မဂ္ဂဝဂ်

၁။ ရဟန်းငါးရာဝတ္ထု

မဂ္ဂါနဋ္ဌင်္ဂိကောအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ငါးရာသော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

စကား၌ တရားပါအောင် ပြုခြင်း

ထိုရဟန်း ငါးရာတို့သည် မြတ်စွာဘုရားသည် ဇနပုဒ်သို့ ဒေသစာရီ ကြွချီတော်မူပြီး၍ တစ်ဖန် သာဝတ္ထိပြည်သို့ ရောက်လာတော်မူလတ်သည်ရှိသော် ခစားလုပ်ကျွေး စည်းဝေးရာဇရပ်၌ နေထိုင်ကြကုန်လျက် “ဤမည်သောရွာမှ ဤမည်သောရွာသို့ သွားသောလမ်းခရီးသည် ညီညွတ်၏၊ ဤမည်သောရွာသို့သွားသော လမ်းခရီးသည် မညီမညွတ်၊ ကျောက်စရစ် ရှိ၏၊ ကျောက်စရစ် မရှိ၊” ဤသို့ အစရှိသောနည်းဖြင့် မိမိ၏ သွားလာလှည့်လည်အပ်သော လမ်းခရီးကို အကြောင်းပြု၍ လမ်းခရီးနှင့်စပ်သော စကားကို ပြောကြားကြကုန်သတတ်၊ မြတ်စွာဘုရားသည် ထိုငါးရာသော ရဟန်းတို့၏ အရဟတ္တဖိုလ်သို့ ရောက်အံ့သော အကြောင်း ဥပနိဿယကို မြင်တော်မူသဖြင့် ထိုခစားလုပ်ကျွေး စည်းဝေးရာဇရပ်သို့ ကြွလာတော်မူပြီးလျှင် ခင်းထားအပ်သော ဘုရားနေရာ၌ နေတော်မူလျက် “ချစ်သားရဟန်းတို့- ယခု ငါဘုရား ကြွလာတော်မူဆဲသောအခါ၌ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူခြင်းကြောင့် “ဤမည်သောစကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော်လျှောက်လတ်သည်ရှိသော် “ချစ်သားရဟန်းတို့- ဤခရီးသည် အပ ဖြစ်သော လမ်းခရီးဖြစ်၏၊ ရဟန်းမည်သည်ကား အရိယာပုဂ္ဂိုလ်တို့၏ သွားရာဖြစ်သော လမ်းခရီး၌ ပြုအပ်သောအမှုကို ပြုခြင်းငှာ သင့်လျော်၏”ဟု မိန့်တော်မူပြီးလျှင် “ဤသို့ ပြုသော ရဟန်းသည် အလုံးစုံသော ဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်၏”ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၂၇၃] မဂ္ဂါနဋ္ဌင်္ဂိကော သေဋ္ဌော၊ သစ္စာနံ စတုရော ပဒါ။
ဝိရာဂေါ သေဋ္ဌော ဓမ္မာနံ၊ ဒိပဒါနဉ္စ စက္ခုမာ။

[၂၇၄] ဧသေဝ မဂ္ဂေါ နတ္ထညော၊ ဒဿနဿ ဝိသုဒ္ဓိယာ။
ဧတဉှိ တုမှေ ပဋိပဇ္ဇထ၊ မာရဿေတံ ပမောဟနံ။

[၂၇၅] ဧတဉှိ တုမှေ ပဋိပန္နာ၊ ဒုက္ခဿန္တံ ကရိဿထ။
အက္ခာတော ဝေါ မယာ မဂ္ဂေါ၊ အညာယ သလ္လကန္တနံ။

[၂၇၆] တုမှေဟိ ကိစ္စမာတပ္ပံ၊ အက္ခာတာရော တထာဂတာ။
ပဋိပန္နာ ပမောက္ခန္တိ၊ ဈာယိနော မာရဗန္ဓနာ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ မဂ္ဂါနံ၊ မဂ်တို့တွင်။ အဋ္ဌင်္ဂိကော၊ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော မဂ်သည်။ သေဋ္ဌော၊ မြတ်၏။

(ခြေကြောင်းခရီးဟူသော ဇင်္ဃမဂ်၊ လှည်းကြောင်းခရီးဟူသော သကဋမဂ် စသည်တို့မူလည်း ဖြစ်စေ၊ ဒိဋ္ဌိ ခြောက်ဆယ့်နှစ်ပါးဟူသော ဒိဋ္ဌိသဟဂတ မဂ်တို့မူလည်း ဖြစ်စေ အလုံးစုံသော မဂ်တို့တွင် အကြင်မဂ်သည် သမ္မာဒိဋ္ဌိစသော ရှစ်ပါးဖြင့် မိစ္ဆာဒိဋ္ဌိစသော ရှစ်ပါးတို့ကို နိဗ္ဗာန်အာရုံပြုလျက် ပယ်၏။ သစ္စာလေးပါးတို့တွင်လည်း ဒုက္ခသစ္စာကို ပိုင်းခြား၍ သိခြင်းကိစ္စ, သမုဒယသစ္စာကို ပယ်ခြင်းကိစ္စ, နိရောဓသစ္စာကို မျက်မှောက်ပြုခြင်းကိစ္စ, မဂ္ဂသစ္စာကို ပွားများခြင်းကိစ္စကို ပြီးစေနိုင်၏၊ အင်္ဂါရှစ်ပါးရှိသော ထိုမဂ်သည် အထူးသဖြင့် မြတ်၏ဟူလို။)

