နေမိဇာတ်တော်ကြီး/အခန်း-၀၃
ဤသို့ အလှူပေးခြင်း, သီလဆောက်တည်ခြင်း အစရှိသော ကုသိုလ် သုစရိုက်တရားတို့ကို မပြတ်အားထုတ်တော်မူလျက် သူခပ်သိမ်းတို့အားလည်း ကိုယ်နှင့်ထပ်တူ အကျိုးစီးပွားကိုသာ အလိုရှိတော်မူသည်ဖြစ်၍ အလှူသီလတို့ကို အားထုတ်စေသဖြင့် အတ္တဟိတ, ပရဟိတတရားတို့ကို ဆောင်ရွက်တော်မူသော နေမိမင်းကြီးသည် ဒါနနှင့် သီလ ၂-ပါး၌ ဤသို့ အကြံဖြစ်တော်မူ၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော မြတ်စွာဘုရားသည် ဤနေမိဇာတ်တော်၏ အစ၌-
“အစ္ဆေရံ ဝတ လောကသ္မိံ၊ ဥပ္ပဇ္ဇန္တိ ဝိစက္ခဏာ။
ယဒါ အဟု နိမိရာဇာ၊ ပဏ္ဍိတော ကုသလတ္ထိကော။
ရာဇာ သဗ္ဗဝိဒေဟာနံ၊ အဒါ ဒါနံ အရိန္ဒမော။
တဿ တံ ဒဒတော ဒါနံ၊ သင်္ကပ္ပေါ ဥဒပဇ္ဇထ။
ဒါနံ ဝါ ဗြဟ္မစရိယံ ဝါ၊ ကတမံ သုမဟပ္ဖလံ။”
ဟူသော ၂-ဂါထာကို ဟောတော်မူ၏။
အဓိပ္ပာယ်ကား-
“တပည့်သားတော်အပေါင်းတို့။ မိမိစီးပွား, သူတစ်ပါးစီးပွား ၂-ပါးကို အလိုရှိလျက် ပစ္စုပ္ပန်သံသရာ အကျိုးစီးပွားကို မြင်မြော်သောပညာနှင့်ပြည့်စုံစွာ ငါ နေမိမင်းဖြစ်တော်မူသောအခါ ငါ၏အဆုံးအမ၌သာ တည်ကြကုန်သဖြင့် ပညာရှိသူတော်ကောင်းတို့သာ ပေါ်ထွန်းကုန်သည်ဖြစ်၍ အလုံးစုံသောလောကသည် အလွန်အံ့ဩဖွယ်ရှိ၏။ ဝိဒေဟရာဇ်တိုင်းသူတို့၏ အရှင်ဖြစ်၍ ရန်သူတို့ကိုဆုံးမနိုင်သော ထိုနေမိမင်းကြီး ငါဖြစ်တော်မူသောအခါ အလှူပေးခြင်း, သီလဆောက်တည်ခြင်း၌မွေ့လျော်သော ငါ့အား “အလှူတည်း အကျိုးကြီးသလော” သို့တည်းမဟုတ် “ဥပုသ်သုံးခြင်းတည်း အကျိုးကြီးသလော”ဟု အကြံဖြစ်တော်မူသည်” ဟူလိုသတည်း။
ဤသို့ ဟောတော်မူရာ၌ နေမိမင်းကြီးအကြံဖြစ်သည်ကား နေမိမင်းကြီးသည် ၁၅-ရက်ဖြစ်သော ဥပုသ်နေ့၌ အင်္ဂါ ၈-ပါးနှင့်ပြည့်စုံစွာသော ဥပုသ်ကိုဆောက်တည်လျက် ညဉ့်အခါရောက်လတ်သော် ကိုယ်၌ဆင်အပ်သော အဝတ်တန်ဆာအားလုံးကို ချွတ်ထား၍ ကျက်သရေတိုက်တွင် အလွန်လျောက်ပတ်သော သလွန်ပေါ်ဝယ် ခင်းထားအပ်သော စက်မွေ့ရာ၌ ညဉ့်ဦးယံ, သန်းခေါင်ယံပတ်လုံး စက်တော်ခေါ်ပြီးလျှင် မိုးသောက်ယံ၌နိုးလတ်၍ ထက်ဝယ်ထိုင်လျက် ဤသို့ ကြံတော်မူ၏။
