ပဉ္စသတဒါရကဝတ္ထု
ပိယဝဂ်
၇။ သူငယ်ငါးရာတို့ဝတ္ထု
သီလဒဿနသမ္ပန္နံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် လမ်းခရီးအကြား၌ ငါးရာသောသူငယ်တို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
အရှင်မဟာကဿပ၏ ဘုန်းတော်ကံတော်
တစ်နေ့သ၌ မြတ်စွာဘုရားသည် ရှစ်ကျိပ်သော မထေရ်တို့နှင့် အတူတကွ ရဟန်းငါးရာ ခြံရံလျက် ရာဇဂြိုဟ်မြို့သို့ ဆွမ်းအလို့ငှာ ကြွဝင်တော်မူသည်ရှိသော် တစ်ခုသော ပွဲလမ်းသဘင် ကျင်းပသောနေ့၌ ငါးရာသောသူငယ်တို့ကို မုန့်တောင်းတို့ကို ထမ်းဆောင်စေလျက် မြို့မှထွက်၍ ဥယျာဉ်သို့သွားကြသည်တို့ကို မြင်တော်မူလေ၏။ ထိုသူငယ်တို့သည်လည်း မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ဖဲသွားကြကုန်၏။ ထိုသူငယ်တို့သည် ရဟန်းတစ်ပါးကိုမျှလည်း “မုန့်ကိုခံယူတော်မူပါဘုရား”ဟု မဆိုကြလေကုန်။ မြတ်စွာဘုရားသည် ထိုသူငယ်တို့သွားပြီးသော ကာလ၌ ရဟန်းတို့ကို “ချစ်သားရဟန်းတို့- မုန့်တို့ကို စားသောက်သုံးဆောင်ကြကုန်လတ္တံ့လော”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- မုန့်တို့သည် အဘယ်မှာ ပါနည်းဘုရား”ဟု လျှောက်ကြားကြကုန်သော် “မုန့်တောင်းတို့ကို ထမ်းဆောင်စေလျက် လွန်သွားကြကုန်သော သူငယ်တို့ကို မြင်ကြရကုန်သည် မဟုတ်လော”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- ဤသို့သဘောရှိကြပါကုန်သော်လည်း သူငယ်တို့သည် တစ်စုံတစ်ယောက်သော ရဟန်းအား မုန့်ကို မလှူဒါန်းကြပါဘုရား”ဟု လျှောက်ကြပြန်သည်ရှိသော် “ချစ်သားရဟန်းတို့- ထိုသူငယ်တို့သည် ငါဘုရားရှင်ကိုလည်းကောင်း၊ သင်တို့ကိုလည်းကောင်း မုန့်တို့ဖြင့် အကယ်၍ကား မဖိတ်ကြားကြကုန်၊ ထိုသို့ပင် မဖိတ်ကြားကြကုန်သော်လည်း မုန့်ရှင်ဖြစ်သော ရဟန်းသည် နောက်မှလိုက်ပါလာ၏။ မုန့်တို့ကို ဘုဉ်းပေးသုံးဆောင်၍သာလျှင် ကြွသွားခြင်းငှာ သင့်၏”ဟု မိန့်တော်မူလေ၏။
