါဗုဒ္ဓိ သုတိစ္ဆေဟိ၊ သမုဿာဟိတာ ဝဏ္ဏနာ။

နေမိဿတ္ထံ ဝိကာသိဿံ၊ ဥဒ္ဓါရေတွာ တဒညတော။”

(ပဝတ္တဂါထာ)

(ပထမဂါထာ စတုတ္ထပါဒ၌ စရိယသဒ္ဒါ ပါသောကြောင့် အက္ခရာတစ်လုံး လွန်သည်။ အာဒျန္တယမက ဂါထာ)

အဟံ၊ ငါသည်။ နိတံ၊ ဒိဋ္ဌိ, မာန အစရှိသော အဆိပ်အတောက်ကင်းသည်ဖြစ်၍ သဒ္ဓါ,မေတ္တာအစရှိသည်ဖြင့် နှိမ့်ချသောနှလုံးလည်းရှိထသော။ အာနိတံ၊ ဆုံးမအပ်သော ဝေနေယျအပေါင်းကို။ ဝါ၊ အာနိတံ၊ ပို့ဆောင်အပ်ထသော။ နိတံ၊ မဂ်ဖိုလ်၏ အဆောက်အဦးပါရမီရှိသည်ဖြစ်၍ ကျွတ်ထိုက်သော ဒုက္ခိတသတ္တဝါအပေါင်းကို။ နေမိံ၊ မရဏဒုက္ခ စသည်တို့မှကင်းဝေးသော နိဗ္ဗာန်သို့။ သုနေမိံ၊ ကောင်းစွာ ဆောင်တော်မူတတ်ထသော။ ဝါ၊ နိတံ၊ မဆွေးမကြေ ကျက်သရေမစဲ အမြဲလျှင်တည်ထသော။ အာနိတံ၊ သူတော်ကောင်းတို့သည် အရိုအသေဆောင်ရွက်အပ်ထသော။ နေမိံ၊ အစအဆုံး နိဂုံး,နိဒါန်းဖြင့် ဆက်တန်းစပ်ချုပ်အပ်သည်ဖြစ်၍ မရစ်မထွေး အရေးသန့်သန့် အကန့်ခြားခြား ရထားစက်အကွပ်သဖွယ်ဖြစ်သော တရားတော်မြတ်ကို။ သုနေမိံ၊ အခွင့်အကြောင်းနှင့် ကောင်းစွာလျော်အောင် ထုတ်ဖော်မြွက်ဟ ဆောင်ပြတော်မူတတ်ထသော။ ဇိနံ၊ ဒေဝပုတ္တ စသည်ဟုံးစုံး ငါးမာရ်လုံးကို ဖျက်ဖြန်းခုတ်ထွင် အောင်မြင်တော်မူပြီးသော မြတ်စွာဘုရားကို။ ပဏမျ-ပဏမာမိ၊ ရိုသေစွာရှိခိုးပါ၏။ ပဏမျ၊ ရှိခိုးပြီး၍။ တိတ္ထိံ၊ ရေကိုအလိုရှိကုန်သောသူတို့၏ သက်ဝင်ရာဖြစ်သော ဆိပ်ကမ်းသဖွယ်ကဲ့သို့ နိဗ္ဗာန်ကိုအလိုရှိကုန်သောသူတို့၏ သက်ဝင်မှီခိုရာဖြစ်ထသော။ သုတိတ္ထိံ၊ အထူးထူးအပြားပြား များစွာသောနည်းနာနယ သုတတည်းဟူသော တောင့်တအပ် နှစ်သက်အပ်သော ဣဋ္ဌာရုံအပေါင်းနှင့်လည်း ပြည့်စုံတော်မူထသော။ ဘုသမာဝရံ၊ သူတော်ကောင်းတို့သည် ပြင်းစွာတောင့်တအပ်ထသော။ ဝရံ၊ အညစ်အကြေးမတင် သန့်စင်သည်ဖြစ်၍ မြတ်ထသော။ သဒ္ဓမ္မံ၊ သူတော်ကောင်းတို့၏ဥစ္စာဖြစ်သော ၁၀-ပါးသော တရားတော်မြတ်ကို။ ပဏမျ-ပဏမာမိ၊ ရှိခိုးပါ၏။ ပဏမျ၊ ရှိခိုးပြီး၍။ ဗောဓိံ၊ မဂ်ဉာဏ် ၄-ပါးကို။ သုဗောဓိံ၊ ကောင်းစွာအသင့် ပွင့်စေတော်မူပြီးထသော။ ဥဂ္ဂတံ၊ သီလအစရှိသောဂုဏ်တို့ဖြင့် ကျော်စောခြင်းသို့။ ဂတံ၊ ရောက်တော်မူပြီးထသော။ ဝါ၊ ဥဂ္ဂတံ၊ သံသရာမှ ထွက်မြောက်ရာဖြစ်သော နိဗ္ဗာန်သို့။ ဂတံ၊ အာရုံပြုသောအားဖြင့် ရောက်တော်မူပြီးထသော။ ဂဏံ အရိယသံဃံ၊ ၈-ယောက်သော ပရမတ္ထ အရိယာသံဃာတော်အပေါင်းကို။ ပဏမျ-ပဏာမာမိ၊ ရိုသေစွာရှိခိုးပါ၏။ ပဏမျ၊ ရှိခိုးပြီး၍။ ရောစိံ၊ ဂန္ထဓုရ ဝိပဿနာဓုရ ၂-ပါးတို့ဖြင့် တင့်တယ်ထွန်းပထသော။ သုရောစိံ၊ သူတော်ကောင်းတရားကိုလည်း နှစ်သက်တတ်ထသော။ ဝါ၊ သီလ သမာဓိ ပညာအစရှိသော ဂုဏ်တို့ကြောင့် သူတော်ကောင်းတို့သည် မြတ်နိုးနှစ်သက်အပ်ထသော။ ဝါ၊ အတ္တုက္ကံသန ပရိဝမ္ဘန မက္ခပလာသ မာယာ သာဌေယျ စသည်တို့ဖြင့် သကသန္တာန်, ပရသန္တာန်တို့၌ မထိပါးစေမူ၍ ဖြောင့်မှန်ရိုးသား တရားကိုလည်းအလိုရှိထသော။ အရိယံ၊ ဖြူစင်ထွတ်မြတ်သော သဘောအကျင့်လည်း ရှိတော်မူထသော။ ဝါ၊ ထင်ရှားသောဘေးရန်, မထင်ရှားသောဘေးရန်တို့မှ ကင်းလွတ်ရာကင်းလွတ်ကြောင်း ကောင်းသောလုံ့လ သတိသမာဓိ ပညာလည်းရှိတော်မူထသော။ မမ၊ ငါ၏။ အာစရိယံ၊ ဆရာထေရ်မြတ် ကဝိထွတ်ကို။ ဝါ၊ ငယ်ရွယ်အစ ပထမက ဆုံးမသွန်သင် ပဲ့ပြင်မြတ်လေး နည်းပေးပြုစု သုတပညာ စီးပွားရှာသော ဆရာကျေးဇူးရှင်ကို။ ပဏမျ-ပဏမာမိ၊ ရိုသေစွာ ရှိခိုးပါ၏။ ပဏမျ၊ ရှိခိုးပြီး၍-

