1940သုဝဏ္ဏသာမဇာတ်တော်ကြီး — ၆။ ဝေတရဏီ ဥဿဒရက်ငရဲခန်းမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

(ငရဲပြည်တို့၏ ဖြစ်ဟန်တည်ဟန်တို့ကို သိသာရုံဆိုဦးအံ့။ သဉ္ဇိုဝ်းငရဲ၊ ကာဠသုတ်ငရဲ၊ သင်္ဃာတငရဲ၊ ရောရုဝငရဲ၊ မဟာရောရုဝငရဲ၊ တာပနငရဲ၊ မဟာတာပနငရဲ၊ အဝီစိငရဲ ဟူ၍ ငရဲကြီး ၈-ထပ်တို့သည် ဤမြေကြီးအောက်၌ အဆင့်ဆင့်တည်ကုန်၏။ “ထို ငရဲကြီး ၈-ထပ်တို့၌ မြို့တံတိုင်းကား သံဖြင့်ပြီး၏။ တံတိုင်းအထုကား ၉-ယူဇနာစီ ရှိ၏။ တစ်မျက်နှာလျှင် အပေါက်အားဖြင့် တံခါး ၄-ပေါက်စီရှိ၏။ မြို့ကား ၄-ထောင့်ချည်းနှင်နှင်တည်း။ မြို့အတွင်း မြေအပြင်လည်း သံဖြင့်ပြီး၏။ မြို့အလျားအနံအားဖြင့် ယူဇနာ၁၀၀-စီ ရှိ၏။ မီးလျှံကား ကမ္ဘာပျက်သည်တိုင်အောင် တည်၏။ ထိုမြို့တွင်း၌ရှိကုန်သော သတ္တဝါတို့အား မီးလျှံသာလျှင် မိမိတို့ဥစ္စာ, မိမိတို့အဆွေခင်ပွန်း ဖြစ်ကုန်၏။ ထို ငရဲကြီး ၈-ထပ်တို့၌ ငရဲထိန်းဟူ၍ မရှိ။ မိမိတို့ ရှေးကပြုခဲ့ဖူးသော ကံ,ကံ၏အကျိုး စသည်တို့၌ မယုံကြည်မူ၍ အယူမှားခြင်း, ဝန်တိုစဉ်းလဲခြင်း, သတ္တဝါတို့အား သနားကရုဏာ မရှိခြင်း, သူ့အသက်ကို သတ်လေ့ရှိခြင်း, သူ့ဥစ္စာကို ခိုးယူလုယက် နှိပ်စက်ကလူပြုခြင်း, သက်သေအရာ၌တည်၍ မဟုတ်သည်ကို အဟုတ်ပြုခြင်း, မမှန်သောစကားကို ပြောဆိုခြင်း, ပဉ္စာနန္တရိယကံ, နိယကမိစ္ဆာဒိဋ္ဌိကံတို့ကိုပြုခြင်း, ရတနာ ၃-ပါးကို ဆဲရေးခြင်းစသော အကုသိုလ် ကမ္မပထ ဗလဝကံသည်သာလျှင် ထိုသူတို့အပေါ်၌ အရှင်သခင်ပြု၍ စီရင်ကုန်၏။

-ထိုသူတို့၏အသက်တမ်းကား လူတို့၏အရေအတွက်အားဖြင့် စာတုမဟာရာဇ်နတ်တို့၏အသက် အနှစ်၉-သန်းသည် သဉ္ဇိုးဝ်းငရဲကြီး၌ ၁-ရက် ဖြစ်၏။ ထိုရက်ဖြင့် ရက်ပေါင်း ၃၀, ၁-လ။ ထို လဖြင့် ၁၂-လလျှင် ၁-နှစ်။ ထိုနှစ်ဖြင့် အနှစ် ၉-သန်းသည် သဉ္ဖိုဝ်းသူတို့၏ အသက်တမ်းဖြစ်၏။

