ပဉ္စာဝုဓဇာတ်
ဧကကနိပါတ်-အာသီသဝဂ်
၅။ ပဉ္စာဝုဓဇာတ်
ဝီရိယထုတ်အပ်သောအခါ၌ ဝီရိယထုတ်သောကြောင့် မင်းအဖြစ်သို့ ရောက်ကြောင်း
ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ယော အလီနေန စိတ္တေန အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ ပဉ္စာဝုဓဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တယောက်သော လျှော့သောဝီရိယရှိသော ရဟန်းကို အကြောင်း ပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ ထိုရဟန်းကို မြတ်စွာဘုရားသည် ခေါ်တော်မူ၍ ရဟန်း သင်သည် လျော့သောဝီရိယရှိသတတ်ဟူသည် မှန်သလောဟု မေးတော်မူ၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား မှန်ပေ၏ဟု လျှောက်သည်ရှိသော် ရဟန်း ရှေးအခါကာလ၌ ပညာရှိတို့သည်လည်း ဝီရိယကိုပြုခြင်းငှါ သင့်သောအရာ၌ ဝီရိယကိုပြု၍ မင်းစည်းစိမ်သို့ရောက်ဘူးကုန်ပြီဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။
အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ မိဖုယားကြီးဝမ်း၌ ဖြစ်၏။ ထိုဘုရားလောင်းအား အမည်မှည့်သောနေ့၌ တရာ့ရှစ်ယောက်သောပုဏ္ဏားတို့ကို အလုံးစုံသောလှူဘွယ်ဝတ္ထုတို့ဖြင့် ရောင့်ရဲစေ၍ လက္ခဏာတို့ကိုမေးကုန်၏။ လက္ခဏာ၌လိမ်မာကုန်သော ပုဏ္ဏားတို့သည် လက္ခဏာ၏ပြည့်စုံခြင်းကိုမြင်၍ အရှင်မင်းကြီး မင်းသားသည် ဘုန်းကံနှင့်ပြည့်စုံ၏။ အရှင်မင်းကြီးတို့၏ လွန်သဖြင့် မင်းအဖြစ်သို့ ရောက်လတ္တံ့၊ ငါးပါးသော လက်နက်အမှုဖြင့် ထင်ရှားသည်ဖြစ်လတ္တံ့၊ အလုံးစုံသောဇမ္ဗူဒိပ်၌ မြတ်သောယောက်ျား ဖြစ်လတ္တံ့ဟုဟောကုန်၏။ မင်းကြီးသည် ပုဏ္ဏားတို့၏စကားကိုကြား၍ မင်းသားအား အမည်ကိုမှည့်သည်ရှိသော် ပဉ္စာဝုဓမင်းသားဟူသော အမည်ကိုမှည့်၏။ ထိုအခါ သိကြားလိမ်မာသောအဖြစ်သို့ ရောက်သည်ဖြစ်၍ တဆယ့်ခြောက်နှစ်အရွယ်သို့ရောက်သော ထိုးပဉ္စာဝုဓမင်းသားကို မင်းကြီးသည်ခေါ်၍ အမောင် အတတ်သင်ချေလောဟု ဆို၏။ အရှင်မင်းကြီး အဘယ်သူ၏အထံ၌ သင်ရအံ့နည်းဟု လျှောက်၏ အမောင် သွားချေ၊ ဂန္ဓာရတိုင်း တက္ကသိုလ်ပြည်၌ ဒိသာပါမောက္ခဆရာ့အထံ၌ သင်ချေ၊ ဤဆရာ၏အဘို့ကိုလည်း ပေးလေဟု ဆို၍ ထိုပဉ္စာဝုဓမင်းသားအား တထောင်သော အသပြာကိုပေး၍ လွှတ်လိုက်၏။