“ငါသည် ဇမ္ဗူဒိပ်ကျွန်းအပြင်၌ရှိသော လူအပေါင်းတို့အား အတိုင်းအရှည်မရှိ အလုံးစုံသော သုံးဆောင်ဖွယ်တို့ကို စွန့်ကြဲပေးလှူခြင်း မဟာဒါနကိုလည်း ပြု၏။ ပဉ္စင်္ဂသီလ, အဋ္ဌင်္ဂသီလတို့ကိုလည်း အခါနှင့်လျော်စွာ နေ့တိုင်းမပြတ် ဆောက်တည်၏။ ထိုသို့ ငါပြုအပ်သော ကောင်းမှုအစုတို့တွင် ဒါနသည်တည်း အကျိုးကြီးအံ့လော၊ ဥပုသ်သီလဟုဆိုအပ်သော မြတ်သောအကျင့်သည်တည်း အကျိုးကြီးအံ့လော”
ဤသို့ အဖန်တလဲလဲကြံသော ဘုရားလောင်းအား ဝိတက်ဝိစာရများသဖြင့် စိတ်၏ပျံ့လွင့်ခြင်းဖြစ်၍ သမာဓိကိုမရခြင်းကြောင့် ယထာဘူတဉာဏ် မဖြစ်။ ထိုသို့ ယထာဘူတဉာဏ် မဖြစ်ခြင်းကြောင့် အဘယ်တရားသည် သာ၍အကျိုးကြီးသည်ဟု ဆုံးဖြတ်ခြင်းငှာ မတတ်နိုင်သော ယုံမှားခြင်းဖြစ်လေ၏။
ထိုအခါ ဘုရားလောင်း၏ သီလအာနုဘော်တော်ကြောင့် သိကြားမင်း၏ ပဏ္ဍုကမ္ဗလာ ကျောက်နေရာသည် ပူပြင်းတင်းမာသောအခြင်းအရာကို ပြပေ၏။ သိကြားမင်းလည်း “အဘယ်အကြောင်းကြောင့်နည်း”ဟု လူ့ပြည်ကို မျှော်ကြည့်လတ်သော်၊ နေမိမင်းကြီး၏ ဒါနသီလ၌ အကြံဖြစ်သည်ကိုမြင်ပြီးလျှင်၊ “ထိုနေမိမင်း၏ အကြံဖြစ်တော်ယုံမှားခြင်းကို ငါဖျောက်အံ့”ဟုကြံလျက် မိထိလာပြည်သို့ တစ်ယောက်တည်းချင်း လျင်စွာလာလတ်၍ နေမိမင်း၏နန်းတော်အလုံးကို တစ်ပြိုင်နက်တောက်ပစေလျက် နေမိမင်းရှိရာ ကျက်သရေတိုက်သို့ဝင်ပြီးလျှင် ကောင်းကင်၌ ရပ်နေ၏။
ထိုအခါ နေမိမင်းကြီးသည် အရောင်အဝါဖြင့်တောက်ပလျက် မိမိအနီး ကောင်းကင်၌နေသော သိကြားမင်းကိုမြင်လျှင် ကြက်သီးမွေးညင်းထလျက် ထိတ်လန့်သောနှလုံး ရှိသည်ဖြစ်၍-“ဒေဝတာနုသိ ဂန္ဓဗ္ဗော၊ အဒု သက္ကော ပုရိန္ဒဒေါ” အစရှိသော ဂါထာပါဌ်ဖြင့် မေး၏။
အဓိပ္ပာယ်ကား-