-လူတို့၏ အရေအတွက်အားဖြင့် တာဝတိံသာနတ်တို့၏အသက် အနှစ် ၃-ကုဋေ ၆-သန်းသည် ကာဠသုတ် ငရဲကြီး၏ ၁-ရက် ဖြစ်၏။ ထို ရက်,လ,နှစ်တို့ဖြင့် အနှစ် ၃-ကုဋေ ၆-သန်းသည် ထိုငရဲကြီးသူတို့၏ အသက်တမ်း ဖြစ်၏။

-လူတို့အရေအတွက်အားဖြင့် ယာမာနတ်တို့၏အသက် အနှစ် ၁၄-ကုဋေ ၄-သန်းသည် သင်္ဃာတငရဲကြီး၌ ၁-ရက် ဖြစ်၏။ ထို ရက်,လ,နှစ်တို့ဖြင့် အနှစ် ၁၄-ကုဋေ ၄-သန်းသည် ထိုငရဲကြီးသူတို့၏ အသက်တမ်း ဖြစ်၏။

-လူတို့၏အရေအတွက်အားဖြင့် တုသိတာနတ်တို့၏အသက် အနှစ် ၅၇-ကုဋေ ၆-သန်းသည် ရောရုဝငရဲကြီး၌ ၁-ရက်ဖြစ်၏။ ထို ရက်, လ, နှစ်တို့ဖြင့် အနှစ် ၅၇-ကုဋေ ၆-သန်းသည် ထိုငရဲကြီးသူတို့၏ အသက်တမ်း ဖြစ်၏။

-လူတို့၏ အရေအတွက်အားဖြင့် နိမ္မာနရတိနတ်တို့၏ အသက် အနှစ် ကုဋေ ၂၃၄-သန်းသည် မဟာရောရုဝငရဲကြီး၌ ၁-ရက် ဖြစ်၏။ ထို ရက်,လ,နှစ်တို့ဖြင့် အနှစ် ကုဋေ ၂၃၄-သန်းသည် ထိုငရဲကြီးသူတို့၏ အသက်တမ်းဖြစ်၏။

-လူတို့၏အရေအတွက်အားဖြင့် ပရိနိမ္မိတဝသဝတ္တီနတ်တို့၏ အသက် အနှစ်ကုဋေ ၉၂၁-ကုဋေနှင့် အနှစ် ၆-သန်းသည် တာပနငရဲကြီး၌ ၁-ရက် ဖြစ်၏။ ထို ရက်,လ,နှစ်တို့ဖြင့် အနှစ်ကုဋေ ၉၂၁-ကုဋေ ၆-သန်းသည် ထိုငရဲကြီးသူတို့၏ အသက်တမ်း ဖြစ်၏။