ထိုပဉ္စာဝုဓမင်းသားသည် ထိုတက္ကသိုလ်ပြည်သို့သွား၍ အတတ်သင်၍ ဆရာပေးအပ်သော ငါးပါးသောလက်နက်တို့ကို ယူ၍ ဆရာကိုရှိခိုးပြီးလျှင် တက္ကသိုလ်ပြည်မှထွက်ခဲ့၍ ဖွဲ့အပ်သော ငါးပါးသော လက်နက်ရှိသည်ဖြစ်ဗာရာဏသီခရီးသို့ သွား၏။ ထိုပဉ္စာဝုဓမင်းသားသည် ခရီးအကြား၌ စေးသောအမွှေးရောက်သော ဘီလူးသည်စောင့်အပ်သော တခုသောတောအုပ်သို့ ရောက်၏။ ထိုအခါ ပဉ္စာဝုဓမင်းသားကို တောအုပ်၏အဝ၌ လူတို့သည် မြင်ကုန်၍ အိုလုလင် ဤတောအုပ်သို့မဝင်လင့်၊ ဤတောအုပ်၌ စေးသော အမွေးရောက်သောဘီလူးသည် မြင်တိုင်းမြင်တိုင်းကုန်သောလူတို့ကို အသက်ကုန်ခြင်းသို့ရောက်စေ၏ဟု တားမြစ်ကုန်၏။ ဘုရားလောင်းသည် ကိုယ်ကိုကြံလျက် တုန်လှုပ်ခြင်းမရှိသော ကေသရာခြင်္သေ့မင်းကဲ့သို့ တောအုပ်သို့ဝင်သည်သာလျှင်တည်း၊ ထိုဘုရားလောင်းသည် တောအုပ်အလယ်သို့ရောက်သည်ရှိသော် ထိုဘီလူးသည် ထန်းပင်ပမာဏရှိသည်ဖြစ်၍ စုလစ်မွန်းချွန်တပ်သော အိမ်ပမာဏရှိသောဦးခေါင်းကို၎င်း သပိတ်ပမာဏရှိသောမျက်စိကို၎င်း ငှက်ပျောဘူးပမာဏရှိကုန်သော အစွယ်နှစ်ချောင်းတို့ကို၎င်းဖန်ဆင်း၍ ဖြူသောမျက်နှာရှိသည် ပြောက်ကျားသောဝမ်းရှိသည် ညိုသောလက်ခြေရှိသည်ဖြစ်၍ ဘုရားလောင်းအား ကိုယ်ကိုပြ၍ အဘယ်သို့သွားမည်နည်း ရပ်လော အစာဖြစ်ပြီဟု ဆို၏။
ထိုအခါ ဘီလူးကို ဘုရားလောင်းသည် ဘီလူး ငါသည် ကိုယ်ကိုကြံ၍ တောအုပ်သို့ ဝင်၏။ သင်သည် မမေ့မလျော့ ငါ့အထံသို့ ချဉ်းလော၊ အဆိပ်လူးမြားဖြင့် သင့်ကိုပစ်၍ ဤအရပ်၌ပင်လျှင် သတ်အံ့ဟုခြိမ်းချောက်၍ လတ်တလောသေစေတတ်သော အဆိပ်လူးသောမြားကိုဖွဲ့၍ လွှတ်၏။ ထိုမြားသည်လည်း ဘီလူး၏အမွှေး၌သာလျှင် ကပ်ငြိ၏။ ထို့နောက် တစင်းသောမြားကိုလွှတ်၏။ ဤသို့သောနည်းဖြင့် ငါးဆယ်သောမြားကိုလွှတ်၏။ အလုံးစုံသောမြားတို့သည် ဘီလူး၏ အမွေး၌သာ ကပ်ငြိကုန်၏။ ဘီလူးသည် အလုံးစုံသော ထိုမြားတို့ကိုခါ၍ မိမိ၏ ခြေရင်း၌သာ ကျစေ၍ ဘုရားလောင်းအထံသို့ကပ်၏။ ဘုရားလောင်းသည် တဖန်လည်း ထိုဘီလူးကို ခြိမ်းချောက်၍ သန်လျက်ကိုငင်၍ ခုတ်၏။ သုံးဆယ့်သုံးလက်သစ် သံတွေဖြင့်လုပ်အပ်သော သန်လျက်သည် ဘီလူးအမွေး၌ သာလျှင် ကပ်ငြိ၏။