သစ္စာနံ၊ သစ္စာတို့တွင်။ စတုရော ပဒါ၊ သစ္စာလေးပိုဒ်တို့သည်။ သေဋ္ဌာ၊ မြတ်ကြကုန်၏။

(သစ္စံ ဘဏေ န ကုဇ္ဈေယျ၊ မှန်သော စကားကို ဆိုရာ၏၊ အမျက်မထွက်ရာ၊ စသည်၌ဖြစ်သော စကားဟူသော သစ္စာဖြစ်စေ။
သစ္စော ဗြာဟ္မဏော သစ္စော ခတ္တိယော၊ သစ္စမည်သော ပုဏ္ဏား၊ သစ္စမည်သောမင်း စသည်အပြားရှိသော အမည်နာမ ပညတ်ဟူသော သစ္စာဖြစ်စေ။
ဣဒမေဝ သစ္စံ မောဃမညံ၊ ဤအယူသာ မှန်၏၊ သူတစ်ပါး၏ အယူသည် အလကား အချည်းနှီးဖြစ်၏ဟူသော အမှန်မဟုတ်ဘဲ မှန်၏ဟု အထင်မှားသော ဒိဋ္ဌိဟူသော သစ္စာဖြစ်စေ။
ဒုက္ခံ အရိယသစ္စံ၊ ဒုက္ခဟူသော အရိယသစ္စာ စသည် အပြားရှိသော မဖောက်ပြန်သော ပရမတ် သစ္စာဖြစ်စေ၊ အလုံးစုံသော သစ္စာတို့တွင် ပိုင်းခြား၍သိအပ်သော အနက်ကြောင့်လည်းကောင်း၊ မျက်မှောက်ပြုအပ်သော အနက်ကြောင့်လည်းကောင်း၊ ပယ်အပ်သော အနက်ကြောင့်လည်းကောင်း၊ ပွားများအပ်သော အနက်ကြောင့်လည်းကောင်း၊ အမြတ်ကို ထိုးထွင်း၍သိခြင်း အနက်ကြောင့်လည်းကောင်း “ဒုက္ခံ အရိယသစ္စံ” စသော လေးပုဒ်လေးပိုဒ်တို့သည် အထူးသဖြင့် မြတ်သည် မည်ကုန်၏ဟူလို။)

ဓမ္မာနံ၊ တရားတို့တွင်။ ဝိရောဂေါ၊ ရာဂကင်းရာ နိဗ္ဗာန်သည်။ သေဋ္ဌော၊ မြတ်၏။

(ချစ်သားရဟန်းတို့ အကြင်မျှလောက် ပြုပြင်ခြင်းရှိသော တရားတို့သည်လည်းကောင်း၊ ပြုပြင်ခြင်းမရှိသော တရားတို့သည်လည်းကောင်း ရှိကြကုန်၏၊ ထိုရှိသမျှတို့တွင် ရာဂကင်းရာ နိဗ္ဗာန်ကို အမြတ်ဆုံးဟူ၍ ဟောကြားအပ်၏ဟု ဘုရားဟောသောကြောင့် တရားတို့တွင် နိဗ္ဗာန်သည် အလွန်မြတ်၏ဟူလို။)

ဒွိပဒါနဉ္စ၊ အခြေ နှစ်ချောင်းရှိကုန်သော သူတို့တွင်လည်း။ စက္ခုမာ၊ စက္ခုငါးပါး ရှိတော်မူသော မြတ်စွာဘုရားသည်။ သေဋ္ဌော၊ မြတ်၏။

(ဒွိပဒါနဉ္စ ဟူသောပုဒ်၌ ပါရှိသော “စ”သဒ္ဒါသည် ပေါင်းစုခြင်းအနက်ရှိ၏၊ နာမ်တရားတို့ကို ပေါင်းစုလေ၏။ ထို့ကြောင့် အရူပဓမ္မ မည်သော နာမ်တရားတို့တွင်လည်း နာမ်တရားတို့ထက်လည်း ဘုရားရှင်သာ အလွန်မြတ်၏ ဟူလို။)