-လူတို့၏ အန္တရကပ်ထက်ဝက်သည် မဟာတာပနငရဲကြီး၏ အသက်တမ်း ဖြစ်၏။

-လူတို့၏အန္တရကပ်သည် အဝီစိငရဲကြီးသူတို့၏ အသက်တမ်းဖြစ်၏။

ဤအရာ၌ နတ်တို့၏အသက်ကား အဘယ့်ကြောင့် တိုသည်၊ ငရဲအသက်ကား အဘယ့်ကြောင့်ရှည်သည် ဖြစ်ရာသနည်း။ ကုသိုလ်၏အာနုဘော်ထက် အကုသိုလ်၏အာနုဘော် ကြီးသောကြောင့်တည်း။ ငရဲအသက်က ရှည်လေသလောဟူမူကား ကုသိုလ်ဇနကကံထက် အကုသိုလ်ဇနကကံ၏ အာနုဘော်ကြီးသောကြောင့် မဟုတ်။ ဇနကကံ၏အာနုဘော်ကား တူမျှစေကာ ဥပတ္ထမ္ဘကကံ၏အာနုဘော်ကား နတ်တို့ထက် ငရဲသူတို့၌ အားကြီး၏။ အဘယ်သို့နည်းဟူမူကား ကောင်းစွာ ဒါန,သီလကို အားထုတ်ခြင်းကြောင့် နတ်ပြည်၌ မရေတွက်နိုင်သော ဒေဝသမ္ပတ္တိကို ရလတ်ကုန်သည်ရှိသော် ထိုသို့ပြုခဲ့ဖူးသော ကုသိုလ်ကံ၏အစွမ်းအားဖြင့် ရအပ်သော သမ္ပတ္တိ၌ ကာမရာဂပြောသည်ဖြစ်၍လည်းကောင်း၊ သမ္ပတ္တိကိုအမှီပြု၍ မာန်ထောင်လွှားခြင်း ငြူစူစောင်းမြောင်းခြင်း အစရှိသော ပဋိဃာတ်တရားတို့ ပွားများသည်ဖြစ်၍လည်းကောင်း ဤသို့သော အကုသိုလ် ဥပပီဠကကံတို့ဖြင့် ဇနကကံ၏အကျိုးဖြစ်သော သမ္ပတ္တိတို့ကိုညှဉ်းဆဲသဖြင့် ထိုသမ္ပတ္တိတို့ကို ခိုင်စေကြောင်းကောင်းမှု ဥပတ္ထမ္ဘက အားနည်းခြင်းကြောင့် နတ်တို့၏အသက်သည် ငရဲတို့၏အသက်တမ်းလောက် မရှည်သတည်း။ ပါဏာတိပါတ အစရှိသော မကောင်းမှုကြောင့် ငရဲပြည်တို့၌ ခံရကုန်သည်ရှိသော် ထိုဒုက္ခဝေဒနာကို သည်းခံနိုင်သည်ဖြစ်၍ ငိုမြည်တမ်းခြင်း၊ နှလုံးမသာမယာရှိခြင်း၊ စိုးရိမ်ပင်ပန်းခြင်းတည်းဟူသော ဒေါသမူစိတ္တုပ္ပါဒ်သည်သာလျှင် မပြတ်ဖြစ်ခြင်းကြောင့် မိမိ၌ ရှေးရှေးကပြုအပ်သော အကုသိုလ်ကံတို့သည် အခွင့်ရ၍ ဥပတ္ထမ္ဘကသတ္တိဖြင့် ဇနကကံ၏အကျိုးဖြစ်သော ငရဲ၌ ဆင်းရဲခြင်းကို ခိုင်ခံ့မြဲမြံစွာတည်အောင် ထောက်ပံ့ခြင်းရှိသည်ဖြစ်၍ နတ်တို့အသက်ထက် ငရဲတို့အသက်သည် ရှည်လေသတည်း။ ဇနကကံ၏ အာနုဘော်ကြီးသောကြောင့် ရှည်သည်မဟုတ်ဟု သိအပ်၏။

ဤငရဲတို့၏ အသက်တမ်းရှည်ကြောင်းကို ဇိနာလင်္ကာရဋီကာကျမ်း၌ လာ၏။ အဘိဓမ္မတ္ထသင်္ဂဟ လက်သန်းအဋ္ဌကထာကျမ်း၌ကား “စတုန္နံ အပါယာနံ ဝိနိပါတိကာ သုရာနဉ္စ အာယုပ္ပမာဏဂဏနာယ နိယမော နိတ္ထိ” ဟုလာ၏။ ထိုကျမ်း၏အဖွင့်ဖြစ်သော ဋီကာကျော်၌လည်း ၎င်းပါဠိ၏အဖွင့်တွင်-

