နေမိဇာတ်တော်ကြီး/အခန်း-၂၃
ဤသို့ မာတလိနတ်သားသည် သောဏဒိန်နတ်သား၏ ရှေး၌ပြုဖူးသော ကောင်းမှုအကြောင်းကို ပြန်ကြားပြီး၍ တောင်မြင်းမိုရ်သို့ ရှေးရှုနှင်ပြန်လေသော် တိမ်ပေါ်ကောင်းကင်ရပ် နတ်ရထားသွားရာခရီးအနီး တာထောက်သင့်တွင် အမြင့် ၂၅-ယူဇနာ, ၇-မည်ရတနာ အရာမကရှုဖွယ် တင့်တယ်စွာအခန်းခန်း ဆန်းကြယ်စွာစီမံ အလျှံချင်းတွယ်ရစ်လျက် စုလစ်မွန်ကောင်း ရောင်မောင်းတန်ဆာ အရာမက တောက်ပရွှင်ကြည် ဆောင်လည်နိမ့်မြင့် ဖူးဆင့်အဆူဆူမှာ ရတနာဖြူ၊ ရတနာကွန်ရက် မျက် ၉-ပါးစီခြယ်အပ်သောအလျှံနှင့် မှန်ကင်းစိန်ဖူးတွင် အထူးထူးရတနာကို သင့်ရာယှဉ်ဖက် ပတ္တမြားရွက်နှင့် ရွှေရိုးငွေရိုးနှင့် သန္တာနီမြွာရောင်လက် ကူးယှက်ရွှန်းစို ယိုစီးလုမတတ် ဘုံပြာသာဒ်အလယ်မှာ နေစွယ်ဆီမီး တန်ဆောင်ကြီးကဲ့သို့ ညီးညီးပြောင်လျက် လရောင်ခြည်တမျှ ချမ်းအေးလှသော မြဆီမီးတိုင် လှိုင်စမုတ်လေသာ ရတနာ ၇-မျိုး အမိုးနယ်နံရံ ဖန်အတိပြီးသော ဗိမာန်ကြီးဘုံဆောင်ဝယ် အထောင်မကသော နတ်သမီးအပေါင်း အပျောင်းအနွဲ့ အဖွဲ့အဆို သံချိုသံလေး ကျူးအေးသံလွင် ပဉ္စင်တူရိယ တီးကြကကြ သီဆိုကြသော သဘင်ရတု ပျော်ရွှင်ခန်းနှင့် ပန်းမျိုးစုံယှဉ် ဥယျာဉ်ရေကန် ခြံရံဝန်းပတ်လျက် နက်သားကံတူ ကျွမ်းသူလည်းမရှိသေး၊ တစ်စုတဝေးသော နတ်သမီးအပေါင်းတို့ ရှေးအကြောင်းစီမံတိုင်း စံရသောဖန်ဗိမာန်အနီးသို့ရောက်လျှင် အထောက်သင့်ရာ မျက်နှာစာက မာတလိနတ်သားသည် ရထားကိုတန့်ရပ်စေ၍ နေမိမင်းကြီးအား ပြလေ၏။
ထိုအခါ နေမိမင်းကြီး ဖန်ဗိမာန်အတွင်းခင်းအပ်သော သလွန်အုံးစက်ရာ အခြားခြားနှင့် နတ်သားတစ်ယောက်မျှ မနှောက်မနှော ၅-ပါးသောအာရုံ ဂုဏ်ကာမာသဝမငြီး နတ်သမီးအပေါင်းကိုမြင်လေသော် နှလုံးတော်လည်း ပုထုဇဉ် ယှဉ်အပ်သောအာရုံလည်း ဂုဏ်ဂုဏေအသင့်ဖြစ်၍ နှစ်လိုသဘော ဇောသောမနဿဖြင့် မြင်သမျှအကျိုးထူးကို ရထားမှူးအားမေးလိုသောကြောင့် “ပဘာသတိမိဒံ ဗျမှံ” အစရှိသော ၃-ဂါထာဖြင့် ဆို၏။
အဓိပ္ပာယ်ကား-