သူငယ်တို့သည် ရှင်မဟာကဿပမထေရ်မြတ်ကို နောက်မှကြွလာသည်ကို မြင်ရလျှင် ဖြစ်သော ချစ်ကြည်မြတ်နိုးခြင်း ရှိကြကုန်လျက် ပီတိအဟုန်ဖြင့်ပြည့်သော ကိုယ်ရှိကြကုန်သည်ဖြစ်၍ မုန့်တောင်းတို့ကိုချတဲ့ပြီးလျှင် ရှင်မဟာကဿပမထေရ်ကို ငါးပါးသောတည်ခြင်းဖြင့် ရှိခိုး၍ မုန့်တို့ကို တောင်းတို့နှင့်တကွသာ ချီကြွမြှောင့်ပင့်လျက် “အရှင်ဘုရား- ခံယူတော်မူပါဘုရား”ဟု ရှင်မဟာကဿပမထေရ်ကို လျှောက်ဆိုကြလေကုန်၏။ ထိုအခါ သူငယ်တို့ကို ရှင်မဟာကဿပမထေရ်သည် “ဤငါတို့ဆရာ ဘုရားမြတ်စွာသည် ရဟန်းသံဃာအပေါင်းကို ခေါ်တော်မူ၍ သစ်ပင်ရင်း၌ သီတင်းသုံးနေတော်မူ၏။ သင်တို့၏ လှူဖွယ်ဝတ္ထုကို ယူကာသွား၍ ရဟန်းသံဃာအပေါင်းအား ခွဲခြမ်းဝေဖန်ခြင်းကို ပြုကြကုန်လော့၊ လှူဒါန်းကြကုန်လော့”ဟု မိန့်တော်မူလေ၏။ ထိုသူငယ်တို့သည် “အရှင်ဘုရား ကောင်းလှပါပြီဘုရား”ဟု ပြန်လည်ဆုတ်နစ်၍ ရှင်မဟာကဿပမထေရ်နှင့် အတူတကွသာလျှင် သွားကြသဖြင့် မုန့်တို့ကိုလှူဒါန်းပြီးလျှင် ကြည့်ရှုကာ တင့်အပ်လျောက်ပတ်သောအရပ်၌ တည်လျက် ဘုဉ်းပေး သုံးဆောင်တော်မူခြင်း၏အဆုံး၌ ရေကို ဆက်ကပ်လှူဒါန်းကြလေကုန်၏။ ရဟန်းတို့သည် “သူငယ်တို့ကား မျက်နှာကြည့်သဖြင့် ဆွမ်းလှူကုန်၏၊ မြတ်စွာဘုရားကိုလည်းကောင်း၊ မထေရ်ကြီးတို့ကိုလည်းကောင်း မုန့်တို့ဖြင့် မပန်ကြားမူ၍ ရှင်မဟာကဿပမထေရ်ကိုမြင်လျှင် မုန့်တောင်းတို့နှင့် တကွသာလျှင် ယူ၍လာကြကုန်ဘိ၏တကား”ဟု ကဲ့ရဲ့ရှုတ်ချကြလေကုန်၏။ မြတ်စွာဘုရားသည် ထိုရဟန်းတို့၏စကားကိုကြားတော်မူရသဖြင့် “ချစ်သားရဟန်းတို့- ငါ၏သားတော်ဖြစ်သော မဟာကဿပနှင့်တူသော ရဟန်းကို နတ်လူတို့ ချစ်မြတ်နိုးအပ်၏။ ထိုရဟန်းအား ပစ္စည်းလေးပါးဖြင့် ပူဇော်ခြင်းကို ပြုကြကုန်သည်သာတည်း”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
အတ္တနော ကမ္မ ကုဗ္ဗာနံ၊ တံ ဇနော ကုရုတေ ပိယံ။
သီလဒဿနသမ္ပန္နံ၊ စတုပါရိသုဒ္ဓိသီလ, မဂ်ဉာဏ်, ဖိုလ်ဉာဏ်နှင့် ပြည့်စုံထသော။ ဓမ္မဋ္ဌံ၊ လောကုတ္တရာတရား ကိုးပါး၌ တည်ထသော။ သစ္စဝေဒိနံ၊ သစ္စာဉာဏ်ဖြင့် အမှန်ကို ဆိုလေ့ရှိထသော။ အတ္တနော ကမ္မကုဗ္ဗာနံ၊ သိက္ခာသုံးခု မိမိအမှုကို ပြုလုပ်ဖြည့်ကျင့်တတ်သော။ တံ ပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို။ ဇနော၊ လူများအပေါင်းသည်။ ပိယံ၊ ချစ်ကြည်အားကိုး မြတ်နိုးခြင်းကို။ ကုရုတေ- ကရောတိ၊ ပြု၏။
ဒေသနာတော်၏အကျိုး
ဒေသနာတော်၏အဆုံး၌ အလုံးစုံလည်းဖြစ်ကုန်သော ထိုသူငယ် ငါးရာတို့သည် သောတာပတ္တိဖိုလ်၌ တည်ကြလေကုန်၏။