အပါယာဒီသုဝါ အာယုပ္ပမာဏဂဏနာယ နိယမော နတ္ထိ၊ ကေသဉ္စိ စိရာယုကတ္တာ ကေသဉ္စိ စိရတရာယုကတ္တာ စ။ တထာ စာဟု။ အပါယိကမနုဿာယု ပရိစ္ဆေဒေါ န ဝိဇ္ဇတိ။ တထာ ဟိ ကာလော မန္ဓာတာ၊ ယက္ခာ ကေစိ စိရာယုနောတိ။ အပါယေသု ဟိ ကမ္မမေဝ ပမာဏံ။ တတ္ထ နိဗ္ဗတ္တာနံ ယာဝကမ္မံ န ခီယတိ။ တာဝ စဝနာ ဘာဝတော၊ စသည်ဖြင့် လာ၏။

အပါယာဒီသု ဝါ၊ အပါယ်စသည်တို့၌လည်း။ အာယုပ္ပမာဏဂဏနာယ၊ အသက်အတိုင်းအရှည်ကို ရေတွက်ခြင်း၌။ နိယမော၊ မြဲခြင်းသည်။ နတ္ထိ၊ မရှိ။ ကသ္မာ၊ အဘယ့်ကြောင့်နည်းဟူမူကား။ ကေသဉ္စိ၊ အချို့ကုန်သော အပါယ်ပုဂ္ဂိုလ် စသည်တို့၏။ စိရာယုကတ္တာ၊ အသက်ရှည်သည်၏ အဖြစ်ကြောင့်လည်းကောင်း။ ကေသဉ္စိ၊ အချို့သော သတ္တဝါတို့၏။ စိရတရာယုကတ္တာ စ၊ အလွန် အသက်ရှည်သည်၏အဖြစ်ကြောင့်လည်းကောင်း။ နိယမော၊ မြဲခြင်းသည်။ နတ္ထိ၊ မရှိ။ တထာစ တတော ဧဝ၊ ထို့ကြောင့်သာလျှင်။ အပါယိကမနုဿာယု ။ပ။ စိရာယိနောတိ၊ စိရာယုနောဟူ၍။ အာစရိယာ၊ အဋ္ဌကထာဆရာတို့သည်။ အာဟု၊ ဆိုကုန်ပြီ။ အပါယိကမနုဿာယုပရိစ္ဆေဒေါ၊ အပါယ် ၄-ဘုံ၌ဖြစ်ကုန်သောသတ္တဝါ လူတို့၏အသက်အပိုင်းခြားသည်။ န ဝိဇ္ဇတိ၊ မရှိ။ တထာ - တံဝစနံ၊ ထိုစကားသည်။ ဟိ သစ္စံ၊ မှန်၏။ ကာလော၊ ကာလနဂါးမင်းသည်လည်းကောင်း။ မန္ဓာတာ၊ မန္ဓာတ် စကြာမင်းသည်လည်းကောင်း။ ကေစိ ယက္ခာ၊ အချို့သော မြေဘုတ်ဘီလူးတို့သည်လည်းကောင်း။ စိရာယုနော၊ အသက်ရှည်ကုန်၏။ ဟိ သစ္စံ၊ မှန်၏။ အပါယေသု၊ အပါယ် ၄-ဘုံတို့၌။ ကမ္မမေဝ၊ အကုသိုလ်ဇနကကံသည်သာလျှင်။ ပမာဏံ၊ ပမာဏတည်း။ တတ္ထ၊ ထို အပါယ် ၄-ဘုံတို့၌။ နိဗ္ဗတ္တာနံ၊ ဖြစ်ကုန်သော သတ္တဝါတို့အား။ ယာဝ၊ အကြင်မျှလောက်။ ကမ္မံ၊ အကုသိုလ်ဇနကကံ၏ အစွမ်းသည်။ န ခီယတိ၊ မကုန်သေး။ တာဝ၊ ထိုမျှလောက်။ စဝနာဘာဝတော၊ စုတေခြင်းမရှိသည်၏ အဖြစ်ကြောင့်တည်း။