သဒ္ဓါဗုဒ္ဓိသုတိစ္ဆေဟိ၊ ကံ ကံ၏အကျိုးကို ယုံကြည်ခြင်း, ရတနာ ၃-ပါးကို ကြည်ညိုခြင်း, အကျိုးအပြစ်ကို ဆင်ခြင်မြော်မြင်ခြင်း, ကျမ်းဂန်ဒေသနာ သင်ခြင်းတို့ကို အလိုရှိကုန်သော အမျိုးသားတို့သည်။ သမုဿာဟိတာ၊ ကောင်းစွာတိုက်တွန်းအပ်သည်ဖြစ်၍။ နေမိဿ၊ နေမိမင်း ဇာတ်တော်၏။ အတ်ထံ၊ မြန်မာဘာသာ သိသာမှတ်လွယ် အဓိပ္ပာယ်အနက်ကို။ ဝါ၊ နေမိဿတ္ထံ၊ နေမိမင်းဇာတ် ဒေသနာတည်းဟူသော လူနတ်တို့အား ဆုံးမရာဆုံးမကြောင်း ကောင်းမြတ်စွာ အနုသာသနီဖြစ်သော မြတ်စွာဘုရားကို။ ဝဏ္ဏနာ-ဝဏ္ဏနာယ၊ ထိုဇာတ်တော်၏ အဋ္ဌကထာမှလည်းကောင်း။ တဒညတော စ၊ ထိုအဋ္ဌကထာမှတစ်ပါး အထူးထူးသောကျမ်းတို့မှလည်းကောင်း။ ဥဒ္ဓါရေတွာ၊ သင့်ရာယူနုတ် အကျဉ်းထုတ်၍။ အဟံ၊ ငါသည်။ ဝိကာသိဿံ-ဝိကာသိဿာမိ၊ ပွင့်တော်မူစေအံ့။

ဤသို့ ရတနတ္တယ ပဏာမစသည်တို့ဖြင့် ကျမ်းမပြုမီ ရှေးအဖို့၌ ပုဗ္ဗကိစ္စကိုပြုပြီး၍ ဝန်ခံအပ်သည်နှင့်လျော်စွာ နေမိဇာတ်တော်ဒေသနာကို တောင့်တအပ်သောသူတို့၏ အလိုနှင့်အညီ အဋ္ဌကထာစသည်တို့မှ အနက်အဓိပ္ပာယ်ကိုထုတ်၍ မြန်မာဘာသာ စကားပြေစီကုံးပေအံ့။