“အချင်း မာတလိရထားမှူး။ ဤကောင်းကင်နတ်နန်းလည်း တထူးရှေးဦးက ဗိမာန် ၂-ဘုံထက် အလုံးစုံကျက်သရေသာလွန်စွာ ရတနာ ၇-ပါးခြယ်လှယ်ကာ အရာမကသောသီတိုင်က ရောင်ခြည်ချင်းဆိုင်ပြိုင်လျက် လှိုင်စမုတ်လေသာက ရတနာ ၇-မျိုး အမိုးနံရံ ဖန်အတိပြီး၍ ဦးဦးတောက်ထွန်းလျက် မွန်းမွန်းထိန်မျှ သံခြိမ့်သံလေး ကျူးအေးသောသီချင်းသံ တရံမစဲ ပွဲသဘင်ပြု၍၊ ထွားနုပျော့ပျောင်းသော မိန်းမကောင်းလက္ခဏာ အမူအရာ အသွယ်သွယ်နှင့် ချစ်ဖွယ်တစေပြု၍ နစ္စဂီတမှု တူရိယာမျိုး တန်ခိုးဖန်ဆင်းခြင်း အဆင်းအရောင်ဖြင့် တစ်ဆောင်လုံးညီမျှ နတ်သမီးအပေါင်း ပျော်ကြောင်းခြံရံလျက် ဤဖန်ဗိမာန်နန်းကား နတ်သားတစ်ယောက်မျှမမြင် ဘုံဝန်းကျင်ပတ်ရစ်ကာ မြစ်သီဒါရေလည်း တထွေထွေစီးလျက် ဥယျာဉ်ကြီး ရေကန်ကြီး အသီးသီးအသွယ်သွယ် ပျော်ဖွယ်အတန်တန် စားရန်သောက်ရန် ဝတ်ဆင်ရန်အလုံးစုံ ကာမဂုဏ်မျိုးပြည့်လျက် ကြည့်စဖွယ်ပျော်စဖွယ် ထူးလှခဲ့၏တကား။ ထိုနတ်သမီးအများ ရွှင်လန်းဟန် ဗိမာန်ဘုံနန်း၏ထူးဆန်းခြင်း ဘုံတွင်းဘုံပြင် မြင်သမျှကိရိယာစုံကို ခုကြုံရသောငါသည် ကြည်ရွှင်သောနှလုံးဖြင့် ကိုယ်သုံးဆောင်ရန်ပိုင်စုလို သူ့ကံကြောင့် သူစံရပေသည်ကို မဖြေဆည်နိုင်အောင် ယိုင်ညွတ်သောစိတ် ဖိတ်ယိုကူးယှက် နှစ်သက်ခြင်းဖြစ်ဘိ၏။ သိသာအောင်လျင်လျင် သင်နတ်သား ကြားပါဦး။ ထိုကျက်သရေထူးဆန်းသော ဖန်နန်းသူအပေါင်းသည် ဘဝဟောင်းသံသရာက ဘယ်ရွာဘယ်ရပ်မှာ ထူးမြတ်ကြီးကျယ်သော အဘယ်ကောင်းမှု ပြုခဲ့ဖူးကြလေသနည်း”ဟု မေး၏။
နေမိမင်းကြီးစကားကိုကြားလျှင် မာတလိနတ်သားသည် သိမြင်တိုင်းကို ပြန်ကြားလို၍ “ယာကာစိ နာရိယော ဣဓ ဇီဝလောကေ” အစရှိသော ၂-ဂါထာဖြင့် ဆို၏။
အဓိပ္ပာယ်ကား-
“သင်္ဂဟ ၄-ပါး မြတ်တရားဖြင့် ပြည်သားပြည်သူ မပူမဆာ ချမ်းသာငြိမ်းအေး ပေးတော်မူလေ့ရှိသော နေမိမင်းမြတ်။ ဤနတ်သမီးဖန်နန်းသူအပေါင်းတို့ ကောင်းမှုပြုဖူးသော အထူးဘဝမှာ ကဿပမြတ်စွာဘုရား သာသနာတော်တွင်းတွင် မင်းနေစံရာ ဗာရာဏသီပြည်ကြီး၌ အမျိုးသမီးတစေ အဆွေသဟာ မေတ္တာယှက်စည်း တပေါင်းတည်းဖြစ်ကြ၍ ဘုရားသာသနာတော်ကို သဒ္ဓါခြင်းပြန့်ပွားလျက် ၃-ပါးသရဏာ, ၅-ဖြာသောသီလတို့ကို တစ်နေ့မျှမပျောက် မပေါက်မကြား စကားသစ္စာ မှန်စွာမလွဲ အမြဲစောင့်ထိန်းလျက် ခပ်သိမ်းသော စက္ခုသောတစသော ဣန္ဒြေကိုလည်း အနေသင့်ရာအာရုံတွင် လုံခြုံစွာဆို့ပိတ်၍ မိတ်သဟာယတစ်စု ကိုယ့်အမှုသူ့အမှု လှူမှုတန်းရန် စီမံပြင်ဆင်ခွင့်ရှိလျှင် စင်ကြယ်သန့်ပြန့်စွာ ရတနာ ၃-ပါးအား လှူဖို့လှူစု ဒါနဝတ္ထုအလျောက် ဝမ်းမြောက်သောနှလုံးနှင့် သုံးဆောင်ကျင့်ဖွယ် တင့်တယ်စွာ သဒ္ဓါကြည်ဖြူလျက် လူရှင်ဧည့်သည်အလိုက် ထိုက်လျော်ကြောင်း ကောင်းစွာပြင်ဆင် စီရင်လှူဒါန်းခြင်းနှင့် သီတင်းဥပုသ်နေ့ရောက်လျှင် တစ်ယောက်ကိုတစ်ယောက် ဝမ်းမြောက်ရွှင်လန်းစွာ ဆော်နှိုးခြင်းကိုပြု၍ တစ်စုတပေါင်းတည်း ကျောင်းကန်ဘုရား ၃-ပါးရတနာရှိရာသို့ ဆည်းကပ်လျက် အားနှင့်လျောက်ပတ်သော လှူဒါန်းပူဇော်ဖွယ်တို့ဖြင့် နှစ်လို့စွာပူဇော်လှူဒါန်း၍ ရဟန်းသံဃာတော်တို့၏အထံတွင် အင်္ဂါ ၈-ပါးတို့နှင့်ပြည့်စုံသော ဥပုသ်သီလကိုခံယူပြီးသော် သင့်လျော်ရာအရပ်၌နေကုန်လျက် မနွမ်းမပျက်စေခြင်း သန့်ရှင်းစင်ကြယ်စိမ့်သောငှာ ဗုဒ္ဓါနုဿတိအစရှိသော ကမ္မဋ္ဌာန်း၊ ကသိုဏ်း, အသုဘ အစရှိသော ကမ္မဋ္ဌာန်း၊ အတ္ထိ ဣမသ္မိံ ကာယေ ကေသာ လောမာ အစရှိသော ကာယဂတာသတိကမ္မဋ္ဌာန်း၊ “သဗ္ဗေသင်္ခါရာ အနိစ္စာ, သဗ္ဗေ သင်္ခါရာ ဒုက္ခာ, သဗ္ဗေ ဓမ္မာ အနတ္တာ အစရှိသော ကမ္မဋ္ဌာန်းတို့တွင် တစ်ခုခုသောကမ္မဋ္ဌာန်းသို့ ရှေးရှုအာရုံပြုလျက် ဥပစာရသမာဓိကိုဖြစ်စေ၍ ဣန္ဒြေကိုဆုံးမသဖြင့် မခွမတွန့်သောနှလုံးဖြင့် ကောင်းစွာကျင့်သုံးလျက် ဥပုသ်ထွက်သောနေ့ စသည်တို့၌ နှလုံးကြည်ရွှင်စွာ ရတနာ၃-ပါးတို့အား အားနှင့်လျော်စွာ တပေါင်းတစ်စည်း တညီတညွတ် မပြတ်သောဝတ်ကိုဖြစ်စေသဖြင့် လှူဒါန်းပူဇော်ခြင်းကိုပြုကြ၍ ထိုဘဝအဆုံးရောက်သဖြင့် မျက်မှောက်သောခန္ဓာကိုယ်ကို စွန့်ကြလေသော် ဤတိမ်ပေါ်ကောင်းကင်ယံတွင် ဤဗိမာန်ဘုံနန်း၌ အဆန်းအထူးသောစည်းစိမ်ကြီး နတ်သမီးချမ်းသာကို ထိုဘဝဟောင်းက တပေါင်းတည်းပြုဖူးသော ကုသိုလ်ထူးအစွမ်းကြောင့် ချမ်းမြေ့စွာ ဤနန်းသူအများ ပျော်ပါးစံရွှင်ကြရသည် မှတ်တော်မူလော့”ဟု ပြန်ကြားပေ၏။