ထိုစကား ၂-ရပ်တို့တွင် ငါတို့ကား အပါယ် ၄-ဘုံတို့၌ အသက်အပိုင်းအခြား မရှိဟု ဆိုသောစကားကိုပင် နှစ်သက်သည်။ အဘယ့်ကြောင့်နည်းဟူမူ ဇိနာလင်္ကာရကျမ်း၌ပြအပ်သော ငရဲတို့၏အသက်တမ်းထက် အသက်ရှည်သော ငရဲသူတို့လည်း ရှိကုန်သောကြောင့် အကယ်၍ အသက်တမ်း ရှိငြားအံ့၊ လူ့ပြည်၌ အသက် ၁၀၀-တမ်းတွင် ဖြစ်ကုန်သောသူတို့သည့် ၂၀၀-တမ်းသို့ မရောက်နိုင်သကဲ့သို့ အန္တရကပ် ၁-ကပ် အသက်တမ်းရှိသော အဝီစိငရဲသားတို့သည် အန္တရကပ် ၂-ကပ်သို့ မရောက်နိုင်ရာ။ ထိုသို့ကား မဟုတ်။ နိယတမိစ္ဆာဒိဋ္ဌိ ငရဲသူတို့သည် မိမိတို့အယူကို မစွန့်သမျှ ကာလအပိုင်းအခြားမရှိ ခံရကြောင်းကို ဟောတော်မူသည်ကိုထောက်၍ “တေသံ ကမ္မမေဝ ပမာဏံ”ဟု ဋီကာကျော်ဆရာ ပြသည့်အတိုင်း မရဏုပ္ပတ္တိ၄-ပါးတွင် အာယုက္ခယဟူ၍ မရှိသင့်ပြီ။ ကမ္မက္ခယတစ်ပါးသာ ရသင့်မည် ထင်ပေသည်။ တစ်ခုတစ်ခုသောငရဲကြီး၌ တစ်မျက်နှာလျှင် ၄-ခုစီအားဖြင့် ဥဿဒရက် ငရဲငယ် တစ်ခုစီ ရံကုန်၏။ ထို ဥဿဒရက်ငရဲတို့၏ အလျား, အနံ, ပမာဏကား မရှိ။ တစ်ခုတစ်ခုသော ငရဲကြီးသည် မိမိအရံဖြစ်သော ဥဿဒရက် ငရဲငယ်နှင့်တကွဖြစ်သော ယူဇနာ ၁-သောင်းစီ ရှိကုန်၏။ “အဝီစိ မဟာနိရယော ဒသသဟဿယောဇနော”ဟု ဟောတော်မူသည်ကား နိဒဿန နည်းမျှသာဖြစ်သည်။ ဤသို့ ငရဲကြီး တစ်ထပ် ၁၆-ခုစီ အရံရှိသောကြောင့် ဥဿဒရက်ငရဲပေါင်းကား ၁၂၈-ထပ် ရှိ၏။ ထို ငရဲအပေါင်းတွင် နေမိမင်းကြီးအား မာတလိနတ်သားပြသောငရဲကား သဉ္ဇိုဝ်းငရဲကြီးအရံ ၁၆-ခုသော ဥဿဒရက် ငရဲတည်း။ ထို ငရဲကြီး, ငရဲငယ်တို့ကား သတ္တဝါတို့၏ ကံလျှင်အကြောင်းရှိသော ဥတုသည်ဖြစ်စေအပ်သော ကမ္မပစ္စယ ဥတုသမုဋ္ဌာန်ဖြစ်သော ဘုံနေရာချည်းတည်း။)

