နေမိဇာတ်တော်ကြီး/အခန်း-၂၈
ဤသို့ ကျောက်မျက်ရွဲဗိမာန်ရှင်နတ်သား၏ ကောင်းမှုကိုကြားပြီးလျှင် မာတလိနတ်သားသည် တောင်မြင်းမိုရ်သို့ ရှေးရှုနှင်ပြန်လေသော် နေလုလင်ကဲ့သို့ ရွှေစင်အတိပြီး၍ ညီးညီးထိန်လျှံသော ဗိမာန်နန်း၌ ထူးဆန်းတင့်တယ်စွာစံနေသော နတ်သားကို ရထားတန့်လျက် အခန့်တော်ရာက ရှုမျှော်သာအောင် နေမိမင်းကြီးအား တစ်ဖန်ပြပြန်လေ၏။
ထိုအခါ နေမိမင်းကြီးသည် နတ်သမီးအထောင်မက ခြံရံလျက်စံနေသော ရွှေဗိမာန်ရှင်ကို ရှုမြင်ရလျှင် ရွှင်ပျစုံမက် နှစ်သက်မြတ်နိုးသောနှလုံး ရှိသည်ဖြစ်၍ မာတလိနတ်သားအား “ယထာ ဥဒယမာဒိစ္စော” အစရှိသော၂-ဂါထာဖြင့် မေးပြန်၏။
အဓိပ္ပာယ်ကား-
“လူ့ပြည်နှင့်နတ်ရပ် နယ်စပ်မနီး ခရီးဝေးစွာမှ ပင့်ချီလာသော်လည်း အဖော်မပါ ငါတစ်ယောက်တည်း လှိုက်လှဲဆာနုံး နှလုံးညှိုးရိရှိဖို့ အကြောင်းပေါင်းဆောင်လျက်ပင် ရွှင်ပျလန်းကြည်သဖြင့် နေပြည်လူ့ရပ်ကို အမှတ်မရှိစေအောင် ဖျော်ဖြေတတ်သော နတ်ရထားမှူး မာတလိ။ ဝင်းဝင်းညိ ထွက်သစ်စနေကဲ့သို့ ရွှေစင်ရဲရဲ တစ်ခဲနက်ပြီးလျက် ညီးညီးတောက်သော ဤဗိမာန်သည် စံနေသူနတ်သား, ခစားသောနတ်သမီး, အသီးသီးသောပွဲသဘင် ယခင်ကဗိမာန်များနှင့်မတူ အဆူဆူဥယျာဉ် ရေကန်အခြံအရံ အခင်းအကျင်းနှင့်တကွ တင့်တယ်လှ၏တကား။ ထိုနတ်သား၏ကုသိုလ်ကံကို တစ်ဖန် သင်ကြားပါဦး။ ကြူးခဲ့သောသံသရာက ဘယ်ရွာဘယ်ပြည်မှာ အဘယ်မည်သောကောင်းမှုကို ပြုခဲ့ဖူးလေသနည်း”ဟုမေး၏။
နေမိမင်းကြီးစကားကိုကြားလျှင် မာတလိနတ်သားသည် သိမြင်တိုင်းကြားပြန်လို၍ “သာဝတ္ထိယံ ဂဟပတိ” အစရှိသော ၄-ဂါထာခွဲဖြင့် ဆို၏။
အဓိပ္ပာယ်ကား-
“ဇမ္ဗူတမွတ် လောကနတ်ဖြစ်တော်မူသော နေမိမင်းမြတ်။ မှတ်တော်မူဦးလော့။ အထူးထူးသောကျက်သရေနှင့် ဤရွှေဗိမာန်၌စံနေသော နတ်သားသည်လည်း ရှည်လျားသောသံသရာက ကဿပမြတ်စွာဘုရား သာသနာတော် တည်ထွန်းသောအခါ သာဝတ္ထိပြည်ကြီးဝယ် သူကြွယ်အလှူရှင်ဖြစ်၍ ကျောင်း, ဇရပ်, ဥယျာဉ်, ရေတွင်း, ရေကန်, တံတား, တံခါးမုခ် ဆောက်လုပ်တည်ထားပြုစုခြင်း၊ ရဟန္တာ, အရိယာ, သံဃာတော်တို့အား ရိုသေလေးမြတ်စွာ သင်္ကန်း, ဆွမ်း, ပစ္စည်း, အိပ်ရာ, နေရာတို့ကို လှူဒါန်းပူဇော်ခြင်း၊ ဥပုသ်နေ့တို့၌ သီတင်းသီလ ဆောက်တည်ခြင်း၊ အခါခပ်သိမ်းလည်း သရဏဂုံပဉ္စသီတို့၌ စောင့်ရှောက်သော ဣန္ဒြေကိုဆုံးမခြင်း၊ ဒါနဝတ္ထုတို့၌ ကြည့်ရှုစီမံ ဝေဖန်လေ့ရှိခြင်း၊ ယင်းသို့သော ကောင်းမှုတို့ကို ကြည်ညိုရွှင်လန်းလျက် အသက်ထက်ဆုံး ပြုခဲ့ဖူးသောကြောင့် ဤအထူးအဆန်း ရွှေနန်းဗိမာန်ဆောင်၌ အထောင်မကသော အခြံအရံနှင့်တကွ မွေ့လျော်ရသည် မှတ်တော်မူလော့”ဟု ပြန်ကြားပေ၏။