(ဤဖလိကဝိမာနခန်း၌ ဘုံခန်းလင်္ကာမှာ အကျယ်ဆို၏။ ထိုဘုံခန်းလင်္ကာ၌ “ကောင်းကင်လမ်းမ၊ ကွန်းထောက်ချသို့” ချီသည့်ပိုဒ်တွင် “ဖန်မိုးရိပ်ငြိမ်၊ နန်းရွှေအိမ်ထက်၊ စည်းစိမ်သခင်၊ နတ်လုလင်လည်း၊ စုံအင်တန်ခိုး၊ ဘုန်းမညှိုးတည့်” ဟူ၍လည်းကောင်း, “ဝင်းဝင်းညီးညီး၊ ဖီးရရီးသား၊ နတ်သမီးမရှား၊ နတ်သားသိန်းသန်း” ဟူ၍လည်းကောင်း နတ်သမီးနတ်သား ၂-ပါးစုံညီရှိကြောင်းကို စပ်သည်။
ပါဠိတော်၌ နေမိမင်းကြီးအမေးတွင် နာရီဝရဂဏာကိဏ္ဏာ ဟူ၍လည်းကောင်း၊ ဣမာနု နာရိယောဟူ၍လည်းကောင်း၊ မာတလိနတ်သားအဖြေတွင် ယာကာစိ နာရိယောဟူ၍လည်းကောင်း၊ အဖွင့်အဋ္ဌကထာတွင်လည်း နစ္စဂီတဝါဒိတာဒီသု ဆေကာဟိ အစ္ဆရာဟိ ပရိကိဏ္ဏာ ဟူ၍လည်းကောင်း၊ ဤသို့စသည်ဖြင့် နတ်သမီးအပေါင်းသာရှိကြောင်းကို လာသည်။ နတ်သားရှိကြောင်းကို မဆို။
ထိုသို့ ပါဠိတော်နှင့် လင်္ကာ မညီလွန်းဖြစ်၍ အတ္ထဒေါသရိပ် ထင်သော်လည်း လင်္ကာဆရာ၏အလိုတော်သည် ဤဖန်ဗိမာန်၌ ပါဠိတော်တွင် နတ်သမီးကိုသာဆိုသည်ကား ကုသိုလ်ကံ၏အစွမ်းဖြင့် ထင်ရှားရာသို့လိုက်၍သာ ဆိုသည်။ နတ်သားမရှိသောကြောင့် ဆိုသည်မဟုတ်။ ဥပမာကား ဝိသာခါသူဌေးမသည် ပုဏ္ဏဝဍ္ဎနသူဌေးနှင့် ဇနီးမောင်နှံအစုံအညီပင် ပုဗ္ဗာရုံကျောင်းတော်ကို ဆောက်သည်ဖြစ်လျက် ပုဗ္ဗာရုံကျောင်းကို ဝိသာခါဒါယိကာမ ဆောက်လှူသည်ဟု ထင်ရှားရာသို့လိုက်၍ ဆိုဘိသကဲ့သို့ ဤဖန်နန်းကိုလည်း နတ်သမီးတို့၏ ကုသိုလ်ကံအစွမ်းဖြင့် ရလေသောကြောင့်သာ နတ်သမီးအပေါင်းကိုဆိုသည်။ နတ်သားကိုမူကား နတ်သမီးတို့နှင့် အဖော်အဖက်ဖြစ်ရုံမျှသော ကောင်းမှုကြောင့်သာ ဖြစ်လာကြရသဖြင့် မထင်မရှားသောကြောင့် မဆိုသည်ဟု အယူတော်စွဲသဖြင့် ၎င်းလင်္ကာကို စပ်သည်ဖြစ်မည်။ သို့ဖြစ်သော်လည်း ပါဠိတော်ထွက် နီတတ္ထ နေယျတ္ထတို့ဖြင့် မလာမရှိသည်ကို အထွေထွေတွေးဆဖွယ် မရောက်ပြီ။)