ဝေဇယန္တာရထားမှူးဖြစ်သော မာတလိနတ်သားသည် ရှေးဦးစွာ သဉ္ဇိုဝ်းငရဲကြီး၏ အရံဖြစ်သော ဝေတရဏီ ကြိမ်ပိုက်ချောင်း ဥဿဒရက်ငရဲသို့ ရှေးရှုနှင်လေသော် ထိုငရဲသို့ရောက်သောအခါ မိမိတန်ခိုးဖြင့် ငရဲ၌ခံရကုန်သော သတ္တဝါအပေါင်းတို့ကို နေမိမင်းကြီးအား မြင်တော်မူစေ၏။ ထို ဝေတရဏီ ကြိမ်ပိုက်ချောင်းငရဲကား ခါးစပ်စွာ သံရည်ကဲ့သို့ ပူသောရေဖြင့် ပြည့်၏။ ထိုရေအပြင်၌ သံကြာရွက်တို့သည် အလျှံတထိန်ထိန်တောက်လျက် တည်ကုန်၏။ ရေအပြင်၌လည်း ချောင်းတစ်ပြင်လုံး သင်ဓုန်းသွားဖြင့် စီစိုက်ကာပြည့်၏။ ရေအပြင် သံကြာရွက်တို့၏အထက်၌လည်း သင်ဓုန်းသွားတို့ကဲ့သို့ထက်စွာ ထွန်တုံးပမာဏရှိသော သံဆူးတို့သည် အလျှံတပြောင်ပြောင် တောက်လျက်တည်ကုန်၏။ ထို သံဆူးတို့၏အထက်၌ အသွားထက်လှစွာသော ခက်ရင်းပမာဏရှိသော သံဆူးတို့ဖြင့်ပြည့်လျက် သံကြိမ်နွယ်တို့သည် ချောင်းအလုံးကိုဖုံးလွှမ်း၍ အလျှံတပြောင်ပြောင် တောက်လျက် တည်ကုန်၏။ ချောင်းနားတို့၌ ငရဲထိန်းတို့သည် လက်နက်စွဲကိုင်လျက် နေကြကုန်၏။ ငရဲသူတို့သည် ထိုငရဲသို့ရောက်လာလတ်သော် သန်လျက်, လှံမ, ချွန်းတောင်း, ခက်ရင်း, ဆောက်ပုတ် အသီးသီး လက်နက်စွဲကိုင်လျက်နေကုန်သော ငရဲထိန်းတို့သည် ထိုငရဲသူတို့ကို မိမိတို့စွဲကိုင်သော လက်နက်တို့ဖြင့် ထိုးပုတ်ရိုက်နှက် ညှဉ်းဆဲကြကုန်၏။ ထိုသို့ညှဉ်းဆဲခြင်းကို မခံနိုင်သဖြင့် ကြိမ်ပိုက်ထဲသို့ ကျရလေ၏။ ထိုအခါ ထက်စွာသော သံကြိမ်ဆူးတို့ဖြင့် အပိုင်းပိုင်းအပေါက်အပေါက် ခုတ်ထိုးပစ်ခတ်အပ်သော ကိုယ်ရှိလျက် အနှစ် ၁၀၀၀-မျှလောက် ခံရပြီးလျှင်၊ ထို ကြိမ်ဆူးကြိမ်နွယ် မီးလျှံတို့မှလျှော၍ အလျှံတပြောင်ပြောင်တောက်သော သံဆူးပေါ်သို့ ကျပြန်လတ်သော် တံစို့ထိုးကင်အပ်သော ငါးကဲ့သို့ သံဆူးတို့ဖြင့် တံကျင်လျှိုလျက် ကြာမြင့်စွာသော နှစ်ကာလပတ်လုံး မီးလျှံဖြင့်တောက်သောကိုယ် ရှိသည်ဖြစ်၍၊ ဆိုအပ်ခဲ့ပြီးသော ငရဲ၌ခံရပြီးမှ သံဆူး၏ အောက်ရေအပြင်၌တည်သော သံကြာရွက်အပေါ်သို့ကျပြန်လတ်သော် အလွန်ဆင်းရဲခြင်းသို့ရောက်လျက် နှစ်လရှည်စွာ ခံရပြီးလျှင် အလွန်ခါးစပ်သောရေအပြင်သို့ ကျပြန်လေ၏။ အခိုးအလျှံတို့ဖြင့်တောက်စွာသော ရေအပြင်၌ ကြီးစွာသောဆင်းရဲကို မြင့်ရှည်စွာခံရသဖြင့် ချမ်းသာနိုးထင်၍ ရေထဲသို့ငုပ်လတ်သော်လည်း သင်ဓုန်းသွားအပြင်၌ကျ၍ အပိုင်းအပိုင်းပြတ်လျက် ကြီးစွာသောဆင်းရဲကို ခံရကုန်သဖြင့် သည်းစွာမြည်တမ်းခြင်းကိုပြု၍၊ အလျှံပြောင်ပြောင် တောက်လောင်သောရေထဲ၌ စုန်တုံဆန်တုံ ပြေးရာမသိ ခံရကုန်၏။ ရေထဲမှ ကမ်းနားသို့တက်လတ်ကုန်သော် ငရဲထိန်းတို့သည် မိမိတို့ကိုင်စွဲသောလက်နက်တို့ဖြင့် ထိုးခုတ် ရိုက်နှက်ကြကုန်၏။ ထိုသို့သောဆင်းရဲခြင်းကို မခံနိုင်၍ သည်းစွာသောအသံတို့ဖြင့် ငိုကြွေးမြည်တမ်းကြကုန်၏။ အချို့သောငရဲသူတို့ကို အာခေါင်၌ သံမြားချိတ်တို့ဖြင့် သွင်းငင်ကြကုန်၏။ အချို့သောငရဲသူတို့ကို မြေ၌ပက်လက်လှဲလျက် ရဲရဲတောက်သောသံတွေဖြင့် ခံတွင်းကို သိပ်ကုန်၏။