ဒဿနဿ၊ မဂ်ဖိုလ်တည်းဟူသော ဒဿန၏။ ဝိသုဒ္ဓိယာ၊ စင်ကြယ်စိမ့်သောငှာ။ ဧသောဧဝ၊ ဤအဋ္ဌင်္ဂိကမဂ်သည်သာလျှင်။ မဂ္ဂေါ၊ လမ်းခရီးမည်၏။ အညော၊ အဋ္ဌင်္ဂိကမဂ်မှ တစ်ပါးသော။ မဂ္ဂေါ၊ လမ်းခရီးသည်။ နတ္ထိ၊ မရှိ။ ဧတံ၊ ဤအဋ္ဌင်္ဂိကမဂ် လမ်းခရီးကိုသာလျှင်။ တုမှေ၊ သင်တို့သည်။ ပဋိပဇ္ဇထ၊ သွားကြ,ကျင့်ကြကုန်လော့။ ဧတံ၊ ထိုမဂ္ဂင်လမ်းမကို သွားကြ,ကျင့်ကြခြင်းသည်။ မာရဿ၊ မာရ်နတ်ကို။ ပမောဟနံ၊ နှောင်ဖွဲ့ခြင်းသည်။ ဟောတိ၊ ဖြစ်၏။

ဟိ၊ ထိုစကားသင့်စွ။ ဧတံ၊ ဤအဋ္ဌင်္ဂိကမဂ်လမ်းမကို။ တုမှေ၊ သင်တို့သည်။ ပဋိပန္နာ၊ သွားကြ,ကျင့်ကြကုန်သည်ရှိသော်။ ဒုက္ခဿ၊ အလုံးစုံသော ဝဋ်ဆင်းရဲ၏။ အန္တံ၊ အပိုင်းအခြားကို။ ကရိဿထ၊ ပြုကြရကုန်လတ္တံ့။ သလ္လကန္တနံ၊ ရာဂအစရှိသော ငြောင့်ကို နုတ်နိုင်ကြောင်း မဂ်ကို။ အညာယ၊ သိ၍။

(သူတစ်ပါးထံမှ တစ်ဆင့်ကြား စသည်ကို ကြဉ်ဖယ်၍ မိမိ မျက်မှောက်အားဖြင့် သိပြီးသားဖြစ်၍ဟူလို။)

မဂ္ဂေါ၊ ဤအဋ္ဌင်္ဂိကမဂ်လမ်းကို။ ဝေါ၊ သင်ချစ်သားတို့အား။ မယာ၊ ငါဘုရားသည်။ အက္ခာတော၊ ဟောကြားအပ်၏။

တုမှေဟိ၊ သင်တို့သည်။ အာတပ္ပံ၊ ကိလေသာကို ပူပန်စေတတ်သောလုံ့လကို။ ကိစ္စံ၊ ပြုအပ်၏။

(မဖြစ်သေးသော အကုသိုလ်တို့ကို မဖြစ်စိမ့်သောငှာလည်းကောင်း, ဖြစ်ပြီးသော အကုသိုလ်တို့ကို ပယ်ဖျောက်စိမ့်သောငှာလည်းကောင်း အားထုတ်တတ်သော လုံ့လဝီရိယကိုပင် ကိလေသာကို လောင်ကျွမ်းအောင် ရှို့မြိုက်တတ်သောကြောင့် အာတပဟု ခေါ်သည်။ ထိုမဂ်ရအောင် ဤအာတပကို အားထုတ်ရမည်ဟူလို။)

တထာဂတာ၊ မြတ်စွာဘုရားတို့သည်။ အက္ခာတာရော၊ ဟောကြားတတ်ကြကုန်၏။ ပဋိပန္နာ၊ ဘုရားဟောတိုင်း လိုက်နာ၍ ကျင့်ကြကုန်သော။ ဈာယိနော၊ နှစ်ပါးသောဈာန် ရှိကြကုန်သော ပုဂ္ဂိုလ်တို့သည်။ မာရဗန္ဓနာ၊ မာရ်မင်း၏ အနှောင်အဖွဲ့မှ။ ပမောက္ခန္တိ၊ လွတ်နိုင်ကြကုန်၏။

(ဘုရားရှင်တို့သည် သက်သက် ဟောကြားတတ်ကုန်၏၊ (သူတို့အတွက် ပြီးပြီ။) ထို့ကြောင့် ထိုဘုရားရှင်တို့ ဟောအပ်သော အစွမ်းအားဖြင့်သာလျှင် ကျင့်ကြကုန်သော သမထဈာန် ဝိပဿနာဈာန် နှစ်ပါးဖြင့် ဈာန်ဝင်စား အားထုတ်ကြကုန်သော သူတို့သည် တေဘုမ္မကဝဋ်ဆင်းရဲ ဟူသော မာရ်မင်းအနှောင်အဖွဲ့မှ လွတ်နိုင်ကြမည်ဟူလို။)

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ထိုရဟန်းတို့သည် အရဟတ္တဖိုလ်၌ တည်ကြလေကုန်၏၊ ရောက်လာသော ပရိသတ်တို့အားလည်း အကျိုးရှိသောဒေသနာ ဖြစ်တော်မူလေ၏။

ရဟန်းငါးရာဝတ္ထု ပြီး၏။