ထိုအခါ ဘီလူးကိုတောင့်ဖြင့်ခတ်ပြန်၏။ ထိုတောင့်သည်လည်း အမွှေးတို့၌သာလျှင် ကပ်ငြိပြန်၏။ ထို့ကြောင့် ကပ်ငြိသည်အဖြစ်ကိုသိ၍ သောက်ပုတ်ဖြင့်ခတ်ပြန်၏။ ထိုဆောက်ပုတ်သည်လည်း အမွှေးတို့၌သာလျှင် ကပ်ငြိ၏။ ဆောက်ပုတ်ကပ်ငြိသော အဖြစ်ကိုသိ၍ အို ဘီလူး သင်သည် ငါ့ကို ပဉ္စာဝုဓမင်းသားဟူ၍ မကြားဘူးသလော၊ သင်သည် စောင့်အပ်သောတောအုပ်သို့ ဝင်သောငါသည် လေးအစရှိသည်တို့ကို ကြံ၍မဝင်၊ စင်စစ်သော်ကား ကိုယ်ကိုသာလျှင် ကြံ၍ဝင်၏။ ယနေ့ သင့်ကိုသတ်၍ မှုန့်မှုန့်ညက်ညက် ကြေသည်ကိုပြုအံ့ဟု ကြုံဝါးလျက် အသံကိုပြုပြီးလျှင် ပဲ့တင်ထပ်စေ၍ လကျ်ာလက်ဖြင့် ဘီလူးကိုသတ်၏။ လက်သည် အမွေးတို့၌ ကပ်ငြိ၏။ လက်ဝဲလက်ဖြင့် သတ်ပြန်၍ ထိုလက်ဝဲလက်သည်လည်း အမွေး၌ သာလျှင် ကပ်ငြိ၏။ လကျ်ာခြေဖြင့် ခတ်ပြန်၏။ ထိုလက်ျာခြေသည်လည်း ကပ်ငြိ၏။ လက်ဝဲခြေဖြင့် ခတ်ပြန်၏။ ထိုလက်ဝဲခြေသည်လည်း ကပ်ငြိ၏။ ဦးခေါင်းဖြင့် သင့်ကိုဝှေ့၍ မှုန့်မှုန့်ညက်ညက်ကြသည်ကို ပြုအံ့ဟု ဦးခေါင်းဖြင့် ဝှေ့ပြန်၏။ ထိုဦးခေါင်းသည်လည်း အမွေးတို့၌သာ ကပ်ငြိ၏။ ထိုပဉ္စာဝုဓမင်းသားသည် ငါးပါးသောဌာနတို့ဖြင့် ဆောင်အပ်သည်ဖြစ်၍ ငါးပါးသောဌာနတို့၌ဖွဲ့မိ၍ တွဲလျားရှိသော်လည်း ကြောက်ခြင်း မရှိသည်သာလျှင် ရွံရှားခြင်းမရှိသည်သာလျှင် ဖြစ်၏။
ဘီလူးသည် ဤယောက်ျားကား တယောက်သောယောက်ျား ခြင်္သေ့တည်း၊ ယောက်ျား အာဇာနည်တည်း၊ ယောကျ်ားမည်ကာမျှ သာမညသူ မဟုတ်ပေ၊ ငါကဲ့သို့သဘောရှိသောဘီလူးမည်သည် ဖမ်းအပ်သောသူဖြစ်လျက် ထိတ်လန့်တုန်လှုပ်ခြင်းမျှလည်း မဖြစ်၊ ဤတောအုပ်၌နေသော ငါသည် တယောက်တည်းဖြစ်သော ဤသို့ သဘောရှိသောယောက်ျားကို ရှေး၌လည်းမမြင်စဘူး၊ အဘယ့်ကြောင့်လျှင် ဤယောက်ျား မကြောက်သနည်းဟု ကြံ၏။ ကြံပြီး၍ ထိုဘီလူးသည် ပဉ္စာဝုဓမင်းသားကို စားအံ့သောငှါ မဝံ့သည်ဖြစ်၍ လုလင် အဘယ့်ကြောင့်လျှင် သင်သည် သေခြင်းကိုမကြောက်သနည်းဟုမေး၏။ ဘီလူး အဘယ့်ကြောင့် ကြောက်ရအံ့နည်း၊ ထိုစကားသည် မှန်၏။ တခုသောအတ္တဘော၌ တကြိမ်သောသေခြင်းသည် မြဲသည်သာလျှင်တည်း၊ အကြောင်းတပါးလည်း ငါ၏ဝမ်း၌ ဝရဇိန်လက်နက်သည်ရှိ၏။ ငါ့ကိုအကယ်၍ စားငြားအံ့၊ ထိုဝရဇိန်လက်နက်ကို ကြေစိမ့်သောငှါ မတတ်နိုင်လတ္တံ့၊ ထိုဝရဇိန်လက်နက်သည် သင်၏ အအူတို့ကို အပိုင်းအပိုင်းဖြတ်၍ အသက်ကုန်ခြင်းသို့ ရောက်စေလတ္တံ့၊ ဤသို့သင်သည် သေခြင်းသို့ရောက်သည်ရှိသော် နှစ်ယောက်ကုန်သောငါတို့သည် ပျက်စီးကုန်လတ္တံ့၊ ဤသို့သောအကြောင်းကြောင့် ငါသည် မကြောက်ဟု ဘုရားလောင်း ဆို၏။
ဤစကားကို ဘုရားလောင်းသည် မိမိကိုယ်တွင်း၌ ဉာဏ်လက်နက်ကိုရည်၍ ဆို၏။ ထိုစကားကို ကြား၍ ဘီလူးသည် ဤလုလင်သည် မှန်သောစကားကိုလျှင် ဆို၏။ ဤယောက်ျားခြင်္သေ့၏ကိုယ်မှ ပဲနောက်စေ့မျှလည်းဖြစ်သောအသားကို ငါ၏ဝမ်း၌ကြေစေခြင်းငှါ မတတ်နိုင်လတ္တံ့၊ ထိုလုလင်ကိုလွှတ်အံ့ဟုကြံ၏။ ကြံပြီးလျှင် သေဘေးမှကြောက်သည်ဖြစ်၍ ဘုရားလောင်းကိုလွှတ်၍ လုလင်ယောက်ျားခြင်္သေ့ သင့်အသားကို ငါသည် မစားအံ့၊ သင်သည် ယနေ့ ရာဟုခံတွင်းမှလွတ်သော လကဲ့သို့ ငါ့လက်မှလွတ်၍ အဆွေခင်ပွန်းအပေါင်းတို့ကို နှစ်သိမ့်စေလျက် သွားလေလာဟုဆို၏။ ထိုအခါ ဘီလူးကို ဘုရားလောင်းသည် ဘီလူး ငါသည် သွားအံ့၊ သို့သော် သင်သည် ရှေး၌လည်း အကုသိုလ်အမှုကိုပြု၍ ကြမ်းကြုတ်သော သွေးအလိမ်းလိမ်း ကပ်သော သူတပါး၏အသားကိုစားတတ်သော ဘီလူး၏အဖြစ်ဖြင့် ဖြစ်၏။
ဤဘဝ၌လည်းတည်၍ အကုသိုလ်ကိုသာလျှင် အကယ်၍ပြုအံ့၊ အမိုက်မှအမိုက်သို့ လားရလတ္တံ့၊ ငါ့ကိုမြင်သောကာလမှစ၍ကား သင်သည် အကုသိုလ်ကိုပြုခြင်းငှါ မသင့်၊ ပါဏာတိပါတကံမည်သည်ကား ငရဲ၌၎င်း တိရစ္ဆာန်အမျိုး၌၎င်း ပြိတ္တာဘုံ၌၎င်း ဖြစ်စေတတ်၏။ လူတို့၌ ဖြစ်ရာအရပ်၌ အသက်တိုခြင်းကို ဖြစ်စေတတ်၏။ ဤသို့ အစရှိသောနည်းဖြင့် ငါးပါးသော သီလမရှိကုန်သောသူတို့၏ အပြစ်ဟုဆိုအပ်သောအမှုတို့၏ အပြစ်ကို၎င်း၊ ငါးပါးကုန်သော သီလတို့၏အကျိုးတို့ကို၎င်းဟော၍ အထူးထူးသော အကြောင်းတို့ဖြင့် ဘီလူးကိုခြိမ်းချောက်လျက် တရားဟောပြီးလျှင်ဆုံးမ၍ မာနမရှိသည်ကိုပြု၍ ငါးပါးကုန်သောသီလတို့၌ တည်စေ၍ ထိုဘီလူးကို ထိုတောအုပ်၌သာလျှင် ပူဇော် သက္ကာရကို ခံတတ်သောနတ်ကိုပြု၍ အပ္ပမာဒတရားဖြင့်ဆုံးမ၍ တောအုပ်မှထွက်လျက် တောအုပ်၌ လူတို့အားကြားခဲ့ပြီးလျှင် ဖွဲ့အပ်သေး ငါးပါးသောလက်နက်ရှိလျက် ဗာရာဏသီသို့သွား၍ မိဘတို့ကိုဖူးမြင်၍ နောက်အဘို့၌ မင်းအဖြစ်၌တည်၍ တရားသဖြင့်မင်းပြုလျှက် ဒါနအစရှိကုန်သော ကောင်းမှုတို့ကိုပြု၍ ကံအားလျော်စွာ လား၏။ မြတ်စွာဘုရားသည်လည်း ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ဘုရားဖြစ်တော်မူပြီး၍-
ဘာဝတေိ ကုသလံ ဓမ္မံ၊ ယောဂက္ခေမဿ ပတ္တိယာ။
ပါပုဏေ အနုပုဗ္ဗေန၊ သဗ္ဗသံယောဇနက္ခယံ။
ဟူသော ဤဂါထာကို ဟောတော်မူ၏။
၅၅။ ယော နရော၊ အကြင်ယောက်ျားသည်။ အလီနေန၊ တွန့်တိုခြင်းမရှိသော။ စိတ္တေန၊ စိတ်ဖြင့်။ အလီနမနသော၊ ပကတိအားဖြင့်လည်း မတွန့်တိုသောအလိုရှိသည်ဖြစ်၍။ ယောဂက္ခမဿ၊ ယောဂတို့ဖြင့် ဘေးမရှိသောနိဗ္ဗာန်သို့။ ပတ္တိယာ၊ ရောက်ခြင်းငှါ။ ကုသလံ၊ အပြစ်မရှိသော။ ဓမ္မံ၊ သုံးဆယ့်ခုနစ်ပါး အပြားရှိသော ဗောဓိပက္ခိယတရားကို။ ဘာဝေတိ၊ ပွားစေ၏။ သော နရော၊ ထိုယောက်ျားသည်။ အနုပုဗ္ဗေန၊ အစဉ်သဖြင့်။ သဗ္ဗသံယောဇနက္ခယံ၊ အလုံးစုံသော သံယောဇဉ်တို့၏ ကုန်ခြင်းကိုပြုတတ်သော အရဟတ္တမဂ်၏ အဆုံး၌ဖြစ်သည်၏အဖြစ်ကြောင့် သဗ္ဗသံယောဇနက္ခယဟု ရေတွက်အပ်သောအဖြစ်သို့ ရောက်သော အရဟတ္တဖိုလ်သို့။ ပါပုဏေ၊ ရောက်၏။
ဤသို့ မြတ်စွာဘုရားသည် အရဟတ္တဖိုလ်ဖြင့် ဒေသနာတော်၏အထွဋ်ကိုယူ၍ အဆုံး၌ လေးပါးသောသစ္စာတို့ကို ပြတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ လျှော့သော ဝီရိယရှိသောရဟန်းသည် အရဟတ္တဖိုလ်သို့ရောက်လေ၏။
ဇာတ်ပေါင်း... မြတ်စွာဘုရားသည် အနုသန္ဓေကိုစပ်၍ ယခုအခါ အင်္ဂုလိမာလသည် ထိုအခါ ဘီလူးဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ပဉ္စာဝုဓမင်းသား ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။
ထိုက်သည့်ကာလ၊ ဝီရိယ၊ မုချပြုကာ ထီးစည်ဖြာ
ငါးခုတို့၏ ပြည့်ကြောင်းဖြစ်သော ပဉ္စာဝုဓဇာတ်သည် ပြီး၏။
*****