ဤ ဝေတရဏီ ကြိမ်ပိုက်ချောင်းငရဲ၌ ခံရကုန်သော ငရဲသူအပေါင်းတို့ကို နေမိမင်းကြီးမြင်လေသော် ကိုယ်တိုင်ခံရဘိသကဲ့သို့ ပြင်းစွာကြောက်လန့်တုန်လှုပ်သော နှလုံးရှိသည်ဖြစ်၍ မာတလိနတ်သားအား “နတ်ရထားမှူးဖြစ်သော မာတလိ။ ဤသို့ သောဆင်းရဲဖြင့် ပင်ပန်းငြိုငြင်စွာ ခံကြရသောငရဲသူတို့ကို မြင်တော်မူရခြင်းသည် ငါ ခံရဘိသကဲ့သို့ဖြစ်၍ သင့်အား ငါမေးအံ့။ ဤငရဲသူတို့သည် အဘယ်မည်သောမကောင်းမှုကို ပြုခဲ့ဖူးသောကြောင့် ဤငရဲ၌ ခံကြရသနည်း။ မသိ၍မေးသော ငါ့အား သင်နတ်သား မာတလိသည် သိမြင်သည့်အတိုင်း ကြားလော့”ဟု မေးတော်မူ၏။

ထိုအခါ မာတလိနတ်သားသည် ထိုငရဲသူတို့ပြုဖူးသော မကောင်းမှုကို သိမြင်တိုင်း ပြန်ကြားလျှောက်ထားလို၍ “ယေ ဒုဗ္ဗလေ ဗလဝန္တော” အစရှိသော ဂါထာဖြင့်ကြား၏။