“ကောင်းသောအချင်း။ သင် အသူနည်း။ စာတုမဟာရာဇ် နတ်မင်းတည်း ဖြစ်သလော၊ ဟိမဝန္တာ၌နေသော ဂန္ဓဗ္ဗနတ်မင်းတည်း ဖြစ်သလော၊ ရှေးသံသရာ၌ အလှူအထူးပေးဖူးသောကြောင့် မျက်စိ၁၀၀၀ အမြင်ဆောင်လျက် နတ်တကာတို့ကိုအစိုးရသော သိကြားမင်းလျှင်တည်း ဖြစ်သလော၊ တစ်နန်းလုံး အလျှံတပြောင်ပြောင် တောက်လောင်အံ့မတတ်ဖြစ်သော ဤကဲ့သို့ အရောင်အဆင်းကို ရှေးက တစ်ကြိမ်တစ်ခါမျှ မမြင်ရစဖူး၊ ဤသို့ အရောင်အဝါ တင့်တယ်ခြင်းနှင့်ပြည့်စုံစွာသော သင့်ကို အဘယ်သူဟူ၍ ငါ သိရပါအံ့နည်း”ဟူ၍
နေမိမင်းကြီး ကြက်သီးမွေးညင်းထလျက် ထိတ်လန့်စွာမေးသည်၏ အဖြစ်ကို သိကြားမင်းသိလျှင် မိမိ သိကြားအဖြစ်ကို ပြောဆိုလို၍- “သက္ကောဟမသ္မိ ဒေဝိန္ဒော၊ အာဂတောသ္မိ တဝန္တိကေ။” ဟူသော ဂါထာဝက်ဖြင့် ဆို၏။
အဓိပ္ပာယ်ကား-
“လူအပေါင်းတို့ကို အစိုးရသော နေမိမင်း။ ငါကား နတ်အပေါင်းတို့ကိုအစိုးရသော သိကြားမင်းတည်း။ သင်၌ တစ်ခုသောယုံမှားခြင်း ရှိသည်အလျောက် နှလုံးမသက်မသာ ရှိသည်ကိုမြင်၍၊ ထိုယုံမှားခြင်းကို ဖျောက်အံ့သောငှာ ငါ လာ၏။ ထိတ်လန့်ကြောက်ရွံ့ခြင်း, ကြက်သီးမွေးညင်းထခြင်းတို့ကို မဖြစ်စေဘဲ အလိုရှိအပ်သောပြဿနာကို ငါ့အား သင် မေးလော့။ သင်၏ပြဿနာကို ငါ ဖြေအံ့”ဟုဆို၏။
သိကြားမင်းဆိုသောစကားကို ကြားလျှင် နေမိမင်းကြီးသည် ထိတ်လန့်ခြင်းကင်းသည်ဖြစ်၍ မိမိ ယုံမှားခြင်းဖြစ်သည်ကို မေးအံ့သောငှာ “ပုစ္ဆာမိ တံ ဒေဝရာဇာ” အစရှိသော ဂါထာဖြင့်ဆို၏။
အဓိပ္ပာယ်ကား-
“ဘုတ်ပြိတ္တာက စ၍မလွတ် နတ်တကာတို့ကို အစိုးရတော်မူသော သိကြားမင်း။ ငါ၏ယုံမှားခြင်းကို သင့်အား ကြားအံ့။ သင် နှလုံးသွင်း၍ နာတော်မူလော့။ “အလှူပေးခြင်းတည်း အကျိုးကြီးသလော၊ ဥပုသ်ဆောက်တည်ခြင်းတည်း အကျိုးကြီးသလောဟု ကြံသောငါ့အား ယုံမှားခြင်းသည် ဖြစ်၏။ ထိုယုံမှားခြင်းကို သင်ဆုံးဖြတ်နိုင်ပါအံ့လော။ မဆုံးဖြတ်နိုင်သည်ဖြစ်၍ မေးအပ်သော ငါ့အား ထိုဒါန,သီလဟု ဆိုအပ်သော, အကြောင်းတရား ၂-ပါးတို့၏ အကျိုးအယုတ်,အမြတ် ရှိသည်ကိုသိလျှင် သိသောအတိုင်း သင်နတ်မင်း ဟောကြားလော့”ဟုဆို၏။