နေမိဇာတ်တော်ကြီး/အခန်း-၁၅
ထိုငရဲကိုပြပြီးလျှင် မာတလိနတ်သားသည် သူနာပဏငရဲကိုကွယ်စေပြီး၍ ကျင်ကြီးကျင်ငယ်တွင်းငရဲသို့ ရှေးရှုနှင်ပြန်သဖြင့် ကြောက်မက်ရွံရှာဖွယ်ခံရကုန်သော ငရဲသူတို့ကို နေမိမင်းကြီးအား ပြပေ၏။ ထိုငရဲသူတို့ကို မြင်တော်မူလေသော် ကိုယ်တိုင်ခံရဘိသကဲ့သို့ အလွန်ထိတ်လန့်တော်မူသည်ဖြစ်၍ မာတလိနတ်သားအား “ရဟဒေါ အယံ မုတ္တကရီသပူရော” အစရှိသော ဂါထာဖြင့် မေးတော်မူ၏။
ထိုဂါထာ၏အဓိပ္ပာယ်ကား-
“နတ်၏ရထားမှူးဖြစ်သော မာတလိနတ်သား။ ဤငရဲလည်း တစ်သွယ် ကျင်ငယ်ကျင်ကြီး နှီးနှောဆက်ဆံ နံစော်သိုးပုပ် စက်ဆုပ်ဖွယ်အနံ့ အခန့်မတန် အလျှံအခိုး တခြောင်းခြောင်းနှင့် တလှောင်းလှောင်းလှိုင်လျက် တစ်အိုင်လုံးပြည့်သော မစင်ရည်မစင်ဖတ်တို့ကို ငတ်ငတ်ငမ်းငမ်း ပိုက်နမ်းကိုင်ဆုပ်၍ အလုတ်အလွေး အထွေးအလိပ် သိပ်သွင်းစားသောက်ကြဘိ၏။ မိမိတို့အစာကား ရွံစရာလိလိ အရိအရွဲနှင့် ရဲရဲညီးညီး မီးလျှံတထိန်ထိန်ကိုပင် အမြိန်အယှက် နှစ်သက်မြတ်နိုးစွာပြု၍ ယခုခံကြရကုန်သော ထိုငရဲသူတို့သည် အဘယ်မည်သောမကောင်းမှုကို ပြုခဲ့မိကြလေသနည်း။ မသေနိုင်မရှင်ကောင်း ရှေးအကြောင်းအကုသိုလ်ကံ ကြီးဟန်ရှိခဲ့၏။ သိမြင်သည့်အတိုင်း ငါ့အား သင် ကြားလျှောက်ပါလော့”ဟုဆို၏။
ထိုအခါ မာတလိနတ်သားသည် ထိုငရဲသူတို့၏မကောင်းမှုကို ပြန်ကြားလို၍ “ယေကေစိမေ ကာရဏိကာ ဝိရောသကာ”အစရှိသော ဂါထာဖြင့်ဆို၏။
ထိုဂါထာ၏အဓိပ္ပာယ်ကား-
“လူတို့သေဌ်နင်း နေမိမင်းမြတ်။ ထိုငရဲသူတို့ကား လူဖြစ်သောအခါက ထောင်မှူး, လက်မရွံ့, မင်းဒဏ်သင့်အမျိုး, လူဆိုးလူကြမ်းတစေတို့ချည်းတည်း။ ထိုသူတို့သည် တစ်နေ့မပြတ် သတ်ခုတ်ညှဉ်းဆဲရအံ့သော အခွင့်ကိုသာရှာလျက်၊ ရာဇဒဏ်ရာဇဝတ် မလွတ်အံ့ယောင် အမှုရိပ်ထင်လျှင် ချစ်ခင်သသူ, ဂုဏ်ကျေးဇူးအထူး ရှိဖူးပေသသူ ဟူ၍မရွေး၊ အမှုသေးကို အမှုလေးပြုလျက် တစ်ခုသောအပြစ်ဒဏ်တို့မျှ မငြိမတွယ် စင်ကြယ်သော သူတော်ကောင်းတို့ကို ယိုးစွပ်ယုတ်မာ အပြစ်ရှာခြင်း၊ အခါအကြောင်းမဲ့၌ မိတ်ဖွဲ့သောအားဖြင့် သူ့အစား,သူ့အဝတ်နှင့် မကင်းဘဲလျက်လည်း အခင်းပေါ်ထွက်လျက် လက်ဆောင်တံစိုးကိုငဲ့၍ မထီမဲ့မြင် မခင်မကျွမ်းပြုခြင်း တည်းဟူသော ခင်ပွန်းပြစ်မှားခြင်း မကောင်းမှုကိုသာလျှင် အခါလေးမြင့်စွာ ပွားစေခဲ့သောကြောင့် ဤမုတ္တကရီသငရဲ၌ သံတွေခဲကဲ့သို့ပူလောင်လျက် ထက်စွာသောသင်ဓုန်းသွားပမာ လျှာ, အာ, လည်ချောင်း, ထောင်းထောင်းပြတ်စုတ်၍ ပုပ်နံစွာအနံ့ရှိသော ကျင်ကြီးကျင်ငယ်တို့ကိုစားလျက် ထွက်သွားမပိုင် ထိုအိုင်ထဲ၌ တလူးလဲလဲခံရကုန်သည် မှတ်တော်မူလော့”ဟု လျှောက်ကြားလေ၏။
(ဤကိုထောက်၍ ငရဲဘေးကိုကြောက်ကုန်သော သူတော်ကောင်းအပေါင်းတို့သည် သူတစ်ပါးတို့အားအပြစ်ရှာ၍ လုပ်စာစားခြင်း, ကျေးဇူးရှိပေဖူးသော အဆွေခင်ပွန်းကောင်းတို့အား ပြစ်မှားခြင်းကို မပြုမူ၍ မေတ္တာကရုဏာနှင့် ပြည့်စုံစွာ ကတညုတကတဝေဒီ တရားတို့ကိုသာ အခါမပြတ် ပွားစေရာသည်ဟု မှတ်အပ်၏။)