အဓိပ္ပာယ်ကား-

“အရပ် ၁၀-မျက်နှာတို့၏ အရှင်ဖြစ်တော်မူသော မင်းကြီး။ ဤဝေတရဏီငရဲ၌ ခံရကုန်သောငရဲသူတို့ကား လူဖြစ်သောအခါက လူမော် လူဆိုးတစေချည်းတည်း။ အချို့သောသူတို့ကား သရီရဗလရှိသည်ဖြစ်၍ ထိုသရီရဗလ မောင်းလက်ရုံးအားဖြင့် အားနည်းပါးသောသူတို့ကို အနိုင်အထက် နှိပ်စက်ပုတ်ခတ် ထောင်းသတ်ညှဉ်းဆဲခြင်းကိုလည်း ပြု၏။ အားနည်းပါးသောသူတို့၏ ဥစ္စာပစ္စည်းတို့ကိုလည်း လုယူဖျက်ဆီးတတ်ကုန်၏။ အချို့သူတို့ကား မိမိ၌ ဥစ္စာပစ္စည်း အားကြီးသည်ဖြစ်၍ ဘောဂဗလအားဖြင့် စည်းစိမ်မရှိ ပါးရှားသောသူတို့ကို အနိုင်အထက် နှိပ်စက်ညှဉ်းဆဲခြင်းကို ပြု၏။ အချို့သောသူတို့ကား ဘုန်းပညာအာဏာ အရှိန်အတောက်ကြီးသည်ဖြစ်၍ ထိုအာဏာဗလဖြင့် ဘုန်းပညာမရှိသောသူတို့ကို အနိုင်အထက် နှိပ်စက်ညှဉ်းဆဲခြင်းကို ပြု၏။ ထိုသို့ပြုခဲ့ဖူးကုန်သော လက်ရုံးအားကိုး, စည်းစိမ်အားကိုး, ဘုန်းပညာအာဏာအားကိုး ဖြစ်ကုန်သော အား ၃-ပါးရှင်တို့သည် ဤဝေတရဏီ ကြိမ်ပိုက်ချောင်းငရဲ၌ ဤသို့သောဆင်းရဲကို ရှည်မြင့်စွာခံရကုန်သည်ဟူ၍ အရှင်မင်းကြီး မှတ်တော်မူလော့”ဟု လျှောက်ကြားလေ၏။

(ဤကိုထောက်၍ ထိုသို့သောငရဲဘေးကိုကြောက်ကုန်သော သူတော်ကောင်းတို့သည် သရီရဗလ, ဘောဂဗလ, အာဏာဗလတည်းဟူသော ဗလ ၃-ပါး အားနည်းကုန်သောသူတို့အား ကိုယ်,နှုတ်ဖြင့် နှိပ်စက်ညှဉ်းဆဲခြင်းကိုမပြုမူ၍ မေတ္တာ, ကရုဏာကိုသာလျှင် ရှေ့သွားဖြစ်စေသည် ဟု မှတ်အပ်၏။

ဤအရာ၌ ပညာသည်နှိပ်စက်ကြောင်း မဟုတ်ဘဲလျက် အဘယ့်ကြောင့် အာဏာဗလ၌ သွင်းလေသနည်းဟူမူကား ရှေးဘဝတို့က ကုသိုလ်အဆောက်အဦကောင်း၍ ပဋိသန္ဓေပညာ, ပဝတ္တိပညာ ၂-ပါးပင်ရှိသော်လည်း မသင့်သောအားဖြင့် နှလုံးသွင်း၍ လောဘရမ္မက် အမျက်ရန်ငြိုးတို့ကြောင့် အလဂဒ္ဓူပမာအားဖြင့် သုတသိပ္ပ စသောအတတ်တို့ကို တတ်မြောက်အောင်သင်ပြီးလျှင် ဆီမီးထွန်း၍ ဥစ္စာထုပ်ကိုခိုးအံ့ဟု ရှာသောခိုးသူကဲ့သို့ ထိုပညာနှင့် နှိပ်စက်ခွင့်ကိုရသဖြင့် သူတစ်ပါးကိုနှိပ်စက်တတ်သော ဒေါသမူဇောသည် ပညာဥပနိဿယရှိခြင်းကြောင့် သူတစ်ပါးကို နှိပ်စက်လေ၏။ ထို့ကြောင့် ဤသို့သောပညာကိုရည်၍ အာဏာဗလ၌ သွင်းသတည်း။ ဤပညာကား စဉ်းလဲစဉ်းစားတရားတို့၌ နှုတ်သူရင်းငှားတို့မှာ ထင်ရှားစွာ၏။ ဤကား စကားချပ်တည်း။)